အဓိကအကြောင်းအရာ skip

ကြိုဆိုပါသည်

Together သည် - လူနာများနှင့် မိဘများ၊ မိသားစုဝင်များနှင့် သူငယ်ချင်းများအပါအဝင် - ကလေးကင်ဆာကြောင့် ထိခိုက်မှုရှိသူတိုင်းအတွက် ရင်းမြစ်အသစ်တစ်ခု ဖြစ်ပါသည်။

ပိုမိုလေ့လာရန်

၀ - ၁၈ နှစ်အကြားဖြစ်သော ကလေးဘဝ ကင်ဆာအတွက် ဓာတ်ရောင်ခြည် ကုထုံး

ဓာတ်ရောင်ခြည် ကုထုံးသည် ၀ - ၁၈ နှစ်အကြားဖြစ်သော ကလေးဘဝ ကင်ဆာရောဂါ ပုံစံများစွာအတွက် အသုံးပြုသော ကုသမှုတစ်ခု ဖြစ်သည်။

ဤကုထုံးသည် အကျိတ်များကို ကျုံ့သွားစေရန်နှင့် ကင်ဆာဆဲလ်များကို သုတ်သင်ရန် ဓာတ်မှန် သို့မဟုတ် ပရိုတွန် ရောင်ခြည်တန်းများကို အသုံးပြုသည်။ ဓာတ်ရောင်ခြည်သည် ကင်ဆာဆဲလ်များအတွင်းရှိ DNA ကို ဖျက်ဆီးခြင်းအားဖြင့် အလုပ်လုပ်ပါသည်။

ဓာတ်ရောင်ခြည် ကင်ဆာအထူးကုဆရာဝန် သည် ဓာတ်ရောင်ခြည် ကုထုံးကို ဦးဆောင်သည့် ဆရာဝန်ဖြစ်သည်။ ဓာတ်ရောင်ခြည် ကင်ဆာအထူးကုဆရာဝန်သည် ကလေးတစ်ဦးချင်းစီအတွက် ကုသမှုအစီအစဉ်ကို ရေးဆွဲရန် ဓာတ်ရောင်ခြည် ကုထုံးအဖွဲ့နှင့် တွဲ၍အလုပ်လုပ်သည်။

တစ်ခါတစ်ရံတွင် ဓာတ်ရောင်ခြည်ကုထုံးသည် လုပ်ဆောင်နိုင်သည့် တစ်မျိုးတည်းသော ကုသမှုဖြစ်သည်။ သို့မဟုတ် ကုသမှုအစီအစဉ်တွင် ဓာတ်ရောင်ခြည် ကုထုံးနှင့်အတူ ခွဲစိတ်ကုထုံးနှင့် ကီမိုဆေးသွင်းခြင်း ကုထုံးတို့ကဲ့သို့ အခြားကုသမှုများနှင့် တွဲ၍ လုပ်ဆောင်နိုင်သည်။

ဓာတ်ရောင်ခြည်သည် ကင်ဆာကို ပစ်မှတ်ထားသော်လည်း အနီးရှိ ကောင်းမွန်သည့် တစ်ရှုးကိုလည်း ပျက်စီးစေနိုင်သည်။ ထိုပျက်စီးမှုကြောင့် ဘေးထွက်ဆိုးကျိုးများကို ဖြစ်စေနိုင်သည်။ အချို့ ဘေးထွက်ဆိုးကျိုးများသည် ကလေးနှင့် ကြီးကောင်ဝင်စ အရွယ်များ၏ ကြီးထွားမှုနှင့် ဖွံ့ဖြိုးမှုအပေါ် သက်ရောက်နိုင်သည်။ ဆေးကုသမှုအဖွဲ့သည် ကောင်းမွန်သည့် တစ်ရှုးများအား ထိခိုက်မှု အနည်းဆုံးဖြစ်စေရန် ကုသမှုများကို ပုံစံဆွဲသည်။

ဓာတ်ရောင်ခြည် ကုထုံး လက်ခံရယူခြင်း

တိုင်ပင်ဆွေးနွေးခြင်း

လူနာနှင့် မိသားစုသည် ကုသရေး အဖွဲ့ဝင်များနှင့် တွေ့ဆုံပါမည်။ ထိုအဖွဲ့သည် ကုသမှုလုပ်ငန်းစဉ်ကို ရှင်းပြပြီး မေးခွန်းများကို ဖြေကြားပါသည်။ မိသားစုများသည် ထိုတွေ့ဆုံမှု မတိုင်မီ မေးခွန်းများကို ချရေးထားသင့်ပြီး တစ်ခုခု မရှင်းလင်းပါက ကုသရေး အဖွဲ့ကို လွတ်လပ်စွာ မေးနိုင်သည်။ တစ်ခါတစ်ရံတွင် မိသားစုဝင် သို့မဟုတ် သူငယ်ချင်းကို အတူတူ ခေါ်လာပြီး မှတ်စုများ ရေးစေခြင်းသည် အကူအညီဖြစ်စေနိုင်သည်။ မိသားစုများအနေဖြင့် တွေ့ဆုံမှုပြီးသွားမှ နောက်ထပ် မေးစရာများ ရှိလာလျှင် အဖွဲ့ကို ဆက်သွယ် မေးမြန်းသင့်သည်။

ဆရာဝန်က လူနာများကို စိတ်ငြိမ်ဆေးပေးရန် လိုမလို မိဘများကို ပြောနိုင်ပါသည်။ ဆရာဝန်များသည် ကလေးငယ်များနှင့် ငြိမ်သက်စွာနေရန် အခက်အခဲရှိသော အခြားလူနာများအတွက် စိတ်ငြိမ်ဆေးပေးခြင်းကို အကြံပြုနိုင်သည်။

ကုသရေးအဖွဲ့သည် ဓာတ်ရောင်ခြည် ကုထုံး၏ ရည်ရွယ်ချက်နှင့် ဘေးထွက်ဆိုးကျိုးများအကြောင်းကို မိဘများအား ရှင်းပြပါမည်။ ဤလုပ်ငန်းစဉ်ကို အသိပေး သဘောတူညီမှုဟု ခေါ်သည်။ ၎င်းသည် ကုသမှုမစတင်မီ လူနာနှင့် မိသားစုတို့က ခွင့်ပြုချက် ပေးရသည့်အဆင့်ဖြစ်သည်။

ဓာတ်ရောင်ခြည် ကုထုံးပညာရှင်နှစ်ဦးသည် ကလေးများတွင် ဖြစ်တတ်သော ကင်ဆာရောဂါအတွက် လူနာတစ်ဦးကို ဓာတ်ရောင်ခြည်ကုသမှုပြုလုပ်ရန် ကွန်ပျူတာကို ပြင်ဆင်နေသည်။

ကင်ဆာကို ထိရောက်မှုရှိစွာ ဖျက်ဆီးသုတ်သင်ရန်၊ ကောင်းမွန်သည့် ဆဲလ်များထိခိုက်မှုကို ကန့်သတ်ရန်နှင့် နောင်တွင်ဖြစ်ပွားမည့် ဆိုးကျိုးများ လျော့နည်းစေရန် ကုသမှုများကို ပုံစံဆွဲရာတွင် ပြင်ဆင်မှုနှင့် စီစဉ်မှုများစွာ လိုအပ်သည်။

အသွင်တူ ပြုလုပ်ခြင်း

အသွင်တူပြုလုပ်ခြင်းသည် လူနာ၏ ဓာတ်ရောင်ခြည် ကုသမှုကို စီစဉ်ရာတွင် ပထမဆုံး အဆင့်ဖြစ်သည်။ အကျိတ် တည်ရှိသည့် နေရာအတိအကျ (သို့မဟုတ် ခွဲစိတ်ထားပါက တည်ရှိခဲ့သည့်နေရာ) ကို သိရှိရန်အတွက် လူနာကို CT စကင်ဖတ်ခြင်းနှင့် တစ်ခါတစ်ရံတွင် သံလိုက်စွမ်းအားဖြင့် ပုံရိပ်ဖော်၍ ရောဂါရှာဖွေသည့် MRI ရိုက်ခြင်းကို လုပ်ဆောင်ပါမည်။

အသွင်တူ မပြုလုပ်မီ လူနာသည် ကုသမှုအတွက် နေရာမှန်အတိုင်း ‌လဲလျောင်းနိုင်ရန် အထူးအုပ်ဆောင်း သို့မဟုတ် ခန္ဓာကိုယ်ပုံစံခွက်ထဲတွင် နေရပါမည်။

CT သို့မဟုတ် MRI အတွက် ခွဲခြားမြင်နိုင်သော ပစ္စည်း

အများအားဖြင့် လူနာကို CT သို့မဟုတ် MRI အသွင်တူ ပြုလုပ်ခြင်းအတွက် ခန္ဓာကိုယ်ကို ဖောက်ထွင်းမြင်နိုင်စေမည့်ပစ္စည်းကို ထည့်သွင်းပါမည်။ လူနာ၏ ကုသမှု အချိန်ဇယားတွင် ခန္ဓာကိုယ်ကို ဖောက်ထွင်းမြင်နိုင်စေမည့်ပစ္စည်းကို မထည့်သွင်းမီ အစာစားခြင်း သို့မဟုတ် အရည်သောက်ခြင်းနှင့် ပတ်သက်၍ လမ်းညွှန်ချက်များ ပါဝင်သည်။ လမ်းညွှန်ချက်များကို အတိအကျလိုက်နာရန် အလွန်အရေးကြီးသည်။ ခန္ဓာကိုယ်ကို ဖောက်ထွင်းမြင်နိုင်စေသည့် ပစ္စည်းနှင့် ဓာတ်မတည့်မှု တစ်ခုခု ရှိဖူးပါက ကုသရေး အဖွဲ့ကို အသိပေးပါ။

ခန္ဓာကိုယ်ကို ဖောက်ထွင်းမြင်နိုင်သော ပစ္စည်းကို အသုံးပြုပါက လူနာသည် IV ဟုခေါ်သော အကြောထဲ ထိုးသွင်းခြင်းကို လိုအပ်ပါမည်။ လူနာတွင် အကြောဆေးသွင်းရန် အပေါက်၊ ပင်မ လိုင်းသို့မဟုတ် အခြား IV ပစ္စည်း မရှိပါက သူနာပြုဆရာမသည် IV ဟုခေါ်သော အကြောထဲ ထိုးသွင်းခြင်းကို စတင်ရန် လိုအပ်သည်။

CT စကင်သည် ဓာတ်ရောင်ခြည် ကုသမှု အစီအစဉ်ကို ချင့်တွက်ဆုံးဖြတ်ရာတွင် လိုအပ်သော အိတ်စ်ရေး ဓာတ်မှန်ရိုက်ခြင်းဖြစ်သည်။ လူနာသည် စမ်းသပ်ခုတင်ဟု ခေါ်သည့် ပြင်ညီ စားပွဲပေါ်ရှိ အုပ်ဆောင်း သို့မဟုတ် ခန္ဓာကိုယ် ပုံစံခွက်တွင် လဲလျောင်းနေပြီး စားပွဲသည် စက်ဝိုင်း သို့မဟုတ် မုန့်လက်ကောက် အကြီးနှင့် ပုံစံတူသည့် စကင်ဖတ်စက် တစ်လျှောက် အလိုအလျောက် လျှောဝင်သွားသည် (သို့မဟုတ် ရွေ့သွားသည်)။ ဤလုပ်ငန်းစဉ်တွင် ပုံရိပ်များကို ရယူသည်။ ၎င်းသည် တစ်နာရီခန့်ကြာသည်။

ဓာတ်ရောင်ခြည် ကုသမှုအစီအစဉ်ဆွဲခြင်းကို ကူညီရန် MRI ကို အသုံးပြုပါက လူနာသည် အုပ်ဆောင်း သို့မဟုတ် ခန္ဓာကိုယ် ပုံစံခွက်တွင် လဲလျောင်းပြီး ပုံရိပ်ဖော်မည့် ‌နေရာကို MRI စက်အတွင်းရှိ စက်ဝိုင်းပုံအပေါက် အတွင်းရှိ သံလိုက် အတွင်း နေရာချထားပါသည်။ MRI စက်သည် အသံကျယ်လောင်သောကြောင့် နားများကို ကာကွယ်ရန် နားအဆို့ သို့မဟုတ် နားကြပ်များကို အသုံးပြုသည်။ MRI သည် ပုံမှန်အားဖြင့် မိနစ် ၃၀ မှ တစ်နာရီအထိ ကြာသည်။

လူနာသည် နှိပ်ကြယ်သီး၊ ကြယ်သီးနှင့် ဇစ်များကဲ့သို့ သတ္တုမပါသည့် သက်တောင့်သက်သာရှိသည့် ခပ်ပွပွ အဝတ်အစားများကို ဝတ်ဆင်သင့်သည်။ အသင့်လျော်ဆုံး အဝတ်အစားမှာ တီရှပ်နှင့် အားကစားဘောင်းဘီ၊ ညဝတ်ဘောင်းဘီနှင့် အခြားဆွဲသားဘောင်းဘီတို့ဖြစ်သည်။ ကုသရေးအဖွဲ့သည် လူနာကို ဆေးရုံဝတ်စုံ ဝတ်ခိုင်းလေ့ရှိသည်။

အသွင်တူ လုပ်ဆောင်မှုအတွင်း အကြိမ်တိုင်း၌ ကုသမှုနေရာအတိအကျသို့ ဓာတ်ရောင်ခြည် သေချာရောက်ရှိအောင် ပို့လွှတ်ရန် အဆင့်များစွာကို လုပ်ဆောင်ပါမည်။

တိုင်းတာခြင်း/ အမှတ်အသားပြုခြင်း

  • ဓာတ်ရောင်ခြည် ကုထုံးပညာရှင် သို့မဟုတ် သူနာပြုဆရာမသည် ‌ပိုးသတ်ထားသော အပ်အသေးဖြင့် လူနာ၏ အရေပြားတွင် ဆေးမင်ကြောင် အသေးစားတစ်ခု (မှဲ့ခြောက်အရွယ်) ကို ပြုလုပ်ပါမည်။ အပ်၏ ထိပ်ပိုင်းကိုသာ အသုံးပြုသည်။ က‌လေးဆေးရုံအချို့သည် ဖျက်မရသော မှင် သို့မဟုတ် ဆေးခြယ်ခဲတံကို အစားထိုး အသုံးပြုနိုင်သည်။ 
  • ထိုအမှတ်အသားသည် ကုသရမည့်နေရာသို့ ဓာတ်ရောင်ခြည် ဘေးကင်းကင်းနှင့် အတိအကျ ရောက်ရှိစေရန် ကူညီပေးသည်။
ဓာတ်ရောင်ခြည် ကင်ဆာအထူးကုသည် ဓာတ်ရောင်ခြည်၏ ကြိမ်နှုန်းပမာဏကို စီစဉ်ရန်နှင့် ရောင်စဉ်တန်းများကို လမ်းကြောင်းဖော်ရန် ဓာတ်ရောင်ခြည် ပညာရှင်များ၊  ဆေးကုသရေးသမားတော်များနှင့် အတူတူတွဲ၍ လုပ်ဆောင်သည်။

ဓာတ်ရောင်ခြည် ကင်ဆာအထူးကုသည် ဓာတ်ရောင်ခြည်၏ ကြိမ်နှုန်းပမာဏကို စီစဉ်ရန်နှင့် ရောင်စဉ်တန်းများကို လမ်းကြောင်းဖော်ရန် ဓာတ်ရောင်ခြည် ပညာရှင်များ၊ ဆေးကုသရေးသမားတော်များနှင့် အတူတူတွဲ၍ လုပ်ဆောင်သည်။

ကုသမှုအစီအစဉ်ဆွဲခြင်း

အသွင်တူ လုပ်ဆောင်မှုပြီးနောက် ဓာတ်ရောင်ခြည် ကင်ဆာအထူးကုဆရာဝန်သည် ကုသမှုအစီအစဉ် ရေးဆွဲရန် ဓာတ်ရောင်ခြည် ပညာရှင်များ၊ ဆေးကုသရေးသမားတော်များနှင့် အတူတူတွဲ၍ လုပ်ဆောင်သည်။

အဖွဲ့သည် ဓာတ်ရောင်ခြည်၏ ကြိမ်နှုန်းပမာဏကို စီစဉ်၍ ရောင်စဉ်တန်းများကို လမ်းကြောင်းဖော်ပါမည်။

ဓာတ်ရောင်ခြည် ကင်ဆာအထူးကုသည် ပေးရမည့် ဓာတ်ရောင်ခြည် ပမာဏ၊ အကြိမ်ရေ အစိပ်အကျဲနှင့် နေရာတို့ကို အတိအကျဖော်ပြသည့် ဆေးညွှန်းတစ်ခုကို ရေးပါမည်။ ကင်ဆာရောဂါအားလုံးအတွက် ကုသရသည့် ဓာတ်ရောင်ခြည် ပမာဏသည် တူညီခြင်း မရှိပါ။ ကုသမှုအစီအစဉ်သည် အကျိတ်အမျိုးအစားနှင့် ကလေး၏အသက်တို့ အပါအဝင် အချက်အလက်များစွာအပေါ် မူတည်သည်။

ပထမဆုံး ကုသမှုမစတင်မီ ဓာတ်ရောင်ခြည် ကုထုံးအဖွဲ့သည် လူနာ၏ အိတ်စ်ရေး ဓာတ်မှန်ပုံရိပ်များကို ဓာတ်ကင်စက်ပေါ်တွင် ရိုက်ပြီး ဓာတ်ကင်စက်၏ ဆက်တင်များအားလုံး မှန်ကန်ကြောင်း စစ်ဆေးပါမည်။ ကုသမည့် ‌နေရာသည် ဆရာဝန်က စီစဉ်ထားသည့် နေရာအတိအကျတွင် ရှိကြောင်း ထိုပုံရိပ်များက အတည်ပြုပါမည်။ ပထမဆုံး ဓာတ်ရောင်ခြည် ကုသမှုမစတင်မီ ဆရာဝန်က ထိုပုံရိပ်များကို အရင်ဆုံး အတည်ပြုပါမည်။

လူနာမိသားစုနှင့် တွဲဖက်လုပ်ဆောင်ခြင်း

ဓာတ်ရောင်ခြည် ကင်ဆာအထူးကုဆရာဝန်သည် ကုသမှုမပြုလုပ်မီကုထုံးအစီအစဉ်ကို လူနာ၏ မိသားစုအား ရှင်းပြပါမည်။ ထိုအချိန်သည် မိသားစုများအတွက် မေးခွန်းများမေးရန် အကောင်းဆုံးအချိန်ဖြစ်သည်။ က‌လေး ကုထုံးပညာရှင်သည် ကလေးများနားလည်လွယ်သည့် ဘာသာစကား၊ ဆေးကုသသည့်ပုံစံ ကစားနည်းဖြင့် လူနာများကို ရှင်းပြပါမည်။

ဓာတ်ရောင်ခြည် ကင်ဆာအထူးကုက ရှင်းပြမည်မှာ­

  • ဓာတ်ရောင်ခြည်ကုသမှုကာလတစ်ခုစီအတွက် ကြာချိန်။
  • ကုသမှုပြုလုပ်သည့်အကြိမ်ရေအတွက် (မည်သည့်နေရာကို ကုသရသည်ဖြစ်စေ ပုံမှန်အားဖြင့်မှာ တစ်ပတ်လျှင် ၅ ရက်နှုန်းဖြင့် ၁ ပတ်မှ ၇ ပတ် အထိ ကြာပါသည်)
  • ကုသမှု တစ်ခုနှင့် တစ်ခုအကြား "နား"ရက် အရေအတွက်။ ထိုသို့ အနားပေးခြင်းသည် ဓာတ်ရောင်ခြည်ဖြင့် ကင်ဆာဆဲလ်များကို သတ်ပြီး ကောင်းမွန်သည့် ဆဲလ်များ ပြန်လည်အားပြည့်စေရန်အတွက် အချိန်ပေးခြင်း ဖြစ်ပါသည်။ ပုံမှန်အားဖြင့် လူနာသည် ရုံးပိတ်ရက်များတွင် ကုသမှုများကို ရရှိမည်မဟုတ်ပါ။
  • ဓာတ်ရောင်ခြည် ကင်ဆာပညာရှင်သည် ကုသမှုလုပ်ဆောင်စဉ်အတွင်း ငြိမ်သက်စွာနေရန် အရေးကြီးပုံကိုလည်း လူနာများနှင့် မိသားစုများကို ပြောပြပါမည်။ ကလေးအကြောင်း နားလည်သည့် ကျွမ်းကျင်ပညာရှင်များသည် လူနာများနှင့်အတူ စိတ်ကို သက်သောင့်သက်သာထားရန် နည်းလမ်းများကို လုပ်ဆောင်ပေးနိုင်ပါသည်။
  • လူနာများသည် ငြိမ်သက်စွာနေရန် အခက်အခဲရှိပါက စိတ်ငြိမ်ဆေးကို အသုံးပြုနိုင်သောကြောင့် မေ့ဆေးဆရာဝန် သည် လူနာ၏ ကုသမှုအဖွဲ့ဝင် တစ်ဦးဖြစ်နိုင်သည်။
ဓာတ်ရောင်ခြည် ကုထုံးပညာရှင်သည် လူနာကို ပဲတောင့်အိတ်ဟုလည်းခေါ်သည့် ခန္ဓာကိုယ် ပုံစံခွက်တွင် လဲလျောင်းစေပြီး အခြားဓာတ်ရောင်ခြည် ကုထုံးပညာရှင်သည် အနောက်နားတွင် ရှိနေသည်။

ကုသမှု ပြုလုပ်နေစဉ် အနေအထား ရွေ့မသွားစေရန် ဓာတ်ရောင်ခြည်ဖြင့် ကုသမှုကို ခံယူသည့် လူနာများကို ကိရိယာတစ်ခုဖြင့် ထိန်းထားပေးပါမည်။ ထိုပစ္စည်းများသည် အုပ်ဆောင်း သို့မဟုတ် ပဲတောင့်အိတ်ဟုလည်းခေါ်သည့် ခန္ဓာကိုယ် ပုံစံခွက် ဖြစ်နိုင်သည်။

ပုံမှန် ဓာတ်ရောင်ခြည် ကုထုံးအတွက် ချိန်းဆိုမှု

လူနာအများစုသည် ပြင်ပ လူနာအဖြစ် လာရောက်ပြီး ဓာတ်ရောင်ခြည်ဖြင့် ကုသမှုကို ခံယူလေ့ရှိပါသည်။ အချိန်ဇယားဆွဲသူသည် မိသားစုများနှင့်အတူ ဆွေးနွေး၍ ဓာတ်ကင်ရန် ရက်ချိန်းများ သတ်မှတ်ပါမည်။ လူနာသည် စိတ်ငြိမ်ဆေး သောက်ရန် လိုအပ်ပါက ထိုလုပ်ငန်းစဉ်အတွက် သီးခြားချိန်းဆိုမှု လုပ်ဆောင်ပါမည်။

လူနာနှင့် မိသားစုများသည် ၎င်းတို့၏ ကလေးဆေးရုံ၏ စာရင်းသွင်းမှု လုပ်ငန်းစဉ်အဆင့်ဆင့်ကို အမြဲတမ်း လိုက်နာလုပ်ဆောင်သင့်သည်။

ပုံမှန်အားဖြင့် အချိန်ဇယားသည် အောက်ပါအတိုင်း ဖြစ်ပါသည်-

  • တစ်ကြိမ်လာရောက်ပြသတိုင်းတွင် လူနာနှင့် မိဘများသည် စာရင်းသွင်းကောင်တာ၌ ဦးစွာ နာမည်စာရင်းသွင်းရသည်။ ထို့နောက် ၎င်းတို့သည် ဓာတ်ရောင်ခြည် ကင်ဆာကုရန်အတွက် စောင့်ဆိုင်းရန်နေရာသို့ သွားရပါသည်။ က‌လေးများအတွက် စောင့်ဆိုင်းခန်းများတွင် ကစားရန်နေရာများ ရှိတတ်သည်။
  • ကုသရန် အချိန်ရောက်လာပါက ပြုစုစောင့်ရှောက်ရေးအဖွဲ့၏ ဓာတ်ရောင်ခြည် ကုထုံးပညာရှင် သို့မဟုတ် ဓာတ်ရောင်ခြည် ကင်ဆာကုထုံး သူနာပြုဆရာမသည် လူနာနှင့် မိဘတစ်ဦးကို ကုသမှု ပြုလုပ်မည့်နေရာသို့ ခေါ်ဆောင်လာပါသည်။
  • စိတ်ငြိမ်အောင် ပြုလုပ်ရန် လိုအပ်ပါက မေ့ဆေး အဖွဲ့ဝင်တစ်ဦးသည် လူနာနှင့် မိဘကို တွေ့ဆုံပါမည်။ အချို့ ကုသရေး ဌာနများတွင် မိဘသည် ဓာတ်ရောင်ခြည်ကုသမှု မစတင်မချင်း လူနာနှင့်အတူ နေနိုင်သည်။ အချို့ဌာနများတွင် မိဘများကို စောင့်ဆိုင်းရန်နေရာတွင်သာ နေခိုင်းသည်။
  • ကုသခန်းတွင် ဓာတ်ရောင်ခြည် ကုထုံးပညာရှင် သို့မဟုတ် သူနာပြုဆရာမသည် လူနာ၏အုပ်ဆောင်း သို့မဟုတ် ခန္ဓာကိုယ် ပုံစံခွက်ကိုသုံး၍ လူနာအား ဓာတ်ရောင်ခြည်ကုသမှုပြုလုပ်သည့် စားပွဲပေါ်တွင် နေရာချပါမည်။ အဖွဲ့သည် စောင် သို့မဟုတ် အထူးကူရှင်ကို လူနာ၏ ခြေထောက်အောက်တွင်ထားပြီး လူနာ သက်တောင့်သက်သာ ဖြစ်စေရန် လုပ်ဆောင်ပါမည်။ (တစ်ခါတစ်ရံတွင် နေရာချခြင်းသည် အမှန်တကယ် ဓာတ်ကင်ချိန်ထက် ပိုကြာနိုင်သည်။)
  • ဓာတ်ရောင်ခြည် ကုထုံးပညာရှင်သည် ဓာတ်ရောင်ခြည် ကုသမှုကို စတင်ရန် ကပ်လျက် သို့မဟုတ် အနီးရှိအခန်းသို့ သွားပါမည်။ လူနာသည် ဓာတ်ရောင်ခြည် ကုသမှုအခန်းတွင် တစ်ဦးတည်း ရှိနေပါမည်။ သို့သော် ကုထုံးပညာရှင်သည် လူနာကို အချိန်တိုင်း မြင်နိုင်၊ ကြားနိုင်၊ စကားပြောနိုင်ပါသည်။
  • စက်သည် တစ်ခါတစ်ရံတွင် လူနာ၏ အိတ်စ်ရေးဓာတ်မှန်ပုံရိပ်ကို အသုံးပြု၍ ကုသမည့်နေရာအတိအကျသို့ ဓာတ်ရောင်ခြည်ဖြင့် ချိန်ပါမည်။ လူနာသည် ဓာတ်ရောင်ခြည်ချိန်ရာတွင်သုံးသော လေဆာတန်းကို မြင်ရသော်လည်း မည်သို့မျှ ခံစားရမည်မဟုတ်ပါ။
  • လူနာသည် ဓာတ်ရောင်ခြည်ကုသမှုကို ခံစား သို့မဟုတ် မြင်ရမည်မဟုတ်သော်လည်း စက်၏ ဆူညံသံကို ကြားနိုင်သည်။
  • ကုသချိန်ပြီးပါက စောင့်ရှောက်မှုအဖွဲ့သည် လူနာကို အိပ်ရာသို့ ပို့ဆောင်ပါမည်။ စိတ်ငြိမ်ဆေးကို အသုံးမပြုပါက လူနာသည် ပုံမှန်လုပ်ငန်းဆောင်တာများကို ပြန်လည်လုပ်ဆောင်နိုင်သည်။ စိတ်ငြိမ်ဆေးကို အသုံးပြုပါက ဓာတ်ရောင်ခြည်ဖြင့် ကင်ဆာကုသည့်နေရာမှ မထွက်ခွာမီ လူနာသည် ဆေးအာနိသင်ပျယ်သွားသည်အထိ နေရပါမည်။

နောက်ဆက်တွဲ ကျန်းမာရေး အခြေအနေစစ်ဆေးရန် လာရောက်ခြင်း

လူနာသည် နောက်ဆက်တွဲ ကျန်းမာရေးအခြေအနေ စစ်ဆေးရန်အတွက် ဓာတ်ရောင်ခြည် ကင်ဆာအထူးကုဆရာဝန်နှင့် ပုံမှန် တွေ့ရပါမည်။ နောက်ဆက်တွဲ လာရောက်ပြသစဉ် ကင်ဆာရောဂါသည် ကုသမှုကြောင့် ကောင်းမွန်လာခြင်းရှိမရှိ စောင့်ကြည့်ရန် လူနာများကို CTPET သို့မဟုတ် MRI စကင် စသည့် ပုံရိပ်ဖော် စစ်ဆေးနည်းများဖြင့် ရောဂါ ရှာဖွေမည် ဖြစ်ပါသည်။

အသုံးဝင်သော အကြံပြုချက်များ

  • ဓာတ်ရောင်ခြည်ဖြင့် ကုသရန် ချိန်းဆိုမှုများအတွက် အချိန်မီလာပါ။ အထူးသဖြင့် နာမည်စာရင်းသွင်းရန် မိနစ်အနည်းငယ် စောလာပါ။ နောက်ကျပါက အခြားလူနာများ၏ ရောဂါကုသမည့် အချိန်ဇယားကို အနှောင့်အယှက်ဖြစ်နိုင်သည်။ နောက်ကျသော လူနာများသည် အခြားလူနာများ ကုသမှုခံယူပြီးသည်အထိ စောင့်ရနိုင်သည်။
  • ဓာတ်ရောင်ခြည် ကုသမှုကာလအတွင်း အုပ်ဆောင်းကို အသုံးပြုပါက လူနာ၏ ဆံပင်ပုံစံသည် အုပ်ဆောင်းကို ပြုလုပ်စဉ်ကအတိုင်း ဖြစ်ရန် လိုအပ်သည်။ ဆိုလိုသည်မှာ လူနာသည် ဆံပင်ကျွတ်မည်ဟု ခန့်မှန်းပါက အသွင်တူ လုပ်ဆောင်ခြင်းမစမီ ဆံပင်ညှပ်ပါ။
  • တီရှပ်နှင့် အားကစားဘောင်းဘီ၊ ညဝတ်ဘောင်းဘီနှင့် အခြားဆွဲသား ဘောင်းဘီတို့ကဲ့သို့ သက်တောင့်သက်သာရှိသော ခပ်ပွပွ အဝတ်အစားများသည် အကောင်းဆုံးဖြစ်သည်။
  • ကုသနေမှု များကို မိဘများ ကြည့်ရှုခွင့်နှင့်ပတ်သက်ပြီး ကလေးဆေးရုံများ၏ မူဝါဒများသည် တစ်ခုနှင့်တစ်ခု ကွဲပြားကြပါသည်။ ဆေးရုံအချို့သည် မိဘတစ်ဦး သို့မဟုတ် နှစ်ဦးစလုံးကို ကြည့်ရှုခွင့်ပြုသည်။ ဆေးရုံအချို့သည် မိဘများကို စောင့်ဆိုင်းရန်နေရာတွင်သာ နေခိုင်းသည်။ မောင်နှမများသည် ကုသမှုအား ကြည့်ရှုခွင့် မရှိပါ။ အရွယ်ရောက်ပြီးသူတစ်ယောက်၏ အုပ်ထိန်းမှုဖြင့် စောင့်ဆိုင်းခန်းတွင်သာ နေရသည်။ မိသားစုများသည် မောင်နှမများကို အချိန်ပြည့် ‌စောင့်ကြည့်ရန် အရွယ်ရောက်ပြီးသူ တစ်ယောက်ကို လိုအပ်သလို ကြိုတင်စီစဉ်ထားသင့်သည်။
ကလေးကင်ဆာလူနာကို ဓာတ်ရောင်ခြည် ကုသမှုပြုလုပ်ရန်အတွက်  ပြင်ဆင်နေသော ဓာတ်ရောင်ခြည် ကုထုံးပညာရှင်နှစ်ဦး။

ဓာတ်ရောင်ခြည် ကုထုံးသည် ပုံမှန်အားဖြင့် ဦးနှောက်၊ ကျောရိုး၊ တစ်ရှုးပျော့ သို့မဟုတ် အရိုးတစ်နေရာရာကဲ့သို့ ခန္ဓာကိုယ်၏ ကိုယ်တွင်းနေရာ အသေးစားတစ်ခုကို ပစ်မှတ်ထား၍ ကုသသည်။ 


တည်းဖြတ်ခဲ့ချိန်- ၂၀၁၈ ခုနှစ်၊ ဇွန်လ