အဓိကအကြောင်းအရာ skip

ကြိုဆိုပါသည်

Together သည် - လူနာများနှင့် မိဘများ၊ မိသားစုဝင်များနှင့် သူငယ်ချင်းများအပါအဝင် - ကလေးကင်ဆာကြောင့် ထိခိုက်မှုရှိသူတိုင်းအတွက် ရင်းမြစ်အသစ်တစ်ခု ဖြစ်ပါသည်။

ပိုမိုလေ့လာရန်

အသားစစစ်ဆေးမှု

ကင်ဆာရောဂါကို ကုသရာတွင် ပထမဆုံးအဆင့်သည် ရောဂါရှာဖွေခြင်းဖြစ်သည်။ ကင်ဆာကို ရောဂါရှာဖွေဖော်ထုတ်ခြင်းတွင် အသားစယူ၍ စစ်ဆေးခြင်းအများအားဖြင့် ပါဝင်သည်။ အသားစယူ၍ စစ်ဆေးခြင်းဆိုသည်မှာ ခွဲစိတ်မှုပြုလုပ်ပြီး အကျိတ်မှ နမူနာအသားစကို ရယူသည့် လုပ်ငန်းစဉ် ဖြစ်သည်။ ရောဂါဗေဒ ပညာရှင်သည် အသားစကို အဏုကြည့်မှန်ပြောင်းအောက်တွင် ကြည့်ရှုသည်။ တစ်သျှူးအား အဏုစိတ်ကြည့်ရှုစစ်ဆေးမှု သို့မဟုတ် ဆဲလ်များမည်သို့ ရှိနေပုံ စသည့် အချက်အလက်များသည် တိကျသောကင်ဆာအမျိုးအစားကို ခွဲခြားရန် အထောက်ကူပေးသည်။

ရောဂါဗေဒပညာရှင်သည် တိကျသော ကလေးကင်ဆာအမျိုးအစားကို သတ်မှတ်နိုင်ရန်အတွက် တစ်သျှူးအဏုစိတ်ကြည့်ရှုစစ်ဆေးမှုကို အဏုကြည့်မှန်ပြောင်းသုံး၍  စစ်ဆေးသည်။

လူနာအများစုသည် သူတို့၏ ရောဂါဗေဒပညာရှင်များနှင့် တွေ့ဆုံခြင်းမရှိသော်လည်း ထိုဆရာဝန်များသည် ရောဂါရှာဖွေခြင်းနှင့် ကုသမှုတွင် အရေးပါသောကဏ္ဍမှ ပါဝင်သည်။

အဏုစိတ်ကြည့်ရှုစစ်ဆေးမှု ဆလိုက်တွင် အဏုကြည့်မှန်ပြောင်းဖြင့်မြင်ရသည့် မြန်ဆန်ပြင်းထန်သော ပြန်ရည်သက်နုဆဲလ် သွေးကင်ဆာလူနာတစ်ဦး၏ ရိုးတွင်းခြင်ဆီကို ပြသထားသည်။

ဤတစ်သျှူးဗေဒ ဆလိုက်တွင် အဏုကြည့်မှန်ပြောင်းဖြင့်မြင်ရသော မြန်ဆန်ပြင်းထန် ပြန်ရည်သက်နုဆဲလ် သွေးကင်ဆာလူနာတစ်ဦး၏ ရိုးတွင်းခြင်ဆီကို ပြသထားသည်။

အကျိတ်တည်ရှိသည့် နေရာ၊ လိုအပ်သော အသားစပမာဏနှင့် စီစဉ်ထားသော အခြားလုပ်ငန်းစဉ်အဆင့်ဆင့်တို့ပေါ်တွင် မူတည်ပြီး အသားစယူသည့် နည်းလမ်းများ ကွဲပြားသွားသည်။ အသားစယူ၍ စစ်ဆေးရာတွင် အပ်ဖြင့် အသားစယူ၍ စစ်ဆေးခြင်းနှင့် ခွဲစိတ်နည်းဖြင့် အသားစယူ၍ စစ်ဆေးခြင်းဟူ၍ ရှိသည်။

  • အပ်ဖြင့် အသားစယူ၍ ရောဂါရှာဖွေစစ်ဆေးခြင်း – အပ်ဖြင့် အသားစယူ၍ ရောဂါရှာဖွေစစ်ဆေးခြင်းကို အရေပြားကို ဖောက်၍ သို့မဟုတ် ခွဲစိတ်မှု လုပ်ဆောင်စဉ် လုပ်ဆောင်နိုင်ပါသည်။ ဆရာဝန်များသည် အကျိတ်တည်ရှိသည့် နေရာပေါ် မူတည်၍ ပုံရိပ်ဖော်ပြမှုများကို သုံးပြီး အကျိတ်နှင့် အပ်၏ တည်နေရာကို ကြည့်ရှုနိုင်သည်။ အပ်ဖြင့် အသားစယူ၍ စစ်ဆေးခြင်းအချို့သည် အသားစယူမည့်နေရာကိုသာ ကွက်၍ ထုံစေသည့် ထုံဆေးကိုသာ အသုံးပြုသည်။
  • ခွဲစိတ်နည်းဖြင့် အသားစယူ၍ စစ်ဆေးခြင်း – ဤစစ်ဆေးမှုအတွက် ဆရာဝန်များသည် အရေပြားကို ထိုးဖောက်ပြီး အသားစယူရပါသည်။ အကျိတ်တည်ရှိသည့်နေရာကြောင့် ထိုသို့ လုပ်ဆောင်ရခြင်း ဖြစ်သည်။ ခွဲစိတ်ဆရာဝန်သည် အကျိတ်တည်နေရာကို သိရှိရန် MRI(အမ်အာရ်အိုင်) သံလိုက်ဓာတ်ပုံရိပ်စစ်ဆေးမှုCT(စီတီ) ကွန်ပျူတာဓာတ်မှန်ပုံရိပ်စစ်ဆေးမှု  သို့မဟုတ် အခြားစကန်ဖတ်ခြင်းများကို သုံးပါမည်။ တစ်ခါတစ်ရံတွင် ခန္ဓာကိုယ်အတွင်းပိုင်းကိုကြည့်ရှုရန် ဗီဒီယိုကင်မရာအသေးစားကို အသုံးပြုပါသည်။ အချို့သော အသားစယူ၍ စစ်ဆေးမှုများသည် အနည်းငယ်မျှသာ ဖြတ်ထုတ်ရန် လိုအပ်သည်။ အခြားသောအသားစယူ၍ စစ်ဆေးမှုများမှာမူ ကြီးကြီးမားမား ဖြတ်ထုတ်ရန် လိုအပ်သည်။ တချို့ ဖြစ်စဥ်များတွင် ဆရာဝန်များသည် အသားစယူချိန်မှာပင် အကျိတ်ကို တစ်ခါတည်း ဖယ်ရှားပေးနိုင်သည်။ ကင်ဆာပျံ့နှံ့ခြင်း ရှိမရှိ သိရှိရန် ကိုယ်တွင်း ပြန်ရည်အကျိတ်များ နှင့် အခြား အသားစနမူနာများကို စစ်ဆေးနိုင်ပါသည်။

ရောဂါဗေဒပညာရှင်သည် ဆဲလ်များကို အဏုကြည့်မှန်ပြောင်းဖြင့် ကြည့်ရှုသည်။ အကယ်၍ ကင်ဆာဆဲလ်များရှိပါကအကျိတ်သည် ပြင်းထန်သော ကင်ဆာဖြစ်သောအကျိတ်ဖြစ်သည်။ ကင်ဆာဆဲလ်များမရှိပါကအကျိတ်သည် မပြင်းထန်သောအကျိတ်ဖြစ်သည်။ ဆဲလ်များ၏ ပုံစံ၊ မည်မျှ မြန်ဆန်စွာ ကြီးထွားနိုင်ခြေရှိပုံနှင့် ပျံ့နှံ့သွားသည့် ဆဲလ်ပမာဏတို့ပေါ် မူတည်၍ အကျိတ်များကို အကဲဖြတ်သည်။

  • အဆင့်သည် ခန္ဓာကိုယ်အတွင်းရှိ ကင်ဆာဖြစ်နေသည့်နေရာကို ရည်ညွှန်းခြင်း ဖြစ်ပြီး ကင်ဆာစတင်ခဲ့သည့်နေရာနှင့် ပျံ့နှံ့သည့်နေရာတို့ပါဝင်သည်။
  • အုပ်စု သည် ၎င်းဆဲလ်များက သာမန်ဆဲလ်များနှင့် မည်သို့ ကွာခြားပုံ၊ ဆဲလ်များ မည်မျှမြန်ဆန်စွာ ကြီးထွားပုံနှင့် ပျံ့နှံ့နိုင်ခြေ မည်မျှရှိပုံတို့ကို ဖော်ပြသည်။

ဆရာဝန်များသည် အသားစယူ၍ စစ်ဆေးခြင်းမှရရှိသော အချက်အလက်များကို အသုံးပြုပြီး ကုသမှုအတွက် အစီအစဉ်ဆွဲသည်။ အောက်ပါတို့အပါအဝင် အချက်အလက်များစွာကို ထည့်သွင်းစဉ်းစားသည်-

  • ကင်ဆာအမျိုးအစား
  • အကျိတ် အရွယ်အစား
  • ပြန်ရည်အကျိတ်များ သို့မဟုတ် အခြားခန္ဓာကိုယ်အစိတ်အပိုင်းများသို့ ကင်ဆာဆဲလ်များ ပျံ့နှံ့ခြင်း ရှိ၊ မရှိ

ကင်ဆာ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်း အကြောင်း ပိုမိုလေ့လာပါ။

မေ့ဆေးပေး၍ စစ်ဆေးခြင်း (EUA)

တချို့အခြေအနေများတွင် ဆရာဝန်များသည် လူနာကို အထွေထွေသုံး မေ့ဆေးပေး၍ စစ်ဆေးမှု လုပ်ဆောင်နိုင်ပါသည်။ ထိုလုပ်ငန်းစဉ်ကို EUA- မေ့ဆေးပေး၍ စစ်ဆေးခြင်းဟု ခေါ်သည်။ လူနာများကို မေ့ဆေးပေးထားစဉ်တွင် စောင့်ကြည့်ရမည် ဖြစ်သောကြောင့် EUA များကို ခွဲစိတ်ခန်းထဲတွင် မေ့ဆေးဆရာဝန်၏စောင့်ရှောက်မှုအောက်တွင် လုပ်ဆောင်သည်။ ကလေးကင်ဆာတွင် ဤလုပ်ထုံးလုပ်နည်းကို များသောအားဖြင့် မျက်စိအမြင်လွှာ ကင်ဆာ (Retinoblastoma)ဟုခေါ်သော မျက်စိကင်ဆာ ကို ရောဂါရှာဖွေဖော်ထုတ်ရန် အသုံးပြုလေ့ရှိသည်။ တစ်ခါတစ်ရံတွင် EUA များကို တင်ပါးဆုံနေရာ စမ်းသပ်မှုများ ကဲ့သို့ အခြားသော စမ်းသပ်မှုများတွင် အသုံးပြုသည်။ ဆရာဝန်များသည် ဖြစ်နိုင်ပါက မေ့ဆေးသုံးခြင်းကို ကန့်သတ်ရန် ကြိုးစားသည်။ သို့သော် တချို့စစ်ဆေးမှုများအတွက် ကလေးသည် လုံးဝငြိမ်သက်ပြီး မေ့မျောသွားရန် လိုအပ်သည်။ စစ်ဆေးမှုအမျိုးအစား၊ ကလေး၏အသက် နှင့်/သို့မဟုတ် ဖြစ်နိုင်ခြေရှိသော ရုပ်ပိုင်းဆိုင်ရာ သို့မဟုတ် စိတ်ပိုင်းဆိုင်ရာ ဆင်မပြေမှုများကြောင့် စိတ်ငြိမ်ဆေးထိုးရန် လိုအပ်နိုင်သည်။

---
ပြန်လည်သုံးသပ်ခဲ့သည့်ရက်စွဲ- ဇွန်လ 2018