အဓိကအကြောင်းအရာ skip

ကြိုဆိုပါသည်

Together သည် - လူနာများနှင့် မိဘများ၊ မိသားစုဝင်များနှင့် သူငယ်ချင်းများအပါအဝင် - ကလေးကင်ဆာကြောင့် ထိခိုက်မှုရှိသူတိုင်းအတွက် ရင်းမြစ်အသစ်တစ်ခု ဖြစ်ပါသည်။

ပိုမိုလေ့လာရန်

ဆံပင်ကျွတ်ခြင်း

ဆံပင်ကျွတ်ခြင်း (အယ်လိုပီးဆီးယား)သည် ကီမိုဆေးသွင်းခြင်းကုထုံးနှင့် ဓာတ်ရောင်ခြည် ကုထုံးအပါအဝင် ကင်ဆာရောဂါကုထုံးအချို့၏ ဘေးထွက်ဆိုးကျိုးတစ်ခုဖြစ်ပါသည်။ ဆံပင်ကြီးထွားခြင်းကို ထိန်းချုပ်သည့် ဆဲလ်များသည် ကြီးထွားမှုနှုန်းမြန်ဆန်သည့် ဆဲလ်များဖြစ်ပြီး ကင်ဆာဆဲလ်များကိုတိုက်ခိုက်သည့် ကုသမှုများကြောင့် ၎င်းဆဲလ်များအား ထိခိုက်မှုဖြစ်စေပါသည်။ များစွာသော ကင်ဆာကုသမှုများသည် ကင်ဆာဆဲလ်များနှင့် ဆံပင်အိတ်ဆဲလ်များကဲ့သို့သော ကြီးထွားမြန်ပြီး ပြိုကွဲလွယ်သည့်ဆဲလ်များကို တိုက်ခိုက်သဖြင့် ၎င်းကဲ့သို့ဆံပင်ကျွတ်ရခြင်းဖြစ်သည်။

ဆံပင်ကျွတ်ခြင်းသည် မည်သည့်အချိန်တွင်ဖြစ်မည်နှင့် မည်ကဲ့သို့ဖြစ်လာမည်နှင့် ဆံပင်ကျွတ်ခြင်း အန္တရာယ်တို့သည် မတူညီသည့်လူနာများနှင့် မတူညီသည့်ကုသမှုများအပေါ် မူတည်ပါသည်။ ကီမိုဆေးသွင်းခြင်းကုထုံး နှင့် အခြားကင်ဆာဆေးများကြောင့်ဖြစ်သည့် ဆံပင်ကျွတ်ခြင်းသည် ယာယီသာဖြစ်လေ့ရှိပြီး ကုသမှု ပြီးဆုံးပြီးနောက်ပိုင်းတွင် ဆံပင် ပြန်ပေါက်လာလိမ့်မည်။ သို့သော် အချို့လူနာများသည် ဆံပင်ကြီးထွားမှု၊ ဆံပင်သား သို့မဟုတ် ဆံပင်ပုံပန်းသဏ္ဍာန်တို့တွင် အပြောင်းအလဲများ အချိန်ကြာမြင့်စွာ ရှိနေနိုင်ပြီး အထူးသဖြင့် ဓာတ်ရောင်ခြည်ကုထုံးပြီးနောက် ၎င်းကဲ့သို့ ဖြစ်နိုင်သည်။

ဆံပင်ကျွတ်ခြင်းသည် ကင်ဆာရောဂါ ရင်ဆိုင်နေရသော ကလေးများနှင့် ဆယ်ကျော်သက်များအတွက် စိုးရိမ်သောကနှင့် စိတ်ပူပန်မှုတို့ အကြီးအကျယ် ဖြစ်စေနိုင်သည်။ ကင်ဆာရောဂါ ကုသမှုတစ်ခုသည် ဆံပင်ကျွတ်ခြင်းနှင့် အခြားမျှော်လင့်ပြင်ဆင်ထားရမည့် အရာများရှိနေပါက မိသားစုဝင်များသိရှိအောင် ပြုစုစောင့်ရှောက်ရေးအဖွဲ့များကကူညီပေးနိုင်သည်။

ကီမိုဆေးသွင်းခြင်းကုထုံးပြီးနောက် ဆံပင်ကျွတ်ခြင်း

ကီမိုဆေးသွင်းခြင်းကုထုံးဆေးများအားလုံး ဆံပင်ကျွတ်ခြင်းဖြစ်စေသည် မဟုတ်ပါ။ အချို့သောဆေးဝါးများသာ ဆံပင်ကျွတ်ခြင်းအန္တရာယ် အလွန်မြင့်မားခြင်းဖြစ်သည်။ အခြားဆေးဝါးများသည် ဆံပင်ကျွတ်ခြင်းကို ရံဖန်ရံခါမှဖြစ်စေသည် သို့မဟုတ် သတိပြုမိလောက်အောင်အထိ ဆံပင်ကျွတ်ခြင်း မရှိပေ။ ဆံပင်ကျွတ်သည့်ကာလနှင့် ဆံပင်ကျွတ်သည့်ပမာဏသည် ကီမိုဆေးသွင်းခြင်း ကုထုံးအမျိုးအစား၊ ဆေးပမာဏနှင့် အချိန်ဇယားပေါ်တွင်မူတည်သည်။

ဦးခေါင်းအရှေ့ပိုင်းရှိ ဆံပင်အလွန်မထူထဲသည့် ဦးရေပြားများမှ ဆံပင်ကျွတ်ခြင်းသည် ထင်သာမြင်သာရှိသည်။ အချို့လူနာများမှာမူ လုံးဝ ဆံပင်ကျွတ်ပြီး ကတုံးဖြစ်လာသည်။ အခြားသော လူနာများအနေဖြင့် ဆံပင်ပါးခြင်း သို့မဟုတ် ဆံပင်အကွက်လိုက်ကျွတ်ခြင်းဖြစ်နိုင်သည်။ ကီမိုဆေးသွင်းခြင်း ကုထုံးသည် ခန္ဓာကိုယ်တလျှောက် ပျံ့နှံ့သွားသောကြောင့် ဆံပင်ကျွတ်ခြင်းတွင် မျက်တောင်မွေး၊ မျက်ခုံးမွေးနှင့် ခန္ဓာကိုယ်ရှိ အမွေးအမှင်များလည်း ပါဝင်နိုင်ပါသည်။

လူနာအများပြားအတွက်မူ၊ ကီမိုဆေးသွင်းခြင်း ကုထုံးစတင်ပြီး ရက်သတ္တပတ် ၂ ပတ်မှ ၄ ပတ် အကြာတွင် ဆံပင်ကျွတ်ခြင်း စဖြစ်လေ့ရှိသည်။ ဆံပင် အကွက်လိုက် ကျွတ်ကျနိုင်သည် သို့မဟုတ် တဖြည်းဖြည်းချင်း ပါးနိုင်သည်။ ကီမိုဆေးသွင်းခြင်း ကုထုံး ပြီးဆုံးသည့်အခါ ဆံပင်နှင့်အမွေးအမှင်များ စတင်၍ပြန်ထွက်လာလိမ့်မည်။ ဆံပင်နှင့်အမွေးအမှင်များအသစ် ပြန်ထွက်လာသည်ကို မြင်နိုင်ရန်အတွက် ၂ လ မှ ၃ လခန့် အချိန်ကြာမြင့်တတ်သည်။ ဆံပင်သား မတူကွဲပြားခြင်းသည် အထူးသဖြင့် ဦးစွာဖြစ်လာနိုင်သည်။ အချို့လူနာများတွင် ကီမိုဆေးကြောင့် ကွေးကောက်ခြင်း ဖြစ်တတ်ပြီး ဆံပင်အမွေးအမှင်များ ခါတိုင်းထက် ပိုမိုကွေးကောက်၍ ပြန်ထွက်လာတတ်သည်။

ကီမိုဆေးသွင်းခြင်း ကုထုံးက အဘယ်ကြောင့် ဆံပင်ကျွတ်စေသနည်း။

ဆံပင် ကြီးထွားခြင်းသည် အရေပြားအောက်တွင် တွေ့ရသည်။ ဆံပင်တစ်မျှင်ချင်းစီသည် စတင်ကြီးထွားခြင်းမှသည် ကျွတ်ခြင်းအထိ လည်ပတ်ပုံသံသရာအဆင့်ဆင့်ကို ဖြတ်သန်းကြသည်။ ကီမိုဆေးသွင်းခြင်း ကုထုံးသည် ဆံပင်ကြီးထွားခြင်းကိုထိန်းချုပ်သည့်ဆဲလ်များနှင့် ဆံပင်ပေါက်ရာဆံပင်အိတ် ကိုထောက်ပံ့ပေးသည့် ဆဲလ်များအား ထိခိုက်ပျက်စီးစေနိုင်သည်။ ထိုကဲ့သို့ ဖြစ်ခြင်းသည် ဆံပင်များကျွတ်ကျလာခြင်းကို ဖြစ်စေပြီး ဆံပင်အသစ်ပေါက်ခြင်းကို တားဆီးသည်။

မည်သည့်ကင်ဆာဆေးဝါးများက ဆံပင်ကျွတ်ခြင်းကိုဖြစ်စေသလဲ။

ဆံပင်ကျွတ်ခြင်းသည် အချို့သောကီမိုဆေးသွင်းခြင်း ကုထုံးနှင့် ပစ်မှတ်ထားကုထုံး အပါအဝင် ကင်ဆာဆေးဝါးအချို့၏ အဖြစ်များသော ဘေးထွက်ဆိုးကျိုးတစ်ခုဖြစ်သည်။ ဆံပင်ကျွတ်ခြင်း၏ အခြေအနေနှင့် ပြင်းထန်မှုတို့သည် အသုံးပြုသည့်ဆေးဝါးတစ်ခုစီအပေါ်မူတည်၍ ကွဲပြားနိုင်သည်။ မိသားစုများသည် သောက်သုံးရန် ညွှန်ကြားထားသည့်ဆေးဝါးတစ်ခုချင်းစီ၏ ကုထုံးအစီအစဉ် နှင့်ဆိုင်သော ဆံပင်ကျွတ်ခြင်း၏ အန္တရာယ်ကို နားလည်သဘောပေါက်စေရန်အတွက် ၎င်းတို့၏ ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်နှင့် ဆွေးနွေးသင့်သည်။

ဆံပင်ကျွတ်နိုင်ချေ မြင့်မားသည့် ဆေးဝါးများ ဆံပင်ကျွတ်နိုင်ချေ အသင့်အတင့်ရှိသည့် ဆေးဝါးများ
Bleomycin (Blenoxane®)
ဆိုက်ကလိုဖော့စ်ဖာမိုက်ဒ် (Cytoxan®)
Daunorubicin (Cerubidine®)
Docetaxel (Docefrez®, Taxotere®) 
Doxorubicin (Adriamycin®)
Epirubicin (Ellence®)
Etoposide (Toposar®)
Idarubicin (Idamycin PFS)
Ifosfamide (Ifex®)
Irinotecan (Camptosar®)
Paclitaxel (Abraxane®, Taxol®)
Temozolomide (Temodar®)
Vismodegib (Erivedge®)
Vemurafenib (Zelboraf®)|
Vorinostat (Zolinza®)
Carboplatin (Paraplatin®)
Cisplatin (Platinol®)
Cytarabine (Cytosar-U®, Depocyt®)
Dabrafenib (Tefinalar®)
Dactinomycin (Cosmegen®)
Fluorouracil (Adrucil®)
Gemcitabine (Gemzar®)
Hydroxyurea
Lomustine (Gleostine®)
Melphalan (Alkeran®, Evomela®)
Methotrexate (Rasuvo®, Trexall®)
Mitoxantrone (Novantrone®)
Sorafenib (Nexavar®)
Thiotepa (Tepadina®)
Topotecan (Hycamtin®)
Vinblastine (Velban®)
Vincristine (Vincasar PFS®)

မတူညီသည့် ဆေးဝါးများ၏ မတူညီသည့် ဘေးထွက်ဆိုးကျိုးဖြစ်နိုင်ခြေများကို ကြည့်ရှုရန် ဆေးဝါးများစာရင်း ကို သွားရောက်လေ့လာပါ။

ကီမိုဆေးသွင်းခြင်း ကုထုံးနည်းဖြင့် ကုသနေစဉ်အတွင်း ဆံပင်ကျွတ်ခြင်း အန္တရာယ်သည် အောက်ပါအချက်များအပေါ် မူတည်နိုင်သည်-

  • ကီမိုဆေးသွင်းခြင်း ကုထုံး၏ ဆေးပမာဏ – ကီမိုဆေးသွင်းခြင်း ကုထုံးတွင်သုံးသော ဆေးပမာဏများပါက ဆံပင်ကျွတ်ခြင်း အန္တရာယ် ပိုများနိုင်သည်။
  • အသုံးပြုသည့်ကုသနည်း သို့မဟုတ် အသုံးပြုသည့်ကုသရေးလမ်းကြောင်း သွေးကြောမှတဆင့် ကီမိုဆေးသွင်းခြင်း ကုထုံးသည် ပါးစပ်မှတဆင့် ဆေးသွင်းခြင်းနှင့်နှိုင်းယှဉ်ပါက ပို၍ အန္တရာယ်များနိုင်သည်။
  • ကီမိုဆေးသွင်းခြင်း ကုထုံး၏ အကြိမ်အရေအတွက် ၂ ပတ်လျှင်တစ်ကြိမ် ၃ ပတ်လျှင်တစ်ကြိမ် ကီမိုဆေးသွင်း ကုသခံရသည့်လူနာများသည် တစ်ပတ်လျှင် တစ်ကြိမ် ကုသခံရသည့် လူနာနှင့်နှိုင်းယှဉ်ပါက ဆံပင်ကျွတ်ခြင်း ပို၍ ဖြစ်နိုင်သည်။
  • ကီမိုဆေးသွင်းခြင်း ကုထုံးတွင် ဆေးတစ်မျိုးတည်း ပေးခြင်း သို့မဟုတ် ပေါင်းစပ်ကုထုံးပေးခြင်း – ပေါင်းစပ်ကီမိုဆေးသွင်းခြင်း ကုထုံးသည် ဆံပင်ကျွတ်ခြင်း အန္တရာယ်ကို ပိုတိုးစေတတ်သည်။
  • ကီမိုဆေးသွင်းခြင်း ကုထုံး ကုသစဉ်အတွင်း ဆံပင်ကျွတ်ခြင်း အန္တရာယ်ကို ပိုတိုးစေနိုင်မည့် အခြားအကြောင်းခြင်းရာများတွင် အောက်ပါတို့ပါဝင်သည်

ဓာတ်ရောင်ခြည် ကုထုံးဖြင့် ကုသပြီးနောက် ဆံပင်ကျွတ်ခြင်း

ဓာတ်ရောင်ခြည် ကုထုံး ခံယူနေရသည့် လူနာများသည် ကုသမှုလုပ်သည့်ဧရိယာတွင် ဆံပင်ကျွတ်ခြင်းကို ခံစားရနိုင်ပါသည်။ ဓာတ်ရောင်ခြည်သုံးပြီးနောက် ဆံပင်ကျွတ်ခြင်းပမာဏသည် ကုသမှုခံယူသည့်ဧရိယာအကျယ်အဝန်းနှင့် ဓာတ်ရောင်ခြည် ပမာဏအပေါ်မူတည်သည်။ အချို့လူနာများသည် ယင်းဧရိယာရှိ ဆံပင်များအားလုံးကျွတ်သွားပြီး အချို့မှာ ဆံပင်ပါးသွားတတ်သည်။ ဓာတ်ရောင်ခြည်ကြောင့် ဆံပင်ကျွတ်ခြင်းသည် အထူးသဖြင့် ဓာတ်ရောင်ခြည် ပမာဏများများအသုံးပြုပါက အမြဲတစေ ဖြစ်သွားနိုင်သည်။ ပြန်ပေါက်လာသည့် ဆံပင်များသည် ထူထူထဲထဲပြန်မပေါက်နိုင်ပါ သို့မဟုတ် ဆံသား ခြားနားသွားတတ်သည်။ ဆံပင်များသည် ဓာတ်ရောင်ခြည် ကုသမှုပြီး၍ ပုံမှန်အားဖြင့် ၃ လမှ ၆ လ ခန့်အကြာတွင်ပြန်ပေါက်ပါသည်။

ဆံပင်ကျွတ်ခြင်းအား ဖြေရှင်းခြင်း- မိသားစုဝင်များအတွက် အကြံပြုချက်များ

ဆံပင်ကျွတ်ခြင်းသည် ကင်ဆာကုသခြင်းတွင် စိတ်မချမ်းသာစရာ အကောင်းဆုံး ဘေးထွက်ဆိုးကျိုးများထဲမှ တစ်ခုဖြစ်နိုင်သည်။ ဆံပင်ကျွတ်ခြင်းသည် နေမကောင်းဖျားနာသူဖြစ်ကြောင်း မြင်တွေ့နိုင်သည့် အမှတ်သညာဖြစ်သည်။ ပုံမှန်အတိုင်းဖြစ်ရန်နှင့် ၎င်းတို့၏သက်တူရွယ်တူများနှင့် အံဝင်ရန်ကြိုးစားနေကြသည့် ကလေးများနှင့် ဆယ်ကျော်သက်များအတွက် ဆံပင်ကျွတ်ခြင်းသည် ဘဝနေထိုင်မှုနှင့် လူနေမှုဘဝအရည်အသွေးတို့အပေါ် ကြီးမားစွာ အကျိုးသက်ရောက်နိုင်သည်။ ပြုစုစောင့်ရှောက်ရေးအဖွဲ့ဖြစ်သည့် ကလေးအထူးကုများလူမှုဝန်ထမ်းများနှင့် စိတ်ကျန်းမာရေးဆရာဝန်များ သည် မိသားစုဝင်များကို ပြင်ဆင်နိုင်ရန်နှင့် လိုအပ်သည့် အရင်းအမြစ်များ ထောက်ပံ့ပေးနိုင်ပါသည်။ အခြားမိသားစုများထံမှ ၎င်းတို့၏ အတွေ့အကြုံများအား နားထောင်ခြင်းဖြင့်လည်းအကူညီရနိုင်ပါသည်။

ကုသခြင်းမစတင်ခင် / ဆံပင်မကျွတ်ခင်

  • ဘေးထွက်ဆိုးကျိုးများနှင့်ပတ်သက်၍ ပြုစုစောင့်ရှောက်ရေးအဖွဲ့နှင့် ဆွေးနွေးပါ။ ဆံပင်ကျွတ်ခြင်း အပါအဝင် ဘေးထွက်ဆိုးကျိုးများအတွက် ပြုစုစောင့်ရှောက်ရေးအဖွဲ့နှင့် ဆွေးနွေးခြင်းဖြင့် စီမံပါ။ ဆံပင်ကျွတ်ခြင်းသည် အမြဲတစေ ခန့်မှန်းနိုင်သည့် ဖြစ်ရပ်မဟုတ်ပါ သို့သော် ဆံပင်ကျွတ်ခြင်းသည် ကုသသည့်နည်းလမ်းတစ်ခု၏ ပုံမှန်ဖြစ်စဉ်ဖြစ်ကြောင်း မိသားစုများကို နားလည်နိုင်ရန်အတွက် ပြုစုစောင့်ရှောက်ရေးအဖွဲ့က ကူညီပေးနိုင်ပါသည်။
  • အနာဂတ်အတွက် ကြိုတင်ပြင်ဆင်ပါ။ ဆံပင်ကျွတ်ခြင်းသည် ရုတ်တရက် ချက်ခြင်းဖြစ်နိုင်သကဲ့သို့ တဖြည်းဖြည်းခြင်းလည်း ဖြစ်လာနိုင်သည်။ ဆံပင်ကျွတ်ခြင်းဖြစ်နိုင်သည်ဟု မျှော်လင့်ထားသော်လည်း တကယ်ဖြစ်လာသည့်အခါ အံ့ဩခြင်းနှင့်အတူ စိုးရိမ်ကြောက်ရွံ့မှု ခံစားရနိုင်သည်။ ရေချိုးနေစဉ်အတွင်း ဆံပင်များ ကျွတ်ကျလာနိုင်သကဲ့သို့၊ ခေါင်းအုံးပေါ်တွင် သို့မဟုတ် သင့်ဘီးတွင် ဆံပင်များ ရှိနေသည်ကိုလည်း သတိထားမိနိုင်ပါသည်။ ကလေးအထူးကုတစ်ယောက်သည် မိသားစုဝင်များအား ကလေးအရွယ်နှင့်လိုက်သည့် သတင်းအချက်အလက်များကို အသုံးပြု၍ ကြိုတင်ပြင်ဆင်ရန် အကူအညီပေးနိုင်ပါသည်။
  • ဆံပင်ကျွတ်ကျသည့်အချိန်အတွက် အစီအမံတစ်ခု ပြင်ဆင်ပါ။ အချို့လူနာများသည် ဆံပင်တိုတိုညှပ်ခြင်း သို့မဟုတ် ဆံပင်မကျွတ်ခင်တွင် ဆံပင်ရိတ်ခြင်းတို့ကို ပြုလုပ်ကြသည်။ အခြားလူနာများသည် မည်သို့ဆက်ဖြစ်လာမည်လဲ ဆိုသည်ကို စောင့်ကြည့်တတ်သည်။ ၎င်းအနေအထားသည် ဆံပင်ပုံစံဆန်းဆန်းပြားပြားထားရန် သို့မဟုတ် ထူးခြားသည့် ဆံပင်အရောင်ထားနိုင်ရန်အတွက် အချိန်ကောင်းလည်းဖြစ်နေတတ်သည်။ ဆိုးဆေး သို့မဟုတ် ဓာတုထုတ်ကုန်များကို အသုံးမပြုခင် ပြုစုစောင့်ရှောက်ရေးအဖွဲ့နှင့်အတူ ကြိုတင်စိစစ်ရန် အရေးကြီးသည်။ ဆံပင်ဆိုးဆေးသည် ဆံပင်အားထိခိုက်စေနိုင်ပြီး ဆံပင်ကျွတ်ခြင်းကို ကူညီရာရောက်နိုင်သည်ကိုလည်း သိရှိထားရန် လိုအပ်သည်။
  • ဦးခေါင်းအကာအတွက် ရွေးချယ်စရာများကို စဉ်းစားပါ။ ဆံပင်များ ကျွတ်မကျခင်တွင် ဦးထုပ်ဆောင်းခြင်း၊ ခေါင်းစွပ်များဖြင့်ဖုံးအုပ်ခြင်းနှင့် ဆံပင်တုစွပ်ခြင်း စသည့်နည်းလမ်းများသည်လည်း အကူအညီရနိုင်ပါသည်။ ဦးခေါင်းအကာအတွက် ဈေးဝယ်ထွက်ခြင်းသည် လူနာအား စိတ်ထိန်းချုပ်မှုနှင့် မိမိစိတ်ကြိုက်ရွေးချယ်နိုင်မှုတို့ကို ရစေသည်။ လူနာများအား ၎င်းတို့၏ ဘဝနေနည်းပုံစံနှင့် သက်တောင့်သက်သာဖြစ်နိုင်မည့်နည်းလမ်းများအကြောင်း စဉ်းစားနိုင်ရန်အတွက် အားပေးတိုက်တွန်းပါ။ ရွေးချယ်စရာများစွာ ရှိပါသည်၊ ယင်းရွေးချယ်စရာများက ကိုယ်ရေးကိုယ်သွေးကို ဖော်ပြရန်၊ လူအမျိုးမျိုးနှင့် ပြောဆိုဆက်ဆံရန်နှင့် လူမှုပေါင်းသင်းဆက်ဆံရေးကို မြှင့်တင်ရန်တို့အတွက် နည်းလမ်းတစ်ခု ဖြစ်နိုင်ပါသည်။ ကလေးများအတွက် အထူးပုံစံထုတ်ထားသည့် ဦးထုပ်များနှင့် ဆံပင်တုများ အရွယ်အစားနှင့် စတိုင်အမျိုးမျိုးရနိုင်သည်။

ဦးထုပ် သို့မဟုတ် ဆံပင်တုအားရွေးချယ်ခြင်း

အချို့လူနာများသည် ဦးထုပ်ဆောင်းရန်၊ ခေါင်းစွပ်ဝတ်ရန်၊ လည်စည်းပဝါဝတ်ဆင်ရန် သို့မဟုတ် ဆံပင်တုစွပ်ရန် တစ်ခုခုကို ရွေးချယ်တတ်သည်။ ဦးခေါင်းအကာများ ဝတ်ဆင်ခြင်းသည် အချို့လူနာများအတွက် မသက်မသာဖြစ်စေနိုင်ပါသည်။ ၎င်းကဲ့သို့ရွေးချယ်ခြင်းသည် လူနာများနှင့် ၎င်း၏ မိသားစုဝင်များ ပြုလုပ်ရမည့်ကိစ္စဖြစ်သည်။ ထည့်သွင်းစဉ်းစားရမည့်အချက်များတွင် ပါဝင်သည်များမှာ-

  • သက်တောင့်သက်သာဖြစ်မှု
  • ကိုယ်ပိုင်ခံစားချက် ပေါ်လွင်နိုင်မှု
  • နွေးထွေးမှု/နေဒဏ်မှ ကာကွယ်နိုင်ခြင်း
  • ကုန်ကျစရိတ်
  • ဝတ်ဆင်ရာတွင်လွယ်ကူခြင်း
  • ထိန်းသိမ်းဖို့ရန်အတွက်လွယ်ကူခြင်း

ကလေးဆေးရုံအများအပြားသည် လူနာများအတွက်လိုအပ်သည့် ဦးထုပ်များ၊ ခေါင်းဆောင်းများနှင့် ဆံပင်တုများအား ကူညီပံ့ပိုးပေးရန်အတွက် အတူလက်တွဲဆောင်ရွက်သည့် အဖွဲ့အစည်းများရှိကြသည်။ လူမှုဖူလုံရေးဝန်ထမ်းကလည်း မိသားစုဝင်များအား ရွေးချယ်စရာများအတွက် ကူညီပေးနိုင်ပြီး မည်သည့်အရာသည် အာမခံဖြင့် ကာကွယ်ထားခြင်း ရှိသည် မရှိသည်ကို သိနိုင်ရန်အတွက် ကူညီနိုင်ပါသည်။

 

ကုသနေစဉ်အတွင်း / ဆံပင်ကျွတ်နေစဉ်အတွင်း

  • ဆံပင်အား ညင်သာစွာပြုပြင်ပါ။ ဆံပင်နှင့် ဦးရေပြားများ သန့်ရှင်းရေးပြုလုပ်ရန်အတွက် ကလေးများအသုံးပြုသည့် ရှန်ပူများကို အသုံးပြုပါ။ ညင်ညင်သာသာ ဆေးကြောပြီး ကြမ်းတမ်းစွာပွတ်တိုက်ဆေးကြောခြင်းအား ရှောင်ကြည်ပါ။ ပဝါဖြင့် ခပ်ဖွဖွပွတ်၍အခြောက်ခံပါ။ နေ့စဉ် ခေါင်းလျှော်ခြင်းအား ရှောင်ကြဉ်ပါ။ အလွန်နူးညံ့သည့် ဘရပ်ရှ် သို့မဟုတ် အသွားကျဲသောဘီးများဖြင့် ဆံပင်အား ညင်သာစွာ ဖြီးသင်ပါ။ ဆံပင်ငြိ၍ ဆွဲဆောင့်နိုင်သည့် အသုံးအဆောင်ပစ္စည်းများအား သတိထား ကိုင်တွယ်ပါ။
  • အရေပြားအား ကာကွယ်ပါ။ အသစ်ဖြစ်လာသည့် အရေပြားသည် အထိအခိုက်ပိုပြီးမခံနိုင်သည့် အရေပြားဖြစ်သည်။ ဦးရေပြားသည် အနီရောင် သန်းလာ၊ အလွန်ပါးလွှာလာပြီး နူးညံ့လာတတ်သည်။ အထူးသဖြင့် ဓာတ်ရောင်ခြည် ကုထုံးပြီးနောက်အရေပြားအား ဂရုစိုက်ခြင်းနှင့်ကာကွယ်ခြင်းအတွက် ပြုစုစောင့်ရှောက်ရေးအဖွဲ့၏ ညွှန်ကြားချက်များအား လိုက်နာပါ။ အရည်ပြားအား နေရောင်ထိတွေ့မှုမှ ကာကွယ်ရန် အပြင်ထွက်သည့်အချိန်ကို ကန့်သတ်ပါ၊ ဦးထုပ်ဆောင်းပါ၊ နေရောင်ခံလိမ်းဆေး သုံးပါ။
  • ခက်ခဲသည့်မေးခွန်းများနှင့် အခြေအနေများနှင့်ပတ်သက်၍ မည်သို့ကိုင်တွယ်ဖြေရှင်းရမည်ကို သိနိုင်ရန် ကလေးများနှင့် ဆွေးနွေးပြောဆိုပါ။ ဆံပင်ကျွတ်ခြင်းသည် အထူးသဖြင့် ကလေးများ ကျောင်းပြန်တက်သည့်အခါနှင့် လူမှုပတ်ဝန်းကျင် လှုပ်ရှားမှုများသို့ ပြန်လည်ဝင်ရောက်သည့်အခါတို့တွင် အခက်အခဲဖြစ်စေနိုင်သည်။ မေးခွန်းများ၊ အကြည့်များနှင့် အနိုင်ကျင့်ခံရခြင်းများနှင့် ပတ်သက်၍ မည်သို့တုံ့ပြန်ရမည်ကို ကလေးများ စဉ်းစားနိုင်ရန် အကူအညီပေးပါ။ အများဆုံးမှာ လူများ၏ စပ်စုခြင်းဖြစ်သည်။ တုံ့ပြန်မှုပုံစံများအတွက် ကြိုတင်ပြင်ဆင်ခြင်းနှင့် ကြိုတင်လေ့ကျင့်ထားပါ။ သို့မှသာ အနာဂတ်တွင် မိမိ၏ တုံ့ပြန်မှုများ အဆင်မပြေဖြစ်မှု နည်းမည်။။ ကလေးငယ်များနှင့် ဆယ်ကျော်သက်များအား ၎င်းတို့နှစ်သက်သည့်အရာများအား ပြုလုပ်ရာတွင် ပျော်ရွှင်စေခြင်းနှင့် ၎င်းတို့ဘဝအား ၎င်းတို့ပိုင်ဆိုင်ကြောင်း ပြသနိုင်ရန်အတွက် အားပေးတိုက်တွန်းပါ။

ကင်ဆာရောဂါ ဖြစ်နေစဉ်နှင့် ဖြစ်ပြီးနောက်တွင် ကလေးနှင့် ဆယ်ကျော်သက်အများအပြားသည် ၎င်းတို့၏ ခန္ဓာကိုယ်ပုံစံနှင့်ပတ်သက်၍ ခက်ခဲမှုများ ကြုံတွေ့ရတတ်သည်။ အချို့လူနာများသည် စိတ်ရှုပ်ထွေးခြင်း သို့မဟုတ် စိတ်ဓာတ်ကျခြင်း သို့မဟုတ် မိတ်ဆွေများနှင့် လူမှုဆက်ဆံရေးလှုပ်ရှားမှုများအား ရှောင်ဖယ်လာခြင်းကဲ့သို့သော လက္ခဏာများ တိုးပွားလာတတ်သည်။ အကယ်၍ မိမိ၏ ခန္ဓာကိုယ်ပုံစံသည် ပိုမိုဆိုးရွားလာသည်ဟု ယူဆလာပါက သို့မဟုတ်၊ နေ့စဉ် လှုပ်ရှားမှုများကို ထိခိုက်လာပါက စိတ်ကျန်းမာရေးဆိုင်ရာ ပညာရှင်နှင့် ဆွေးနွေးပါ။

 

ကုသခြင်းပြီးဆုံးပြီးနောက် / ဆံပင်အသစ် ကြီးထွားခြင်း

  • ဆံပင်နှင့် ဦးရေပြားအား ဆက်လက်၍ နူးညံ့စွာကိုင်တွယ်ပါ။ ဆံပင်ပြန်ပေါက်နေစဉ်အတွင်း ဦးရေပြားအား နေရောင် တိုက်ရိုက်ထိတွေ့ခြင်းမှ ကာကွယ်ပါ။
  • ဆံပင်အရောင်ဆိုးခြင်းနှင့် ဆံပင်နှင့်ပတ်သက်သည့် ဓာတုထုတ်ကုန်များအသုံးပြုခြင်း မပြုခင် ဆံသား သန်မာကြီးထွားလာသည်အထိ စောင့်ဆိုင်းပါ။
  • ဆရာဝန်နှင့် မဆွေးနွေးဘဲ ဗီတာမင်များ၊ ဖြည့်စွက်စာများနှင့် နာမည်ကြီး ဆံပင်သန် ဆေးများအား အသုံးမပြုပါနှင့်။
  • ဆံပင်ပြန်ပေါက်နေစဉ်အတွင်း ကင်ဆာရောဂါဝေဒနာရှင်တို့နှင့်အတူအလုပ်လုပ်ဖူးသည့် ဆံပင်ကျွမ်းကျင်ပညာရှင်အား ရှာဖွေပြီး ၎င်းထံမှ အကြံဉာဏ်များ ရယူပါ။

လူနာတိုင်းသည် ဆံပင်ကျွတ်ခြင်းပြဿနာအား မတူကွဲပြားစွာ ဖြေရှင်းကြသည်။ တစ်စုံတစ်ယောက်အတွက် အကူအညီဖြစ်စေသည့်ကိစ္စများသည် အခြားတစ်ယောက်အတွက် အကူအညီဖြစ်ချင်မှ ဖြစ်ပါလိမ့်မည်။ ဥပမာအားဖြင့်၊ သူငယ်ချင်းမိတ်ဆွေများနှင့် မိသားစုများသည် ကင်ဆာဝေဒနာရှင်အား ဖေးမကူညီသည့်အနေဖြင့် ၎င်းတို့၏ ဆံပင်များအား ရိတ်ပစ်ခြင်းမျိုးဖြစ်သည်။ ၎င်းကဲ့သို့ပြုလုပ်ခြင်းသည် အချို့လူနာများအား ၎င်းတို့တစ်ဦးတည်းအထီးကျန်ဖြစ် မနေခြင်းကို ခံစားမိစေပါသည်။ သို့သော်၊ အခြားလူများအတွက် ပိုမိုဆိုးရွားစွာ ခံစားရစေနိုင်ပါသည်။ ၎င်းကဲ့သို့မိသားစုဝင်များနှင့် မိတ်ဆွေများ ခေါင်းတုံးဖြင့် မြင်ရသည်မှာ ၎င်း၏ အဖြစ်အားပြန်၍ သတိရမိစေပြီး၊ ၎င်းတို့၏ ဘဝမှ ပုံမှန်အရာများ ပျောက်ကွယ်လျော့ပါးလာသည်ဟု ခံစားရစေသည်ဟု အချို့လူနာများမှ ပြောပြကြသည်။ မိသားစုနှင့် မိတ်ဆွေများအနေဖြင့် မည်သို့ကူညီပံ့ပိုးရမည်ကို လူနာအား တိုက်ရိုက်မေးမြန်းနိုင်ကြသည်။

လူနာများအနေဖြင့် ဆံပင်ကျွတ်ခြင်းကို ဖြေရှင်းရာတွင် အကောင်းနှင့် အဆိုး အမျိုးမျိုးအဖုံဖုံ ကြုံတွေ့ရတတ်သည်။ ဘဝ အဖြစ်အပျက်များ၊ အရှက်ရဖွယ် အခိုက်အတန့်များ၊ ဦးခေါင်းအကာများ ဝတ်ဆင်ရခြင်း သို့မဟုတ် ကြာရှည်စွာ ဆံပင်ကျွတ်ခြင်းနှင့် ဆံပင်ပြန်ပေါက်ခြင်းများသည် စိန်ခေါ်မှုအသစ်များနှင့် စိတ်လှုပ်ရှားရခြင်းတို့ကို ဖြစ်ပေါ်စေပါသည်။ ဒေါသထွက်ခြင်း၊ စိတ်ရှုပ်ထွေးခြင်း၊ မဝံ့မရဲဖြစ်ခြင်း၊ ဝမ်းနည်းခြင်းနှင့် ဒေါသထွက်ခြင်း စသည့်ခံစားချက်များသည် အချိန်မရွေးဖြစ်နိုင်သည့် စိတ်ခံစားချက်များ ဖြစ်ပါသည်။ ယုံကြည်ရသည့်မိတ်ဆွေနှင့် စကားပြောရခြင်း၊ အထူးသဖြင့် မိမိကဲ့သို့လူနာ သို့မဟုတ် အသက်ဘေးမှ ရှင်သန်လွတ်မြောက်ခဲ့သည့်သူနှင့် စကားပြောခြင်းတို့သည် အထောက်အပံ့ဖြစ်စေနိုင်ပါသည်။ ပြဿနာဖြေရှင်းခြင်းသည် လုပ်ငန်းစဉ်တစ်ခုဖြစ်သည်။ အကယ်၍ မကောင်းသည့် စိတ်ခံစားချက်များ ပိုမိုဆိုးရွားလာပါက သို့မဟုတ် နေ့စဉ်လှုပ်ရှားမှုများကို နှောင့်ယှက်လာပါက သင်၏ ပြုစုစောင့်ရှောက်ရေးအဖွဲ့နှင့် ဆွေးနွေးပါ။ အမျိုးမျိုးသော အရင်းအမြစ်များနှင့် စိတ်ကျန်းမာရေးဆိုင်ရာဝန်ဆောင်မှု တို့ကို အကူအညီရယူနိုင်ပါသည်။

ကင်ဆာနှင့် ဆံပင်ကျွတ်ခြင်းများနှင့်ပတ်သက်၍ မေးလေ့ရှိသည့် မေးခွန်းများ

ကီမိုဆေးက ကျွန်ုပ်ကို ဆံပင်ကျွတ်စေမှာလား။ အခြေအနေပေါ် မူတည်ပါသည်။ ကီမိုဆေးအချို့ကြောင့် ဆံပင်ကျွတ်ခြင်း အဖြစ်များပါသည်။ သို့သော် ကီမိုဆေးသည် အမြဲတမ်း ဆံပင်ကျွတ်စေသည်မဟုတ်ပါ။ အချို့လူနာများ ဆံပင် မကျွတ်ကြပါ။ အခြားသူများမှာ ဆံပင်ပါးလာတတ်ကြသည်။ ကီမိုဆေးသွင်းခြင်း ကုထုံးအချို့ကြောင့် ဆံပင်အပါအဝင် မျက်တောင်မွေး၊ မျက်ခုံးမွေးနှင့် ခန္ဓာကိုယ်ကအမွေးများ လုံးဝကျွတ်တတ်သည်။ ဆံပင်ကျွတ်ခြင်း အန္တရာယ်နှင့် ဖြစ်ပေါ်ပုံတို့ကို ကီမိုဆေးအမျိုးအစားနှင့် ဆေးပမာဏတို့ဖြင့် ဆုံးဖြတ်ရပါမည်။

ကီမိုဆေးသွင်းပြီးနောက် မည်သည့်အချိန်တွင် ဆံပင်စကျွတ်နိုင်သလဲ။ ပုံမှန်အားဖြင့် ကီမိုဆေးစသွင်းပြီး ၂ ပတ် မှ ၃ ပတ်အကြာတွင် ဆံပင်စကျွတ်ပါသည်။ ကီမိုဆေးသွင်းသည့် အချိန်ဇယားအပေါ်မူတည်ပြီး အနှေးနှင့်အမြန် ဆံပင်ကျွတ်ခြင်း ဖြစ်နိုင်သည်။

ကီမိုဆေးသွင်းပြီးနောက် ဆံပင်ပြန်ပေါက်လာနိုင်မလား။ ကီမိုဆေးသွင်းပြီးနောက် ဆံပင်ကျွတ်ခြင်းသည် ပုံမှန်အားဖြင့် ယာယီသာဖြစ်သည်။ သို့သော် ဆေးကုသမှု ပြီးဆုံးပြီးနောက် ဆံပင်ပြန်ပေါက်လာရန် အချိန်ခဏစောင့်ရနိုင်သည်။ လူနာအများစုတွင် ကီမိုဆေးသွင်းမှု ပြီးစီးပြီးနောက် ၂ လ မှ ၃ လအကြာတွင် ဆံပင်ပြန်ပေါက်ပါသည်။ အသစ်ပေါက်လာသော ဆံပင်များသည် ကျိုးတိုးကျဲတဲပြန်ပေါက်လာတတ်ပါသည်၊ ယင်းနောက်မှ ဆံပင်ကြီးထွားမှု သံသရာစက်ဝိုင်း ပုံမှန်အတိုင်းပြန်ဖြစ်လာသည့်အခါတွင် ဆံပင်များပြန်ပြည့်လာပါမည်။ ဆံပင်သည် မူလအတိုင်းအုံထူလာရန် ၆ လ မှ ၁၂ လ အထိ စောင့်ရနိုင်သည်။ ဆံပင်ရှည်ထားသော ကလေးများအတွက် မူလဆံပင်အရှည်အတိုင်း ပြန်ထားနိုင်ရန် အချိန်အတော်ကြာယူရမည်ဆိုသည်ကို မိဘများက ရှင်းပြရန်လိုအပ်ပါသည်။ ပျမ်းမျှအားဖြင့် ဆံပင်များသည် တစ်နှစ်လျှင် ၆ လက်မခန့် ရှည်ထွက်တတ်သည်။

ဓာတ်ရောင်ခြည်သုံးပြီးနောက် ဆံပင် ကျွတ်ကုန်မလား။ ဓာတ်ရောင်ခြည် ကုထုံးပြီးနောက် ဆံပင်ကျွတ်ခြင်းသည် ကုသမှုခံယူသည့် ခန္ဓာကိုယ်၏ အစိတ်အပိုင်းများတွင်သာ ဖြစ်ပေါ်လေ့ရှိပါသည်။ ဦးခေါင်းမဟုတ်သည့် ခန္ဓာကိုယ်အစိတ်အပိုင်းများအား ဓာတ်ရောင်ခြည် ပေးခံရသည့် လူနာများအနေဖြင့် ဆံပင်ကျွတ်ခြင်း ဖြစ်စေသည့် ကီမိုဆေး သို့မဟုတ် အခြားဆေးဝါးများ မသုံးစွဲမချင်း ၎င်းတို့၏ခေါင်းမှ ဆံပင်များ ဆုံးရှုံးလိမ့်မည် မဟုတ်ပါ။

ကီမိုဆေးသွင်းနေစဉ် ဆံပင်မကျွတ်စေရန် တားဆီးနိုင်မလား။ ယခုလက်ရှိတွင် ကီမိုဆေးသွင်းကုသခြင်း ကုထုံး ခံယူနေရသည့် ကလေးများအား ဆံပင်မကျွတ်စေရန် တားဆီးနိုင်မည့် စိတ်ချရသော၊ ထိရောက်သောနည်းလမ်း မရှိသေးပါ။ ကင်ဆာဝေဒနာရှင်လူကြီးများတွင် ဦးရေပြားကိုအေးမြစေသော ဦးထုပ်အစွပ်များသုံးပြီး ဆံပင်မကျွတ်စေရန် အတိုင်းအတာတစ်ခုအထိ တားဆီးနိုင်ကြပါသည်။ သို့သော် ယင်းသုတေသနက အကန့်အသတ်ရှိနေသေးပြီး ဒီကလေးများအတွက် ဤကဲ့သို့လုပ်နိုင်ရန် အန္တရာယ်ကင်းသော သို့မဟုတ် ထိရောက်သော အချက်အလက်များ လုံလောက်စွာမရှိပါ။ အောက်တွင် ကင်ဆာဆိုင်ရာ အအေးခံဦးထုပ်အစွပ်များအကြောင်း ပိုမိုဖတ်ရှုပါ။

ဆံပင်ကျွတ်ခြင်းအကြောင်း ပိုမိုသိရှိနိုင်ရန် သတင်းအရင်းအမြစ်များ