ကိုယ်ခံစွမ်းအားကုထုံးဆိုသည်မှာ ကင်ဆာရောဂါကိုတိုက်ခိုက်ရန် ကိုယ်ခံအားစနစ်ကို အသုံးပြုသည့် ကင်ဆာကုသနည်းအမျိုးအစားတစ်ခုဖြစ်ပါသည်။ ကိုယ်ခံအားစနစ်ဆိုသည်မှာ ကူးစက်ရောဂါနှင့် ဖျားနာမှုမဖြစ်စေရန် ခန္ဓာကိုယ်၏ ခုခံကာကွယ်မှုစနစ် ဖြစ်ပါသည်။ ၎င်းသည် ဘက်တီးရီးယားနှင့် ဗိုင်းရပ်စ်များကဲ့သို့ ရောဂါပိုးများကို တိုက်ခိုက်ပေးသည်။ ကိုယ်ခံအားစနစ်သည် ခန္ဓာကိုယ်အတွင်းရှိ မကောင်းမွန်သော သို့မဟုတ် ထိခိုက်ပျက်စီးနေသောဆဲလ်များကိုလည်း ကူညီဖယ်ရှားပေးပါသည်။ ကိုယ်ခံအားစနစ်ဆိုသည်မှာ ခန္ဓာကိုယ်၏အစိတ်အပိုင်းတစ်ခုသာဖြစ်သောကြောင့် ကိုယ်ခံစွမ်းအားကုထုံးကို ဇီဝဗေဒကုထုံး သို့မဟုတ် ဇီဝကုထုံးဟုလည်း တစ်ခါတစ်ရံ ခေါ်ဆိုပါသည်။
ကိုယ်ခံစွမ်းအားကုထုံး၏ အခြေခံရည်ရွယ်ချက်မှာ ရိုးရှင်းပါသည် - အန္တရာယ်ရှိသော ကျူးကျော်ရောဂါများ၏ရန်မှ မိမိကိုယ်ကိုယ် ခုခံကာကွယ်နိုင်အောင် ခန္ဓာကိုယ်ကို ကူညီပေးရန်ဖြစ်ပါသည်။ သို့ရာတွင် ကင်ဆာဆဲလ်များမှာ လှည့်စားနိုင်ပါသည်။ ၎င်းတို့သည် ကိုယ်ခံအားစနစ်က ၎င်းတို့ကို မမြင်နိုင်အောင် ပြောင်းလဲနိုင်သည့် နည်းလမ်းများကို ရှာဖွေလေ့ရှိသည်။ ၎င်းတို့သည် ခန္ဓာကိုယ်၏ခုခံမှုစနစ်မှ တိုက်ခိုက်ရန်ကြိုးစားချိန်တွင် ထိုစနစ်ကို ပိတ်ထားရန်အတွက် နည်းလမ်းများစွာကိုလည်း အသုံးပြုလေ့ရှိသည်။ ယေဘုယျအားဖြင့် ကိုယ်ခံစွမ်းအားကုထုံးများသည် ကင်ဆာရောဂါများမှရှောင်တိမ်းရန် အသုံးပြုသည့် မတူညီသောနည်းလမ်းအချို့ကို အောက်ပါနည်းလမ်းများသုံး၍ တန်ပြန်တုံ့ပြန်ခြင်းဖြင့် ကုသပေးပါသည်-
ကိုယ်ခံစွမ်းအားကုထုံး အမျိုးအစားကွဲများစွာရှိပြီး ကုထုံးအသီးသီးက ကိုယ်ခံအားတုံ့ပြန်မှုအားကောင်းလာအောင် မတူညီသော နည်းလမ်းများဖြင့် လုပ်ဆောင်ပါသည်။
ကိုယ်ခံအားစနစ်သည် လင်ဖိုဆိုက်ဟုခေါ်သည့် ဆဲလ်များအပါအဝင် အထူးသွေးဖြူဆဲလ် အမျိုးအစား အမျိုးမျိုးကို အသုံးပြု၍ ရောဂါပိုးများနှင့် အခြားကျူးကျော်ရောဂါပိုးများကို တိုက်ခိုက်သည်။ လင်ဖိုဆိုက် အမျိုးအစားနှစ်ခုဖြစ်သော တီဆဲလ်များနှင့် မွေးရာပါ သတ်ဖြတ်သူ (NK) ဆဲလ်များသည် လက်ရှိကင်ဆာရောဂါဆိုင်ရာ ကိုယ်ခံစွမ်းအားကုထုံးများ၏ အဓိကအားထားသည့်အရာဖြစ်သည်။
တီဆဲလ်အခြေပြု ကိုယ်ခံအားကို လိုက်လျောညီထွေ ပြုပြင်နိုင်သော သို့မဟုတ် လေ့လာမှတ်သားနိုင်သော ကိုယ်ခံအားဟု ခေါ်သည်။ အကြောင်းမှာ အန္တရာယ်ရှိသော ဆဲလ်အကြောင်း လိုအပ်သော အချက်အလက်အတိအကျကို လေ့လာမှတ်သားပြီးနောက်မှသာ တိုက်ခိုက်ရန် တီဆဲလ်များကို ညွှန်ကြားချက်သွင်းထားသောကြောင့် ဖြစ်ပါသည်။ အခြားတစ်နည်းဖြင့်ဆိုရသော် တီဆဲလ်များအတွက် အန္တရာယ်ရှိသော ဆဲလ်များကို တိုက်ခိုက်ရန် “အဆင်ပြေသည်” ဟူသော အချက်ပြမှုတစ်ခုကို ရရှိရန် ၎င်းတို့အနေဖြင့် ၎င်းတို့ ရင်ဆိုင်နေရသည့် ဆဲလ်အကြောင်း အချက်အလက်များကို အရင်ဆုံး ရယူရန်လိုသည်။ တီဆဲလ်များသည် ခန္ဓာကိုယ်တွင်းရှိ ဆဲလ်များဖြစ်သည်ဟု ၎င်းတို့က အသိအမှတ်ပြုသော်လည်း တစ်ခုခုက အဆိုပါဆဲလ်များကို အန္တရာယ်ပြုနေသည်ဟု ပြသနေချိန်၊ ဥပမာ ဗိုင်းရပ်စ်ပိုးတစ်ခုက ၎င်းတို့ကို ကူးစက်နေချိန်တွင် ထိုဆဲလ်များကို ပစ်မှတ်ထားပါသည်။ တီဆဲလ်များသည် ဆဲလ်၏ မျက်နှာပြင်ပေါ်တွင် ပြင်ပအရာဖြစ်သည်ဟု သို့မဟုတ် အန္တရာယ်ရှိသည်ဟု ၎င်းတို့သိရှိထားသည့် ပဋိဇာတ်ဟုခေါ်သည့် ပရိုတင်းဓာတ်တစ်ခုကို ရှာဖွေထောက်လှမ်းခြင်းဖြင့် ယင်းကို လုပ်ဆောင်ပါသည်။ ၎င်းတို့သည် တီဆဲလ် ရီဆပ်တာတစ်ခုဖြင့် ပဋိဇာတ်ကို ရှာဖွေထောက်လှမ်းပါသည်။
တီဆဲလ်အခြေပြု ကိုယ်ခံစွမ်းအားကုထုံး အများစုသည် ကင်ဆာဆဲလ် မျက်နှာပြင်ပေါ်ရှိ ပဋိဇာတ်ကို တီဆဲလ်က မြင်နိုင်စွမ်းအပေါ် မူတည်ပါသည်။ တီဆဲလ်များက တိကျသော ကင်ဆာပဋိဇာတ်တစ်ခုကို လေ့လာမှတ်သားလိုက်သည်နှင့် ခန္ဓာကိုယ်သည် အဆိုပါပဋိဇာတ်ပါသည့် အခြားကင်ဆာဆဲလ်များကို ရှာဖွေ၍ တိုက်ခိုက်နိုင်ရန် ထိုပဋိဇာတ်ကို မှတ်မိနိုင်သည့် တီဆဲလ်ကို နောက်ထပ်မိတ္တူများစွာ ပွားလိုက်ပါသည်။ တီဆဲလ်အချို့သည် ပဋိဇာတ်ကို ထပ်မံမြင်တွေ့သောအခါတွင်လည်း ထိုပဋိဇာတ်ကို မှတ်မိပြီး ထပ်မံတုံ့ပြန်နိုင်ပါသည်။ ဤ “မှတ်ဉာဏ်” သည် တီဆဲလ်အခြေပြု ကိုယ်ခံစွမ်းအားကုထုံးများက ထိုပဋိဇာတ်ပါသည့် ကင်ဆာဆဲလ်များ ပြန်ရောက်လာခြင်း (မူလအခြေအနေဆိုးသို့ ပြန်ရောက်ခြင်း) ကိုရပ်တန့်ရာတွင် အရေးကြီးသောနည်းလမ်းတစ်ခုဖြစ်ပါသည်။
တီဆဲလ်အခြေပြု ကိုယ်ခံစွမ်းအားကုထုံးအမျိုးအစားများတွင် ကင်ဆာဆဲလ်များကို သတ်ရာတွင် နှောင့်ယှက်သည့် ပရိုတင်းများကို ဟန့်တားပေးသည့် ဆေးများ၊ ကာကွယ်ဆေးများ၊ ဆိုက်တိုကိုင်းန်များနှင့် တီဆဲလ်လွှဲပြောင်းမှုတို့ ပါဝင်သည်။
မွေးရာပါ သတ်ဖြတ်သူဆဲလ်များ သို့မဟုတ် NK ဆဲလ်များသည် ကိုယ်ခံအားတွင် အရေးကြီးသော နောက်ထပ်လင်ဖိုဆိုက်အမျိုးအစား ဖြစ်ပါသည်။ မွေးရာပါ သတ်ဖြတ်ဆဲလ်များသည် ခန္ဓာကိုယ်ကို ကင်းလှည့်၍ ဘက်တီးရီးယားကဲ့သို့ “၎င်းတို့ကိုယ်တိုင်” မဟုတ်ဟု မှတ်သားထားသည့် ဆဲလ်များကို ရှာဖွေကြသည်။ NK ဆဲလ်များသည် ကင်ဆာဆဲလ်ပေါ်တွင် ရှိနေသည့် တိကျသော ပဋိဇာတ်တစ်ခုအပေါ်တွင် မူတည်ခြင်းမရှိပါ။ မွေးရာပါ ကိုယ်ခံအားဟု သိကြသည့် NK ဆဲလ်အခြေပြု ကိုယ်ခံအားသည် ပို၍ ယေဘုကျသော ကိုယ်ခံအားတစ်ခုဖြစ်ပါသည်။
NK ဆဲလ်အခြေပြု ကိုယ်ခံစွမ်းအားကုထုံး အမျိုးအစားများတွင် ဆဲလ်ပွားတစ်ခုမှ ထုတ်ပေးသည့် ပဋိပစ္စည်းများ (၎င်းတို့က ကင်ဆာဆဲလ်များကို ခွဲခြားသတ်မှတ်ပြီးနောက် NK ဆဲလ်များကို လာရောက်တိုက်ခိုက်ရန် အချက်ပြသောကြောင့်)၊ ဆိုက်တိုကိုင်းန်များနှင့် NK ဆဲလ်လွှဲပြောင်းမှုတို့ ပါဝင်သည်။
ဆဲလ်ပွားတစ်ခုမှ ထုတ်ပေးသည့် ပဋိပစ္စည်းများ။ ဆဲလ်ပွားတစ်ခုမှ ထုတ်ပေးသည့် ပဋိပစ္စည်းများသည် ဓာတ်ခွဲခန်းထဲတွင် ပြုလုပ်သည့် မော်လီကျူးငယ်များဖြစ်ပြီး ၎င်းတို့သည် အထူးသဖြင့် ကင်ဆာဆဲလ်၏ ပဋိဇာတ်များကို တွယ်ကပ်နေသည်။ ဆဲလ်ပွားတစ်ခုမှ ထုတ်ပေးသည့် ပဋိပစ္စည်းများသည် မတူညီသော နည်းလမ်းများဖြင့် လုပ်ဆောင်နိုင်သည်။ ၎င်းတို့ကို အောက်ပါတို့တွင် အသုံးပြုနိုင်သည်-
၎င်းတို့သည် တိကျသော ပဋိဇာတ်များကို ပစ်မှတ်ထားသောကြောင့် ဆဲလ်ပွားတစ်ခုမှ ထုတ်ပေးသည့် ပဋိပစ္စည်းများဖြင့် ကုသမှုကို ပစ်မှတ်ထားလုပ်ဆောင်သည့် ကုထုံးအမျိုးအစားတစ်ခုအဖြစ်လည်း မှတ်ယူနိုင်သည်။
ကင်ဆာဆဲလ်များ သတ်ရာတွင် နှောင့်ယှက်သည့် ပရိုတင်းများကို ဟန့်တားပေးသည့် ဆေးများ။ ကင်ဆာဆဲလ်များ သတ်ရာတွင် နှောင့်ယှက်သည့် ပရိုတင်းများကို ဟန့်တားပေးသည့်ဆေးများမှာ ကိုယ်ခံအားစနစ်ရှိ “ဘရိတ်ခ်များ” ကို ပိတ်ပေးသည့်ဆေးများ ဖြစ်သည်။ ကိုယ်ခံအားစနစ်တွင် ၎င်းကိုအရှိန်လျှော့ရန်ပြောသည့် အဓိကနေရာများ သို့မဟုတ် အချက်ပြစနစ်များ ရှိသည်။ အဆိုပါအဓိကနေရာများသည် ကိုယ်ခံအားတုံ့ပြန်မှု ထိန်းချုပ်ခြင်းမှ လွတ်ထွက်သွားပြီး ကောင်းမွန်သောဆဲလ်များကို အန္တရာယ်မပြုအောင် ထိန်းချုပ်ရာတွင် အရေးကြီးပါသည်။ တစ်ခါတစ်ရံ ကင်ဆာဆဲလ်များသည် အဆိုပါအချက်ပြမှုများကို အသုံးပြု၍ ကိုယ်ခံအားစနစ် မမြင်နိုင်အောင် ပုန်းနေတတ်ပါသည်။ ကင်ဆာဆဲလ်များ သတ်ရာတွင် နှောင့်ယှက်သည့် ပရိုတင်းများကို ဟန့်တားပေးသည့် ဆေးများသည် ကိုယ်ခံအားစနစ် ဆက်လက်လုပ်ဆောင်နိုင်စေရန် အဆိုပါ “ရပ်ရန်” အချက်ပြမှုကို ပိတ်ပေးနိုင်သည်။
ကာကွယ်ဆေးများ။ အကျိတ်ကို အခြေခံထားသည့် ကာကွယ်ဆေးများကို ကင်ဆာရောဂါရှိနေသည့် လူနာများအား ပေးပါသည်။ ယင်းသည် ရောဂါကာကွယ်ရန် အသုံးပြုသည့် အခြားကာကွယ်ဆေးများနှင့် မတူပါ။ ကင်ဆာရောဂါကုသရန် ကာကွယ်ဆေး၏ရည်ရွယ်ချက်မှာ ကိုယ်ခံအားစနစ်အား ၎င်း တိုက်ခိုက်ရန်လိုသည့်အရာကို လေ့လာသိရှိနိုင်အောင် ကူညီပေးရန်ဖြစ်ပါသည်။ ကာကွယ်ဆေးတွင် ကင်ဆာပဋိဇာတ် သို့မဟုတ် အခြားအကျိတ်အမှတ်အသားတစ်ခု ပါဝင်ပါသည်။ ယင်းသည် ထိုသို့အမှတ်အသားပြုထားသော အကျိတ်ဆဲလ်များကို ကိုယ်ခံအားဆဲလ်များမှ တိုက်ခိုက်တတ်လာအောင် လေ့ကျင့်ပေးရန်ဖြစ်သည်။
ဆိုက်တိုကိုင်းန်များ။ ဆိုက်တိုကိုင်းန်များသည် ကိုယ်ခံအားစနစ်ကို ကူညီထိန်းညှိပေးသည့် ခန္ဓာကိုယ်အတွင်းရှိ ပရိုတင်းများဖြစ်ပါသည်။ အင်တာဖဲရွန်နှင့် အင်တာလူကင်းများသည် ကင်ဆာရောဂါ ကုသမှုတွင် အသုံးပြုနိုင်သည့် ဆိုက်တိုကိုင်းန်များ ဖြစ်သည်။ အဆိုပါ ပရိုတင်းများသည် NK ဆဲလ်များ၊ တီဆဲလ်များနှင့် ကင်ဆာဆဲလ်များကို တိုက်ခိုက်သည့် အခြားကိုယ်ခံအားဆဲလ်များကို လှုံ့ဆော်ပေးရန် အချက်ပြမှုများအဖြစ် ဆောင်ရွက်သည်။
မွေးစားဆဲလ်ကုထုံး။ မွေးစားဆဲလ်ကုထုံးဆိုသည်မှာ သွေးထဲမှ ထုတ်ယူထားသည့် အလှူရှင်၏ ကိုယ်ခံအားဆဲလ်များ သို့မဟုတ် လူနာ၏ ကိုယ်ပိုင်ကိုယ်ခံအားဆဲလ်များကို အသုံးပြုသည့် ကိုယ်ခံစွမ်းအားကုထုံး အမျိုးအစားတစ်ခု ဖြစ်ပါသည်။ မွေးစားဆဲလ်ကုထုံး အမျိုးအစားအချို့တွင် ကင်ဆာဆဲလ်များကို ပိုမိုထိရောက်စွာ တိုက်ခိုက်နိုင်ရန် လူနာ၏ ကိုယ်ခံအားဆဲလ်များကို ဓာတ်ခွဲခန်းထဲတွင် ပြောင်းလဲလိုက်သည် သို့မဟုတ် ပြုပြင်မွမ်းမံလိုက်သည်။ ရိုးတွင်းခြင်ဆီ အစားထိုးမှုလုပ်ဆောင်ပြီးနောက် ထပ်မံ၍ ပြုပြင်မွမ်းမံမှု လုပ်မထားသည့် တီဆဲလ်များ သို့မဟုတ် NK ဆဲလ်များကို အဓိက အသုံးပြုပါသည်။ ဤဆဲလ်များကို အလှူရှင်ထံမှ ရွေးချယ်ရယူပြီးနောက် အကျိတ်ဆဲလ်များကို ဖျက်ဆီးပစ်ရန် လူနာများထံသို့ ပြန်ပေးပါသည်။
အကျိတ်အမျိုးအစားကိုလိုက်၍ တီဆဲလ်များကို ဖန်တီးရန် ပြုပြင်မွမ်းမံမှု နည်းလမ်းနှစ်ခုကို လက်ရှိတွင် အသုံးပြုလျက်ရှိသည်။ နည်းလမ်းနှစ်ခုလုံးသည် တူညီသောလုပ်ထုံးလုပ်နည်းကို လိုက်နာပါသည်။ အရင်ဆုံး လူနာထံမှ တီဆဲလ်များကို စုဆောင်းရယူပါသည်။ ထို့နောက် ဓာတ်ခွဲခန်းထဲတွင် အထူးရီဆပ်တာတစ်ခုကိုသုံး၍ တီဆဲလ်များကို အကျိတ်အမျိုးအစားနှင့် ကိုက်ညီစေရန် ပြုပြင်မွမ်းမံလိုက်ပါသည်။ ပြီးလျှင် အဆိုပါဆဲလ်များကို လူနာများထံသို့ ပြန်လည်ထိုးသွင်းမပေးမီ ထပ်မံကြီးထွားလာစေပါသည်။ ၎င်းတို့ကို လူနာ၏ခန္ဓာကိုယ်ထဲသို့ သွင်းပေးပြီးနောက် ပြုပြင်မွမ်းမံထားသည့် တီဆဲလ်များသည် ခန္ဓာကိုယ်တစ်ခုလုံးရှိ ကင်ဆာဆဲလ်များကို ရှာဖွေဖျက်ဆီးပစ်ပါသည်။ အကျိတ်အမျိုးအစားအလိုက် ရီဆပ်တာများကို တီဆဲလ် ရီဆပ်တာများ (TCR) နှင့် ခိုင်မဲရစ် ပဋိဇာတ် ရီဆပ်တာ (CAR) ဟု ခေါ်သည်။ CAR များကို NK ဆဲလ်များထဲသို့ ပေါင်းထည့်ခြင်းအကြောင်း လေ့လာဖော်ထုတ်နေသည့် လေ့လာမှုများလည်း ရှိပါသည်။
ကိုယ်ခံစွမ်းအားကုထုံး ဆေးများကို သွေးကြော (IV) မှတစ်ဆင့် ထိုးသွင်းခြင်းဖြင့် ပေးလေ့ရှိပါသည်။ ကိုယ်ခံအားဆဲလ်များကို IV မှတစ်ဆင့် သို့မဟုတ် အကျိတ်ဧရိယာထဲသို့ တိုက်ရိုက်ထိုးသွင်းခြင်းဖြင့် ထည့်သွင်းပေးပါသည်။
ကုသရာတွင် ဆေးပမာဏနှင့် အချိန်ဇယားသည် ကုထုံးအမျိုးအစားပေါ် မူတည်ပါသည်။ ကိုယ်ခံစွမ်းအားကုထုံးသည် အများအားဖြင့် အချိန်ကာလတစ်ခုအတွင်း တစ်ကြိမ်ထက်ပို၍ ဆေးသွင်းကုသရလေ့ရှိသည်။ ကုသမှုများကို တိကျသော အချိန်ဇယားအလိုက် သို့မဟုတ် ကုသမှုနှင့် အနားယူမှု စက်ဝန်းအလိုက် လုပ်ဆောင်နိုင်ပါသည်။ အချိန်ဇယား လုပ်ဆောင်ရခြင်း၏ ရည်ရွယ်ချက်မှာ ကိုယ်ခံစွမ်းအားကုထုံး ထိရောက်မှုရှိစေရန်နှင့် ခန္ဓာကိုယ်ကို ပြန်လည်နာလန်ထူလာခွင့်ပေးရန် ဖြစ်သည်။
ဆရာဝန်များသည် ကုထုံးမှ မည်မျှကောင်းစွာအလုပ်ဖြစ်သည်ကို သိရှိရန်နှင့် ဘေးထွက်ဆိုးကျိုးများကိုစောင့်ကြည့်ရန် လူနာများကို အနီးကပ်စောင့်ကြည့်စစ်ဆေးပါသည်။
ကိုယ်ခံစွမ်းအားကုထုံး၏ ဘေးထွက်ဆိုးကျိုးများသည် ကုသမှု အမျိုးအစားအပေါ် မူတည်သော်လည်း ယေဘုယျအားဖြင့် ဘေးထွက်ဆိုးကျိုး၏ လက္ခဏာများမှာ ကိုယ်ခံအားစနစ်ကိုယ်တိုင် သက်ဝင်လှုပ်ရှားမှုကြောင့် ဖြစ်ပါသည်။ ကိုယ်ခံအားစနစ်ကို စတင်လိုက်သည့်အခါ ရောင်ရမ်းမှု ဖြစ်ပွားပါသည်။ ယင်းမှာ နေရာကွက်၍ တုံ့ပြန်မှု ဖြစ်နိုင်သလို ကိုယ်ခံအားဆဲလ်များက “ကျူးကျော်သူ” ဆဲလ်များရှိနေသည့် ခန္ဓာကိုယ်အစိတ်အပိုင်းများသို့ ရွေ့လျားသွားသောကြောင့် နေရာမျိုးစုံတွင် တုံ့ပြန်မှုလည်း ဖြစ်နိုင်ပါသည်။ အများအားဖြင့် လက္ခဏာများသည် ခန္ဓာကိုယ်က အအေးမိခြင်း သို့မဟုတ် တုပ်ကွေးကဲ့သို့ ကူးစက်ရောဂါတစ်ခုကို တိုက်ခိုက်သောအခါ ဖြစ်ပွားသည့်ပုံစံနှင့် အလားတူပါသည်။ လူနာများသည် ဖျားနာခြင်း၊ ချမ်းတုန်ခြင်း၊ ခန္ဓာကိုယ် ကိုက်ခဲနာကျင်မှုများ၊ အနီကွက်ထခြင်းနှင့် ပင်ပန်းနွမ်းလျခြင်းတို့ ခံစားရနိုင်ပါသည်။
ကိုယ်ခံစွမ်းအားကုထုံး၏ အခြားဘေးထွက်ဆိုးကျိုးများတွင်-
ကိုယ်ခံအားဆဲလ်များက ခန္ဓာကိုယ်တစ်ခုလုံးသို့ လှည့်ပတ်သွားလာနိုင်သောကြောင့် ကိုယ်ခံစွမ်းအားကုထုံးသည် မူလအကျိတ်နေရာမှ အဝေးသို့ ပျံ့နှံ့နေသည့် ကင်ဆာဆဲလ်များကို သတ်ဖြတ်ရာတွင်လည်း ကူညီနိုင်ပါသည်။ ကင်ဆာရောဂါကုသရန် ကိုယ်ခံအားစနစ်ကို အသုံးပြုခြင်း၏ နောက်ထပ်အလားအလာရှိသော အကျိုးကျေးဇူးမှာ ကိုယ်ခံအားဆဲလ်အချို့တွင် “မှတ်ဉာဏ်” ဖြင့် တုံ့ပြန်မှုတစ်ခုကိုလည်း ဖြစ်ပေါ်လာနိုင်စေခြင်းဖြစ်သည်။ တီဆဲလ်များသည် တိကျသော ပဋိဇာတ်များကို တိုက်ခိုက်ရန် လေ့လာမှတ်သားပြီး ၎င်းတို့ပြန်ရောက်လာပါက မှတ်မိနိုင်သည်။ တီဆဲလ်များက ယင်းကဲ့သို့ ပဋိဇာတ်အမျိုးအစားကို ထပ်မံမြင်တွေ့သောအခါ ပို၍မြန်ဆန်စွာ တုံ့ပြန်နိုင်သည်။ ဤကိုယ်ခံအားစနစ် မှတ်ဉာဏ်သည် ကင်ဆာရောဂါ မူလအခြေအနေဆိုးသို့ ပြန်မရောက်ရှိအောင် ကာကွယ်တားဆီးပေးနိုင်သည့် အလားအလာကောင်းရှိသည်။
ကိုယ်ခံစွမ်းအားကုထုံးသည် ၀ - ၁၈ နှစ်အကြားဖြစ်သော ကလေးဘဝ ကင်ဆာရောဂါတွင် အရေးပါလာသည့် သုတေသနနယ်ပယ်တစ်ခု ဖြစ်ပါသည်။ လက်ရှိဆေးသုတေသနများတွင်လည်း ကလေးကင်ဆာရောဂါများတွင် ကိုယ်ခံစွမ်းအားကုထုံးအသုံးပြုပုံကို လေ့လာလျက်ရှိပါသည်။
---
ပြန်လည်သုံးသပ်ခဲ့သည့်ရက်စွဲ- ဇွန်လ 2018