အဓိကအကြောင်းအရာ skip

ကြိုဆိုပါသည်

Together သည် - လူနာများနှင့် မိဘများ၊ မိသားစုဝင်များနှင့် သူငယ်ချင်းများအပါအဝင် - ကလေးကင်ဆာကြောင့် ထိခိုက်မှုရှိသူတိုင်းအတွက် ရင်းမြစ်အသစ်တစ်ခု ဖြစ်ပါသည်။

ပိုမိုလေ့လာရန်

မေ့ဆေးနှင့်မတည့်ခြင်း

မေ့ဆေးနှင့်မတည့်ခြင်း ဆိုသည်မှာ အဘယ်နည်း။

မေ့ဆေးနှင့်မတည့်ခြင်း (MH) ဆိုသည်မှာ မေ့ဆေးအဖြစ် အသုံးပြုသည့် အချို့သောဆေးဝါးများနှင့် ဆက်ဆီနိုင်းကိုလင်းဟုခေါ်သော အခြားဆေးဝါးများကို ပြင်းထန်စွာ တုံ့ပြန်ခြင်းဖြစ်သည်။ ဤသို့တုံ့ပြန်သူများတွင် သန္ဓေပြောင်းလဲမှုဟုခေါ်သော ရှားပါးမျိုးဗီဇပြောင်းလဲမှုရှိနိုင်သည်။ ဤမျိုးဗီဇပြောင်းလဲမှုရှိသည့်သူတွင် မေ့ဆေးနှင့်မတည့်ခြင်း ဖြစ်လွယ်မှု (MHS) ဟုခေါ်သော ရောဂါဖြစ်လွယ်သည့်မျိုးရိုးဗီဇဓာတ်ခံရှိသည်။

ကုသမှုနောက်ကျပါက MH သည် အသက်သေဆုံးသည်အထိ ဖြစ်စေနိုင်သည်။ သို့သော် အမြန်ကုသမှုခံယူပါက အသက်ရှင်သန်နှုန်းသည် များသောအားဖြင့် 90% အထက်ရှိပါသည်။

ခွဲစိတ်ခန်းအတွင်း ကုတင်ပေါ်တွင် လဲလျောင်းနေသည့် အောက်ဆီဂျင်ပိုက်တပ်ထားသော ကလေးတစ်ဦး၏ မှုန်ဝါးဝါးဓာတ်ပုံ

သင့်ကလေးအား ခွဲစိတ်မှုမပြုလုပ်မီ သင်၏ ကျန်းမာရေးစောင့်ရှောက်မှုအဖွဲ့က သင့်မိသားစုဝင် တစ်ဦးဦးတွင် မေ့ဆေးနှင့်မတည့်သည့် ပြင်းထန်သော တုံ့ပြန်မှုများရှိ၊ မရှိ မေးမြန်းပါမည်။ ဤအချက်အလက်ကို ထောက်ဆကြည့်ရှု၍ ဆရာဝန်က သင့်ကလေးအတွက် အသင့်တော်ဆုံး မေ့ဆေးကို ရွေးချယ်နိုင်ပါလိမ့်မည်။

မေ့ဆေးနှင့်မတည့်ခြင်း၏ ရောဂါလက္ခဏာများ

အများအားဖြင့် MHS ရှိသူများသည် “ရောဂါအစပျိုးစေသည့်အရာများ” ဟုခေါ်သည့် အချို့ဆေးဝါးများနှင့် မထိတွေ့မချင်း ရောဂါလက္ခဏာများကို ပြလေ့မရှိကြပါ။

ရောဂါလက္ခဏာများတွင် ပါဝင်သည်များ-

  • အသက်ရှူရခက်ခြင်း
  • နှလုံးခုန်မြန်ခြင်း
  • ချွေးထွက်ခြင်း
  • ကြွက်သားများတင်းခြင်း သို့မဟုတ် ကြွက်သားကျုံ့ခြင်း
  • ကိုယ်အပူချိန်မြင့်တက်ခြင်း

မေ့ဆေးနှင့်မတည့်ခြင်း ဖြစ်ရသည့်အကြောင်းရင်းများ

RYR1 သို့မဟုတ် CACNA1S မျိုးဗီဇပြောင်းလဲမှုသည် MHS ကို ဖြစ်ပွားစေသည်။ များသောအားဖြင့် မျိုးဗီဇပြောင်းလဲမှုသည် မိသားစုတွင် မျိုးရိုးလိုက်၍ ဖြစ်ပွားတတ်သည်။ သို့သော် တစ်ခါတစ်ရံတွင် မျိုးဗီဇပြောင်းလဲမှုသည် ကြုံသလို ဖြစ်ပွားပါသည်။

သင့်ကလေးအား ခွဲစိတ်မှုမပြုလုပ်မီ သင်၏ ကျန်းမာရေးစောင့်ရှောက်မှုအဖွဲ့က သင့်မိသားစုဝင် တစ်ဦးဦးတွင် မေ့ဆေးနှင့်မတည့်သည့် ပြင်းထန်သော တုံ့ပြန်မှုများရှိ၊ မရှိ မေးမြန်းပါမည်။ ဤအသေးစိတ်အချက်အလက်ကို ထောက်ဆကြည့်ရှု၍ ဆရာဝန်က သင့်ကလေးအတွက် အသင့်တော်ဆုံး မေ့ဆေးကို ရွေးချယ်နိုင်ပါလိမ့်မည်။

မေ့ဆေးနှင့်မတည့်ခြင်းအတွက် အန္တရာယ်ရှိသော အကြောင်းအချက်များ

RYR1 သို့မဟုတ် CACNA1S မျိုးဗီဇပြောင်းလဲမှုတစ်ခုသည် MH ဖြစ်နိုင်သည့်အန္တရာယ်ကို ပိုများစေသည်။ အထူးသဖြင့် သင်သည် ရောဂါအစပျိုးစေသည့်အရာများဟုခေါ်သော အချို့သောဆေးဝါးများနှင့် ထိတွေ့မိပါက ဤသို့ဖြစ်နိုင်သည့်အန္တရာယ် ပိုများပါသည်။ လူတချို့တွင် ဤဆေးများအနက် တစ်ခုကို ပထမဦးဆုံးအကြိမ်ပေးသည့်အချိန်တွင် MH စတင်ဖြစ်ပေါ်သည်။ အခြားသူများသည် ဆေးကိုအကြိမ်ကြိမ်ခံယူပြီးမှသာ တုံ့ပြန်မှုဖြစ်နိုင်သည်။

မိသားစုရာဇဝင် သို့မဟုတ် ယခင်က ထိုသို့ဖြစ်ဖူးသည့် တစ်ကိုယ်ရေဆေးဘက်ဆိုင်ရာ မှတ်တမ်းရှိလျှင်လည်း သင့်တွင် MH ဖြစ်နိုင်သည့်အန္တရာယ်များသည်။ များသောအားဖြင့် မေ့ဆေးမပေးမီတွင် မေ့ဆေးအဖွဲ့သည် သင် သို့မဟုတ် သင့်မိသားစုဝင်များကို မေ့ဆေးပေးဖူးခြင်းရှိ၊ မရှိနှင့် ၎င်းတို့ကို မေ့ဆေး‌ပေးချိန်တွင် ဘေးထွက်ဆိုးကျိုးများ ခံစားခဲ့ရခြင်းရှိ၊ မရှိ မေးမြန်းပါလိမ့်မည်။ မေ့ဆေးပေးနေစဉ်တွင်ဖြစ်စေ၊ မေ့ဆေးပေးပြီးလျှင်ပြီးချင်းဖြစ်စေ သင် သို့မဟုတ် မိသားစုဝင်တစ်ဦးတွင် တုံ့ပြန်မှုရှိခဲ့လျှင် သင့်ဆရာဝန်က သင့်အတွက် မည်သည့်မေ့ဆေးပေးရမည်ကို ရွေးချယ်သည့်အခါ ဤအချက်အလက်များကို ထည့်သွင်းစဉ်းစားပါမည်။

မေ့ဆေးနှင့်မတည့်ခြင်းရှိ၊ မရှိ စစ်ဆေးမှုများ

မျိုးရိုးဗီဇ စစ်ဆေးမှု

မျိုးရိုးဗီဇ စစ်ဆေးမှုသည် သင့်ကလေးတွင် မေ့ဆေးအချို့နှင့် ဓာတ်မတည့်တုံ့ပြန်နိုင်သည့် အန္တရာယ်ဖြစ်နိုင်သော မျိုးဗီဇပြောင်းလဲမှုရှိ၊ မရှိကို ပြသနိုင်သည်။

အကယ်၍ သင့်ကလေးတွင် RYR1 သို့မဟုတ် CACNA1S မျိုးဗီဇ ပြောင်းလဲမှုရှိကြောင်း စစ်ဆေးသိရှိရပါက သင့်ဆရာဝန်သည် သင့်ကလေးကို ဆေးဝါးအချို့ပေးမည်မဟုတ်ပါ။

ဆေးစစ်ချက်အရ သင့်ကလေးတွင် MH ဖြစ်နိုင်သည့်အန္တရာယ် သာမန်အဆင့် သို့မဟုတ် သာမန်အမြင့်အဆင့်ရှိကြောင်း ပြသပါမည်။

  • ရောဂါဖြစ်နိုင်သည့်အန္တရာယ် သာမန်အဆင့်- သင့်ကလေးတွင် အန္တရာယ်များသော မျိုးဗီဇပြောင်းလဲမှု သို့မဟုတ် မေ့ဆေးကို ပြင်းထန်စွာ တုံ့ပြန်ခဲ့ဖူးသည့် မှတ်တမ်းရာဇဝင် မရှိပါ။ ဤအုပ်စုဝင် လူတစ်ဦးတွင် MH ဖြစ်ပွားနိုင်ခြေ အလားအလာနည်းသည်။ လူဦးရေ၏ 99.98% ခန့်သည် ဤအုပ်စုတွင် ပါဝင်သည်။
  • ရောဂါဖြစ်နိုင်သည့်အန္တရာယ်မြင့်အဆင့်- သင့်ကလေးတွင် အန္တရာယ်များသော မျိုးဗီဇပြောင်းလဲမှု သို့မဟုတ် မေ့ဆေးကို ပြင်းထန်စွာ တုံ့ပြန်ခဲ့ဖူးသည့် မှတ်တမ်းရာဇဝင် ရှိသည်။ အချို့သော မေ့ဆေးအမျိုးအစားများပေးလျှင် ၎င်းတို့တွင် MH ဖြစ်နိုင်သည့်အလားအလာ ပိုများသည်။ လူ 10,000 တွင် 2 ဦးခန့်သည် ဤအုပ်စုတွင် ပါသည်။ ဤရလဒ်အကြောင်းကို သင့်ကလေး၏ ဆရာဝန်အားလုံးထံ သေချာအသိပေးထားပါ။

ကြွက်သား အသားစယူ၍ စစ်ဆေးမှု

သင့်ဆရာဝန်သည် သင့်ကလေးကို ကြွက်သား အသားစယူ၍ စစ်ဆေးမှုအတွက်လည်း ညွှန်းပေးနိုင်ပါသည်။ ဤစစ်ဆေးမှုကို caffeine halothane contracture test (ကဖင်းနှင့် ဟေလိုသိန်းဓာတ်ကို ကြွက်သားများ၏ တုံ့ပြန်နိုင်စွမ်းအား စစ်ဆေးမှု) ဟုခေါ်သည်။ ၎င်းသည် သင့်ကလေး၏ကြွက်သားမှ ထုတ်ယူထားသော တစ်ရှူးကို အသုံးပြုသည်။ ၎င်းသည် ကြွက်သားတစ်ရှူးများက အချို့သောဓာတုပစ္စည်းများကို တုံ့ပြန်မှုရှိ၊ မရှိ ကြည့်ရှုစစ်ဆေးသည်။ ထိုစစ်ဆေးမှုကို အထူးဆေးစစ်ဌာနတွင် ပြုလုပ်သည်။

မေ့ဆေးနှင့်မတည့်ခြင်းအတွက် ကုသမှု

သင့်ကလေးတွင် MH ရှိလျှင် သင့်စောင့်ရှောက်မှုအဖွဲ့သည် အောက်ပါတို့ကဲ့သို့ ကုသမှုများကို အသုံးပြုသည်-

  • သင့်ကလေး၏ ကြွက်သားများကို ပြေလျော့စေသော ဆေးဖြစ်သည့် ဒန်ထရိုလင်း
  • ခန္ဓာကိုယ်ကို အေးမြစေရန် ရေခဲထုပ်များ
  • IV အရည်များ (သွေးကြောမှ သွင်းပေးသည်)
  • စိတ်ငြိမ်ဆေးပေးခြင်း
  • အခြား ပံ့ပိုးကူညီစောင့်ရှောက်မှု

မေ့ဆေးနှင့်မတည့်ခြင်းအကြောင်း အဓိကအချက်များ

  • မေ့ဆေးနှင့်မတည့်ခြင်း (MH) သည် ရှားပါးသော မျိုးဗီဇပြောင်းလဲမှုရှိသူက မေ့ဆေးအချို့အား ပြင်းထန်စွာတုံ့ပြန်ခြင်း ဖြစ်သည်။
  • မျိုးရိုးဗီဇစစ်ဆေးမှုသည် သင့်ကလေးတွင် ဤဆေးများကို ပြင်းထန်စွာတုံ့ပြန်သည့် မျိုးဗီဇပြောင်းလဲမှုရှိ၊ မရှိကို ပြသနိုင်သည်။
  • မျိုးရိုးဗီဇစစ်ဆေးချက်များအရ သင့်ကလေးသည် MH ဖြစ်နိုင်သည့်အန္တရာယ်မြင့်အဆင့်တွင်ရှိပါက သင့်ဆရာဝန်များကို အသိပေးပါ။


ပြန်လည်သုံးသပ်သည့်ရက်စွဲ- ဇန်နဝါရီ 2023