အဓိကအကြောင်းအရာ skip

ကြိုဆိုပါသည်

Together သည် - လူနာများနှင့် မိဘများ၊ မိသားစုဝင်များနှင့် သူငယ်ချင်းများအပါအဝင် - ကလေးကင်ဆာကြောင့် ထိခိုက်မှုရှိသူတိုင်းအတွက် ရင်းမြစ်အသစ်တစ်ခု ဖြစ်ပါသည်။

ပိုမိုလေ့လာရန်

အသားအရည် ထိန်းသိမ်းခြင်းနှင့် ဓာတ်ရောင်ခြည် ကုထုံး

အခြား ကင်ဆာကုသမှုကဲ့သို့ပင် ဓာတ်ရောင်ခြည်ကုထုံးသည်လည်း ဘေးထွက်ဆိုးကျိုးများကို ဖြစ်စေသည်။ အဖြစ်အများဆုံးသော ဘေးထွက်ဆိုးကျိုးအချို့မှာ အရေပြားနီမြန်းခြင်း၊ အရေခွံကွာခြင်းနှင့် ယားယံခြင်းတို့ပါဝင်သည့် အရေပြား ပြောင်းလဲမှုများဖြစ်သည်။

ဓာတ်ရောင်ခြည် ကုထုံးကာလအတွင်း အရေပြားပြောင်းလဲမှုများသည် တဖြည်းဖြည်း ဖြစ်ပေါ်လေ့ရှိသည်။ ကုသမှုကာလ၏ ဒုတိယ သို့မဟုတ် တတိယပတ်အတွင်း အရေပြား ခြောက်သွေ့ခြင်း၊ ညိုမဲခြင်း၊ ယားယံခြင်း သို့မဟုတ် နီမြန်းခြင်းတို့ ဖြစ်နိုင်သည်။ ကုသမှုခံယူနေသည့် နေရာတွင် အမွေးများကျွတ်နိုင်ပြီး အရေပြားသည် အထိမခံနိုင်ခြင်း သို့မဟုတ် ရောင်ရမ်းခြင်း ဖြစ်နိုင်သည်။ ထိုပြောင်းလဲမှုများသည် ပုံမှန်ပင်ဖြစ်သည်။ ကုသမှုပြီးဆုံးပါက အရေပြားသည် လျင်မြန်စွာ သက်သာသွားပါမည်။

ဓာတ်ရောင်ခြည် ကုထုံးကာလအတွင်း အရေပြားကို အထူးဂရုစိုက်ရန် အရေးကြီးသည်။ ကုသမှုခံယူနေသော အရေပြားသည် အလွယ်တကူ ဒဏ်ရာရနိုင်သောကြောင့် ကာကွယ်ထားရန် လိုအပ်သည်။ ဖြစ်ပေါ်လာသော အရေပြား ပြောင်းလဲမှုမှန်သမျှကို စောင့်ရှောက်မှုအဖွဲ့ကို ပြောပြပါ။

ဓာတ်ရောင်ခြည်ကုသမှုခံယူစဉ်ကာလအတွင်း အရေပြားကို သန့်ရှင်းစွာထားခြင်း

ဓာတ်ရောင်ခြည် ကုထုံးကာလအတွင်း အရေပြားကို သန့်ရှင်းစွာထားရန် အထူးအရေးကြီးသည်။ သို့သော် အရေပြားကျိန်းစပ်နာကျင်မှုမဖြစ်အောင် ဂရုစိုက်ရန် လိုအပ်သည်။

  • ဖြစ်နိုင်ပါက ရေချိုးရာတွင် ရေပန်းဖြင့် ချိုးသင့်သည်။
  • ရေနွေးကို အသုံးပြုပါ။ ရေပူကို ရှောင်ပါ။
  • Dove® သို့မဟုတ် Basis® ကဲ့သို့ နူးညံ့၍ pH မျှတသော ဆပ်ပြာနှင့် ဆေးကြောပါ။ ကလေးသုံးခေါင်းလျှော်ရည်ကဲ့သို့ နူးညံ့သောခေါင်းလျှော်ရည်ကို သုံးပါ။ ဆပ်ပြာကြမ်းများ သို့မဟုတ် pH မမျှတသော သို့မဟုတ် အသင့်အတင့် မဟုတ်သော ဆပ်ပြာတို့ကို ရှောင်ပါ။ ရနံ့ထည့်သွင်းထားသော ဆပ်ပြာများကို ရှောင်ပါ။
  • အရေပြားကို ညင်သာစွာ သန့်စင်ပါ၊ ရေဖြင့် ကောင်းစွာ ဆေးကြောပါ၊ ခြောက်သွေ့စေရန် ဖွဖွသုတ်ပါ။ အရေပြားကို ပွတ်သုတ်ခြင်း သို့မဟုတ် တိုက်ချွတ်ခြင်း မပြုပါနှင့်။
  • ကုသမှုပြုလုပ်သည့် နေရာတစ်ဝိုက်ကို အမွေးမရိတ်ပါနှင့်။
  • ‌ချိုင်းတွင် ဓာတ်ရောင်ခြည် ကုသမှုများကို လုပ်ဆောင်ခြင်းဖြစ်ပါက အနံ့အသက်ပျောက်ဆေး သို့မဟုတ် ချွေးတိတ်ဆေးများ မသုံးပါနှင့်။
  • နောက်ဆုံး ကုသမှုမပြီးမချင်း အရေပြားပေါ်ရှိ အထူးအမှတ်အသားများကို မဖယ်ရှားပါနှင့်။  

ဓာတ်ရောင်ခြည်ကာလအတွင်း အစိုဓာတ်ထိန်းသိမ်းခြင်း

အရေပြား ခြောက်သွေ့ခြင်း သို့မဟုတ် ယားယံခြင်းဖြစ်ပါက ဆရာဝန် သို့မဟုတ် သူနာပြုဆရာမသည် အရေပြားထိန်းသိမ်းရန်အတွက် အထူး အစိုဓာတ်ထိန်းပစ္စည်းကို မှာယူနိုင်သည်။

  • စောင့်ရှောက်ရေးအဖွဲ့က မှာယူသော အစိုဓာတ်ထိန်းပစ္စည်းများကိုသာ အသုံးပြုပါ။
  • ဓာတ်ရောင်ခြည် ကုသမှုပြီးနောက် တစ်နာရီအတွင်း အစိုဓာတ်ထိန်း ပစ္စည်းများကို အသုံးမပြုပါနှင့်။
  • ကုသသည့်နေရာတစ်ဝိုက်တွင် အဆီများသော သို့မဟုတ် အဆီပါသော လိုးရှင်း၊ ကရင်မ် သို့မဟုတ် လိမ်းဆီကို အသုံးမပြုပါနှင့်။
  • ကုသမှုလုပ်ဆောင်ထားသော နေရာရှိ အရေပြားကို မကုတ်ပါနှင့်။ ၎င်းသည် ရောဂါပိုးကူးစက်နိုင်ခြေကို မြင့်မားစေသည်။

ဓာတ်ရောင်ခြည်ပေးသည့် ကာလအတွင်း ဝတ်ဆင်စရာ

ဓာတ်ရောင်ခြည် ကုထုံးကာလအတွင်း အဝတ်အစားကြောင့် အရေပြား ကျိန်းစပ်နာကျင်မှု ဖြစ်စေနိုင်သည်။

  • ခပ်ပွပွ၊ ခပ်ပျော့ပျော့ အဝတ်အစားကို ဝတ်ပါ။ ကုသနေသည့်နေရာတွင် ကျပ်ထုပ်သော အဝတ်များကို မဝတ်ပါနှင့်။
  • ကုသနေသော နေရာကို တတ်နိုင်သမျှ မဖုံးအုပ်ပဲထားပါ။
  • ဦးခေါင်းသည် ဓာတ်ရောင်ခြည် ကုသမှုများကို ခံယူနေပါက ဦးထုပ်များ မဆောင်းပါနှင့်။
  • အဝတ်အစားများကို နူးညံ့၍ အနံ့မပါသော ပင်မင်းသုံး ဆပ်ပြာမှုန့်ဖြင့် လျှော်ပါ။

ဓာတ်ရောင်ခြည် ကုသစဉ်နှင့် ကုသပြီးနောက် နေရောင်ခြည်ဒဏ် ကာကွယ်ခြင်း

ဓာတ်ရောင်ခြည် ကုသစဉ်နှင့် ကုသပြီးနောက် အရေပြားသည် နေရောင်ခြည်ဒဏ်ကို ပို၍ခံနိုင်ရည်နည်းပါးသည်။

  • ကုသမှုခံယူထားသည့် နေရာတစ်ဝိုက်ကို နေရောင်ခြည် မကျရောက်ပါစေနှင့်။ အပြင်သို့ ၁၅ မိနစ်ထက်ပို၍ ထွက်ပါက အရေပြားကို ဖုံးအုပ်ထားပါ။
  • မနက် ၁၀ နာရီ နှင့် ညနေ ၄ နာရီကြားတွင် နေရောင်ခြည် မကျရောက်ပါစေနှင့်။
  • SPF 30 သို့မဟုတ် ထိုထက်များသည့် PABA မပါသော နေရောင်ခြည် ကာကွယ်ဆေးကို သုံးပါ။ ဓာတ်ရောင်ခြည် ကုသမှုများကို မလုပ်ဆောင်မီ နေလောင်ဒဏ်ခံလိမ်းဆေးကို ပြောင်စင်အောင် ဆေးကြောပါ။

အခြား သတိပြုရန်များ-

  • ကုသမှု ခံယူသည့် နေရာရှိ အရေပြားတွင် မည်သည့်အရာမျှ အသုံးမပြုမီ စောင့်ရှောက်မှုအဖွဲ့နှင့် တိုင်ပင်ပါ။ ထုတ်ကုန်များသည် ရောင်ရမ်းနာကျင်မှုကို ဖြစ်စေနိုင်ပြီး ဓာတ်ရောင်ခြည်ပေး၍ ကုသမှု အပေါ် သက်ရောက်မှု ရှိနိုင်သည်။
  • ရေကူးကန်တွင် ရေကူးရန် အဆင်ပြေမပြေ စောင့်ရှောက်မှုအဖွဲ့အား မေးမြန်းပါ။ ရေကူးပြီးပါက ကောင်းစွာ ရေဆေးကြောပါ။
  • ကုသမှု လုပ်ဆောင်ထားသည့် နေရာကို လွန်ကဲသော အပူ သို့မဟုတ် အအေးနှင့် မထိတွေ့မိပါစေနှင့်။ အပူကုထုံး၊ ရေနွေးကန်၊ ရေနွေးအိတ်၊ အပူချိန်မြင့် လေမှုတ်စက်များနှင့် ရေခဲအိတ်များကို ရှောင်ကြဉ်ပါ။
  • ကုသမှု ခံယူထားသည့် အရေပြားပေါ်တွင် ပတ်တီးများ သို့မဟုတ် တိတ် မပတ်ပါနှင့်။

ဓာတ်ရောင်ခြည် ကုထုံးပြီးနောက် အသားအရေကို ထိန်းသိမ်းခြင်း

နောက်ဆုံးအကြိမ် ဓာတ်ရောင်ခြည် ကုသမှုကို လုပ်ဆောင်ပြီး ဖြစ်သည့်တိုင် အသားအရေ ထိန်းသိမ်းခြင်းကို ဆက်လက်လုပ်ဆောင်သင့်သည်။

  • အရေပြားပေါ်ရှိ အထူးအမှတ်အသားများကို မကုတ်ပါနှင့်။ ကုသမှုပြီးနောက် တက်တူးအမှတ်အသားသည် တဖြည်းဖြည်း ပျောက်သွားပါမည်။ ၎င်းအပေါ်တွင် လိုးရှင်းလူးပါက ပိုမိုလျင်မြန်စွာ ပျောက်သွားနိုင်သည်။
  • ဓာတ်ရောင်ခြည်ဖြင့် ကုသပြီး ရောဂါသက်သာပျောက်ကင်းသူများအတွက် ဘဝတစ်သက်တာ နေရောင်ခြည်ဒဏ် ကာကွယ်မှု လုပ်ဆောင်ရန် အရေးကြီးသည်။ အရေပြားကို နေရောင်ခြည်နှင့် မထိတွေ့အောင် အမြဲ ကာကွယ်ပါ။ SPF 30 သို့မဟုတ် ထိုထက်မြင့်သော နေရောင်ခံလိမ်းဆေးကို လူးပါ၊ အကာအကွယ်ပေးသော အဝတ်အစားများကို ဝတ်ဆင်ပါ၊ နေရောင်ခြည်မှ အတတ်နိုင်ဆုံး ရှောင်ကြဉ်ပါ။

ဓာတ်ရောင်ခြည် ကုထုံးကာလအတွင်း အသားအရေ ထိန်းသိမ်းခြင်းနှင့် ပတ်သက်သည့် မေးခွန်းများ သို့မဟုတ် သိလိုသည်များကို ကင်ဆာ စောင့်ရှောက်မှုအဖွဲ့ထံတွင် မေးမြန်းပါ။ အရေပြား ပြောင်းလဲမှုများ အထူးသဖြင့် ပိုးဝင်သည့် လက္ခဏာများကို စောင့်ကြည့်ပါ။ နာကျင်မှု သို့မဟုတ် ရောင်ရမ်းမှု ပိုများလာခြင်း၊ အဖျားတက်ခြင်း၊ ပြည်တည်အနာများ သို့မဟုတ် ရောင်ရမ်းမှုအသစ်များ ရှိပါက စောင့်ရှောက်ရေး အဖွဲ့ကို အသိပေးပါ။


ဤဆောင်းပါးတွင် ဖော်ပြထားသည့် မည့်သည့်ကုန်ပစ္စည်းအမှတ်တံဆိပ်ကိုမျှ သုံးစွဲရန် Together
က ထောက်ခံချက် မပေးပါ။


တည်းဖြတ်ခဲ့ချိန်- ၂၀၁၈ ခုနှစ်၊ ဇွန်လ