သွေးထဲသို့ ဆိုက်တိုကိုင်းန်အမြောက်အမြား ထုတ်လွှတ်လိုက်သည့် ရောဂါလက္ခဏာစု (CRS) ဆိုသည်မှာ ရောဂါပြီးကုထုံးအမျိုးအစားတချို့၏ ဘေးထွက်ဆိုးကျိုးတစ်ရပ်အနေဖြင့် ဖြစ်ပေါ်လာနိုင်သည့် ရောဂါလက္ခဏာစုတစ်ခု ဖြစ်သည်။ အထူးသဖြင့် တီဆဲလ်များ ပါဝင်လာသည့်အခါတွင် ဖြစ်သည်။ ကိုယ်ခံအားဆဲလ်များ အသက်ဝင်လာပြီး ခန္ဓာကိုယ်ထဲသို့ ဆိုက်တိုကိုင်းန် အမြောက်အမြား ထုတ်လွှတ်လိုက်သည့်အခါတွင် ထိုရောဂါလက္ခဏာစု ဖြစ်ပေါ်လာသည်။ ဆိုက်တိုကိုင်းန်များသည် သေးငယ်သောပရိုတင်းများဖြစ်ကြပြီး၊ ခန္ဓာကိုယ်၏ ကိုယ်ခံအားစနစ်၏တုံ့ပြန်မှုကို ညွှန်ကြားပေးရန် ကြားခံအဆက်အသွယ်လုပ်ပေးသည့် ဆဲလ်များအနေဖြင့် ဆောင်ရွက်ပေးသည်။ သို့သော်လည်း ဆိုက်တိုကိုင်းန်များ ပမာဏများစွာရှိနေပါက ခန္ဓာကိုယ်အနှံ့အပြားတွင် ရောင်ရမ်းမှုကို ပိုဆိုးသွားစေနိုင်သည်။ အဆိုပါအခြေအနေသည် အန္တရာယ်ဖြစ်စေနိုင်ပြီး ခန္ဓာကိုယ်၏ လုပ်ငန်းလုပ်ဆောင်မှုများစွာကိုလည်း အနှောက်အယှက်ပေးနိုင်သည်။ ပြင်းထန်သောလူနာများတွင် CRS ကြောင့် ကိုယ်တွင်းအင်္ဂါများ အလုပ်မလုပ်နိုင်တော့ခြင်းနှင့် သေဆုံးသည်အထိ ဖြစ်နိုင်သည်။
တီဆဲလ် ကိုအခြေခံသည့် ရောဂါပြီးကုထုံးနောက်ပိုင်း ၃-၁၄ ရက်အတွင်း CRS လက္ခဏာများ ဖြစ်ပေါ်လာလေ့ရှိသည်။ အစဦးပိုင်းတွင် ဖျား၍ တုတ်ကွေးမိသလို လက္ခဏာများဖြစ်လာတတ်သည်။ သိုသော် လျင်မြန်စွာ ဆိုးရွားသွားနိုင်ပြီး အလွန်ပြင်းထန်သည့် နာမကျန်းမှုကို ဖြစ်သွားစေနိုင်သည်။
CRS အားကုသရာတွင် ရောဂါအခြေအနေကို စောင့်ကြည့်နေခြင်းနှင့် ရောဂါလက္ခဏာများသက်သာစေရန် ကုသမှုပေးခြင်းတို့ ပါဝင်သည်။ လူနာတချို့တွင် ကိုယ်ခံအားစနစ်၏တုံ့ပြန်မှုကို လျှော့ချပေးနိုင်ရန် အထူးကြပ်မတ်ကုသမှုနှင့် ဆေးဝါးများ လိုအပ်လာနိုင်သည်။ (ကိုယ်ခံအားကိုဖိနှိမ်ပေးနိုင်သည့် ဆေးများ).
ဖြစ်နိုင်ခြေရှိသောလူနာများကို ရောဂါပြီးကုထုံး ပြုလုပ်ပြီးနောက်ပိုင်း တစ်လခန့်အကြာအထိ စောင့်ကြည့်နေမည် ဖြစ်သည်။ ရောဂါလက္ခဏာများ ဖြစ်လာသည့်လူနာများမှာ များသောအားဖြင့် ၁-၂ ပတ်အတွင်း ပြန်ကောင်းသွားလေ့ရှိသည်။ လူနာအများစုတွင် သွေးထဲသို့ ဆိုက်တိုကိုင်းန်အမြောက်အမြား ထုတ်လွှတ်လိုက်သည့်အခြေအနေ (CRS) ကြောင့်ဖြစ်သော ရေရှည်ပြဿနာများ ဖြစ်လေ့မရှိပါ။
ခန္ဓာကိုယ်အတွင်းရှိ နေရာအနှံ့တွင် ကိုယ်ခံအားစနစ်တုံ့ပြန်မှုကြောင့် CRS ၏ ရောဂါလက္ခဏာများ ပေါ်လာခြင်းဖြစ်သည်။ ကိုယ်တွင်းအင်္ဂါအမျိုးမျိုးကို ထိခိုက်စေနိုင်ပြီး ရောဂါလက္ခဏာအမျိုးမျိုးပြတတ်သည်။ လူနာတချို့တွင် CRS ကြောင့် နှလုံး၊ အဆုတ်၊ ကျောက်ကပ်၊ အသည်းနှင့် ဦးနှောက်တို့၏ လုပ်ငန်းစွမ်းဆောင်ရည်တို့ ပြောင်းလဲသွားပြီး အသက်အန္တရာယ်ထိခိုက်စေသည်အထိ ဖြစ်စေနိုင်သည်။
မြောက်မြားစွာသော CRS ရောဂါလက္ခဏာတို့ကို ဖြစ်စေသည့် အခြားအကြောင်းရင်းများလည်း ရှိနိုင်သည်။ CRS လက္ခဏာများ ပြ၍ဖြစ်စေ/မပြသပဲဖြစ်စေဦးနှောက်နှင့်အာရုံကြောအဆိပ်သင့်ခြင်း နှင့် ရောဂါပြီးကုထုံးများ၏ကြောင့်ဖြစ်သော အခြားဘေးထွက်ဆိုးကျိုးများ ဖြစ်ပေါ်လာနိုင်သည်။ အကောင်းဆုံး ကုသမှုဖြစ်အောင် စီစဉ်နိုင်ရန် ကုသပေးသည့်အဖွဲ့မှ စမ်းသပ်စစ်ဆေးမှုများပြုလုပ်ပြီး ရောဂါလက္ခဏာများကို စောင့်ကြည့်လေ့လာမည် ဖြစ်သည်။
ထိခိုက်မိသော ခန္ဓာကိုယ်၏စနစ် | ဖြစ်နိုင်ခြေရှိသော ရောဂါလက္ခဏာများ |
---|---|
အထွေထွေ | ဖျားခြင်း၊ ချမ်းခြင်း၊ နုံးခွေခြင်း၊ အားနည်းခြင်း၊ စားချင်စိတ်မရှိခြင်း၊ ပျို့အန်ချင်စိတ်ဖြစ်ခြင်း၊ အော့အန်ခြင်း၊ ဝမ်းလျှောခြင်း၊ ခေါင်းကိုက်ခြင်း၊ အဆစ်အမြစ် သို့မဟုတ် ကြွက်သားများ ကိုက်ခဲခြင်း၊ အရေပြားအနီကွက်ပေါ်ခြင်း၊ |
နှလုံးနှင့် သွေးကြောများ | သွေးဖိအားနည်းခြင်း၊ နှလုံးခုန်မြန်လာခြင်း၊ နှလုံးခုန်မမှန်ခြင်း၊ နှလုံး၏လုပ်ငန်းလုပ်ဆောင်နိုင်မှု လျော့ကျသွားခြင်း၊ ရောင်ရမ်းခြင်းနှင့် အရည်များစုလာခြင်း (ဖောခြင်း) |
ဦးနှောက်နှင့် အာရုံကြောစနစ် | ခေါင်းကိုက်ခြင်း၊ စိတ်ရှုပ်ထွေးခြင်း၊ မူးဝေခြင်း၊ တက်ခြင်း၊ ထင်ယောင်ထင်မှားဖြစ်ခြင်း၊ ဟန်ချက်ညီအောင်မထိန်းနိုင်တော့ခြင်း၊ စကားပြောရာတွင် သို့မဟုတ် အစာ/ရေ မြိုချရာတွင် အခက်အခဲဖြစ်ခြင်း၊ တုန်နေခြင်း၊ ကိုယ်လက်လှုပ်ရှားမှုများကို မထိန်းနိုင်ခြင်း၊ |
အဆုတ်များ | ချောင်းဆိုးခြင်း၊ မောခြင်း၊ အဆုတ်၏လုပ်ငန်းလုပ်ဆောင်နိုင်မှု လျော့ကျသွားခြင်း၊ အောက်ဆီဂျင်ပါဝင်မှုအဆင့် လျော့နည်းနေခြင်း၊ |
အခြားပြောင်းလဲမှုများနှင့် ဓာတ်ခွဲခန်းစစ်ဆေးမှုများ | ကျောက်ကပ်နှင့် အသည်းတို့၏လုပ်ငန်းလုပ်ဆောင်နိုင်မှု လျော့ကျသွားခြင်း၊ သွေးထဲရှိ ဆိုက်တိုကိုင်းန်ပမာဏ များလာခြင်း၊ ခန္ဓာကိုယ်ရှိ ဓာတ်ဆားများပြောင်းလဲသွားခြင်း၊ သွေးခဲနိုင်မှု ပြောင်းလဲသွားခြင်း၊ |
ကင်ဆာကို တိုက်ခိုက်ရန် တီဆဲလ်များကို လှုပ်ရှားသက်ဝင်လာစေနိုင်သော ကုထုံးနောက်ပိုင်းတွင် ဖြစ်သော သွေးထဲသို့ ဆိုက်တိုကိုင်းန်အမြောက်အမြား ထုတ်လွှတ်လိုက်သည့် ရောဂါလက္ခဏာစု ဖြစ်သည်။ ထိုကုသမှုများကြောင့် သွေးထဲသို့ ဆိုက်တိုကိုင်းန်များထုတ်လွှတ်စေနိုင်ပြီး ကိုယ်ခန္ဓာအနှံ့တွင် ကိုယ်ခံအားစနစ်တုံ့ပြန်မှု စတင်ဖြစ်ပေါ်လာစေသည်။
၀ - ၁၈ နှစ်အကြားဖြစ်သော ကလေးဘဝ ကင်ဆာရောဂါတွင် CRS ကိုဖြစ်စေတတ်သည့် ရောဂါပြီးကုထုံးဆိုင်ရာ ဆေးဝါးများတွင် ဘလီနာတူနိုမတ်ဘ်နှင့် တီဆူဂျန်လာလူဆယ်လ်တို့ပါဝင်ကြသည်။
ကလေးကင်ဆာလူနာများတွင် ရောဂါပြန်ဖြစ်သောလူနာ သို့မဟုတ် ကုသမှုကိုတုံ့ပြန်မှုမရှိသောလူနာ များ၏ ပြင်းထန် ပြန်ရည်ဆဲလ်ကွဲ သွေးကင်ဆာ (ALL)ကို ကုသရာတွင် CAR တီဆဲလ်အသုံးပြု၍ ကိုယ်ခံအားစနစ်ကို မြှင့်တင်ပေးသော ကုသမှုကို လက်ရှိအချိန်တွင် မကြာခဏအသုံးပြုကြသည်။
CRS ကိုကုသရာတွင် ကိုယ်ခံအားစနစ်၏တုံ့ပြန်မှုကို လျော့ချနိုင်ရန် လူနာအား စောင့်ကြည့်လေ့လာခြင်း၊ ဓာတ်ခွဲစစ်ဆေးမှုများပြုလုပ်ခြင်း၊ ရောဂါလက္ခဏာတို့ကိုကုသခြင်းနှင့် ဆေးပေးခြင်းတို့ ပါဝင်ကြသည်။ ကုသပေးသည့်အဖွဲ့မှ ရောဂါလက္ခဏာများပိုဆိုးလာခြင်းရှိ/မရှိနှင့် ကိုယ်တွင်းအင်္ဂါများ အလုပ်မလုပ်နိုင်တော့သည့် လက္ခဏာများရှိ/မရှိတို့ကို စောင့်ကြည့်လေ့လာမည် ဖြစ်သည်။ သွေးထဲသို့ ဆိုက်တိုကိုင်းန်အမြောက်အမြား ထုတ်လွှတ်လိုက်သည့် ရောဂါလက္ခဏာစု၏ ပြင်းထန်မှု သို့မဟုတ် အဆင့်တို့အပေါ်မူတည်၍ ကုသမှုများကို ပြုလုပ်ခြင်း ဖြစ်သည်။ ကင်ဆာရောဂါနှင့် ဆက်စပ်ဖြစ်လာသည့် ရောဂါများစွာရှိနေသော ကလေးလူနာများတွင် ပိုမိုပြင်းထန်သည့် CRS ဖြစ်လာနိုင်ခြေပိုရှိသည်။
CRS ဖြစ်နိုင်ခြေရှိသောလူနာများကို အနီးကပ်စောင့်ကြည့်လေ့လာသင့်သည်။ အထူးသဖြင့် ရောဂါပြီးကုထုံးအပြီး ပထမအပတ်များတွင် ဖြစ်သည်။
CRS အား စောင့်ကြည့်ရာတွင် အောက်ပါတို့ကို လုပ်ဆောင်သည်။
လူနာတစ်ဦးတစ်ယောက်စီတွင် ဖြစ်ပေါ်လာသော ရောဂါလက္ခဏာများကို ကုသပေးရန် CRS စင်တာများ လူနာတချို့ကို အထူးကြပ်မတ်ကုသဆောင်တစ်ခုတွင် ကုသပေးရန် လိုအပ်လာနိုင်သည်။
အထောက်အကူဖြစ်စေသည့် ကုသမှုများတွင် အောက်ပါတို့ပါဝင်သည်။
ဦးနှောက်နှင့် အာရုံကြောစနစ်ကို ထိခိုက်နိုင်ခြေရှိသောလူနာများတွင် ကိုယ်ခံအားစနစ်ကို မြှင့်တင်ပေးသော ကုသမှုနှင့်အတူဖြစ်ပေါ်လာနိုင်သော အတက်ရောဂါအားကာကွယ်နိုင်ရန် လယ်ဗီတီရာဆီတမ် (Keppra®) ဆေးဖြင့် ကုသပေးနိုင်သည်။
ပြင်းထန်သည့် CRS ဖြစ်နေသော လူနာများကို ကိုယ်ခံအားစနစ်တုံ့ပြန်မှုကို တန်ပြန်ကုသပေးနိုင်သည့် ဆေးများဖြင့်ကုသသည်။ ထိုဆေးများသည် ဆိုက်တိုကိုင်းန်အမျိုးအစားတစ်ချို့ကို ပိတ်ဆို့နိုင်သော ကုသမှုများပါဝင်သည်။ အလားတူ ကိုယ်ခံအားစနစ်ကို ချိုးနှိမ်ပေးသော ဆေးဝါးများလည်း ပါဝင်ကြသည်။
များသောအားဖြင့် ဦးတည်ချက်ထားသော ဆိုင်တိုကိုင်းန်အမျိုးအစားမှာ အင်တာလူကင်-၆ (interleukin-6-IL-6)ဖြစ်သည်။ IL-6 အား ဟန့်တားနိုင်ရန် များသောအားဖြင့် အသုံးပြုလေ့ရှိသောဆေးများမှာ တိုဆီလိုင်ဇူမတ်ဘ် နှင့် ဆစ်တူလ်ဇီမတ်ဘ်တို့ ဖြစ်ကြသည်။
ကော်တီကိုစတီးရွိုက် ပါသောဆေးများ ဥပမာ။ ။ မီသိုင်းလ်ပရက်ဒ်နီဆိုဆိုလွန်း သို့မဟုတ် ဒီဇာမီသာဇုန်း တို့ကိုလည်း ရောင်ရမ်းခြင်းနှင့် ကိုယ်ခံအားစနစ်တုံ့ပြန်မှုတို့ကို လျော့ချပေးနိုင်ရန် အသုံးပြုနိုင်သည်။ ထိုဆေးများသည် ဆိုင်တိုကိုင်းန်အမျိုးအစားတစ်မျိုးမျိုးကို ဦးတည်ချက်ထားခြင်းမရှိဘဲ ကိုယ်ခံအားစနစ်ကို ကျယ်ကျယ်ပြန့်ပြန့် ချိုးနှိမ်ပေးနိုင်သော ဆေးဝါးများဖြစ်သည်။
ကိုယ်ခံအားစနစ်ကို ချိုးနှိမ်ပေးသော ဆေးဝါးများသည် ကိုယ်ခံအားစနစ်ကို မြှင့်တင်ပေးသော ကုသမှု၏ ကင်ဆာရောဂါအားတိုက်ခိုက်နိုင်မှုကို အဟန့်အတားဖြစ်စေနိုင်သည်။ ထိုအပြင် အခြားဘေးထွက်ဆိုးကျိုးများကိုလည်း ဖြစ်စေနိုင်သောကြောင့် ထိုဆေးများကို ကင်ဆာလူနာတိုင်းတွင် အသုံးပြုလေ့မရှိပါ။
ဖြစ်တန်ရာသော အကျိုးနှင့် အပြစ်တို့ကို ချိန်ဆ၍ အကောင်းဆုံးကုသမှု အစီအစဉ်တစ်ခုကို ကုသပေးသည့်အဖွဲ့မှ သတ်မှတ်ပေးပါလိမ့်မည်။
သွေးထဲသို့ ဆိုက်တိုကိုင်းန်အမြောက်အမြား ထုတ်လွှတ်လိုက်သည့်အခြေအနေဆိုသည်မှာ ကိုယ်ခံအားစနစ်ကို မြှင့်တင်ပေးသော ကုသမှုကြောင့်ဖြစ်သော ပြင်းထန်သည့် နောက်ဆက်တွဲ အခြေအနေတစ်ခု ဖြစ်သည်။ ဖြစ်နိုင်ခြေရှိသောလူနာများကို အနီးကပ်စောင့်ကြည့်လေ့လာသည်။ ကုသမှုတိုင်း၏ ဦးတည်ချက်မှာ ရောဂါလက္ခဏာများအား ကုသရန်နှင့် ကိုယ်တွင်းအင်္ဂါများ၏ လုပ်ငန်းစွမ်းဆောင်မှုတို့ကို ထောက်ကူပေးရန် ဖြစ်သည်။
သွေးထဲသို့ ဆိုက်တိုကိုင်းန်အမြောက်အမြား ထုတ်လွှတ်လိုက်သည့် ရောဂါလက္ခဏာစုကို နားလည်သဘောပေါက်စေရန် သင်၏ဆရာဝန်မှ ကူညီရှင်းပြပေးနိုင်မည်ဖြစ်ပြီး၊ သင့်ကလေးတွင်လည်း ထိုသို့ဖြစ်နိုင်ခြေရှိ/မရှိကိုလည်း သင့်အား အသိပေးနိုင်မည် ဖြစ်သည်။ မည်သည့်ကျန်းမာရေးဆိုင်ရာစိုးရိမ်ပူပန်များအကြောင်းကိုမဆို သင်၏ကျန်းမာရေးစောင့်ရှောက်မှုအဖွဲ့နှင့် အမြဲပြောဆိုပြီး ကုသမှုအတောအတွင်း သို့မဟုတ် ကုသမှုနောက်ပိုင်း ဖြစ်ပေါ်သော ရောဂါလက္ခဏာများအတွင်း ပြောင်းလဲမှုများကို တင်ပြပါ။
---
ဤဆောင်းပါးတွင် ဖော်ပြထားသည့် မည့်သည့်ကုန်ပစ္စည်းအမှတ်တံဆိပ်ကိုမျှ သုံးစွဲရန် Together က ထောက်ခံချက် မပေးပါ။
---
တည်းဖြတ်ပြီး- ၂၀၁၉ ခုနှစ်၊ မတ်လ