အဓိကအကြောင်းအရာ skip

ကြိုဆိုပါသည်

Together သည် - လူနာများနှင့် မိဘများ၊ မိသားစုဝင်များနှင့် သူငယ်ချင်းများအပါအဝင် - ကလေးကင်ဆာကြောင့် ထိခိုက်မှုရှိသူတိုင်းအတွက် ရင်းမြစ်အသစ်တစ်ခု ဖြစ်ပါသည်။

ပိုမိုလေ့လာရန်

ဝမ်းလျှောခြင်း

ဝမ်းလျှောခြင်းဆိုတာဘာလဲ။

ဝမ်းလျှောခြင်းဆိုသည်မှာ ဝမ်းပျော့ပျော့ သို့မဟုတ် အရည်ဝမ်းများ ပုံမှန်ထက်ပို၍ မကြာခဏသွားခြင်း ဖြစ်သည်။ လူတစ်ဦးတွင် ဗိုက်အောင့်ခြင်း သို့မဟုတ် ဝမ်းမထိန်းနိုင်ခြင်း စသည်တို့ ဖြစ်ပေါ်လာနိုင်သည်။ ယေဘုယျအားဖြင့် ၂၄ နာရီအတွင်း ဝမ်းပျော့ပျော့ ၃ ကြိမ်ထက်ပိုသွားပါက ဝမ်းလျှောနေပြီဟု သတ်မှတ်နိုင်သည်။

ဝမ်းလျှောခြင်းသည် ၀ - ၁၈ နှစ်အကြားဖြစ်သော ကလေးဘဝ ကင်ဆာလူများတွင် အတွေ့ရများသော ဘေးထွက်ဆိုးကျိုးတစ်ခု ဖြစ်သည်။ ဝမ်းလျှောခြင်းဖြစ်ပွားရခြင်း အကြောင်းရင်းများတွင် ကီမိုဆေးသွင်းကုသခြင်း၊ ပဋိဇီဝဆေးများနှင့် ရောဂါပိုးဝင်ခြင်း စသည်တို့ ပါဝင်နေကြသည်။ တချို့လူနာများတွင် ဝမ်းလျှောခြင်းကြောင့် အရည်ဓာတ်ခမ်းခြောက်ခြင်း၊ အာဟာရချို့တဲ့ခြင်း၊ ဇီဝဖြစ်စဉ် သဟဇာတ မဖြစ်တော့ခြင်းစသည့် နောက်ဆက်တွဲ ပြင်းထန်သည့် ကျန်းမာရေးပြဿနာများအထိ ဖြစ်သွားနိုင်သည်။

ဝမ်းလျှောခြင်းကို ကုသသည့်နည်းလမ်းများတွင် ဝမ်းလျှောသက်သာစေသည့် ဆေးဝါးများပေးခြင်းနှင့် စားသောက်မှုပုံစံ ပြောင်းလဲခြင်းတို့ ပါဝင်ကြသည်။ လူနာများ အရည်ဓာတ်မခမ်းခြောက်သွားစေရန် အရည်များများသောက်ခြင်း သို့မဟုတ် သွေးပြန်ကြောမှ အရည်များသွင်းခြင်းသည် အရေးကြီးသည်။ အကယ်၍ ဝမ်းလျှောခြင်းသည် ဗိုင်းရပ်စ်ပိုး သို့မဟုတ် ဘက်တီးရီးယားပိုးတို့ကြောင့် ဖြစ်ပါက ထိုကူးစက်ရောဂါပိုးကို ကုသရန် လိုအပ်လာနိုင်သည်။ အကယ်၍ ဝမ်းလျှောခြင်းသည် ကီမိုဆေးသွင်းကုသခြင်းကြောင့်ဖြစ်ပါက ဝမ်းလျှောလက္ခဏာရပ်များ သက်သာလာသည့်အချိန်အထိ ကုသပေးသည့်အဖွဲ့က ကီမိုကုသချိန်ဇယားကို ပြန်လည်သတ်မှတ်ပေးနိုင်သည်။

ကင်ဆာဖြစ်ပွားနေစဉ် ဝမ်းလျှောရသည့် အကြောင်းရင်းများ

  • ကီမိုဆေးသွင်းကုသခြင်း
  • ဓာတ်ကင်ခြင်းကုထုံး
  • ပဋိဇီဝဆေးများနှင့် အခြားဆေးဝါးများ
  • ကူးစက်ရောဂါ
  • ရိုးတွင်းခြင်ဆီအစားထိုးခြင်း
  • ခွဲစိတ်ကုသမှု
  • စိတ်ဖိစီးခြင်းနှင့် ပူပင်သောကဖြစ်ခြင်း
  • ကင်ဆာရောဂါ သို့မဟုတ် အခြားဆေးဝါးကုသနေရသည့် ရောဂါတို့၏ အကျိုးဆက်များ
 

၀ - ၁၈ နှစ်အကြားဖြစ်သော ကလေးဘဝ ကင်ဆာလူနာတွင် ဝမ်းလျှောခြင်းအား စမ်းသပ်စစ်ဆေးခြင်း

ဝမ်းလျှောခြင်းအား စမ်းသပ်စစ်ဆေးရာတွင် အောက်ပါတို့ပါဝင်ကြသည်-

  • ဝမ်းသွားသည့် အကြိမ် (တစ်နေ့လျှင် ဝမ်းသွားသည့် အကြိမ်အရေအတွက်)
  • ဝမ်းပုံစံ (ခပ်ပျော့ပျော့၊ အရည်၊ ရေကဲ့သို့)
  • ဝမ်းမထိန်းနိုင်ခြင်း (ဝမ်းထွက်နေခြင်းကို ထိန်းမထားနိုင်ခြင်း)
  • ညအချိန် နိုးနေခြင်း သို့မဟုတ် နေခင်းဘက်လုပ်ငန်းဆောင်တာများ မလုပ်နိုင်ခြင်း

ကုသပေးသည့်အဖွဲ့က အောက်ဖော်ပြပါ အခြားလက္ခဏာရပ်များကိုလည်း ဖော်ထုတ်ပါလိမ့်မည်-

  • အဖျား
  • ဗိုက်နာခြင်းနှင့် ဗိုက်အောင့်ခြင်း
  • အားနည်းခြင်း သို့မဟုတ် မူးဝေခြင်း
  • စအိုမှသွေးထွက်ခြင်း သို့မဟုတ် ဝမ်းထဲတွင် သွေးပါခြင်း
  • ပျို့ခြင်းနှင့် အန်ခြင်း
  • ကိုယ်အလေးချိန်နှင့် ရေဓာတ်

သွေးကို ဓာတ်ခွဲစစ်ဆေးပြီး သွေးဆဲလ်အရေအတွက်၊ သွေးထဲရှိ ဓာတ်ဆား ပမာဏနှင့် ကျောက်ကပ်၏ လုပ်ငန်းစွမ်းဆောင်မှုအခြေအနေတို့ကို စစ်ဆေးပါမည်။

ဗိုင်းရပ်စ်များ သို့မဟုတ် ဗက်တီးရီးယားပိုးများ ရှာဖွေရန် ဝမ်းကိုလည်း စစ်ဆေးနိုင်ပါသည်။ ဝမ်းလျှောခြင်းကို ဖြစ်စေတတ်သည့် အတွေ့ရများသော ရောဂါပိုးတို့မှာ rotavirus (ရိုတာ ဗိုင်းရပ်စ်)၊ adenovirus (အဒီနိုဗိုင်းရပ်စ်)၊ norovirus (နိုရိုဗိုင်းရပ်စ်)၊ Salmonella (ဆယ်လ်မိုနယ်လာ)Campylobacter (ကမ်ဘလိုဘက်တာ)Shigella (ရှီဂယ်လာ)နှင့် Clostridioides difficile (ကလော်စ်ထရီးဒီးယန်း ဒီဖစ်ကလေး)တို့ ဖြစ်ကြသည်။ ရောဂါပိုးကြောင့် ဝမ်းလျှောပါက မတူညီသောကုသမှုများ လိုအပ်လာနိုင်သည်။

ဝမ်းလျှောခြင်းကို ဖြစ်စေနိုင်သော ဆေးဝါးများ၊ စားသောက်မှုပုံစံနှင့် အနေအထား အချက်အလက်တို့ကိုလည်း ကုသပေးသည့်အဖွဲ့က ဖော်ထုတ်ပါလိမ့်မည်။

သိပ်ပြီးလုပ်လေ့လုပ်ထ မရှိသော်လည်း တစ်ခါတစ်ရံတွင် ဝမ်းလျှောခြင်းကို စမ်းသပ်စစ်ဆေးရာတွင် ပုံရိပ်ဖော်စစ်ဆေးခြင်းများပြုလုပ်ပြီး အစာအိမ်အူလမ်းကြောင်းရှိ ကိုယ်အင်္ဂါအစိတ်အပိုင်းတို့ကိုလည်း စစ်ဆေးနိုင်ပါသည်။

ကင်ဆာကုသနေစဉ်တွင် ဝမ်းလျှောခြင်းနှင့် ဝမ်းချုပ်ခြင်း တို့မှာ အတွေ့ရများသော ပြဿနာများ ဖြစ်ကြသည်။ ပုံကားချပ်တစ်ခုကို အသုံးပြုပြီး မိသားစုဝင်များအား လူနာ၏ ဝမ်းပုံစံကို ပြောပြပေးရန် ကုသပေးသည့်အဖွဲ့က မေးမြန်းလာနိုင်သည်။

ဝမ်းလျှောခြင်းကြောင့်ဖြစ်သော ကျန်းမာရေးပြဿနာများ

ဝမ်းလျှောခြင်းသည် အသက်သေဆုံးသည်အထိ ဖြစ်သွားနိုင်သည်။ ဝမ်းလျှောခြင်းကြောင့် ဖြစ်လာနိုင်ခြေရှိသည့် ကျန်းမာရေးပြဿနာများတွင် အောက်ပါတို့ပါဝင်ကြသည်-

  • ရေဓာတ်နည်းခြင်း
  • အာဟာရချို့တဲ့ခြင်း
  • သွေးထဲရှိဓာတ်ဆားများ မညီမျှတော့ခြင်း
  • ကျောက်ကပ်၏ လုပ်ငန်းစွမ်းဆောင်မှု ပျက်ယွင်းခြင်း

တချို့လူနာများတွင် ကီမိုဆေးသွင်းကုသခြင်းနှင့် အခြားသော ကင်ဆာကုသသည့် ဆေးဝါးများကို ဝမ်းလျှောလက္ခဏာရပ်များ သက်သာလာသည်အထိ အချိန်ဆိုင်းထားသင့်သည်။

၀ - ၁၈ နှစ်အကြားဖြစ်သော ကလေးဘဝ ကင်ဆာလူနာများတွင် ဝမ်းလျှောခြင်း ဖြစ်ပွားရသည့် အကြောင်းရင်းများ

အစာများ အစာခြေလမ်းကြောင်းတစ်လျှောက် ဆင်းသွားနေစဉ်တွင် အာဟာရဓာတ်များနှင့် ရေတို့ကို ခန္ဓာကိုယ်မှ စုပ်ယူထားလိုက်သည်။ အပိုပစ္စည်းများကို ခန္ဓာကိုယ်မှ ဝမ်းအနေဖြင့် စွန့်ပစ်သည်။ အူများမှ အစာခြေဖျက်ရန် အစာခြေအရည်များနှင့် အစာများ အောက်သို့ရွေ့သွားစေရန် အချွဲများထုတ်ပေးသည်။ ဗက်တီးရီးယားများကိုလည်း အစာခြေလမ်းကြောင်းတစ်လျှောက်လုံးတွင် တွေ့ရပြီး၊ ၎င်းတို့က အစာခြေရာတွင် ပါဝင်ကူညီပေးသည်။ တစ်ခါတစ်ရံတွင် အူမှ အရည်များကို မစုပ်ယူသည့်အခါ သို့မဟုတ် အူမှ အရည်များပိုထုတ်လုပ်သည့်အခါတို့တွင် ဝမ်းပုံစံမှာ အလွန်ပျော့ပြီး ရေကဲ့သို့ ဖြစ်နေတတ်သည်။ အူထဲရှိ ဗက်တီးရီးယားမျှခြေမှာလည်း ဆေးဝါးများကြောင့် ပြောင်းလဲသွားတတ်သည်။ အူလှုပ်ရှားမှု (ရွေ့လျားမှု) ပိုမိုမြန်ဆန်လာခြင်းကလည်း ဝမ်းမြန်မြန်ဆန်ဆန် ထွက်စေသည့် အကြောင်းရင်း ဖြစ်နိုင်သည်။ ထိုကဲ့သို့ အစာခြေလုပ်ငန်းဖြစ်စဉ် တစ်ခုနှင့်အထက်တွင် ပြောင်းလဲမှု သို့မဟုတ် မညီမျှမှုတို့ကြောင့် ဝမ်းလျှောခြင်းကို စတင်ဖြစ်စေနိုင်သည်။

ကင်ဆာကုသနေစဉ်အတွင်း ဝမ်းလျှောခြင်းကို ဖြစ်စေနိုင်သည့် အချက်များမှာ-

ကီမိုဆေးသွင်းကုသခြင်းကြောင့်ဖြစ်သော ဝမ်းလျှောခြင်း

ကီမိုဆေးသွင်းကုသခြင်းတွင် အတွေ့ရများသော ဘေးထွက်ဆိုးကျိုးတစ်ခုမှာ ဝမ်းလျှောခြင်း ဖြစ်သည်။ ထို့ကြောင့် ကီမိုဆေးသွင်းကုသခြင်းကြောင့်ဖြစ်သော ဝမ်းလျှောခြင်း သို့မဟုတ် CID ဟု ခေါ်ဆိုသည်။ ကီမိုဆေးသွင်းကုသခြင်းကြောင့် ဝမ်းလျှောခြင်းမှာ နည်းလမ်းအမျိုးမျိုးကြောင့် ဖြစ်စေနိုင်သည်။ ကီမိုဆေးသွင်းကုသခြင်းသည် အူနံရံကို ဖုံးအုပ်ပေးထားသော အူနံရံအမြှေးပါး ကို ထိခိုက်ပျက်စီးစေနိုင်သည်။ ဆေးဝါးတချို့ကြောင့် အူအတွင်းရှိ အရည်မျှခြေမှာ ပြောင်းလဲသွားနိုင်သည်။ အရည်များကို ကောင်းစွာစုပ်ယူနိုင်မှုမရှိခြင်း သို့မဟုတ် အရည် သို့မဟုတ် အူမှစစ်ထုတ်သည့်အရည်များကို ပမာဏများစွာစစ်ထုတ်ခြင်းတို့ဖြစ်နိုင်သည်။ ကီမိုဆေးသွင်းကုသခြင်းကြောင့် အာဟာရများစုပ်ယူခြင်းကို အတားအဆီးဖြစ်စေနိုင်သည် သို့မဟုတ် အူများအတွင်းရှိ အစာခြေအင်ဇိုင်းများ၏ အလုပ်လုပ်ပုံပြောင်းလဲသွားစေနိုင်သည်။

ကင်ဆာဝေဒနာခံစားနေရသော ကလေးများတွင် ဝမ်းလျှောခြင်းကို ဖြစ်စေတတ်သည့် ဆေးဝါးများမှာ irinotecan (အိုင်ရီနိုတီကန်)၊ docetaxel (ဒိုစီတက်ဆယ်)၊ fluorouracil (ဖလူအိုရာဆယ်)၊ dasatinib (ဒေးစာတီနစ်)၊,imatinib (အင်မတီနစ်)၊ pazopanib (ပါဇိုပါနစ်)၊ sorafenib (ဆိုရာဖီနစ်) နှင့် sunitinib (ဆူနီတီနစ်) တို့ဖြစ်ကြသည်။

မည်သည့်ကင်ဆာဆေးအမျိုးအစားများက ဝမ်းလျှောစေနိုင်သလဲ။

ဝမ်းလျှောနိုင်ခြေ မြင့်မားသော ကင်ဆာဆေးအမျိုးအစားများ ဝမ်းလျှောနိုင်ခြေ အသင့်အတင့်ရှိသော ကင်ဆာဆေးအမျိုးအစားများ
Busulfan (ဘူဆူလ်ဖန်) Cyclophosphamide (ဆိုက်ကလိုဖိုဆမိုက်)
Capecitabine (ကာပယ်ဆိုက်တာဘင်း) Daunorubicin (ဒေါ်နာရူဘီဆင်)
Dasatinib (ဒေးစာတီနစ်) အီတိုပိုဆိုက် (Etoposide)
Docetaxel (ဒိုစီတက်ဆယ်) Interferon (အင်တာဆဲရွန်)
Fluorouracil (ဖလူအိုရာဆယ်) (5-FU) Melphalan (မောလ်ဖလင်)
Idarubicin (အိုင်းဒါရာဘင်ဆင်) မက်ဆိုသရက်စိတ်
Imatinib Nivolumab (နီဗိုလူမက်)
Irinotecan (အိုင်ရီနိုတီကန်) Paclitaxel (ပါကလီတက်ဆယ်)
Mycophenolate (မိုင်ကိုဖီနိုလိတ်) Topotecan (တိုပိုတီကန်)
ပါဇိုပါနစ်ဘ် Vincristine (ဗင်ခရစ်စ်စတင်း)
ဆိုရာဖီနစ်ဘ်  
ဆူနစ်တင်နစ်  

ကလေးကင်ဆာလူနာများတွင် အသုံးပြုလေ့ရှိသော ဆေးဝါးများကြောင့်လည်း ဝမ်းလျှောခြင်းကို ဖြစ်စေနိုင်သည်။ ထိုကဲ့သို့ဖြစ်ရခြင်းမှာ အကြောင်းရင်းများစွာ ရှိနိုင်သည်။ ဆေးဝါးတချို့သည် အစာအိမ်နှင့် အူများထဲရှိ ဗက်တီးရီးယားပိုး “အကောင်း” နှင့် “အဆိုး” တို့ကို မညီမမျှဖြစ်စေသည်။ တချို့ဆေးဝါးများသည် အစာခြေဖျက်ခြင်းကို ထိခိုက်စေသည်။ သို့မဟုတ် အရည်စုပ်ယူခြင်း သို့မဟုတ် စစ်ထုတ်ခြင်းတို့ကို ထိခိုက်စေသည်။

ဝမ်းလျှောစေတတ်သည့် ဆေးများတွင် ပဋိဇီဝဆေးများ ဥပမာ။ ။ ampicillin (အမ်ပီစီလင်)၊ amoxicillin (အမောက်ဆီစလင်)၊ amoxicillin-clavulanate (အမောက်ဆီစလင် ကလာဗျူလာနိတ်)၊ cefixime (စီဖစ်ဆီမီ)၊ cefpodoxime (ဆယ်ဖိုဒေါ့စမီ)၊ clindamycin (ကလင်ဒါမိုင်စင်း) နှင့် erythromycin (အရီသိုမိုင်စင်) တို့ပါဝင်ကြသည်။ ဝမ်းပျော့ဆေးများဝမ်းနုတ်ဆေးများ၊ magnesium (မဂ္ဂနီဆီယမ်)၊ potassium chloride (ပိုတက်စီယမ် ကလိုရိုက်) တို့ပါဝင်သည့် အက်စစ်ဓာတ်ခြေဖျက်ပေးသည့်ဆေးများနှင့် proton pump inhibitors (အစာအိမ်ရှိ အက်စစ်ဓာတ်ထုတ်လုပ်မှုကို လျော့ကျစေသည့်ဆေးများ) တို့ကလည်း ဝမ်းလျှောခြင်းကို ဖြစ်စေနိုင်သည်။

ဓာတ်ရောင်ခြည်ဖြင့် ကုသခြင်းနှင့် ဝမ်းလျှောခြင်း

ဝမ်းဗိုက်၊ နောက်ကျော သို့မဟုတ် တင်ပါးဆုံရိုးနေရာတို့ကို ဓာတ်ရောင်ခြည်ပေးခြင်းကလည်း ဝမ်းလျှောခြင်းကို ဖြစ်စေနိုင်သည်။ ဓာတ်ရောင်ခြည်ပေးခြင်းကြောင့် အူအတွင်းနံရံများကို ဖုံးအုပ်ပေးထားသော ဆဲလ်များနှင့် အလားသဏ္ဌာန်တူသော အလျင်အမြန်ကြီးထွားနေသောဆဲလ်များကို သေဆုံးသွားစေသည်။ ထိုအခြေအနေကို ဓာတ်ရောင်ခြည်ကြောင့် အူများရောင်ရမ်းခြင်းဟု ခေါ်ဆိုသည်။ ပျို့ခြင်း၊ အန်ခြင်း၊ ဗိုက်အောင့်ခြင်း၊ နုံးခွေခြင်းနှင့် ဝမ်းလျှောခြင်း စသည့်ရောဂါလက္ခဏာများပါဝင်သည်။ ရေကဲ့သို့သောဝမ်းသွားခြင်း သို့မဟုတ် ဝမ်းထဲတွင် သွေးပါခြင်း သို့မဟုတ် အကျိအချွဲပါခြင်းတို့ ဖြစ်နိုင်သည်။ ဓာတ်ရောင်ခြည်ကြောင့် အူများရောင်ရမ်းခြင်းမှာ များသောအားဖြင့် ကုသမှုအပြီး ၂ ပတ် ၃ ပတ်အကြာတွင် သက်သာသွားသော်လည်း ရောဂါလက္ခဏာများမှာမူ ၁၂ ပတ် သို့မဟုတ် ယင်းထက် ပိုကြာရှည်သွားနိုင်သည်။ လူနာတချို့တွင် ကြာရှည်ဝမ်းလျှောနေနိုင်ပြီး တချို့သူများတွင် ဘဝတစ်လျှောက်လုံး ဝမ်းလျှောခြင်း ပြဿနာများ ရှိနေနိုင်သည်။

ဓာတ်ရောင်ခြည်ဖြင့်ကုသခြင်းကြောင့် ဝမ်းလျှောနိုင်ခြေပိုများစေတတ်သည့် အချက်များမှာ-

  • အကြိမ်ရေစိပ်စိပ်နှင့် ဓာတ်ရောင်ခြည်ပမာဏများများဖြင့် ကုသခြင်းများ
  • ဓာတ်ရောင်ခြည်ပေးသည့် ဧရိယာပိုကျယ်ပြန့်ပြီး အူများပါဝင်နေခြင်း
  • ကီမိုဆေးသွင်းကုသခြင်းနှင့်အတူ ဓာတ်ရောင်ခြည်ပေးခြင်း

ဓာတ်ရောင်ခြည်ကြောင့်ဖြစ်သော ဝမ်းလျှောခြင်းကို ကုသသည့်ဆေးဝါးများတွင် loperamide (လိုပါရာမိုက်) နှင့် octreotide (အော့ထရီရိုတိုက်) ဆေးတို့ပါဝင်သည်။

ဝမ်းလျှောစေသည့် အခြားအကြောင်းရင်းများ

၀ - ၁၈ နှစ်အကြားဖြစ်သော ကလေးဘဝ ကင်ဆာရောဂါ ခံစားရစဉ် ဝမ်းလျှောခြင်းအား ကုသခြင်း

ဝမ်းလျှောခြင်းကြောင့် ပြင်းထန်သော ကျန်းမာရေးပြဿနာများ ဖြစ်စေနိုင်သည်။ အထူးသဖြင့် ကင်ဆာဖြစ်နေစဉ် ဖြစ်သည်။ ပြုစုစောင့်ရှာက်ရေးအဖွဲ့နှင့် မိသားစုဝင်များသည် ကလေးများတွင် ၎င်းလက္ခဏာများကို သေချာကျနစွာ ထိန်းချုပ်နိုင်ရန်အတွက် နီးကပ်စွာ အလုပ်လုပ်ရန်အရေးကြီးသည်။ ဝမ်းလျှောခြင်းကိုကုသသည့် နည်းဗျူဟာများတွင် ဝမ်းလျှောရပ်စေသည့်ဆေးများနှင့် စားသောက်ပုံပြောင်းလဲပေးခြင်းတို့ ပါဝင်သည်။ ရေဓာတ်ခမ်းခြောက်မှုမဖြစ်စေရန် အရည်လုံလုံလောက်လောက် သောက်ပေးပါ။ အကယ်၍ ဝမ်းလျှောခြင်းမှာ ပြင်းထန်ပါက သို့မဟုတ် ပါးစပ်မှအရည် လုံလုံလောက်လောက် မသောက်နိုင်ပါက အကြောဆေးသွင်းရန် လိုအပ်နိုင်သည်။

ဝမ်းလျှောသက်သာစေသည့် ဆေးများ

ဝမ်းလျှောခြင်း၏ ပြင်းထန်မှုအတိုင်းအဆနှင့် ဝမ်းလျှောသံသယလူနာ ဟုတ်မဟုတ်၊ ယခင်ကတည်းက ဝမ်းလျှောတတ်သည့်လူနာ ဟုတ်မဟုတ် စသည်တို့အချက်တို့အပေါ်မူတည်၍ ဆေးများ ပေးရပါသည်။ ကလေးကင်ဆာလူနာများတွင် ဝမ်းလျှောခြင်းကို ကုသရာတွင် အသုံးပြုသည့်ဆေးများတွင် loperamide (လိုပါရာမိုက်) (Imodium®) နှင့် ပဋိဇီဝဆေးများ ပါဝင်သည်။ အထူးဖြစ်ရပ်များတွင် ဝမ်းလျှောခြင်းအမျိုးအစားတစ်ချို့ကိုကုသရန် atropine (အက်ထရိုပင်း) နှင့် octreotide (အော့ထရီရိုတိုက်) ဆေးတို့ကို အသုံးပြုနိုင်သည်။

အကျိုးပြုဗက်တီးရီးယားကိုသုံးရန် လူနာတချို့ကို အကြံပြုပေးနိုင်သည်။ သို့သော်လည်း ကလေးကင်ဆာလူနာများသည် အဆိုပါ အကျိုးပြုဗက်တီးရီးယားပါသောဆေးကို ဆရာဝန်တစ်ဦး၏ ကြီးကြပ်မှုဖြင့်သာ သုံးသင့်သည်။

ဝမ်းလျှောခြင်းအား ကုသခြင်းမှာ လူနာတစ်ဦးတစ်ယောက်ချင်းစီ၏ လိုအပ်ချက်များအပေါ် မူတည်သည်။ လူနာတစ်ယောက်စီအတွက် အကောင်းဆုံးဖြစ်စေမည့် ကုသမှုကို ကုသပေးသည့်အဖွဲ့က ဆုံးဖြတ်ပေးပါလိမ့်မည်။

သင် ဝမ်းလျှောနေသည့်အခါ ဘာတွေစားရမလဲ။

ဝမ်းလျှောခြင်း သက်သာလိုပါက စားသောက်မှုပုံစံပြောင်းလဲလိုက်ရန် ကုသပေးသည့်အဖွဲ့က အကြံပြုနိုင်သည်။ ဥပမာ။ ။ ပမာဏနည်းနည်းစီစားခြင်း၊ အစာကြေလွယ်သော အစာများစားခြင်းနှင့် ကဖိန်းဓာတ်မပါသော အရည်များသောက်ခြင်း။ ဝမ်းလျှောနေသည့်လူနာများအတွက် (BRAT- Bananas, Rice, Applesauce, and Toast) ငှက်ပျောသီး၊ ထမင်း၊ ပန်းသီးအနှစ်နှင့် ပေါင်မုန့်မီးကင်တို့ကိုစားရန် အကြံပြုပေးတတ်သည်။ သို့သော်လည်း အဆိုပါစားသောက်ပုံတွင် အရေးကြီးသည့်အာဟာရဓာတ်ပါဝင်မှု နည်းပါးသောကြောင့် ကုသပေးသည့်အဖွဲ့၏ အကြံပြုချက်အရသာ စားသင့်သည်။ သို့မဟုတ် ရက်အနည်းငယ်သာ စားသင့်သည်။ အကြံပြုပေးထားသည့် အခြားအစားအစာများတွင် အုတ်ဂျုံများ၊ သကြားပါဝင်မှုနည်းသည့် နှံစားပင်များ၊ ခရက်ကာမုန့်၊ အနှစ်မပါသော ပါစတာ၊ အခွံခွာထားသော မက်မွန်သီး သို့မဟုတ် သစ်တော်သီးကဲ့သို့ ပျော့သောသစ်သီးများ ပါဝင်နိုင်သည်။ အဖတ်ပြန်စ စားရန်နှင့် အရည်များများဝင်စေရန် သားငါးပြုတ်ဟင်းချိုကို ပြုတ်ထားသော ဟင်းသီးဟင်းရွက်များဖြင့်စားခြင်း၊ အဆီမပါသောအသားတို့ကိုစားခြင်းတို့မှာ နည်းလမ်းကောင်းများဖြစ်သည်။

အစားအစာတချို့ကြောင့် ဝမ်းလျှောခြင်းကို ပိုဆိုးသွားစေနိုင်သည်။ ထိုအစားအစာတို့မှာ စပ်သော၊ အဆီများသော အစားအစာ၊ နို့နှင့် နို့ထွက်ပစ္စည်းများ၊ သစ်သီးနှင့် ဟင်းသီးဟင်းရွက်အစိမ်းများ၊ အသီးခြောက်များ၊ အသီးဖျော်ရည်တချို့၊ အဆီနှင့် သကြားပမာဏများစွာပါသော အစားအစာများနှင့် ကဖိန်းဓာတ်တို့ ဖြစ်ကြသည်။

အကယ်၍ ဝမ်းလျှောခြင်းမှာ GVHD ကြောင့်ဖြစ်ပါက ကန့်သတ်မှုပိုများသော အထူးအစားအစာတစ်မျိုးကိုသာ စားရန် ညွှန်ကြားနိုင်သည်။

ဝမ်းလျှောခြင်းကို သက်သာစေရန် အစာအာဟာရနှင့်ပတ်သက်သည့် အကြံပြုချက်တို့မှာ-

  • ရေဓာတ်ခမ်းခြောက်ခြင်းမှ ကာကွယ်ရန် အရည်များများသောက်ပါ။ ရေသောက်ပါ သို့မဟုတ် ကဖိန်းဓာတ်မပါသော၊ သကြားပမာဏနည်းသော ဖျော်ရည်များ ဥပမာ။ ။ Pedialyte® ကိုသောက်ပါ။ သကြားပါဝင်မှုနည်းသော အားကစားသမားသောက်သည့် ဖျော်ရည်တို့ကို ရွေးချယ်ပါ။
  • ပမာဏနည်းနည်းစီစားပါ။ ဖြည်းဖြည်းချင်းစားပါ။ ကောင်းစွာဝါးစားပါ။
  • အစာအိမ်ကိုမထိခိုက်အောင် အစာပျော့ပျော့ ရွေးစားပါ။
  • အရက်နှင့် ကဖိန်းဓာတ်တို့ကို ရှောင်ပါ။
  • မပျော်ဝင်နိုင်သော အမျှင်ဓာတ် ပမာဏများများပါဝင်သည့် အစာတို့ကို လျှော့စားပါ။ ဥပမာ။ ။ အခွံ သို့မဟုတ် အစေ့ပါသော သစ်သီးများနှင့် ဟင်းသီးဟင်းရွက်များ။ အုတ်ဂျုံမှုန့်၊ ပန်းသီးအနှစ်၊ ငှက်ပျောသီးနှင့် တချို့အမျှင်ဓာတ် ဖြည့်စွက်ဆေးတို့တွင်တွေ့ရသော ပျော်ဝင်နိုင်သောအမျှင်ဓာတ်မှာ ဝမ်းပျော့ပျော့သွားခြင်းကို သက်သာစေနိုင်သည်။
  • လေနာခြင်းနှင့် ဗိုက်နာခြင်းတို့ကို ပိုဆိုးစေသည့် အစားအစာတို့ကို ရှောင်ပါ။ အဆိုပါအစားအစာတို့တွင် ပဲအမျိုးမျိုး၊ ပန်းဂေါ်ဖီစိမ်း၊ ပန်း‌ဂေါ်ဖီ၊ ဂေါ်ဖီထုပ်နှင့် အမြှုပ်ထစေသော အချိုရည်တို့ ပါဝင်သည်။
  • ပိုတက်ဆီယံ များများပါသော ဥပမာ။ ။ ငှက်ပျောသီး၊ အာလူး၊ တရုတ်ဆီးသီးနှင့် မက်မွန်သီးတို့ကို ကျွေးပါ။

စားရန်

  • ငှက်ပျောသီးများ
  • ဆန်
  • ပန်းသီးအနှစ်
  • ပေါင်မုန့်မီးကင်၊ ပေါင်မုန့်အဖြူ
  • အုတ်ဂျုံမှုန့်
  • ထမင်း သို့မဟုတ် ဂျုံအနှစ်
  • ခေါက်ဆွဲများ
  • အာလူးထောင်း
  • ခရက်ကာမုန့်များ
  • ပေါင်မုန့်အလိမ်
  • အခွံနွှာထားသော သစ်သီး
  • အခွံနွှာပြီး ချက်ပြုတ်ထားသော ဟင်းသီးဟင်းရွက်များ
  • ချက်ပြုတ်ထားသော ဥများ
  • သကြားလျှော့ထားသော ဒိန်ချဉ်
  • ရေခဲချောင်း သို့မဟုတ် ရေဆူဆေးမှုန့်
  • သစ်သီးအရသာပါသော ကျောက်ကျော

ရှောင်ရန်

  • အဆီများသော သို့မဟုတ် ဆီကြော်ထားသော အစားအစာများ
  • အစပ်များ
  • ကဖိန်းဓာတ်
  • နို့ထွက်ပစ္စည်းများ (အထူးသဖြင့် လက်တို့စ်နှင့်မတည့်သောရောဂါရှိပါက)
  • သစ်သီးအစိမ်းများနှင့် အခွံမနွှာထားသော ဟင်းသီးဟင်းရွက်များ
  • ပြောင်းဖူးပေါက်ပေါက်
  • အစေ့၊ အဆန်များ
  • ဖွဲနု
  • နှံစားပင်များ
  • အရက်

ဘေးထွက်ဆိုးကျိုးများ သက်သာစေသည့် အကြံပြုချက်များအကြောင်း ပိုမိုလေ့လာပါ။

ကလေးကင်ဆာလူနာများတွင် ဝမ်းလျှောခြင်း- မိသားစုအတွက် အကြံပြုချက်များ

  • ဝမ်းလျှောခြင်းမှာ ပြင်းထန်သွားနိုင်ပါသည်။ ရောဂါလက္ခဏာများကို စောင့်ကြည့်နေပါ။ ကုသပေးသည့်အဖွဲ့နှင့် တိုင်ပင်ပါ။ ရေဓာတ်ခမ်းခြောက်သည့်လက္ခဏာရပ်များဖြစ်သည့် ရေငတ်ခြင်း၊ အာခြောက်ခြင်း၊ ခေါင်းကိုက်ခြင်း၊ မူးဝေခြင်း၊ ကြွက်တက်ခြင်း၊ ဆီးကောင်းကောင်းမသွားခြင်း၊ စိတ်ဆတ်နေခြင်း၊ အားအင်မရှိခြင်း စသည့်တိုကို စောင့်ကြည့်နေပါ။
  • ဝမ်းလျှောခြင်းနှင့် အခြားသော ဘေးထွက်ဆိုးကျိုးများအတွက် သင့်ကလေးကို ကြိုတင်ပြင်ဆင်ထားပေးပါ။ ကလေးနှင့် ဆက်ဆံရေးမှာ ရိုးသားမှု၊ ပွင့်လင်းမှုရှိပါစေ။ အထူးသဖြင့် ကလေးကြီးများနှင့် ဆယ်ကျော်သက်အရွယ်တို့မှာ အိမ်သာအလေ့အထအကြောင်း ပြောဆိုရမည်ကို ရှက်နေတတ်ပြီး၊ ၎င်းတို့ဘာသာ ဖြေရှင်းဖို့ကြိုးစားနေတတ်သောကြောင့် ၎င်းတို့နှင့် ပွင့်လင်းစွာ ဆက်ဆံရန် ပို၍ အရေးကြီးပါသည်။
  • ဝမ်းသွားခြင်း နှေးသွားစေရန် အနားယူဖို့ တိုက်တွန်းပါ။ အကယ်၍ သင့်ကလေးသည် စိုးရိမ်သောကရောက်နေခြင်း သို့မဟုတ် ကြောက်ရွံ့နေခြင်းမျိုး ဖြစ်နေပါက စိုးရိမ်သောကကို သက်သာစေသည့် နည်းလမ်းများကို စမ်းသပ်လုပ်ဆောင်ကြည့်ပါ။ ကိုယ်လက်လှုပ်ရှားမှုနှင့် စိတ်ဖိစီးမှုတို့က အူလှုပ်ရှားမှုကို လှုံ့ဆော်ပေးနိုင်သည်။
  • မကြာခဏဝမ်းသွားခြင်းကြောင့် အရေပြားကို ယားယံစေနိုင်သည်။ နေရာတစ်ဝိုက်ကို ခြောက်သွေ့အောင်ထားပါ။ ညင်သာစွာ သုတ်ပါ။ သို့သော် လုံးဝသန့်ရှင်းသွားစေရန် ပြုလုပ်ပါ။ ကုသပေးသည့်အဖွဲ့က အကြံပြုပေးသည့် ယာယံခြင်းကိုသက်သာစေသော ခရင်မ် သို့မဟုတ် လိမ်းဆေးတစ်မျိုးကို သုံးပါ။ ကလေးသေးခံကြောင့် အရေပြားရောင်ရမ်းခြင်း (ကလေးသေးခံကြောင့် အနီကွက်ထခြင်း) မှာ မည်သည့်အသက်အရွယ်တွင်မဆို ဖြစ်နိုင်ပြီး မသက်မသာဖြစ်စေနိုင်ပြီး၊ ရောဂါပိုးကူးစက်ခံရနိုင်ခြေကိုပါ များသွားစေနိုင်သည်။ ကလေးကြီးများနှင့် ဆယ်ကျော်သက်တို့သည် အိမ်သာတက်သည့်အခါ နာကျင်မှုကြောင့် သေချာ သန့်ရှင်းရေး မလုပ်လျှင် အရေပြားပြဿနာကို ပိုဆိုးသွားစေနိုင်သည်။ ကိုယ်ခံအားစနစ်အားနည်းနေ‌သော ကလေးများတွင် အရေပြားတွင် ပွန်းရာ၊ ပဲ့ရာရှိပါက ရောဂါပိုးဆိုးဆိုးရွားရွား ဝင်ရောက်သွားနိုင်သည်။ အရေပြားရှိ ပြောင်းလဲမှုများကို စောင့်ကြည့်နေပြီး အရေပြားကုသခြင်း လုပ်နိုင်ရန် သင်၏ဆရာဝန်နှင့် ဆွေးနွေးတိုင်ပင်ပါ။
  • အဝတ်လဲရန် အဝတ်အပိုများနှင့် အညစ်အကြေးများထည့်ရန် ပလတ်စတစ်အိတ်များ ယူထားပါ။ တစ်ခါသုံးလက်အိတ်များ၊ သန့်ရှင်းရေးလုပ်ရန်သုံးသည့် အဝတ်စများ၊ လက်သန့်စင်ဆေးရည်များကို သုံးပါ။ အနံ့အသက်သက်သာစေရန် ခရီးဆောင်အရွယ်အစားလေသန့်စင်စေသည့် ဖြန်းဆေးများ သို့မဟုတ် အနံ့အသက်ပျောက်ဆေးများ သုံးနိုင်သည်။
  • မတော်တဆ ဝမ်းထွက်သွားခြင်း သို့မဟုတ် ဝမ်းမထိန်းနိုင်ခြင်းတို့အတွက် အတွင်းခံများနှင့် အခံများ လိုအပ်နိုင်သည်။ လူငယ်နှင့် လူကြီးအရွယ်အစား ပစ္စည်းများ ဝယ်ယူနိုင်သည်။ ဥပမာ။ ။ လစဉ်သုံးပစ္စည်းများ၊ အလွယ်တကူဝတ်နိုင်သော အတွင်းခံများနှင့် သေးခံအစွပ်များ။ ဆေးရုံမှ သို့မဟုတ် အိမ်၏ ကျန်းမာရေးကုမ္ပဏီမှ ရနိုင်သော အသုံးအဆောင်များနှင့်ပတ်သက်ပြီး သင့်ကို ကုသပေးနေသည့်အဖွဲ့ကို ပြောပြပါ။ ပစ္စည်းများကို အွန်လိုင်းမှလည်း အော်ဒါမှာယူနိုင်သည်။ ဥပမာ။ ။ NorthShore Care Supply ကုမ္ပဏီ။
  • ကျောင်းတွင်ဖြစ်စေ၊ အများသုံး နေရာများတွင်ဖြစ်စေ သင့်ကလေး အိမ်သာသုံးနိုင်ရန် အစီအစဉ်တစ်ခု ချပေးပါ။ ကလေးအနေဖြင့် အိမ်သာအသုံးပြုလိုချိန်တွင် ဆရာ/ဆရာမတို့က အချိန်မရွေး ခွင့်ပြုပေးစေရန် စီစဉ်ပါ။ ကလေးအနေဖြင့် အိမ်သာသွားလိုကြောင်း ပြောရာတွင် မရှက်ရစေရန်၊ သွားချင်သည့်အခါတွင်လည်း ချက်ချင်း ထသွားနိုင်စေရန် စကားဝှက်တစ်ခု သို့မဟုတ် အချက်ပြချက်တစ်ခု ဖန်တီးထားပါ။

ကလေးကင်ဆာလူနာများတွင် ဝမ်းလျှောခြင်းအကြောင်းနှင့်ပတ်သက်သော စာအုပ်/စာတမ်းများ

---
ဤဆောင်းပါးတွင် ဖော်ပြထားသည့် မည့်သည့်ကုန်ပစ္စည်းအမှတ်တံဆိပ်ကိုမျှ သုံးစွဲရန် Together
က ထောက်ခံချက် မပေးပါ။

---
တည်းဖြတ်ပြီး- ၂၀၁၉ ခုနှစ်၊ မတ်လ