အဓိကအကြောင်းအရာ skip

ကြိုဆိုပါသည်

Together သည် - လူနာများနှင့် မိဘများ၊ မိသားစုဝင်များနှင့် သူငယ်ချင်းများအပါအဝင် - ကလေးကင်ဆာကြောင့် ထိခိုက်မှုရှိသူတိုင်းအတွက် ရင်းမြစ်အသစ်တစ်ခု ဖြစ်ပါသည်။

ပိုမိုလေ့လာရန်

ဘေးထွက်ဆိုးကျိုးများ

ကင်ဆာကုသမှုများကြောင့် ဖြစ်ပေါ်လာသော ကျန်းမာရေးပြဿနာများကို ဘေးထွက်ဆိုးကျိုးများဟု ခေါ်သည်။ နေရာတစ်ခုကို ကွက်၍ ဓာတ်ရောင်ခြည်ဖြင့်ကုသခြင်း ပြုလုပ်ပါက ထိုခန္ဓာကိုယ်အစိတ်အပိုင်းကို ထိခိုက်မှုရှိသည်။ ကီမိုဆေးသွင်းကုထုံးကဲ့သို့သော ခန္ဓာကိုယ်တစ်ခုလုံးသို့ ရောက်သည့်ဆေးများသည် ပိုကျယ်ပြန့်သော ဘေးထွက် ဆိုးကျိုးများ ရှိသည်။ ဆရာဝန်များသည် ဘေးထွက်ဆိုးကျိုးများအားတတ်နိုင်သမျှထိန်းချုပ်ထားသည်နှင့်အညီကင်ဆာကိုလည်း ထိရောက်စွာကုသနိုင်ရန်ကုသမှုများကို စီစဉ်သည်။

မိခင်ကို ပွေ့ဖက်နေသောကလေးကင်ဆာလူနာ

ဘေးထွက်ဆိုးကျိုးများကို ခန့်မှန်းရန် ခက်ခဲပါသည်။ အချို့လူနာများတွင် မပြင်းထန်ဘေးထွက်ဆိုးကျိုးများရှိနိုင် သော်လည်း၊ အခြားသောလူနာများတွင် ပို၍အလွန်ပြင်းထန်သောပြသာနာများတွေ့နိုင်သည်။ လူနာတစ်ယောက်ထဲမှာပင် ကုသမှုတစ်ကြိမ်နှင့် တစ်ကြိမ်တွင် မတူညီသော ဘေးထွက်ဆိုးကျိုးများ ရှိလာနိုင်သည်။

ကင်ဆာကုသမှုကြောင့် ဖြစ်ပေါ်လာသော ဘေးထွက်ဆိုးကျိုးအများစုမှာ ကုသမှုရပ်တန့်ပြီးနောက်တွင် သက်သာသွားလေ့ရှိသည်။ သို့သော်လည်း ဘေးထွက်ဆိုးများဖြင့်နေရခြင်းသည် ရုပ်ပိုင်းဆိုင်ရာ နှင့် စိတ်ခံစားမှုဆိုင်ရာနှစ်ခုလုံး ခက်ခဲနိုင်သည်။ ထိုသို့ ဘေးထွက်ဆိုးကျိုးများအတွက် ကြိုတင်ပြင်ဆင်ထားနိုင်ရန်နှင့် ဖြစ်လာပါက ကုသပေးနိုင်ရန် ဆေးကုသပေးသည့်အဖွဲ့က ကူညီပေးနိုင်ပါသည်။

ကလေးကင်ဆာကုသမှုများတွင် အဖြစ်များသော အခြားဘေးထွက်ဆိုးကျိုးများ

တချို့ သောဘေးထွက်ဆိုးကျိုးသည် ပိုပြီးအဖြစ်များသည်။ ဤပြဿနာများအား ရင်ဆိုင်ကျော်လွှားခြင်းသည် ဆင့်ဆင့်များစွာရှိလေ့ရှိသည်အလျောက် မိသားစုဝင်များသည် သူတို့အတွက် အကောင်းဆုံးဖြစ်မည့်နည်းလမ်းများကို ရှာဖွေရမည်။ သို့သော်လည်း အထောက်အကူဖြစ်စေမည့် နည်းဗျူဟာများလည်း ရှိနေပါသည်။

ဘေးထွက်ဆိုးကျိုးများကို ရင်ဆိုင်ဖြေရှင်းခြင်း

ဘေးထွက်ဆိုးကျိုးများကို ဖြေရှင်းခြင်းသည် အလွန်ပင် ခက်ခဲနိုင်ပါသည်။ လူနာများနှင့် လူနာ၏မိသားစုဝင်များတို့သည် မကြာခဏ စိတ်ရော၊ ကိုယ်ပါ ထိခိုက်နေနိုင်သည်။ ဘေးထွက်ဆိုးကျိုးတချို့ကို ထုတ်ဖော်ဆွေးနွေးရန် ခက်ခဲနိုင်ပါသည်။ စိတ်ပျက်ခြင်း၊ ဝမ်းနည်းခြင်း၊ ဒေါသဖြစ်ခြင်း၊ စိတ်အနှောက်ယှက်ဖြစ်ခြင်း သို့မဟုတ် ကိုယ့်ကိုယ်ကိုယ်မလုံခြုံ ဖြစ်နေခြင်းတို့သည် ဖြစ်ရိုးဖြစ်စဉ် ဖြစ်သည်။ သို့ရာတွင် ကုသမှုတိုင်းနှင့် တွေ့ကြုံခံစားရမှုသည် မတူညီတတ်သောကြောင့် ကုသပေးသည့်အဖွဲ့ကို ရောဂါလက္ခဏာများအကြောင်း အသိပေးရန် အရေးကြီးပါသည်။

နာကျင်ခြင်း၊ ပျို့အန်ခြင်း၊ ဝမ်းချုပ်ခြင်းနှင့် ဝမ်းလျှောခြင်းစသည့် ကိစ္စရပ်များကို ကုသနိုင်သည့် ဆေးဝါးများ ရှိပါသည်။ လူနာအများစုမှာ ဝေဒနာသက်သာစေသည့် ကုသမှု သို့မဟုတ် နာကျင်မှုကိုကုသပေးသည့် အထူးကုတို့နှင့် ဆွေးနွေးတိုင်ပင်ခြင်းအားဖြင့် အကျိုးကျေးဇူးရရှိနိုင်သည်။ အထူးကုသည် ဘေးထွက်ဆိုးကျိုးများကို သက်သာစေရန်နှင့် လူနာအား သက်သောင့်သက်သာဖြစ်စေရန် အထွေထွေကုသပေးသည့်အဖွဲ့နှင့်လက်တွဲပြီး အလုပ်လုပ်ပါသည်။

လူနာများနှင့် မိဘများအနေဖြင့် ရောဂါဝေဒနာကို သက်သာစေသောအရာ၊ ပိုဆိုးစေသော အရာတို့ကို ရှာဖွေဖော်ထုတ်နိုင်သည်။ တစ်နေ့တာကို ဖြတ်သန်းနိုင်စေမည့် နည်းလမ်းများကိုလည်း ကူညီရှာဖွေပေးနိုင်သည်။ အောက်ပါတို့ကို တတ်နိုင်သလောက် ကြိုးစားလုပ်ဆောင်ပါ-

  • ကျန်းမာစေသည့် အစားအစာကို စားပါ
  • ကိုယ်လက်လှုပ်ရှားမှု တချို့လုပ်ပါ
  • အချိန်မှန်မှန် ကောင်းစွာအိပ်စက်ပါ

မိဘများနှင့် ကလေးကြီးများအနေဖြင့် ဘေးထွက်ဆိုးကျိုးများကို မှတ်တမ်းပြုလုပ်ထားနိုင်သည် နေ့စဉ်မှတ်တမ်း သို့မဟုတ် မိုဘိုင်းဖုန်းအက်ပ်တစ်ခုကို အသုံးပြု၍ အောက်ပါလက္ခဏာရပ်များကို မှတ်သားထားနိုင်သည်-

  • ရောဂါလက္ခဏာများနှင့် ၎င်းတို့၏ ပြင်းထန်မှု
  • ဖြစ်‌ပေါ်သည့် အချိန်
  • မည်သည့်အရာက သက်သာစေနိုင်သည်။

ဆေးဝါးများအပြင် အောက်ပါနည်းလမ်းများအသုံးပြုခြင်းဖြင့်လည်း လူနာအများစုသည် သက်သာရာရနိုင်သည်။

  • အပန်းဖြေနားနေခြင်း
  • အသက်ပြင်းပြင်းရှူခြင်း
  • နှိပ်နယ်ပေးခြင်း
  • ဇီဝဆိုင်ရာတုံ့ပြန်ချက်
  • ကစားခြင်းဖြင့် ကုသခြင်း
  • ဂီတနှင့် အနုပညာ ကုထုံး

အခြားကလေးငယ်များ၊ အခြားမိသားစုဝင်များနှင့် စကားပြောဆိုခြင်းဖြင့်လည်း ဘေးထွက်ဆိုးကျိုးများကို ကိုင်တွယ်ဖြေရှင်းရန်အတွက် အကြံဉာဏ်ကောင်းများ၊ အထောက်အကူများ ရလာနိုင်သည်။ ထိုသို့ပြောဆိုခြင်းအားဖြင့် အကြောင်းအရာတူတစ်ခုကို အခြားသူများက မည်သို့ရင်ဆိုင်ကျော်ဖြတ်နေသည်—သို့မဟုတ် မည်သို့ကျော်ဖြတ်ခဲ့သည်—ကိုပါ သိရှိလာစေနိုင်သည်။ အစီအစဉ်ဆွဲရခြင်းနှင့် ပြဿနာဖြေရှင်းရခြင်းတို့ရှိနိုင်သော်လည်း ဘေးထွက်ဆိုးကျိုးများကို ကောင်းစွာထိန်းချုပ်ထားရန်မှာလည်း ဖြစ်နိုင်ခြေသည့် အရာတစ်ခုဖြစ်သည်။

---
ပြန်လည်သုံးသပ်ခဲ့သည့်ရက်စွဲ- ဇွန်လ 2018