အဓိကအကြောင်းအရာ skip

ကြိုဆိုပါသည်

Together သည် - လူနာများနှင့် မိဘများ၊ မိသားစုဝင်များနှင့် သူငယ်ချင်းများအပါအဝင် - ကလေးကင်ဆာကြောင့် ထိခိုက်မှုရှိသူတိုင်းအတွက် ရင်းမြစ်အသစ်တစ်ခု ဖြစ်ပါသည်။

ပိုမိုလေ့လာရန်

ကလေးများအတွက် ကီမိုကုထုံး

ကီမိုကုထုံးဆိုတာ ဘာလဲ။

ကီမိုကုထုံး သို့မဟုတ် “ကီမို” ဆိုသည်မှာ အစွမ်းထက်သော ဆေးဝါးများကိုအသုံးပြု၍ ကင်ဆာရောဂါကို ကုသခြင်းဖြစ်သည်။ အဆိုပါဆေးဝါးများသည် ကင်ဆာဆဲလ်များကို သတ်ပေးသည် သို့မဟုတ် ကင်ဆာဆဲလ်များ ကြီးထွားမှုကို ရပ်တန့်ပေးသည်။ 

ဆေးဝါးတစ်မျိုးစီသည် ပုံစံမတူဘဲ လုပ်ဆောင်သည်။ ယေဘုယျအားဖြင့် ကီမိုကုထုံးဆေးဝါးများသည် ဆဲလ်များ ကွဲထွက်သည့်အခါ ဆဲလ်များကို ဟန့်တားနှောက်ယှက်၍ လုပ်ဆောင်သည်။

ဆေးအမျိုးအစားတစ်မျိုးမျိုးနှင့် ဆေးပေးပုံသည် အကြောင်းအချက်များစွာအပေါ် မူတည်ပါသည်-

  • ကင်ဆာ အမျိုးအစားနှင့် အဆင့်
  • ကုသမှု၏ ရည်မှန်းချက်များ
  • အသုံးပြုထားသည့် အခြားကုထုံးများ

သင့်ကလေးသည် မည်သည့်အတွက် ကီမိုကုထုံးကို လိုအပ်နိုင်သနည်း။

ကီမိုကုထုံးကို အောက်ပါတို့အတွက် အသုံးပြုနိုင်သည်-

  • ကင်ဆာကုသခြင်း
  • ကင်ဆာအား ထိန်းချုပ်ခြင်း
  • ကင်ဆာ၏ ရောဂါလက္ခဏာများကို သက်သာစေခြင်း 

၎င်းကို သူ့ချည်းသက်သက် အသုံးပြုနိုင်သလို ခွဲစိတ်မှုနှင့် ရေဒီယိုဓာတ်ရောင်ခြည်ကုထုံးကဲ့သို့ အခြားကုသမှုများ နှင့် ပေါင်းစပ်၍လည်း အသုံးပြုနိုင်ပါသည်။ ဥပမာအားဖြင့် အချို့သောလူနာများသည်  ခွဲစိတ်မှု သို့မဟုတ်  ဓာတ်ရောင်ခြည်ကုထုံး မခံယူမီ အကျိတ်ကို ပို၍သေးသွားစေရန် ကီမိုကုထုံးကို ခံယူကြသည်။ 

ခွဲစိတ်ပြီးနောက် သို့မဟုတ် ဓာတ်ကင်ပြီးနောက်တွင်လည်း ကျန်ရှိနေသော ကင်ဆာဆဲလ်များကိုသတ်ရန် ကီမိုကုထုံးကို အသုံးပြုကြသည်။ ကီမိုကုထုံးကို ၎င်း၏ရလဒ်များ ပိုမိုကောင်းမွန်ထိရောက်စေရန် ရေဒီယိုဓာတ်ရောင်ခြည်ကုထုံးနှင့်လည်း ပေါင်းစပ်အသုံးပြုနိုင်သည်။

ကီမိုကုထုံးသည် ကင်ဆာဆဲလ်များနှင့် အလားသဏ္ဌာန်တူသည့် အလျင်အမြန်ကြီးထွား၊ ပွားများလာတတ်သည့်ဆဲလ်များကို တိုက်ခိုက်ပေးသည်။ ဤဗီဒီယို၌ ကီမိုကုထုံးတွင်သုံးသောဆေးတစ်ခုသည် ကင်ဆာဆဲလ်များ (အပြာရောင်) ကို တိုက်ခိုက်လိုက်ပြီး အေပိုတိုးစစ်ဟုခေါ်သည့် ဆဲလ်သေဆုံးမှုပုံစံတစ်မျိုးကို ဖြစ်ပေါ်စေသည်။

ကလေးများသည် ကီမိုကုထုံးကို ဘယ်လိုရရှိနိုင်သလဲ။

ကီမိုဆေးသွင်း ကုထုံးကို နည်းလမ်းများစွာနဲ့ ပေးနိုင်ပါတယ်။ နည်းလမ်းသည် အောက်ပါတို့အပေါ်မူတည်သည်- 

  • ကင်ဆာအမျိုးအစား
  • ကင်ဆာ၏တည်နေရာ
  • သီးသန့်ဆေးဝါးအသုံးပြုထားခြင်း 

များသောအားဖြင့် ကီမိုကုထုံးကို သောက်ဆေးဖြင့် သို့မဟုတ် သွေးကြောမှတစ်ဆင့် ထိုးသွင်းပါသည်။ ဆေးဝါးများသည် ခန္ဓာကိုယ်တစ်ခုလုံးကို ဖြတ်သန်းသွားသောကြောင့် ယင်းကို သွေးကြောများမှ ခန္ဓာကိုယ်တစ်ခုလုံးသို့ ပို့ဆောင်ပေးသည့် ကီမိုကုထုံးဟု ခေါ်သည်။ ကီမိုကုထုံးသည် အဓိကအကျိတ်နေရာမှ အဝေးသို့ ပျံ့နှံ့သွားသည့် ကင်ဆာဆဲလ်များကို သတ်ပစ်နိုင်သည်။

ကီမိုကုထုံးကို ပေးအပ်သည့်နည်းလမ်းများတွင် အောက်ပါတို့ပါဝင်သည်-

  • အကြောပိုက်ဖြင့် (IV) ထိုးသွင်းသည့် ကီမိုကုထုံး – သွေးပြန်ကြောရှိ IV မှတစ်ဆင့် ကီမိုကုထုံးဆေးဝါးကို သွင်းပေးသည်။ ၎င်းမှာ ကလေးကင်ဆာရောဂါတွင် အတွေ့ရအများဆုံး ကီမိုကုထုံးအမျိုးအစား ဖြစ်သည်။
  • ကီမိုကုထုံးအတွက် ပါးစပ်မှသောက်သုံးရန် ဆေးပေးခြင်း – ကီမိုကုထုံးကို သင် မျိုချရသည့် ဆေးလုံး သို့မဟုတ် ဆေးရည်ပုံစံဖြင့် ပေးပါသည်။
  • ထိုးသွင်းရသည့် ကီမိုကုထုံး – ကီမိုကုထုံးဆေးဝါးကို ဆေးထိုးပြွန်ကို အသုံးပြု၍ ထိုးနှံပေးသည်။
  • အင်ထရာသီကယ် ကီမိုကုထုံး –  ကီမိုကုထုံးဆေးဝါးများကို ဦးနှောက်နှင့် ကျောရိုးကို ဖုံးကွယ်ထားသည့် တစ်ရှူးအလွှာပါးများအကြား အရည်ဖြင့်ပြည့်နေသည့်နေရာအတွင်းသို့ ထိုးသွင်းပေးသည်။
  • အင်ထရာပယ်ရီတိုနီရယ်လ် ကီမိုကုထုံး –  ကီမိုကုထုံးကို ပါးလွှာသည့် ပြွန်ငယ်ကို ဖြတ်လျက် ဝမ်းဗိုက်နေရာကိုယ်တွင်းခေါင်းအတွင်းသို့ တိုက်ရိုက်ထည့်သွင်းသည်။ ဝမ်းဗိုက်နေရာကိုယ်တွင်းခေါင်းသည် ရင်ဘတ်နှင့် တင်ပဆုံနေရာအကြားရှိ ခန္ဓာကိုယ်အလယ်ပိုင်းနေရာအတွင်းရှိ ကြီးမား‌သော အခေါင်းနေရာဖြစ်သည်။
  • ခနွာကိုယ်ပေါ်သို့ တိုက်ရိုက်သုတ်လိမ်းသည့် ကီမိုကုထုံး – ကီမိုကုထုံးဆေးဝါးကို လိုးရှင်း သို့မဟုတ် ခရင်မ်အဖြစ်နှင့် အရေပြားကို သုတ်လိမ်းပေးသည်။

ကျွန်ုပ်ကလေးကို ကီမိုကုထုံးအတွက် မည်သို့ပြင်ဆင်ပေးရမည်နည်း။

သင့်ကလေး သို့မဟုတ် ဆယ်ကျော်သက်ကလေးတွင် ကင်ဆာနှင့် ၎င်း၏ ကုသမှုနှင့် ပတ်သက်သည့် မေးခွန်းများရှိနိုင်သည်။ သင့်ကလေးနှင့်ပတ်သက်၍ ရိုးသားမှုရှိရန် အရေးကြီးပြီး  အသက်အရွယ်နှင့် သင့်လျော်သော အသုံးအနှုန်းကို အသုံးပြုရန် အရေးကြီးသည်။

ကီမိုကုထုံး သည် လုံခြုံစိတ်ချရသလား။

ကီမိုကုထုံးတွင် ပြင်းထန်သည့် ဆေးဝါးများ ပါဝင်သည်။ ဤ ဆေးဝါးများသည် ကင်ဆာဆဲလ်များကို သုတ်သင်ရန် ရည်ရွယ်ပြုလုပ်ထားခြင်းဖြစ်သည်။ သို့သော် ကီမိုကုထုံးသည် ခန္ဓာကိုယ်အတွင်းရှိ သာမန်ဆဲလ်များကိုလည်း အန္တရာယ်ပေးနိုင်သည်။ 

 ကီမိုကုထုံး သည် ဘေးထွက်ဆိုးကျိုးများ နှင့် ကုသမှုပြုလုပ်အပြီး နှစ်ပေါင်းများစွာအကြာတွင် ဖြစ်ပေါ်လာနိုင်သည့် ရောဂါလက္ခဏာများနှင့် ကျန်းမာရေး အခြေအနေများဖြစ်သည့်  နောင်ဖြစ်လာနိုင်သည့် ဆိုးကျိုးများကို  ဖြစ်စေနိုင်သည်။ သို့သော် ဘေးထွက်ဆိုးကျိုးနှင့် နောင်ဖြစ်လာနိုင်သည့် ဆိုးကျိုးနှစ်မျိုးလုံးကို ကုသခြင်းနှင့် ထိန်းသိမ်းခြင်းပြုလုပ်နိုင်သည်။

တခါတရံတွင် ကီမိုကုထုံး ဆေးဝါးများအား အရေပြားမှတစ်ဆင့်ဖြစ်စေ အဆုတ်မှရှူသွင်း၍ဖြစ်စေ စုပ်ယူနိုင်သည်။ ဆေးဝါးများသည် အစားအစာများ သို့မဟုတ် နေအိမ်ရှိ နေ့စဉ်သုံးမျက်နှာပြင်များနှင့် ထိတွေ့မိလာလျှင် မိသားစုဝင်များသည်လည်း ကီမိုကုထုံးနှင့် ထိတွေ့မိနိုင်သည်။ ကီမိုကုထုံးဆေးဝါးအား လုံခြုံစိတ်ချရစွာ ကိုင်တွယ်ဆောင်ရွက်ခြင်းအကြောင်း ပိုမိုလေ့လာပါ

 ဆေးဝါးများကို ဘေးကင်းလုံခြုံစွာ သိမ်းဆည်းခြင်းနှင့် စွန့်ပစ်ခြင်းသည် အရေးကြီးသည်။ ကောင်းစွာသိုလှောင်ခြင်း မပြုလုပ်လျှင်၊ ညွှန်ကြားသည့်အတိုင်း သောက်သုံးလျှင်၊ မသက်ဆိုင်သူတစ်ဦးဦးမှ သောက်သုံးမိလျှင်ဖြစ်စေ ဘေးကင်းစိတ်ချရမှုရှိစွာ စွန့်ပစ်ခြင်းမရှိလျှင်ဖြစ်စေ ဆေးဝါးများအားလုံးသည် အန္တရာယ်ရှိနိုင်ပါသည်။

ကီမိုကုထုံးကို ဘယ်အအချိန်အခါမှာ ပေးသလဲ။

ကီမိုကုထုံးသည် အများအားဖြင့် အချိန်ကာလတစ်ခုအတွင်း တစ်ကြိမ်ထက်ပို၍ ဆေးဝါးများပေးကာ ကုသရလေ့ရှိပါသည်။ အဆိုပါကုသမှုများကို တိကျသော အချိန်ဇယားဖြင့် လုပ်ဆောင်ပါသည်။ အချိန်ဇယားပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်မှာ ဆေးအာနိသင် အထိရောက်ဆုံးဖြစ်စေရန်နှင့် ခန္ဓာကိုယ်ကို ပြန်လည်နာလန်ထူလာခွင့်ပေးရန် ဖြစ်ပါသည်။

ဆေးကုသမှုအဖွဲ့မှ အောက်ပါတို့ကို ဆုံးဖြတ်ပါမည်-

  • ဆေးကို ရက်မည်မျှကြာ ဆက်တိုက်ပေးမည်
  • ကီမိုကုထုံးပေးသည့် အကြိမ်များကြား “အနားယူရမည့်ရက်” အရေအတွက်
  • စက်ဝန်းအရေအတွက်

ကီမိုကုထုံး စက်ဝန်းဆိုသည်မှာ ဆက်တိုက်ကုသမှုပေးသည့် ရက်အရေအတွက်နှင့် အနားယူသည့် ရက်အရေအတွက်ကို ဆိုလိုပါသည်။ ညွှန်ကြားထားသည့် စက်ဝန်းအရေအတွက်က ကီမိုကုထုံး ဆေးပတ်တစ်ပတ်နှင့် ညီမျှပါသည်။

ကီမိုကုထုံးနှင့် လူနာ၏ကျန်းမာရေးအပေါ် မူတည်၍ ကီမိုကုထုံးပေးခြင်းကို ဆေးရုံ၊ ဆေးခန်း သို့မဟုတ် နေအိမ်တွင် လုပ်ဆောင်နိုင်ပါသည်။

ကီမိုကုထုံး၏ ဘေးထွက်ဆိုးကျိုးများက ဘာတွေလဲ။

ဘေးထွက်ဆိုးကျိုးများ ဆိုသည်မှာ ကင်ဆာရောဂါ ကုသမှုများကြောင့် ဖြစ်ပွားသည့် ပြဿနာများ ဖြစ်ပါသည်။ ကီမိုကုထုံး၏ ဘေးထွက်ဆိုးကျိုးများစွာသည် ကုသမှုပြုလုပ်အပြီးတွင် ပျောက်ကွယ်သွားလေ့ရှိသည်။ သို့သော် တခါတရံတွင် ဘေးထွက်ဆိုးကျိုးများသည် အချိန်ကြာကြာ ပျောက်သွားခြင်းမရှိ သို့မဟုတ် တစ်သက်တာအတွင်း နောက်ပိုင်းတွင် ပြန်လည်၍ပင် ပေါ်ပေါက်လာနိုင်သည်။ ယင်းတို့ကို ရေရှည်ဘေးထွက်ဆိုးကျိုးများ သို့မဟုတ် နောင်မှပေါ်လာသည့် ဘေးထွက်ဆိုးကျိုးများဟု ခေါ်ပါသည်။

ကီမိုကုထုံးသည် မြန်မြန်ဆန်ဆန် ကြီးထွားပွားများတတ်သည့် ဆဲလ်များကို ပစ်မှတ်ထားသည်။ သို့သော် ၎င်းသည် ခန္ဓာကိုယ်အတွင်းရှိ မြန်မြန်ဆန်ဆန် ကြီးထွားပွားများသည့် အခြားဆဲလ်များကိုလည်း ထိခိုက်စေနိုင်သည်။ ယင်းတို့တွင် ပါးစပ်နှင့် အူနံရံကို ဖုံးအုပ်ပေးထားသော ဆဲလ်များနှင့် ဆံပင်ပေါက်စေသည့် ဆဲလ်များ ပါဝင်ပါသည်။ ထို့ကြောင့်  ပါးစပ်တွင် အနာပေါက်ခြင်း၊ ပျို့ခြင်းနှင့်  ဆံပင်ကျွတ်ခြင်း ကဲ့သို့ ဘေးထွက်ဆိုးကျိုးများကို အတွေ့ရများခြင်း ဖြစ်ပါသည်။

ကီမိုကုထုံးသည် သွေးဆဲလ်အသစ်များ ပြုလုပ်သည့် ရိုးတွင်းခြင်ဆီများရှိ ဆဲလ်များကိုလည်း ထိခိုက်ပျက်စီးစေနိုင်သည်။ သွေးဆဲလ်အရေအတွက်များ နည်းလာခြင်း သည် ရောဂါပိုးဝင်ရောက်မှု၊ အညိုအမဲစွဲခြင်းနှင့် နုံးခွေခြင်းအတွက် အန္တရာယ်ကို များစေနိုင်သည်။

ဆေးဝါးများတွင် မတူညီသည့် ဘေးထွက်ဆိုးကျိုးများရှိနိုင်သည်။  ကလေးများအားလုံးသည် ဆေးဝါးများကို တုံ့ပြန်ပုံ ကွဲပြားကြသည်။ စောင့်ရှောက်ကုသပေးသည့်အဖွဲ့သည် အဖြစ်များသော ဘေးထွက်ဆိုးကျိုးများ၊ ၎င်းတို့ဖြစ်ပွားနိုင်သည့်အချိန်နှင့် ၎င်းတို့ကို ကုသဖြေရှင်းနည်းအချို့အကြောင်း ဆွေးနွေးပြောဆိုမည်ဖြစ်သည်။

ဘေးထွက်ဆိုးကျိုး အမျိုးအစားများ အကြောင်းကို ပိုမိုလေ့လာပါ။

အဓိကအချက်များ

  • ကီမိုကုထုံး သို့မဟုတ် “ကီမို” ဆိုသည်မှာ အစွမ်းထက်သော ဆေးဝါးများကိုအသုံးပြု၍ ကင်ဆာရောဂါကို ကုသခြင်းဖြစ်သည်။
  • ကီမိုဆေးသွင်း ကုထုံးကို နည်းလမ်းများစွာနဲ့ ပေးနိုင်ပါတယ်။ များသောအားဖြင့် ကီမိုကုထုံးကို သောက်ဆေးဖြင့် သို့မဟုတ် သွေးကြောမှတစ်ဆင့် ထိုးသွင်းပါသည်။
  • ကီမိုကုထုံးသည် ဘေးထွက်ဆိုးကျိုးများနှင့် ကုသမှုပြုလုပ်အပြီး နှစ်ပေါင်းများစွာအကြာတွင် ဖြစ်ပေါ်လာနိုင်သည့် ရောဂါလက္ခဏာများနှင့် ကျန်းမာရေး အခြေအနေများဖြစ်သည့် နောင်ဖြစ်လာနိုင်သည့် ဆိုးကျိုးများကို ဖြစ်စေနိုင်သည်။ သို့သော်ဘေးထွက်ဆိုးကျိုးနှင့် နောင်ဖြစ်လာနိုင်သည့် ဆိုးကျိုးနှစ်မျိုးလုံးကို ကုသခြင်းနှင့် ထိန်းသိမ်းခြင်းပြုလုပ်နိုင်သည်။
  • ကီမိုကုထုံးသည် အများအားဖြင့် အချိန်ကာလတစ်ခုအတွင်း တစ်ကြိမ်ထက်ပို၍ ဆေးဝါးများပေးကာ ကုသရလေ့ရှိပါသည်။ အဆိုပါကုသမှုများကို တိကျသော အချိန်ဇယားဖြင့် လုပ်ဆောင်ပါသည်။ အချိန်ဇယားပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်မှာ ဆေးအာနိသင် အထိရောက်ဆုံးဖြစ်စေရန်နှင့် ခန္ဓာကိုယ်ကို ပြန်လည်နာလန်ထူလာခွင့်ပေးရန် ဖြစ်ပါသည်။
  • ဆေးဝါးများတွင် မတူညီသည့် ဘေးထွက်ဆိုးကျိုးများရှိနိုင်သည်။ ကလေးများအားလုံးသည် ဆေးဝါးများကို တုံ့ပြန်ပုံ ကွဲပြားကြသည်။ စောင့်ရှောက်ကုသပေးသည့်အဖွဲ့သည် အဖြစ်များသော ဘေးထွက်ဆိုးကျိုးများ၊ ၎င်းတို့ဖြစ်ပွားနိုင်သည့်အချိန်နှင့် ၎င်းတို့ကို ကုသဖြေရှင်းနည်းအချို့အကြောင်း ဆွေးနွေးပြောဆိုမည်ဖြစ်သည်။


ပြန်လည်သုံးသပ်သည့်ရက်စွဲ- ဩဂုတ်လ 2022 ခုနှစ်