အဓိကအကြောင်းအရာ skip

ကြိုဆိုပါသည်

Together သည် - လူနာများနှင့် မိဘများ၊ မိသားစုဝင်များနှင့် သူငယ်ချင်းများအပါအဝင် - ကလေးကင်ဆာကြောင့် ထိခိုက်မှုရှိသူတိုင်းအတွက် ရင်းမြစ်အသစ်တစ်ခု ဖြစ်ပါသည်။

ပိုမိုလေ့လာရန်

သွေးထွက်ခြင်းနှင့် အညိုအမည်းစွဲခြင်း

တချို့ကင်ဆာရောဂါများနှင့် ကင်ဆာကုသမှုများသည် သွေးထွက်ခြင်း၊ အညိုအမည်းစွဲခြင်းနှင့် လူနာ၏အရေပြားပေါ်တွင် သေးငယ်သော အနီရောင် သို့မဟုတ် ခရမ်းရောင်အစက်ကလေးများ ဖြစ်ပေါ်လာစေနိုင်သည်။ ထိုလက္ခဏာများမှာ သွေးထဲရှိ သွေးဥမွှား များ လျော့နည်းလာခြင်းကြောင့် ဖြစ်သည်။ သွေးထွက်ရပ်သွားစေရန် သို့မဟုတ် နှေးသွားစေရန်အတွက် သွေးခဲဖြစ်ပေါ်စေရန် သွေးဥမွှားများက ကူညီပေးသည်။

သွေးထဲတွင်ရှိသင့်သည့် ပုံမှန်အရေအတွက်ထက် သွေးဥမွှားလျော့နည်းနေသည့် အခြေအနေကို သွေးဥမွှားအရေအတွက်နည်းခြင်းဟုခေါ်သည်။ ပုံမှန်သွေးဥမွှားအရေအတွက်မှာ ၁၅၀,၀၀၀ နှင့် ၃၀၀,၀၀၀ ကြားတွင်ရှိသည်။

သင့်ကလေးတွင် သွေးထွက်ခြင်းပြဿနာများ၊ ယခင်ကမတွေ့ဖူးသော အညိုအမည်းစွဲခြင်း သို့မဟုတ် အနီရောင် သို့မဟုတ် ခရမ်းရောင်အစက်များကို မြင်တွေ့သည်နှင့် ကုသပေးသည့်အဖွဲ့ကို ချက်ချင်းပြောပြရန် အရေးကြီးပါသည်။ ထို အစက်များကို ပီတီခီးယား(သွေးခြေဥ)ဟု ခေါ်သည်။

သွေးဥမွှားအရေအတွက်နည်းနေပါက တစ်ခါတစ်ရံတွင် ပိုမိုပြင်းထန်သည့် လက္ခဏာများ ဖြစ်စေနိုင်သည်။

  • မိနစ်အနည်းငယ်ကြာသည့်တိုင်‌အောင် သွေးဆက်လက်ထွက်နေခြင်း
  • ပါးစပ်၊ နှာခေါင်းတို့မှ သွေးထွက်ခြင်း သို့မဟုတ် အန်ထွက်လာသည့်အခါတွင် သွေးပါလာခြင်း
  • ဓမ္မတာလာချိန်မဟုတ်ဘဲ မိန်းမကိုယ်မှ သွေးထွက်ခြင်း
  • ဓမ္မတာလာနေစဉ် သွေးထွက်ခြင်း၊ ပုံမှန် လာနေကျထက်ပိုများခြင်း သို့မဟုတ် ရက်ပိုကြာခြင်း
  • ဆီးအရောင် ပန်းရောင် သို့မဟုတ် အနီရောင်ဖြစ်နေခြင်း
  • ဝမ်းမည်းမည်း သို့မဟုတ် သွေးဝမ်းသွားခြင်း
  • ဆိုးဆိုးရွားရွား ခေါင်းကိုက်ခြင်းများ
  • အမြင်အာရုံ ပြောင်းလဲခြင်းများ
  • စိတ်ရှုပ်ထွေးခြင်း သို့မဟုတ် အိပ်ငိုက်နေသလို ခံစားနေရခြင်းများ

အထက်ပါ ရောဂါလက္ခဏာရပ်များတွေ့ရှိရပါက မိသားစုဝင်များက ကုသပေးသည့်အဖွဲ့ကို ပြောပြသင့်သည်။

သွေးထွက်ခြင်းနှင့် အညိုအမည်းစွဲခြင်းပြဿနာတို့အား ရှာဖွေဖော်ထုတ်ခြင်း

သွေးထွက်ခြင်းဖြစ်ပွားရသည့် အကြောင်းရင်းကို ဆရာဝန်များမှ ဦးစွာရှာဖွေသတ်မှတ်ရမည်။ အောက်ပါစမ်းသပ်စစ်ဆေးမှုများ ပါဝင်နိုင်သည်။

  • ခန္ဓာကိုယ်အား စမ်းသပ်စစ်ဆေးခြင်းနှင့် ရောဂါရာဇဝင်မေးမြန်းခြင်း – ကျန်းမာရေးဝန်ထမ်းမှ သွေးထွက်နေသည့် လက္ခဏာများကို ရှာဖွေပါလိမ့်မည်။ ဝမ်းဗိုက် ကိုစမ်းသပ်ပြီး သရက်ရွက် ကြီး/မကြီး စမ်းသပ်ပါလိမ့်မည်။
  • သွေးဖောက်စစ်ဆေးခြင်း (CBC)
  • သွေးခဲနိုင်မှုကို စမ်းသပ်ခြင်း – တစ်ခါတစ်ရံ၌ အဆိုပါစမ်းသပ်မှုများကို သွေးခဲနိုင်မှုကို စမ်းသပ်ခြင်းဟုလည်း ခေါ်ဆိုသည်။ သွေးခဲစေသည့်လုပ်ငန်းစဉ်ကို သက်ရောက်မှုရှိသော သွေးထဲရှိပရိုတင်းများကို စစ်ဆေးကြည့်ခြင်း ဖြစ်သည်။

သွေးဥမွှားအရေအတွက်လျော့နည်းရခြင်း အကြောင်းရင်းကို သိရှိနိုင်စေရန် ဆရာဝန်များမှ ရိုးတွင်းခြင်ဆီထုတ်ယူစစ်ဆေးခြင်း ကိုလည်း လုပ်ဆောင်နိုင်သည်။

သွေးဥမွှားအရေအတွက်နည်းခြင်းကို ကုသခြင်း

သွေးဥမွှားအရေအတွက် အလွန်အမင်းနည်းနေသည့် လူနာများတွင် အောက်ပါတို့လိုအပ်လာနိုင်သည်။

  • အခြေခံအကြောင်းတရားကို ကုသခြင်း — ဥပမာ။ ။ သွေးဥမွှားအရေအတွက်နည်းခြင်းမှာ ဆေးတစ်မျိုး၏ ဘေးထွက်ဆိုးကျိုးကြောင့် ဖြစ်ပွားပါက ထိုဆေးကိုရပ်လိုက်ခြင်းအားဖြင့် ပြဿနာကိုပြေလည်သွားစေနိုင်သည်။
  • သွေးသွင်းခြင်းများ — သွေးသွင်းခြင်းဖြင့် ပျောက်ဆုံးနေသော သွေးဥမွှားများကို သွေးဥမွှားအသစ်များဖြင့် အစားထိုးပေးနိုင်သည်။ အလှူခံထားသော သွေးဥမွှားများကို လူနာ၏ ပင်မသွေးပြန်ကြောတွင်းထည့်ထားသည့်ပိုက် သို့မဟုတ် သွေးပြန်ကြောပိုက်တို့မှတစ်ဆင့် သွင်းပါသည်။

၀ - ၁၈ နှစ်အကြားဖြစ်သော ကလေးဘဝ ကင်ဆာလူနာများတွင် သွေးထွက်ခြင်းနှင့် အညိုအမည်းစွဲခြင်းတို့ကို ကာကွယ်ရန်နည်းလမ်းများ

သွေးထွက်ခြင်းနှင့် အညိုအမည်းစွဲခြင်းတို့ကို ကာကွယ်ရန် လူနာများနှင့် လူနာ၏မိသားစုဝင်တို့မှ အောက်ပါအဆင့်တို့ကို လုပ်ဆောင်နိုင်သည်။

  • ဆေးဝါးတချို့နှင့် ဗိန္ဒောဆေးတို့ကို ရှောင်ပါ။ ဆေးဆိုင်တွင်အလွယ်တကူဝယ်ယူနိင်သော ဆေးဝါးအများစုတွင် သွေးထွက်ခြင်းကို ပိုမိုဖြစ်စေနိုင်သော (အကိုက်အခဲသက်သာစေသည့်ဆေးများဖြစ်သော) aspirin သို့မဟုတ် ibuprofen တို့ပါဝင်ပါသည်။ ဗိန္ဒောဆေးတချို့ကလည်း သွေးထွက်ခြင်းကို ဖြစ်စေနိုင်သည်။ သင့်အား ကုသပေးနေသည့်အဖွဲ့မှ ရှောင်ရမည့် ဆေးများနှင့် ဗိန္ဒောဆေးစာရင်းကို သင့်ကိုပေးထားနိုင်ပါသည်။ မရသေးပါက စာရင်းတစ်ခုပေးရန် တောင်းဆိုပါ။
  • အလွန်ပျော့ပြောင်းသော သွားတိုက်တံဖြင့် သွားကိုညင်သာစွာတိုက်ပါ။
  • အိမ်ထဲမှာလည်း ဖိနပ်စီးထားပါ။
  • ချွန်ထက်သောအရာဝတ္ထုများကို သတိကြီးကြီးဖြင့် ကိုယ်တွယ်ပါ။ အသက်ပိုကြီးသည့်လူနာများတွင် လျှပ်စစ်အမွှေးရိတ်စက်ကို အသုံးပြုသင့်သည်။ သင်တုန်းဓား မသုံးပါနှင့်။
  • အရေပြားခြောက်ခြင်းနှင့် နှုတ်ခမ်းကွဲခြင်းတို့ကို ကာကွယ်ရန် လိုးရှင်းလိမ်းဆေး နှင့် နှုတ်ခမ်းလိမ်းဆေးတို့ကို အသုံးပြုပါ။
  • ခန္ဓာကိုယ် အညိုအမည်း သို့မဟုတ် အနာတရာဖြစ်စေနိုင်သည့် ကိုယ်လက်လှုပ်ရှားမှုတို့ကို ရှောင်ကျဉ်ပါ။
  • ကိုယ်အပူချိန်ကို စအိုမှတစ်ဆင့်တိုင်းတာခြင်း မပြုလုပ်ရ။
  • အနာဖေးများ သို့မဟုတ် ဝက်ခြံဖုများကို မကုတ်ဖဲ့ရ။
  • ဓမ္မတာလာနေသည့် မိန်းကလေးများတွင် လစဉ်သုံးပစ္စည်း အတောင့်အစား၊ အဖတ်ကိုသာ အသုံးပြုပါ။

အိမ်တွင်ကုသနိုင်ရန် အကြံပြုချက်များ

သွေးထွက်ခြင်းနှင့် အညိုအမည်းစွဲခြင်းတို့အား အိမ်တွင် အောက်ပါနည်းလမ်းများအသုံးပြု၍ ကုသနိုင်သည်။

  • သွားဖုံးသွေးယိုခြင်း — ရေခဲရေဖြင့် ပါးလုတ်ကျင်းပါ။
  • နှာခေါင်းသွေးယိုခြင်း — သင့်ကလေးအား ထိုင်ခိုင်းထားပြီး၊ နှာတံအောက်တည့်တည့်နေရာရှိ၊ နှာခေါင်းပေါက်များကို ဖိထားပေးပါ။ ထိုနေရာကို လက်ညိုး၊ လက်မဖြင့် ၅-၁၀ မိနစ်လောက် အသာလေးဖိထားပေးပါ။
  • အခြားနေရာ သွေးထွက်ခြင်း — သွေးတိတ်သည်အထိ အဝတ်သန့်သန့်ဖြင့် ညင်သာစွာဖိထားပေးပါ။
  • အညိုအမည်းစွဲခြင်း — ဖြစ်သည့်နေရာကို မိနစ် ၂၀ ခန့် ရေခဲကပ်ထားပေးပါ။

အကယ်၍ ၅-၁၀ မိနစ်ကြာပြီးသည့်တိုင်အောင် သွေးဆက်ထွက်နေပါက ကုသပေးသည့်အဖွဲ့ကို အသိပေးပါ။

---
ပြန်လည်သုံးသပ်ခဲ့သည့်ရက်စွဲ- စက်တင်ဘာလ၊ ၂၀၁၈ ခုနှစ်