အဓိကအကြောင်းအရာ skip

ကြိုဆိုပါသည်

Together သည် - လူနာများနှင့် မိဘများ၊ မိသားစုဝင်များနှင့် သူငယ်ချင်းများအပါအဝင် - ကလေးကင်ဆာကြောင့် ထိခိုက်မှုရှိသူတိုင်းအတွက် ရင်းမြစ်အသစ်တစ်ခု ဖြစ်ပါသည်။

ပိုမိုလေ့လာရန်

ရုပ်ပိုင်းဆိုင်ရာကုထုံး

ကိုယ်လက်လှုပ်ရှားခြင်းဖြင့်ကုသသည့်ကုထုံးဆိုတာ ဘာလဲ။

ကိုယ်လက်လှုပ်ရှားခြင်းဖြင့်ကုသသည့်ကုထုံးသည် လူများအား ပိုမိုကောင်းမွန်စွာလှုပ်ရှားနိုင်ရန်၊ ထိခိုက်ဒဏ်ရာရခြင်းနှင့်ဖျားနာခြင်းမှ ပြန်လည်သက်သာစေရန်၊ မသန်စွမ်းဖြစ်မှုမှ ကာကွယ်နိုင်ရန်အတွက် စောင့်ရှောက်မှုပေးသည့် ကုထုံးဖြစ်သည်။ ကလေးများအား ကိုယ်လက်လှုပ်ရှားခြင်းကုထုံးဖြင့် ကုသသည့် ပညာရှင်သည် ကလေးအား ဆန်းစစ်အကဲဖြတ်ပြီး ကိုယ်လက်လှုပ်ရှားမှုဖြင့်ကုသသည့်ကုထုံးကို ပြုလုပ်သည်။ ၎င်းကုထုံးသည် ကျန်းမာရေးပြဿနာများအား ဖြေရှင်းရန် လေ့ကျင့်ခန်းလုပ်ခြင်း၊ လှုပ်ရှားခြင်းနှင့် လှုပ်လှုပ်ရှားရှားကစားနည်းများကို အသုံးပြုသည်။ ၎င်းကုထုံး၏ ရည်ရွယ်ချက်မှာ ကာယသန်စွမ်းမှု၊ ဟန်ချက်၊ လိုက်လျောညီထွေဆောင်ရွက်နိုင်မှုနှင့် ပူးပေါင်းဆောင်ရွက်တတ်မှုများ တိုးတက်လာစေရန်ဖြစ်သည်။ အခြားကုသရေးနည်းလမ်းများသည်လည်း ရုပ်ပိုင်းဆိုင်ရာ လက္ခဏာများနှင့် နာလန်ထခြင်းကို တိုးတက်စေရန်အတွက် ကူညီပေးနိုင်သည်။ ၎င်းတို့တွင် ပါဝင်သည်များမှာ ရေခဲကပ်ခြင်း၊ အပူပေးခြင်း၊ ပုံမှန်ကုထုံးများဖြင့်ကုသခြင်း၊ အသံလွန်လှိုင်းဖြင့်ကုသခြင်း နှင့် လျှပ်စစ်ဖြင့် လှုံ့ဆော်၍ကုသခြင်းတို့ပါဝင်သည်။ ကိုယ်လက်လှုပ်ရှားခြင်းဖြင့်ကုသသည့် ကုထုံးသည် ဆေးရုံ၊ ဆေးခန်းနှင့် အိမ်တို့တွင်လည်း ပြုလုပ်နိုင်ပါသည်။

က‌လေးကင်ဆာ လူနာနှင့် လုပ်ဆောင်နေသော ကိုယ်လက်လှုပ်ရှားခြင်းဖြင့် ကုသသည့် ပညာရှင်

ကင်ဆာဝေဒနာရှင်ကလေးငယ်များအတွက် ကိုယ်လက်လှုပ်ရှားခြင်းဖြင့်ကုသသည့်ကုထုံးသည် ၎င်းတို့ကာယပိုင်းပိုမိုသန်စွမ်းလာစေရန်နှင့် ကင်ဆာကုသခြင်းမှ နာလန်ထနိုင်ရန်အတွက် ကူညီပေးနိုင်ပါသည်။

ကင်ဆာဝေဒနာရှင်ကလေးငယ်များအတွက် ကိုယ်လက်လှုပ်ရှားခြင်းဖြင့်ကုသသည့်ကုထုံးကကူညီပေးနိုင်သည်များမှာ-

  • ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုနှင့် လုပ်ဆောင်ချက်များ။
  • ကင်ဆာကုသခြင်းမှ နာလန်ထနိုင်ခြင်း။
  • ကိုင်တွယ်လှုပ်ရှားမှု စွမ်းရည်များနှင့် ဖွံ့ဖြိုးတိုးတက်မှုတို့တွင် ပြဿနာရှိခြင်း။
  • ဖွံ့ဖြိုးတိုးတက်မှုနှောင့်နှေးခြင်းများကို ရှာဖွေဖော်ထုတ်ခြင်းနှင့် မှတ်တိုင်သစ်များ ရောက်ရှိခြင်း။
  • လှုပ်ရှားမှုနှင့် နေ့စဉ်လှုပ်ရှားမှုများ။
  • လှုပ်ရှားမှုဆိုင်ရာ အထောက်အပံ့များ (လမ်းလျှောက်တုတ်၊ ဘီးတပ်ကုလားထိုင်)၊ ခြေတုလက်တုများ။
  • ရုပ်ပိုင်းဆိုင်ရာလက္ခဏာများဖြစ်သည့် ရောင်ရမ်းခြင်း (ဖောယောင်ခြင်း)၊ နာကျင်ခြင်းနှင့် သွေးလှည့်ပတ်ခြင်း။

ကိုယ်လက်လှုပ်ရှားခြင်းဖြင့်ကုသသည့် ပညာရှင်အား ရှာဖွေခြင်း

ကိုယ်လက်လှုပ်ရှားခြင်းဖြင့်ကုသသည့် ပညာရှင်များသည် ခွင့်ပြုချက်ရရှိထားကြပြီး ကိုယ်လက်လှုပ်ရှားခြင်းဖြင့်ကုသသည့်ကုထုံး (PT သို့မဟုတ် DPT)ဘာသာရပ်ဖြင့် ဘွဲ့ဒီဂရီရရှိထားကြသည့် ကျန်းမာရေးပံ့ပိုးသူများဖြစ်သည်။ ပြည်နယ်ဥပဒေ သို့မဟုတ် အာမခံလုပ်ငန်းအရ ကိုယ်လက်လှုပ်ရှားခြင်းဖြင့်ကုသသည့်ကုထုံးအတွက် ဆရာဝန်တစ်ဦး၏လွှဲစာ လိုအပ်နိုင်သည်။ ကလေးကင်ဆာရောဂါဝေဒနာရှင်အား ကိုယ်လက်လှုပ်ရှားခြင်းဖြင့်ကုသသည့် ပညာရှင်အား ရှာဖွေရာတွင် သင့်ဆရာဝန်မှ ကူညီပေးနိုင်ပါသည်။ အမေရိကန် ကိုယ်လက်လှုပ်ရှားခြင်းဖြင့်ကုသသည့်ကုထုံးအသင်းကြီးမှတစ်ဆင့်လည်း ကုထုံးပညာရှင်တစ်ဦးအား သင် ရှာဖွေနိုင်ပါသည်။

---
ပြန်လည်သုံးသပ်ခဲ့သည့်ရက်စွဲ- ဇွန်လ 2018