အဓိကအကြောင်းအရာ skip

ကြိုဆိုပါသည်

Together သည် - လူနာများနှင့် မိဘများ၊ မိသားစုဝင်များနှင့် သူငယ်ချင်းများအပါအဝင် - ကလေးကင်ဆာကြောင့် ထိခိုက်မှုရှိသူတိုင်းအတွက် ရင်းမြစ်အသစ်တစ်ခု ဖြစ်ပါသည်။

ပိုမိုလေ့လာရန်

ပကတိ နျူထရိုဖီးလ် (ANC) အရေအတွက်၊ နျူထရိုဖီးလ်နည်းခြင်း

ပကတိ နျူထရိုဖီးလ် (ANC) အရေအတွက်ဆိုတာဘာလဲ။

ပကတိ နျူထရိုဖီးလ်အရေအတွက်(ANC) သည် ကူးစက်ရောဂါများအား ခန္ဓာကိုယ်မှ တိုက်ထုတ်နိုင်စွမ်းကို ခန့်မှန်းဖော်ပြပေးသည်။ အထူးသဖြင့် ဘက်တီးရီးယားပိုး ကူးစက်ခံရသည့်အချိန်တွင် ဖြစ်သည်။ ထိုစမ်းသပ်မှုရလဒ်များကို လူနာတစ်ဦး၏ “အရေအတွက်များ” ဟု ဖော်ပြလေ့ရှိသည်။

ANC တန်ဖိုးဆိုသည်မှာ သွေးထဲရှိ နျူထရိုဖီးလ်အရေအတွက်ကို တိုင်းတာခြင်း ဖြစ်သည်။ နျူထရိုဖီးလ်ဆိုသည်မှာ သွေးဖြူဥတစ်မျိုးဖြစ်ပြီး ဘက်တီးရီးယားများကို သုတ်သင်ပေးသည်။

ဤသရုပ်ဖော်ပုံတွင် နျူထရိုဖီးလ်ဆဲလ်များက ဘက်တီးရီးယားကို ခြေရာခံလိုက်ပြီး သွေးကြောထဲမှတိုးထွက်ကာ ရောဂါပိုးဝင်နေသည့်နေရာသို့ ရောက်သွားပြီးနောက် အမှတ်အသားပြုထားသော ဘက်တီးရီးယားအား သုတ်သင်လိုက်သည်။

အတွေ့ရအများဆုံး သွေးဖြူဥဆဲလ်အမျိုးအစားမှာ နျူထရိုဖီးလ်များဖြစ်သည်။ ရောဂါပိုးဝင်ရောက်နေသည့်နေရာသို့ ၎င်းတို့သွားရောက်ပြီးနောက် ကျူးကျော်ဝင်ရောက်လာသည့် ဗိုင်းရပ်စ်ပိုးများ သို့မဟုတ် ဘက်တီးရီးယားများကို သုတ်သင်နိုင်ရန် အင်ဇိုင်းဟုခေါ်ဆိုသည့် ပစ္စည်းများထုတ်လွှတ်သည်။

နျူထရိုဖီးလ်နည်းခြင်းဆိုတာဘာလဲ။

ပုံမှန် နျူထရိုဖီးလ် အရေအတွက်ထက်နည်းသည့် (500 ထက်နည်းသည့်) အခြေအနေကို နျူထရိုဖီးလ်နည်းခြင်း ဟုခေါ်သည်။ အရေအတွက် 100 အောက်လျော့နည်းနေပါက နျူထရိုဖီးလ်း အလွန်အမင်းနည်းနေခြင်း ဖြစ်သည်။

ပကတိ နျူထရိုဖီးလ်အရေအတွက်သည် ကူးစက်ရောဂါများအား ခန္ဓာကိုယ်မှ တိုက်ထုတ်နိုင်စွမ်းကို ခန့်မှန်းဖော်ပြပေးသည်။ နျူထရိုဖီးလ်းနည်းခြင်းဆိုသည်မှာ ANC တန်ဖိုး 500 အောက်လျော့နည်းနေခြင်း ဖြစ်သည်။

လူတစ်ဦး၏ ANC တန်ဖိုးနည်းလာလေလေ ရောဂါပိုးကူးစက်ခံရနိုင်ခြေ များလာလေလေ ဖြစ်သည်။

ကင်ဆာလူနာတစ်ဦးတွင် ရောဂါပိုးကူးစက်ခံရပါက အသက်အန္တရာယ်ထိခိုက်သည်အထိ ဖြစ်သွားနိုင်ပြီး ချက်ချင်းဆေးဝါးကုသမှုခံယူရန် လိုအပ်သည်။

နျူထရိုဖီးလ်နည်းခြင်းကို ဘာက ဖြစ်စေသလဲ။

ကီမိုဆေးသွင်းကုသခြင်းကဲ့သိုသော ကင်ဆာကုသမှုများသည် လူနာတစ်ဦး၏ ANC တန်ဖိုးကိုလျော့ကျစေနိုင်ပြီး နျူထရိုဖီးလ်နည်းခြင်း ဖြစ်စေနိုင်သည်။ ၎င်းသည် အတွေ့ရများသော ဘေးထွက်ဆိုးကျိုးတစ်ခု ဖြစ်သည်။ လူနာတစ်ဦး၏ ANC အရေအတွက်မှာ ကီမိုဆေးသွင်းကုသပြီးနောက် 7-14 ရက်အကြာတွင် ကျဆင်းသွားတတ်သည်။ နျူထရိုဖီးလ်အရေအတွက် ကျဆင်းသွားရန် ကြာမြင့်ချိန်မှာ ကုသလိုက်သည့် ဆေးအမျိုးအစားနှင့် ဆေးပမာဏတို့အပေါ် မူတည်သည်။

သွေးကင်ဆာနှင့် ပြန်ရည်ကျိတ်ကင်ဆာတို့သည် ရိုးတွင်းခြင်ဆီကို ထိခိုက်စေပြီး နျူထရိုဖီးလ်အရေအတွက်ကို လျော့နည်းစေသည်။

လူနာတချို့တွင် ဓာတ်ရောင်ခြည်ကြောင့်လည်း နျူထရိုဖီးလ်အရေအတွက်ကို လျော့ကျစေနိုင်သည်။

ပကတိ နျူထရိုဖီးလ်အရေအတွက်ကို သင်ဘယ်လို ရေတွက်နိုင်မလဲ။

နျူထရိုဖီးလ်များကို သွေးဖောက်စစ်ဆေးခြင်း (CBC) စမ်းသပ်မှု၏ အစိတ်အပိုင်းတစ်ခုအနေဖြင့် ရေတွက်သည်။

ရောဂါပိုးကူးစက်ခံရနိုင်ခြေ ANC တန်ဖိုး
အမြင့်ဆုံး 500 အောက်နည်း
အသင့်အတင့် 500-1,000
အောက် 1,000 ထက်ပိုများ

ANC တွက်စက်

သွေးစစ်ဆေးချက်အဖြေစာရွက်များတွင် များသောအားဖြင့် ANC တန်ဖိုးကို တွက်ချက်ပေးထားပြီး ဖြစ်သည်။ ANC တန်ဖိုးရရှိရန် WBC (သွေးဖြူဥအရေအတွက်) ကို သွေးထဲရှိ အပိုင်းပိုင်းဖြစ်နေသော နျူထရိုဖီးရာခိုင်နှုန်း (အတိုကောက် “segs”) နှင့် အကွင်းလိုက်ဖြစ်နေသော နျူထရိုဖီးလ်ရာခိုင်နှုန်းတို့ဖြင့် မြှောက်ခြင်းဖြစ်သည်။

ဓာတ်ခွဲခန်းအဖြေ၏ အပိုင်းတစ်ခုတွင် သွေးဖြူဥစုစုပေါင်းအရေအတွက် (WBC) နှင့် ထိုစုစုပေါင်းအရေအတွက်ထဲမှ သွေးဖြူဥအမျိုးအစားတစ်ခုချင်းစီ၏ ပါဝင်မှုရာခိုင်နှုန်း "ကွဲပြားခြားနားချက်" တို့ကို ဖော်ပြထားသည်။ ဥပမာ- စုစုပေါင်း WBC အရေအတွက်သည် 1,500 mm3 ဖြစ်ပါက ကွဲပြားခြားနားချက်ကို အောက်ပါအတိုင်း တွေ့မြင်နိုင်သည်။

သွေးဖြူဥဆဲလ်အမျိုးအစား စုစုပေါင်း WBCs ၏ ရာခိုင်နှုန်း
အပိုင်းပိုင်းဖြစ်နေသော နျူထရိုဖီးလ်များ (polys သို့ segs ဟုလည်း ခေါ်ဆိုသည်။) 49%
အကွင်းလိုက်ဖြစ်နေသော နျူထရိုဖီးလ်များ (bands ဟုလည်း ခေါ်ဆိုသည်။) 1%
ဘေဆိုဖီးလ်များ (basos ဟုလည်း ခေါ်ဆိုသည်။) 1%
အီယိုစင်နိုဖီးလ်များ (eos ဟုလည်း ခေါ်ဆိုသည်။) 1%
လင်ဖိုဆိုက်ဒ်များ (lymphs ဟုလည်း ခေါ်ဆိုသည်။) 38%
မိုနိုဆိုက်ဒ်များ (monos ဟုလည်း ခေါ်ဆိုသည်။) 10%

ANC တွက်ချက်မှု နမူနာ

1,500 WBC

x .50 (49 segs + 1 bands = 50)

= 750 ANC

 

ANC နှင့် နေ့စဉ်ဘဝ

တခါတရံ၌ ကလေးကင်ဆာလူနာ၏ မိသားစုဝင်များ၏ လုပ်ငန်းဆောင်တာများမှာ လူနာတစ်ဦး၏ ANC သို့မဟုတ် “အရေအတွက်များ” အပေါ်လိုက်၍ လည်ပတ်ပုံ ပြောင်းလဲနေနိုင်သည်။

အကယ်၍ အရေအတွက်နည်းနေပါက လူနာသည် ဆဲလ်များကြီးထွားစေရန် လှုံ့ဆော်ပေးသည့်အရာများပါသည့် ဆေးဝါးများကို သောက်သုံးရနိုင်သည်။ အဆိုပါဆေးများကို သွေးဖြူဥဆဲလ်အရေအတွက် တိုးပွားလာစေရန် ပေးရခြင်းဖြစ်သည်။

လူနာများတွင် နျူထရိုဖီးလ်နည်းနေပါက ကျောင်းများကဲ့သို့ လူအများနှင့် ထိတွေ့ဆက်ဆံရသည့်နေရာများအား ရှောင်ကြဉ်နိုင်သည်။ ရောဂါပိုးဝင်ရောက်နိုင်ခြေကို လျော့ချနိုင်ရန် ကုသပေးသည့်အဖွဲ့မှ လူနာအား နှာခေါင်းစည်း (အမှုန်အမွှားကာ နှာခေါင်းစည်း) တပ်ထားရန် အကြံပြုပေးနိုင်သည်။ တစ်ချို့သောဖြစ်ရပ်များတွင် လူနာအား ဆေးရုံတင်၍ကုသမှုပေးရန် လိုအပ်နိုင်သည်။

အကယ်၍ ANC တန်ဖိုးမှာ အလွန်နည်းနေပါက ကီမိုဆေးသွင်းကုသမှုအား ဆရာဝန်မှ ဆိုင်းငံ့ထားနိုင်သည်။

ANC တန်ဖိုးနည်းနေသော ကလေးများကို ကုသပေးရန် ဆေးရုံတစ်ရုံစီတွင် ကိုယ်ပိုင်ကုသမှုလမ်းညွှန်ချက်များ ရှိကြသည်။


ပြန်လည်သုံးသပ်သည့်ရက်စွဲ- 2021 ခုနှစ်၊ မတ်လ