အဓိကအကြောင်းအရာ skip

ဓာတ်ခွဲခန်း စစ်ဆေးမှုများ

လူနာ၏ ဆေးဖက်ဆိုင်ရာအဖွဲ့က ရောဂါတစ်ခုစီအတွက် ကုသရေးအစီအစဉ်တစ်ခုဆွဲရန် ဓာတ်ခွဲခန်း စစ်ဆေးမှုများမှ သီးခြား၊ အသေးစိတ်အချက်အလက်များကို အသုံးပြုပါသည်။

လူကီးမီးယားကဲ့သို့သော သွေးကင်ဆာများကို သွေးနှင့် ရိုးတွင်းခြင်ဆီများကို စမ်းသပ်စစ်ဆေးခြင်းဖြင့် ရောဂါအမည်တပ်ပါသည်။ အခြား ကင်ဆာရောဂါအမျိုးအစားများက အသားစနမူနာယူချိန်၌ သံသယရှိဖွယ် အကျိတ်ဖု မှကိုအသားစထုတ်ယူစစ်ဆေးခြင်း ဖြင့် ပုံမှန်ရောဂါအမည်တပ်လေ့ရှိကြသည်။ စစ်ဆေးရန်အတွက်ထုတ်ယူသော တစ်ရှူးစနမူနာကို ပုံစံနမူနာ (specimen) တစ်ခုဟု ခေါ်ပါသည်။

ရောဂါဗေဒပညာရှင်တစ်ဦးက ပုံစံကြီးချဲ့ထားသော မော်နီတာတစ်ခုပေါ်တွင် တစ်ရှူးစ၏ အကြီးချဲ့ထားသော မြင်ကွင်းကို ဆန်းစစ်ပါသည်။

ရောဂါဗေဒပညာရှင်များက ရောဂါဆိုင်ရာကဏ္ဌအလိုက် အထူးပြုပါသည်။ ပုံစံနမူနာကို ၄င်းတို့ စစ်ဆေးနေသော သီးသန့်ကင်ဆာအမျိုးအစားအတွက် အထူး လေ့ကျင့်သင်ကြားထားသော ရောဂါဗေဒပညာရှင်များက စစ်ဆေးရန်မှာ အရေးကြီးပါသည်။

ယင်းစစ်ဆေးမှုများကို ရောဂါဗေဒပညာရှင်တစ်ဦး- ဆဲလ်များ၊ တစ်ရှူးများ နှင့် ကိုယ်ခန္ဓာမှထွက်သော အရည်များကို လေ့လာခြင်းဖြင့် ရောဂါများကို အမည်တပ်ရာတွင် အထူးပြုသည့် ဆေးဖက်ဆိုင်ရာ ဆရာဝန်တစ်ဦး - မှ ဦးဆောင်၍ ရောဂါဗေဒဆိုင်ရာ ဓာတ်ခွဲခန်းတစ်ခုတွင် လုပ်ဆောင်ပါသည်။ အခြား ဆေးဖက်ဆိုင်ရာ ဆရာဝန်များကဲ့သို့ပင် ရောဂါဗေဒပညာရှင်များက ရောဂါကဏ္ဌနအမျိုးမျိုးအလိုက် အထူးပြုပါသည်။

  • သွေးရောဂါဗေဒပညာရှင်များ (Hematopathologists) က လူကီးမီးယားရောဂါများ (leukemias) နှင့် လင်ဖိုးမားများ (lymphomas) ကဲ့သို့သော သွေးတွင်ဖြစ်ပွားသည့် ကင်ဆာများတွင် အာရုံစူးစိုက်ပါသည်။
  • ခန္ဓာဗေဒဆိုင်ရာ ရောဂါဗေဒပညာရှင်များက ခန္ဓာတွင်းရှိ အင်္ဂါများနှင့် တစ်ရှူးများကို လေ့လာပါသည်။ ကင်ဆာရောဂါကို ရောဂါအမည်တပ်ရာတွင် ခန္ဓာဗေဒဆိုင်ရာ ရောဂါဗေဒပညာရှင်များက ဆာကိုးမားများ (sarcomas) နှင့် ကာစီနိုးမား (carcinomas) များ ကဲ့သို့သော ကျူမာအကျိတ်တ်ဖုများ၏ အမျိုးအစားများ ပေါ်တွင် အာရုံစိုက်ပါသည်။
  • အာရုံကြောဆိုင်ရာ ရောဂါဗေဒပညာရှင်များကဦးနှောက် နှင့် ကျောရိုးအာရုံကြောမကြီးတို့၏ ကင်ဆာများ ကို ရောဂါအမည်တပ်သော ခန္ဂာဗေဒဆိုင်ရာ ရောဂါဗေဒပညာရှင် တမျိုးဖြစ်သည်။

ပုံစံနမူနာကို ၄င်းတို့ ခွဲခြမ်းစိတ်ဖြာသုံးသပ်နေသည့် သီးသန့်ကင်ဆာအမျိုးအစားအတွက် အထူး လေ့ကျင့်သင်ကြားထားသော ရောဂါဗေဒပညာရှင်များက စစ်ဆေးရန်မှာ အရေးကြီးပါသည်။

ပုံစံနမူနာများကို စုဆောင်းပုံ

သွေးတွင်ဖြစ်ပွားသော ကင်ဆာများ

သွေးကင်ဆာရှိသည့်ဟု သံသယရှိဖွယ် အခြေအနေတွင် သွေး သို့မဟုတ် ရိုးတွင်းခြင်ဆီနမူနာတစ်ခု (ရိုးတွင်းခြင်ဆီဖောက်ယူခြင်း နှင့်/သို့မဟုတ် အသားစနမူနာတစ်ခုမှတဆင့်) ကို လူနာထံမှ ရယူမည်ဖြစ်သည်။ ဝန်ထမ်းက လူနာ၏ ကိုယ်ရေးအချက်အလက်ပါသော စာရွက် ကို ဘူးတွင် ကပ်ပြီး ပုံစံနမူနာကို ရောဂါရှာဖွေရေးဓာတ်ခွဲခန်းတစ်ခုသို့ ပို့ပါသည်။

အစိုင်အခဲတစ်ရှူးများတွင်ဖြစ်သော ကျူမာအကျိတ်ဖုများ

လူနာတစ်ဦးထံတွင် ဦးနှောက်အတွင်း သို့မဟုတ် အခြား ကိုယ်ခန္ဓာအစိတ်အပိုင်းများတွင် သံသယရှိဖွယ် ကျူမာအကျိတ်ဖုတစ်ခုရှိပါက ခွဲစိတ်မှု ပြုစဉ် ယင်းအား တစ်ခုလုံး သို့မဟုတ် တစ်စိတ်တစ်ပိုင်း ထုတ်ပစ်နိုင်ပါသည်။ အကျိတ်ဖု၏ တစ်စိတ်တစ်ပိုင်းကိုသာ ထုတ်ယူပြီး သုံးသပ်လေ့လာပါက ယင်းကို ခွဲစိတ်၍ အသားစထုတ်ယူစစ်ဆေးခြင်း (surgical biopsy)ဟု ခေါ်ပါသည်။ အခြား ခွဲစိတ်မှုပိုင်းဆိုင်ရာ လုပ်ငန်းစဉ်တွင် ခွဲစိတ်ဆရာဝန်များက အကျိတ်ဖုကို တတ်နိုင်သလောက်များများ ထုတ်ယူပါသည်။ ယင်းအား ခွဲထုတ်ယူခြင်း (resection)ဟု ရည်ညွှန်းပါသည်

ထုတ်ယူလိုက်သော တစ်ရှူးကို အပိုင်းပိုင်းဖြစ်အောင်ဖြတ်ပြီး ဆလိုက်ပြားများပေါ်တွင်တင်ကာ မိုက်ခရိုစကုပ်အောက်၌ စစ်ဆေးမှုမပြုလုပ်မီ အရောင်ဆိုးရပါမည်။ တစ်ရှူးကို ပါးလွှာသောအပိုင်းများဖြတ်၍ရအောင် ခပ်မာမာဖြစ်အောင်လုပ်ရန် နည်းလမ်းနှစ်ခု အသုံးပြုပါသည် -

  • အေးခဲ ဖြတ်ပိုင်း(Frozen section) - တစ်ရှူးကို အလျင်အမြန်အေးခဲအောင် လုပ်ပါသည်။
  • ပုံသေ ဖြတ်ပိုင်း (Permanent section) - တစ်ရှူးကို ပါရာဖင် (paraffin) ဟုခေါ်သည့် အထူးဖယောင်းတစ်ခုတွင်း မြှုပ်ထားပါသည်။

တစ်ရှူးနမူနာများအားလုံးကို ပုံသေဖြတ်ပိုင်းများ အနေဖြင့် ပြင်ဆင်သော်လည်း တစ်ခါတစ်ရံတွင် အေးခဲဖြတ်ပိုင်းများ အဖြစ်လည်း ပြင်ဆင်ပါသည်။

ခွဲစိတ်ပြီး အသားစထုတ်ယူစစ်ဆေးခြင်း များတွင် ခွဲစိတ်နေစဉ်အတွင်း ရောဂါဗေဒပညာရှင်တစ်ဦးမှ အသားစနမူနာကို စစ်ဆေးနိုင်ရန် ဝန်ထမ်းက အေးခဲဖြတ်ပိုင်းတစ်ခုကို ပြင်ဆင်ပေးနိုင်ပါသည်။ ခွဲစိတ်နေသည့်အခန်းနှင့်နီးကပ်သည့် ဓာတ်ခွဲခန်းတစ်ခုအတွင်း ရောဂါဗေဒပညာရှင်တစ်ဦးမှ စစ်ဆေးနိုင်ရန် ပုံစံနမူနာကို အလျင်အမြန်အေးခဲပြီး ပြင်ဆင်ပါသည်။ ယင်း၏အရည်အသွေးက ပုံသေဖြတ်ပိုင်းများလောက် မကောင်းပါသော်လည်း ရောဂါဗေဒပညာရှင်အနေဖြင့် တစ်ရှူးတွင် ကင်ဆာရှိမရှိ အမြန်ဆုံးဖြတ်နိုင်လေ့ရှိပါသည်။ ၎င်းသည် ခွဲစိတ်ဆရာဝန်ကို ခွဲစိတ်မှုနှင့်ပတ်သက်ပြီး ဆုံးဖြတ်ချက် ချက်ချင်းပြုလုပ်ရာတွင် ကူညီပါသည်။

အစိုင်အခဲတစ်ရှူးများ၏ သံသယရှိဖွယ် ကျူမာအကြိတ်ဖုအချို့တွင် အသားစထုတ်ယူစစ်ဆေးခြင်း အခြားအမျိုးအစား - အပ်ဖြင့်အသားစနမူနာယူခြင်း - ကို လုပ်ဆောင်ပါသည်။ အပ်ဖြင့် အသားစထုတ်ယူစစ်ဆေးခြင်း တွင် နမူနာတစ်ရှူးကို အပ်တစ်ချောင်းဖြင့် ထုတ်ယူပါသည်။ အသားစထုတ်ယူစစ်ဆေးသည့်အဖွဲ့မှ အဖွဲ့ဝင်တစ်ဦးက ပုံစံနမူနာကို ပိုးသတ်ထားသည့်ဘူးတစ်ခုအတွင်း ထည့်ပြီး ယင်းအား မပုပ်မသိုးအောင် ထိန်းသိမ်းထားရန် အထူးအရည်တစ်မျိုး ထပ်ထည့်ပါသည်။ ယင်းကို လူနာ၏ အချက်အလက်များဖြင့် စာတန်းကပ်ပြီး စမ်းသပ်ရန် နှင့် စစ်ဆေးရန် ရောဂါရှာဖွေရေးဓာတ်ခွဲခန်းသို့ ပို့မည်ဖြစ်သည်။

ဓာတ်ခွဲခန်းတွင် ဘာဆက်ဖြစ်ပါသလဲ။

ရောဂါရှာဖွေးရေးဓာတ်ခွဲခန်းဝန်ထမ်းက နမူနာကို ပြင်ဆင်ပြီး တစ်ရှူးနှင့်ပတ်သက်သည့် အချက်အလက်များကို စုဆောင်းရန် စစ်ဆေးမှုအမျိုးမျိုးကို လုပ်ဆောင်ပါသည်။ ရောဂါဗေဒပညာရှင်က ယင်းအချက်အလက်များကို ကင်ဆာအထူးကုအတွက် အစီရင်ခံစာတွင် ထည့်သွင်းပေးပါသည်။ ရောဂါဗေဒပညာရှင် နှင့် ကင်ဆာအထူးကုတို့က ရောဂါအမည် တပ်ရန် အတူတကွ ဆက်လက်လုပ်ဆောင်ပါသည်။

အကြမ်းဖျင်း စမ်းသပ်ခြင်း

ပထမအနေဖြင့် ရောဂါဗေဒပညာရှင်က ပုံစံနမူနာကို စမ်းသပ်ပြီး ၄င်းအား သာမန်မျက်စိဖြင့် မြင်ရသည့်အတိုင်း ဖော်ပြပါသည်။ ယင်းကို အကြမ်းဖျင်းစမ်းသပ်ခြင်းဟု ခေါ်ပါသည်။ ယင်းဖော်ပြချက်တွင် ပုံစံနမူနာ၏ အရောင်၊ အရွယ်အစား နှင့် အခြားသွင်ပြင်များ ပါဝင်ပါလိမ့်မည်။

ပုံစံနမူနာကို ပြင်ဆင်ခြင်း

ပုံစံနမူနာကို ရောဂါဗေဒပညာရှင်မှ မိုက်ခရိုစကုပ်အောက်တွင် ကြည့်ရှုနိုင်ရန်အတွက် ဓာတ်ခွဲခန်းဝန်ထမ်းက ပြင်ဆင်ပေးပါသည်။ တစ်ရှူးကို ပါရာဖင်ဖယောင်းတုံးအတွင်း ထည့်သည့် စက်တွင် ပုံစံနမူနာကို ဆက်လက်ပြင်ဆင်ပါသည်။ ဝန်ထမ်းက အဆိုပါတစ်ရှူးတုံးအား ပါးလွှာသော အလွှာများအဖြစ် ဖြတ်တောက်ပြီး ဆလိုက်ပြားများပေါ်တွင် တင်ပါသည် (တစ်ရှူး ဖြတ်ပိုင်းများ)။ ဆလိုက်ပြား ဆိုသည်မှာ အရာဝတ္ထုများကို မိုက်ခရိုစကုပ်အောက်တွင် ကြည့်ရှုရန်အသုံးပြုသည့် သေးငယ်ပြီး ခပ်ပြားပြား ဖန်စများဖြစ်သည်။

ယင်းလုပ်ငန်းစဉ်အပြီးတွင် နည်းပညာရှင်တစ်ဦးက တစ်ရှူးဖြတ်ပိုင်းကို အရောင် (ပုံမှန်အားဖြင့် ဟေမတိုဇိုင်လင်း (hematoxylin) နှင့် အီအိုဆင် (eosin)) ဖြင့် ဆိုးမည်ဖြစ်ကာ ယင်းက တစ်ရှူး၏ ကွဲပြားသော သွင်ပြင်အမျိုးမျိုးကို မိုက်ခရိုစကုပ်အောက်တွင် ထင်ထင်ရှားရှားမြင်ရအောင် ကူညီပါသည်။ ဆဲလ်တစ်ခုစီ၏ နျူကလီးယစ် (nucleus) က အပြာရောင်အဖြစ် ပေါ်လာပါမည်။ ကျန်ရှိနေသော ဆိုက်တိုပလာစမ် (cytoplasm) ဟုခေါ်သည့် ဆဲလ်အပိုင်းက ပန်းရောင်အဖြစ် ပေါ်လာပါမည်။

တစ်ရှူးအရောင်ဆိုးလေ့လာသည့် (histology) ဆလိုက် နမူနာက ဆဲလ်များ၏ နျူကလီးယစ် (nucleus) ကို အပြာရောင် ပေါ်စေပြီး ကျန်ရှိနေသောဆဲလ်အပိုင်းကို ပန်းရောင်ပေါ်စေပါသည်။

ဟေမတိုဇိုင်လင်း (hematoxylin) နှင့် အီအိုဆင် (eosin) တို့ဖြင့် အရောင်ဆိုးထားသော (histology) ဆလိုက် နမူနာက တစ်ရှူး၏ သွင်ပြင်အမျိုးမျိုးကို မိုက်ခရိုစကုပ်အောက်တွင် ထင်ထင်ရှားရှားဖော်ပြပါသည်။

မိုက်ခရိုစကုပ်ဖြင့် စမ်းသပ်စစ်ဆေးခြင်း

ရောဂါဗေဒပညာရှင်က တစ်ရှူးဖြတ်ပိုင်းများကို ပုံမှန်ဆဲလ်များနှင့် ကွာခြားပုံကို မြင်ရရန် မိုက်ခရိုစကုပ်အောက်တွင် ကြည့်ရှုပါသည်။ ပုံစံနမူနာကို ယင်းသို့ပုံစံမျိုးဖြင့် ကြည့်ရှုခြင်းကို အဏုကြည့်စစ်ဆေးခြင်းဖြင့် ဆဲလ်နှင့်အင်္ဂါများကို လေ့လာခြင်း (histology)ဟုခေါ်ပါသည်အဏုကြည့်စစ်ဆေးခြင်းဖြင့် ဆဲလ်နှင့်အင်္ဂါများကို လေ့လာခြင်း (Histology) ဆိုသည်မှာ ဆဲလ်များ နှင့် တစ်ရှူးများ၏ တည်ဆောက်ပုံကို လေ့လာခြင်းဖြစ်သည်။

ရောဂါဗေဒပညာရှင်က မိုက်ခရိုစကုပ်အောက်တွင် မြင်ရသည့်အရာ နှင့် တစ်ရှူးအတွက် ပြုလုပ်ခဲ့သော အခြားစစ်ဆေးမှုများ ရလဒ်များကို အခြေခံပြီး အစီရင်ခံစာရေးပါသည်။ ယင်းကို နားလည်ရန်ခက်ခဲနိုင်သည့် နည်းပညာ၊ ဆေးဖက်ဆိုင်ရာ ဘာသာစကားဖြင့် ရေးသားထားပါသည်။ သင့်ထံတွင် မေးခွန်းတစ်ခုခုရှိပါက သင်၏ စောင့်ရှောက်ရေးအဖွဲ့အား မေးမြန်းပါ။

ယေဘုယျအားဖြင့် ရောဂါဗေဒပညာရှင်က ပုံစံနမူနာ၏ သွင်ပြင်များကို အောက်ပါအတိုင်း ဖော်ပြပါသည် -

  • ဆဲလ် အမျိုးအစားများ
  • ဆဲလ်များစီစဥ်ထားပုံ
  • ဆဲလ်များက ကင်ဆာဖြစ်နိုင်ချေ ရှိမရှိ
  • ရောဂါအမည်တပ်ရာတွင် နှင့် ကုသရာတွင် အကူအညီဖြစ်စေသော အခြားသွင်ပြင်များမှာ ကျူမာအကျိတ်တ်ဆဲလ်များက ရန်လိုသည့်သွင်ပြင်များ (အကျိတ်အဆင့် (tumor grade)အဖြစ် ရည်ညွှန်းလေ့ရှိပါသည်) ဖော်ပြမှု ရှိမရှိ သို့မဟုတ် အကျိတ်ဆဲလ်များက အခြားပုံမှန်ဆဲလ်များသို့ ပျံ့နှံ့ပြီးမပြီး (အကျိတ် ရောက်ရှိမှုအဆင့် (tumor stage) အဖြစ် ရည်ညွှန်းလေ့ရှိပါသည်) ဖြစ်ပါသည်။ အချို့သော အခြေအနေများတွင် ရောဂါဗေဒပညာရှင်များက အကျိတ်ဖုကို လူနာထံမှ အပြည့်အဝထုတ်ပြီးမပြီး၊ သို့မဟုတ် ပုံစံနမူနာ၏ အစွန်း (အနားများ) တွင် ကင်ဆာရှိနေမရှိနေ ကိုလည်း ဆုံးဖြတ်ပါသည်။

မိုက်ခရိုစကုပ်အောက်တွင် သုံးသပ်လေ့လာချက်အပြင် ပုံစံနမူနာ ကို ထပ်ဆောင်း စစ်ဆေးမှုများ နှင့် ခွဲခြမ်းစိတ်ဖြာမှုများ ဆက်လက်လုပ်ဆောင်နိုင်ပါသည်။ ယင်းရလဒ်များကိုလည်း ရောဂါဗေဒဆိုင်ရာအစီရင်ခံစာအတွင်း ထည့်သွင်းမည်ဖြစ်သည်။

ရလဒ်များကို ရှာဖွေခြင်း

အလုံးစုံသော စစ်ဆေးမှုများ နှင့် ခွဲခြမ်းစိတ်ဖြာမှုကို တစ်ခါတစ်ရံတွင် အသားစထုတ်ယူစစ်ဆေး သည့် ဆေးဖက်ဆိုင်ရာဌာနတွင် စစ်ဆေးပါသည်။ အခြားအချိန်များ၌ ပုံစံနမူနာကို အခြားတစ်နေရာရာတွင် တည်ရှိသော ဓာတ်ခွဲခန်းများသို့ ပို့ရပါမည်။ အချို့သော စစ်ဆေးမှုများက အဆင့်ဆင့် နှင့် လုပ်ငန်းစဉ်အဆင့်ဆင့် အစီအစဉ်တွဲတစ်ခု လိုအပ်ပြီး ရလဒ်များရရှိရန် ရက်သတ္တပတ်အနည်းငယ် ကြာနိုင်ပါသည်။

ရောဂါဗေဒပညာရှင်က ယင်းစစ်ဆေးမှုများမှ အချက်အလက်များကို ရောဂါဗေဒအစီရင်ခံစာအတွင်း ထည့်သွင်းပါလိမ့်မည်။ ယင်းကို ကင်ဆာရောဂါအထူးကုနှင့် ဝေမျှဖတ်ရှုပါမည်/ ကင်ဆာရောဂါအထူးကုက ရောဂါဗေဒအစီရင်ခံစာမှ ရလဒ်များကို ဆေးခန်းသို့လာရောက်ချိန်တွင် ပြသပါလိမ့်မည်။

ဆရာဝန်ထံတွင် ကင်ဆာရောဂါနှင့် ပတ်သက်ပြီး အချက်အလက်ပိုမိုရှိလေ အဆိုပါသီးသန့်ကင်ဆာရောဂါ အတွက် ထိရောက်မှုအရှိဆုံး ကုထုံးများကို ၄င်းတို့က ဖော်ထုတ်နိုင်ရန် အခြေအနေ ပိုကောင်းလေဖြစ်သည်။

---
ပြန်လည် ဆန်းစစ်သည့်နေ့ - ၂၀၁၈ ခုနှစ် ဇူလိုင်လ