အဓိကအကြောင်းအရာ skip

ကြိုဆိုပါသည်

Together သည် - လူနာများနှင့် မိဘများ၊ မိသားစုဝင်များနှင့် သူငယ်ချင်းများအပါအဝင် - ကလေးကင်ဆာကြောင့် ထိခိုက်မှုရှိသူတိုင်းအတွက် ရင်းမြစ်အသစ်တစ်ခု ဖြစ်ပါသည်။

ပိုမိုလေ့လာရန်

အနာကျက်နှေးခြင်း

အနာကျက်နှေးခြင်းဆိုတာ ဘာလဲ?

အနာတစ်ခု သို့မဟုတ် အရေပြားရှိအနာတစ်ခုတို့သည် ပျောက်ကင်းသွားရန် ပုံမှန်ထက် အချိန်ပိုကြာနေပါက အနာကျက်နှေးခြင်း ဟုခေါ်သည်။ ကင်ဆာရောဂါဖြစ်ပွားနေစဉ် အနာကျက်နှေးခြင်း ဖြစ်ပွားရခြင်းမှာ အရေပြား၊ သွေးဆဲလ်များ၊ သွေးကြောများနှင့် ကိုယ်ခံအားစနစ်တို့တွင် ပြောင်းလဲမှုများ ဖြစ်ပေါ်ခြင်းတို့ကြောင့် ဖြစ်သည်။

ကလေးကင်ဆာလူနာများတွင် ကောင်းစွာမပျောက်ကင်းတတ်သည့် အနာများမှာ ခွဲစိပ်ရာနေရာများ၊ အိပ်ရာပူနာများအစာသွင်းပိုက်များ သို့မဟုတ် ပင်မသွေးကြောပိုက်တို့ တပ်ထားသည့် နေရာများနှင့် ပြတ်ရှဒဏ်ရာများ သို့မဟုတ် ပွန်းပဲ့ဒဏ်ရာများ စသည်တို့ ပါဝင်ကြသည်။ ပျောက်ကင်းမှု နှေးကွေးနေသော အနာများသည် နာကျင်ကိုက်ခဲခြင်း၊ မသက်မသာဖြစ်ခြင်း၊ ရောဂါပိုးဝင်ရောက်ရန် အခွင့်သာစေခြင်း၊ ကင်ဆာကုသမှုများနှောင့်နှေးစေခြင်း စသည်တို့ကို ဖြစ်စေနိုင်သည်။

ကင်ဆာဖြစ်နေစဉ် အနာကျက်နှေးစေသည့် အချက်များမှာ

  • ကီမိုဆေးသွင်းကုသခြင်း
  • ဓာတ်ကင်ခြင်းကုထုံး
  • ကင်ဆာကျိတ်၏ သွေးကြောအသစ်ဖြစ်စေနိုင်မှုကို တားဆီးသော ဆေးဖြင့်ကုသည့် ကုထုံး
  • ဆီးချို
  • ‌ကော်တီကိုစတီးရွိုက်ပါသော ဆေးများ
  • ဦးနှောက်နှင့် ကျောရိုးနာ့ဗ်ကြော အပြင်ဘက်ရှိ အာရုံကြောများ ထိခိုက်ပျက်စီးမှု
  • အဝလွန်ခြင်း
  • ဖူးရောင်ခြင်း (ရောင်ရမ်းခြင်း)
  • လှုပ်ရှားမှု နည်းပါးခြင်း
  • ထိုဧရိယာသို့ သွေးကောင်းစွာ မပေးပို့နိုင်ခြင်း
  • ကူးစက်ရောဂါ
  • အစာအာဟာရ မပြည့်ဝခြင်း
  • စိတ်ဖိစီးမှု
  • အရက်သေစာသောက်စားခြင်း
  • ‌ဆေးလိပ်သောက်ခြင်း
 

အနာကျက်ပုံ အဆင့်ဆင့်

အနာပျောက်ကင်းသွားရန်မှာ အဆင့်ဆင့် သို့မဟုတ် တစ်ဆင့်ပြီးတစ်ဆင့် ဖြစ်ပေါ်လာသည်။ ယေဘုယျအားဖြင့် ထိုအဆင့်တို့မှာ

  1. သွေးထွက်ခြင်းနှင့် သွေးခဲခြင်း – သွေးကြောများကို ညှစ်လိုက်ရာမှ သွေးစီးဆင်းမှုကို နှေးကွေးသွားစေပြီး၊ သွေးခဲဖြစ်ပေါ်စေသည်။ သွေးထဲရှိသွေးဥမွှားများ လှုပ်ရှားသက်ဝင်လာပြီး ၎င်းတို့တစ်ခုနှင့်တစ်ခု ပူးကပ်လိုက်ပြီး သွေးထွက်ခြင်းကို ရပ်တန့်သွားစေသည်။
  2. ရောင်ရမ်းခြင်း – သွေးဖြူဥဆဲလ်များသည် ဒဏ်ရာရသည့်နေရာသို့သွားရောက်ပြီး ဆဲလ်သေများ၊ ရောဂါပိုးများနှင့် ဖုန်မှုန့်တို့ကို ဖယ်ရှားလိုက်သည်။ တစ်ရှူးအသစ်များ စတင်ကြီးထွားလာစေရန် ဆဲလ်များကြီးထွားစေရန်လှုံ့ဆော်ပေးသည့်အရာများ အား သတင်းပို့သည့် ဆဲလ်များက အချက်ပြလိုက်သည်။
  3. တစ်ရှူးအသစ်ကြီးထွားခြင်း – သွေးကြောအသစ်များ၊ ကော်လာဂျင်နှင့် အရေပြားဆဲလ်များ စတင်ကြီးထွားလာပြီးနောက် အနာ၏အစွန်းဘက်များကို ပူးကပ်သွားစေသည်။
  4. ရင့်သန်လာစေခြင်း – အသစ်ဖြစ်ပေါ်လာသော တစ်ရှူးသည် ပျက်စီးနိုင်ခြေနည်းလာပြီး ပို၍သန်မာလာသည်။

အရေပြားသည် အနာရှိပါက သူဘာသူပျောက်ကင်းသွားနိုင်သည့် ထူးခြားသော အစွမ်းသတ္တိရှိသည်။ သို့သော်လည်း အ‌ရေပြားသည် ကောင်းစွာပျောက်ကင်းသွားသည့်တိုင်အောင် ယခင်က ဒဏ်ရာအနာတရ မဖြစ်ခဲ့ဖူးသောအရေပြားကဲ့သို့ အကောင်းပတိ မဖြစ်နိုင်ပါ။

ကင်ဆာကုသမှုများနှင့် အနာကျက်ခြင်း

ကင်ဆာကုသမှုများသည် အနာကျက်နှေးခြင်း သို့မဟုတ် အနာအပြည့်အဝ မပျောက်ကင်းခြင်းတို့ မကြာခဏ ဖြစ်စေတတ်သည်။ ကုသမှုများက အရေပြားနှင့် အနာကျက်ခြင်းတို့ကို မည်သို့ထိခိုက်စေတတ်ကြောင်းကို နားလည်သိရှိထားပါက မိသားစုဝင်များအနေဖြင့် ထိုသို့ဖြစ်နိုင်ခြေရှိသော ဘေးထွက်ဆိုးကျိုးများအတွက် ကြိုတင်ပြင်ဆင်ထားနိုင်ပြီး အနာနှင့် အရေပြားတို့ကိုလည်း ပိုမိုကောင်းမွန်စွာ ဂရုစိုက်ပေးနိုင်မည် ဖြစ်သည်။

ကီမိုဆေးသွင်းကုသခြင်းနှင့် အနာကျက်ခြင်း

ကီမိုဆေးသွင်းကုသခြင်း ကြောင့် မတူညီသောဘေးထွက်ဆိုးကျိုးများကို ဖြစ်စေနိုင်ပြီး အရေပြားနှင့် အရေပြား၏ အနာကျက်စေနိုင်စွမ်းတို့ကိုပါ ထိခိုက်စေသည်။ ၎င်းတို့တွင် အောက်ပါတို့ပါဝင်သည်-

  • အရေပြားယားယံခြင်းနှင့် အနာဖြစ်လွယ်ခြင်း
  • အကယ်၍ ကီမိုဆေးကို သွေးပြန်ကြောမှတစ်ဆင့် သွင်းပါက ထိုသွေးပြန်ကြောအပ်ထိုးထားသည့်နေရာရှိ တစ်ရှူးများပျက်စီးသွားခြင်းနှင့် အနာများဖြစ်ခြင်း
  • အနာဖြစ်နေသည့်နေရာသို့ သွေးစီးဆင်းမှု လျော့ကျလာခြင်း
  • ကော်လာဂျင်ထုတ်လုပ်မှု လျော့ကျလာခြင်း
  • အရေပြားကြံ့ခိုင်မှု လျော့ကျလာခြင်း

ကီမိုဆေးသွင်းကုသခြင်းကြောင့် အနာကျက်ခြင်းအပေါ်တွင် ထိခိုက်နိုင်မှုသည် ဆေးပမာဏ၊ အကြိမ်ရေ၊ ကြာချိန်၊ ဆေးသွင်းသည့် အဆင့် စသည့်အချက်အလက်များအပေါ်တွင် မူတည်ပါသည်။ ဆေးအမျိုးအစားများစွာကို အသုံးပြုပါက ထိုဆေးများ၏သက်ရောက်မှုမှာလည်း မျိုးစုံဖြစ်နိုင်သည်။

ဓာတ်ရောင်ခြည်ဖြင့် ကုသခြင်းနှင့် အနာကျက်ခြင်း

ဓာတ်ရောင်ခြည်ဖြင့် ကုသခြင်း အထူးသဖြင့် အနာသည် ဓာတ်ရောင်ခြည်ဖြင့် ကုသနေသည့်နေရာ အနီးတစ်ဝိုက်တွင်ရှိနေပါက အနာကျက်နှေးစေနိုင်သည်။ အရေပြားပေါ်တွင် ဓာတ်ရောင်ခြည်၏ သက်ရောက်မှုများမှာ

  • အရေပြားယားယံခြင်း၊ အရေပြားခြောက်ခြင်းနှင့် အဖတ်များဖြစ်လာခြင်း
  • အရေပြားပါးလာခြင်း
  • အရေပြားကြံ့ခိုင်မှု လျော့ကျလာခြင်း
  • အရေပြားနှင့် တွယ်ဆက်တစ်ရှူးများ ထူထဲလာခြင်း (တစ်ရှူးအမျှင်များ ပွားများလာခြင်း)
  • သွေးကြောများကိုထိခိုက်စေခြင်းနှင့် သွေးစီးဆင်းမှု လျော့ကျလာခြင်း

ယေဘုယျအားဖြင့် ဓာတ်ရောင်ခြည် ပမာဏများများ သို့မဟုတ် အကြိမ်ရေ စိပ်စိပ်ပေးပါက အနာကျက်နှေးသွား စေနိုင်သည်။

အခြားသော ကင်ဆာကုသမှုများဖြစ်သည့် ကင်ဆာဆဲလ်ကိုသာ ဦးတည်ချက်ထား၍ ကုသခြင်း နှင့် ကိုယ်ခံအားစနစ်ကို မြှင့်တင်ပေးသော ကုသမှု၊ တို့မှာလည်း အရေပြားနှင့် အနာကျက်ခြင်းတို့ကို ထိခိုက်စေနိုင်သည်။

အနာကျက်နှေးခြင်းအား ဆေးဝါးဖြင့်ကုသခြင်း

အနာကုသရခြင်း၏ အဓိကပန်းတိုင်များမှာ အနာဖြစ်နေသည့် ဧရိယာကို သန့်သန့်ရှင်းရှင်းထားခြင်း၊ ရောဂါပိုးဝင်ရောက်ခြင်းမှ ကာကွယ်ခြင်း၊ အရေပြားကို ပြုစုကုသပေးခြင်းတို့ဖြစ်ကြသည်။ သို့မှသာ အရေပြားသည် အာဟာရပြည့်ဝလာပြီး အနာပျောက်ကင်းသွားမည်ဖြစ်သည်။ အနာကုသခြင်းတွင် အောက်ပါတို့ပါဝင်ကြသည်။

  • အနာနှင့် အနာတစ်ဝိုက်ရှိ အရေပြားတို့ကို သန့်ရှင်းခြောက်သွေ့စွာထားရှိခြင်း၊
  • အရေပြားအား စိုစွတ်နေစေပြီး ရောဂါပိုးအလွယ်တကူမဝင်စေရန် သို့မဟုတ် ရောဂါပိုးများသေစေရန် လိမ်းဆေးများနှင့် အခြားသော အနာကုသရာတွင် အသုံးပြုသည့် ပစ္စည်းများအသုံးပြုခြင်း၊
  • အနာတစ်ဝိုက် ဧရိယာကိုကာကွယ်ထားရန် ပတ်တီးစည်းထားခြင်း၊

အနာကုသခြင်းအကြောင်းကို ပိုမိုလေ့လာပါ။

တစ်ချို့လူနာများတွင် အနာကျက်မြန်စေရန် ခွဲစိပ်ကုသခြင်း သို့မဟုတ် အခြားခွဲစိပ်မှုများ လုပ်ဆောင်ရန် လိုအပ်လာနိုင်သည်။ အတွေ့ရများသော အနာကုသရန်အတွက် ပြုလုပ်သော ခွဲစိပ်မှုအမျိုးအစားများမှာ ဆဲလ်အသေများကို ဖယ်ရှားခြင်း၊ အနာပေါက်ပိတ်စေရန် သို့မဟုတ် တစ်ရှူးများပြုပြင်ရန် ခွဲစိပ်ခြင်းနှင့် လေစုပ်ခြင်းနည်းဖြင့် အနာကုသခြင်း (“wound vac”)။ လူနာတစ်ဦးတစ်ယောက်ချင်း၏ လိုအပ်ချက်များအရ ကုသပေးသည့်အဖွဲ့မှ ကုသမှုနည်းလမ်းများကို ဆွေးနွေးပြောဆိုပါလိမ့်မည်။

အနာကျက်မြန်စေရန် အထောက်အကူဖြစ်စေမည့် နည်းလမ်းများ

  • အနာကျက်ခြင်းအကြောင်းနှင့် ကင်ဆာကုသနေစဉ်အတွင်း မျှော်လင့်ထားရမည့် အကြောင်းအရာများအကြောင်းကို ကုသပေးသည့်အဖွဲ့ကို မေးမြန်းပါ။
  • အရေပြားနှင့် အနာတို့ကို ကုသပေးသည့်နည်းလမ်းများအတိုင်း လိုက်နာပါ။
  • အနာများနှင့် အထိမခံသော အရေပြားနေရာတို့ကို ဖုံးအုပ်ထားရန် ဂရုစိုက်ပါ။
  • အရေပြားကို ပုံမှန်စစ်ဆေးပါ။ ရောဂါပိုးဝင်သည့် လက္ခဏာများ သို့မဟုတ် အနာကျက်ခက်ခဲသည့် လက္ခဏာတို့ကို စောင့်ကြည့်ပါ။
  • ကျန်းမာရေးလျော်ညီသော ဓာတ်စာကိုသာ စားပါ။ သင့်ကလေး၏ အစားအစာတွင် စွမ်းအင်နှင့် တစ်ရှူးပြုပြင်ခြင်းတို့အတွက် ကယ်လိုရီနှင့် ပရိုတင်းဓာတ် လုံလောက်စွာ ပါဝင်နေစေရန် သတိပြုပါ။ ဗီတာမင် C နှင့် ဇင့် စသော ဗီတာမင်များနှင့် သတ္တုဓာတ်များကို လုံလုံ‌လောက်လောက် စားပေးရန် အရေးကြီးသည်။ ပရိုတင်းဓာတ်ပါသော အစားအစာများနှင့် အခြားသော အာဟာရလမ်းညွှန်ချက်များအကြောင်းကို choosemyplate.govတွင် ပိုမိုလေ့လာပါ။