အဓိကအကြောင်းအရာ skip

ကိုယ်ခံအား၊ ဖျားနာခြင်းနှင့် ရောဂါပိုးကူးစက်ခြင်း

ကိုယ်ခံအားစနစ်ဆိုတာ ဘာလဲ။

ကိုယ်ခံအားစနစ်သည် ‌ရောဂါပိုးဝင်မှုကို ကာကွယ်ပေးသည့် ခန္ဓာကိုယ်၏ ကာကွယ်ရေးစနစ်ဖြစ်သည်။ အထူးဆဲလ်များ၊ တစ်ရှူးများနှင့် ကိုယ်အင်္ဂါအစိတ်အပိုင်းများပါဝင်သည့် ကွန်ရက်တစ်ခုသည် "ကျူးကျော်ဝင်ရောက်လာသူများ" သို့မဟုတ် "ရောဂါပိုးများ" တို့၏ရန်မှ ခန္ဓာကိုယ်အား ကာကွယ်ပေးရန် အတူတကွအလုပ်လုပ်ကြပါသည်။ ထိုပိုးမွှားများ သို့မဟုတ် ရောဂါပိုးများ တွင်ဘတ်တီးရီးယားများကပ်ပါးပိုးများဗိုင်းရပ်စ်များ၊ နှင့်မှိုများပါဝင်ပါသည်။ ခန္ဓာကိုယ်သည် အန္တရာယ်ရှိနိုင်သော တိုက်ခိုက်မှုများမှ များသောအားဖြင့် သူ့ဟာသူ ကာကွယ်နိုင်ပါသည်။ လူတချို့တွင် ကိုယ်ခံအားစနစ်အားနည်းသောကြောင့် ရောဂါပိုးများကို မတိုက်ခိုက်နိုင်ပါ။

ကိုယ်ခံအားစနစ်၏ ပထမဆုံးကာကွယ်မှုသည် ရောဂါပိုးများကို ခန္ဓာကိုယ်တွင်းသို့ ဝင်လာခြင်းမှ ကာကွယ်ခြင်းဖြစ်သည်။ အရေပြားသည် ‌ရောဂါပိုးတို့၏ တိုက်ခိုက်မှုကိုတွန်းလှန်ရန် ရုပ်ပိုင်းဆိုင်ရာအတားအဆီးတစ်ခုအဖြစ် ဆောင်ရွက်သော အဓိက ဒိုင်း ဖြစ်သည်။ အသက်ရှူလမ်းကြောင်းနှင့် အစာခြေလမ်းကြောင်းတို့ကို ဖုံးကာပေးထားသည့်(အမြှေပါး) သည် အန္တရာယ်ရှိသောရောဂါပိုးများ ဝင်လာခြင်းကို တားဆီးပေးပါသည်။

ဤသရုပ်ဖော်ပုံတွင် နျူထရိုဖီးလ်ဆဲလ်များက ဘက်တီးရီးယားကို ခြေရာခံလိုက်ပြီး သွေးကြောထဲမှတိုးထွက်ကာ ရောဂါပိုးဝင်နေသည့်နေရာသို့ ရောက်သွားပြီးနောက် အမှတ်အသားပြုထားသော ဘက်တီးရီးယားအား သုတ်သင်လိုက်သည်။

နျူထရိုဖီးလ်ဟုခေါ်သော သွေးဖြူဥများသည် ခန္ဓာကိုယ်အတွင်းမှာ ကင်းလှည့်နေပြီး၊ သွေးနှင့် ပြန်ရည်စနစ်တို့ကို ဖြတ်သန်းကာ ရောဂါဖြစ်စေသည့် ပိုးမွှားများ သို့မဟုတ် ရောဂါပိုးများကို လိုက်လံရှာဖွေပြီး၊ ဖျက်ဆီးပစ်ပါသည်။

ကျူးကျော်လာသော ရောဂါပိုးတစ်မျိုးဟာ အကာအကွယ်ဒိုင်းကိုဖြတ်သွားနိုင်လျှင် ဘာဖြစ်နိုင်လဲ။ ခန္ဓာကိုယ်က ၄င်းရဲ့ နောက်ထပ်ခံတပ်တစ်ခုနဲ့ ထပ်မံတုံ့ပြန်ပါတယ်။ ကိုယ်ခံအားစနစ်၏ အထူးဆဲလ်တွေဟာ ခန္ဓာကိုယ်အတွင်းလှည့်လည်သွားလာနေပြီး၊ သွေးနှင့် ပြန်ရည်စနစ်တို့ကို ဖြတ်သန်းကာ ရောဂါဖြစ်စေသည့် ပိုးမွှားများ သို့မဟုတ် ရောဂါပိုးများကို လိုက်လံရှာဖွေပြီး၊ ဖျက်ဆီးပစ်ပါသည်။

ကိုယ်ခံအားစနစ်တွင် တုံ့ပြန်မှုတစ်ခုအား ဖြစ်ပေါ်စေသည့် ပြင်ပမှ ကျူးကျော်လာသည့်အရာကို ရောဂါဘယဖြစ်စေတတ်သော ပဋိဇာတ်ဟု ခေါ်ပါသည်။ တချို့ ကိုယ်ခံအားဆဲလ်များဟာ ကျူးကျော်လာသော မည်သည့်ရောဂါပိုးကိုမဆို တိုက်ခိုက်ပါသည်။ ရောဂါပိုးတချို့ကို ခန္ဓာကိုယ်မှ သိရှိနေပြီး၊ မှတ်မိနေစေရန် တချို့ဆဲလ်များကိုလည်း လေ့ကျင့်ထားကြပါတယ်။ ကိုယ်ခံအားစနစ်ဟာ ပဋိပစ္စည်းများ ကို ထုတ်လွှတ်လိုက်ပြီး ပဋိဇာတ်အမျိုးအစားတချို့ကို မလွတ်တမ်းလိုက်ဖမ်းပြီး ထိုပဋိဇာတ်များကို ဖျက်ဆီးပစ်ကြသည်။ ထိုနည်းလမ်းဖြင့် ကာကွယ်ဆေးထိုးခြင်း သို့မဟုတ် ရောဂါကာကွယ်ဆေးများက အချို့သောရောဂါများကို ကာကွယ်ရန် အလုပ်လုပ်ကြပါတယ်။

  1. ကာကွယ်ခြင်း။
  2. ကင်းလှည့်ခြင်း။
  3. သတိပေးခြင်း။
  4. ဖျက်ဆီးခြင်း။
 

ကိုယ်ခံအားစနစ်၏ ရင်းမြစ်များ

နှာခေါင်းစည်းတပ်ထားသော ကင်ဆာရောဂါလူနာ

အချို့လူနာများသည် လေထဲမှလာသည့် ရောဂါပိုးများ သို့မဟုတ် ဖုန်များနှင့် အမှုန်များကို စစ်ထုတ်ရန် အထူးနှာခေါင်းစည်းများတပ်ရန် လိုအပ်လာနိုင်သည်။

ကင်ဆာရောဂါနှင့် ကိုယ်ခံအားစနစ်

ကင်ဆာနှင့် ကင်ဆာရောဂါကုသမှုဟာ ကိုယ်ခံအားစနစ်ကို အားနည်းစေပါသည်။ ဆိုလိုသည်မှာ ကင်ဆာရောဂါရှိသော ကလေးတစ်ယောက်သည် ရောဂါပိုးဝင်ရောက်နိုင်ခြေနှင့် ဖျားနာနိုင်ခြေတို့ ပိုများပါသည်။ ကိုယ်ခံအားနည်းနေသော လူတစ်ယောက်ကို ကိုယ်ခံအားချိနဲ့သည်ဟု ခေါ်ပါသည်။

ကင်ဆာရောဂါမှ ကိုယ်ခံအားစနစ်ကို သက်ရောက်နိုင်ပုံ

ကင်ဆာရောဂါမှ ကိုယ်ခံအားစနစ်ကို အားနည်းသွားစေသည့် နည်းလမ်းများစွာ ရှိပါသည်။

  • ကင်ဆာရောဂါ သို့မဟုတ် ကင်ဆာရောဂါကုသမှုများကြောင့် ရောဂါပိုးများကို တိုက်ခိုက်နိုင်သည့် ကိုယ်ခံအားဆဲလ်အရေအတွက်ကို လျော့ကျသွားစေနိုင်ပါသည်။
  • ဓာတ်ရောင်ခြည်ပေးခြင်း နှင့် အခြား ဆေးပေးခြင်းများအပါအဝင် ကင်ဆာရောဂါကုသမှုများသည် အရေပြား သို့မဟုတ် ပါးစပ်နှင့် အစာခြေလမ်းကြောင်းတို့အားဖုံးအုပ်ပေးထားသည့် အမြှေးပါးတို့ကို အားနည်းစေနိုင်ပါသည်။
  • ဆေးပညာဆိုင်ရာ စမ်းသပ်စစ်ဆေးမှုများနှင့် ဆီးချူပိုက်ကဲ့သို့သော ကိရိယာတို့သည် ခန္ဓာကိုယ်တွင်းသို့ ရောဂါပိုးများ ဝင်ရောက်သွားနိုင်သည့် နေရာတစ်ခုကို ဖြစ်ပေါ်စေသည်။

ကင်ဆာရောဂါဖြစ်နေစဉ် ရောဂါပိုးကူးစက်ခံရခြင်း

အကြောင်းပြချက်များစွာကြောင့် ကိုယ်ခံအားစနစ်အားနည်းနေသော ကင်ဆာရောဂါသည်များတွင် ရောဂါပိုးကူးစက်ခံရပါက အင်မတန်အန္တရာယ်များပါသည်။

  • ရောဂါပိုးကူးစက်ခံထားရသည့် ရောဂါလက္ခဏာများကို တွေ့မြင်ရန် ခက်ခဲတတ်သည်။ ရောဂါပိုးကူးစက်ခံထားရပါက တွေ့ရ‌လေ့ရှိသော လက္ခဏာများတွင် နီမြန်းလာခြင်း၊ ရောင်ရမ်းခြင်း၊ နာကျင်ခြင်းနှင့် ဖျားနာခြင်း တို့ ပါဝင်ပါသည်။ ကိုယ်ခံအားစနစ်အားနည်းသည့် လူနာများတွင် ရောဂါပိုးကူးစက်ခံထားရသည့် တစ်ခုတည်းသော လက္ခဏာမှာ ဖျားနာခြင်းသာ ဖြစ်နိုင်ပါသည်။
  • ခန္ဓာကိုယ်သည် ရောဂါပိုးဝင်ခြင်းအား လျှင်မြန်စွာ တုံ့ပြန်နိုင်မည် မဟုတ်ပါ။ ဤဖြစ်ရပ်သည် ဖျားနာမှုကို ပိုပြီးကြာစေပါသည်။ အဘယ့်ကြောင့်ဆိုသော် ကိုယ်ခံအားစနစ်မှာ အလုပ်ကောင်းစွာ မလုပ်သောကြောင့်ဖြစ်သည်။
  • ရောဂါပိုးဝင်မှုသည် တစ်ခါတစ်ရံ လျှင်မြန်စွာ ပျံ့ပွားတတ်ပါသည်။ အဘယ့်ကြောင့်ဆိုသော် ရောဂါပိုးဝင်မှုကို တိုက်ခိုက်ရန် သွေးဖြူဥ မလုံလောက်သောကြောင့် ဖြစ်သည်။ ကိုယ်ခံအားစနစ်အားနည်းသော လူများတွင် ရောဂါပိုးကူးစက်ခံထားရသည့် မည်သည့်လက္ခဏာကိုမဆို တွေ့ရှိရပါက ဆေးကုသမှုခံယူရန် လိုအပ်သည်။

သွေးဖြူဥများ

သွေးဖြူဥများ (လူကိုဆိုက်များ) သည်ကိုယ်ခံအားစနစ်တွင်ပါဝင်သည့် အရေးအကြီးဆုံးဆဲလ်များထဲမှ တချို့ ဖြစ်ကြသည်။ သွေးဖြူဥများကို ရိုးတွင်းခြင်ဆီမှ ထုတ်လုပ်ပြီးနောက် ပြန်ရည်စနစ် ကိုဖြတ်ပြီး ခန္ဓာကိုယ်အနှံ့သို့ ရောက်ရှိသွားကြပါသည်။ ၄င်းတို့၏ အဓိကအလုပ်မှာ ရောဂါပိုးများနှင့် ရောဂါများကို တိုက်ခိုက်ရန်ဖြစ်သည်။ သွေးဖြူဥရေတွက်ခြင်း (WBC count) ဆိုသည်မှာ လူနာ၏ သွေးထဲရှိ သွေးဖြူဥအရေအတွက်ကို တိုင်းတာသည့် စစ်ဆေးမှုတစ်ခု ဖြစ်သည်။ သွေးဖြူဥအရေအတွက် နည်းခြင်းသည် လူတစ်ဦးအား ရောဂါပိုးကူးစက်ခံရနိုင်ခြေ များသွားစေနိုင်ပါသည်။

ဤပုံတွင် ကောင်လေးတစ်ယောက်ပုံကိုပြထားပြီး အောက်ပါတို့ကို အညွှန်းဖြင့်ဖော်ပြထားသည်။ လည်ပင်းပြန်ရည်ကျိတ်များ၊ ပြန်ရည်ကြောများ၊ ချိုင်းကြားရှိပြန်ရည်ကျိတ်များ၊ ပေါင်ခြံရှိပြန်ရည်ကျိတ်များ၊ သရက်ရွက်၊ သိုင်းမတ်စ်နှင့် အာသီးတို့ ဖြစ်ကြသည်။

ပြန်ရည်ကြောစနစ်ဆိုသည်မှာ ကူးစက်ရောဂါကို တွန်းလှန်ပေးသည့် ပြန်ရည်ဆဲလ်ခေါ် သွေးဖြူဥဆဲလ်များကို ခန္ဓာကိုယ်အနှံ့ သို့ သယ်ယူပို့ဆောင်ပေးသည့် သွေးကြောများ၊ ဂလင်းများ၊ ပြန်ရည်ကျိတ်များပါဝင်သော ကွန်ရက်ဖြစ်သည်။

---
ပြန်လည်သုံးသပ်ခဲ့သည့်ရက်စွဲ- ဇွန်လ 2018