ကင်ဆာကုသနေစဉ် ကင်ဆာလူနာတချို့တွင် သိမှုဆိုင်ရာ လုပ်ငန်းလုပ်ဆောင်မှုများ ပြောင်းလဲသွားသည်။ စဉ်းစားခြင်း၊ အာရုံစိုက်ခြင်း သို့မဟုတ် မှတ်ဉာဏ်စသည်တို့ ပြောင်းလဲသွားသည်ကို လူနာများနှင့် မိသားစုဝင်တို့က သတိပြုမိနိုင်သည်။ ထိုသို့ပြောင်းလဲခြင်းကို ကင်ဆာလူနာများက “ကီမို ဦးနှောက်” သို့မဟုတ် “ဦးနှောက်မြူဖုံးနေခြင်း” ဟု ခေါ်ဆိုကြသည်။ ကင်ဆာကုသနေစဉ် သိမှုဆိုင်ရာ ပြောင်းလဲမှုများဖြစ်ပေါ်ခြင်းကို အပြည့်အဝ နားလည်သဘောပေါက်ထားခြင်းမရှိသေးပါ။ ကီမိုဆေးသွင်းကုသခြင်း၊ ဓာတ်ရောင်ခြည်ဖြင့်ကုသခြင်း၊ ခွဲစိတ်ကုသခြင်းသို့မဟုတ် ဦးခေါင်းထဲရေဝင်ခြင်းစသည်ဖြင့် မတူညီသော အကြောင်းရင်းများကြောင့် ဖြစ်နိုင်သည်။ သိမှုဆိုင်ရာ ပြောင်းလဲခြင်းတချို့မှာ ယာယီဖြစ်သော်လည်း တချို့မှာမူ အချိန်ကြာလာသည့်တိုင် ဆက်ဖြစ်နေနိုင်သည်။
ကလေးကင်ဆာရောဂါအတွက် ကီမိုဆေးသွင်းကုသခြင်းနှင့် ဓာတ်ရောင်ခြည်ဖြင့်ကုသခြင်းတို့ အပါအဝင် ကုသမှုတချို့တို့ကြောင့် သိမှုဆိုင်ရာ လုပ်ငန်းများတွင် ရေရှည်ပြဿနာတစ်ရပ် ဖြစ်နိုင်ခြေများသွားစေသည်။ အဆိုပါပြဿနာများကို နောင်အခါတွင် သိမှုအားထိခိုက်နိုင်မှုများဟု ခေါ်ဆိုသည်။
ကင်ဆာကုသမှုအပြီး နောင်အခါတွင် သိမှုအားထိခိုက်နိုင်မှုများအကြောင်းကို ထပ်မံဖတ်ရှုပါ။ကင်ဆာဖြစ်နေစဉ် သိမှုဆိုင်ရာပြောင်းလဲမှုများ၏ လက္ခဏာရပ်များမှာ လူနာ၏ အသက်အရွယ်ပေါ်မူတည်နေသည်။ လူနာများသည် ၎င်းတို့၏ အတွေးများက နှေးနေသည် သို့မဟုတ် ၎င်းတို့၏ စိတ်များ ထိုင်းမှိုင်းကာ မြူများ ဖုံးနေသကဲ့သို့ ခံစားနေရနိုင်သည်။ ကီမိုဦးနှောက် သို့မဟုတ် သိမှုဆိုင်ရာပြဿနာများ၏ လက္ခဏာရပ်များတွင် အောက်ပါအချက်များ ပါဝင်နေနိုင်သည်-
ကီမိုဆေးသွင်းကုသခြင်းနှင့် ဓာတ်ရောင်ခြည်ဖြင့်ကုသခြင်းတို့ကြောင့်ဖြစ်သော သိမှုဆိုင်ရာ ဘေးထွက်ဆိုးကျိုးတို့ကို ဖြစ်စေသည့်အကြောင်းရင်း များစွာရှိနိုင်သည်။ ကင်ဆာကုသမှုများသည် ဦးနှောက်၏ ဆဲလ်ကြီးထွားမှု၊ ရောင်ရမ်းမှုနှင့် သွေးပေးပို့မှုစသည်တို့ကို တိုက်ရိုက်ထိခိုက်စေနိုင်သည်။
အခြားအချက်များကြောင့်လည်း ကင်ဆာလူနာများ၏ စဉ်းစားခြင်း၊ အာရုံစိုက်မှုနှင့် မှတ်ဉာဏ်တို့ကို ထိခိုက်စေနိုင်သည်။ ၎င်းတို့တွင် အောက်ပါတို့ပါဝင်သည်-
ကင်ဆာရောဂါကုသမှုများနှင့် သက်ဆိုင်ခြင်းမရှိဘဲ သိမှုဆိုင်ရာ ပြဿနာများဖြစ်လာနိုင်ကြောင်းကိုလည်း မိသားစုဝင်များ သိရှိထားရန် အရေးကြီးသည်။ ရောဂါလက္ခဏာများသည် ကင်ဆာကုသမှုနှင့် မသက်ဆိုင်ဘဲ လူနာ၏ဖွံ့ဖြိုးမှုဆိုင်ရာ ပြဿနာများ သို့မဟုတ် မိသားစုနှင့်ဆက်နွှယ်နေသော ပြဿနာများ ဖြစ်နေနိုင်သည်။ (ဥပမာ။ ။ စာဖတ်ရန်ခက်ခဲသည့်ရောဂါ သို့မဟုတ် ADHD(ကလေးများ အာရုံစူးစိုက်နိုင်မှုမရှိဘဲ အတက်ကြွလွန်သော ရောဂါ)။ တိကျသည့်ပြဿနာများရှာဖွေခြင်း၊ ဖြစ်ပွားစေသည့်အကြောင်းရင်းခံများကိုသတ်မှတ်ခြင်းနှင့် လူနာနှင့်ကိုက်ညီသည့် အကောင်းဆုံးကုသမှုများပေးနိုင်ရန် ဦးနှောက်အာရုံကြောနှင့်စိတ်ပိုင်းဆိုင်ရာ စမ်းသပ်မှုများပြုလုပ်နိုင်သည်။
ကင်ဆာကုသမှုများကြောင့်ဖြစ်သော သိမှုဆိုင်ရာ ပြောင်းလဲမှုများသည် ခဏတာ သို့မဟုတ် ကြာရှည်စွာ ဖြစ်နေနိုင်သည်။ သို့သော်လည်း သိမှုဆိုင်ရာ ဘေးထွက်ဆိုးကျိုးများကို ကုသပေးပြီး၊ သိမှုဆိုင်ရာ ကျန်မာရေးအခြေအနေတို့ တိုးတက်ကောင်းမွန်လာစေရန် မိသားစုဝင်များ လုပ်ဆောင်နိုင်သည့်အရာများလည်း ရှိပါသည်။
လူနာအများစုအတွက် သိမှုဆိုင်ရာလုပ်ငန်းများသည် အချိန်ကြာလာသည်နှင့်အမျှ တိုးတက်ကောင်းမွန်လာပါလိမ့်မည်။ သို့သော်လည်း ကီမို ဦးနှောက်နှင့် သိမှုဆိုင်ရာ ပြဿနာများကို နေ့စဉ်ဖြေရှင်းရာတွင် လက်တွေ့ လုပ်ဆောင်နိုင်သည့် နည်းလမ်းတချို့လည်း ရှိနေပါသည်။ လူနာများနှင့် မိသားစုဝင်များက ၎င်းတို့၏လိုအပ်ချက်များနှင့်ကိုက်ညီသည့် နည်းဗျူဟာများကို အတူတကွ ဖော်ထုတ်နိုင်သည်။ အသက်အရွယ်နှင့် သင့်တော်သော နည်းဗျူဟာများ ဖြစ်ပါစေ။ အစီအစဉ်ချမှတ်ရာတွင် လူနာများ၏ ပြောဆိုချက်များလည်း ပါဝင်ပါစေ။
မှတ်ဉာဏ်အထောက်အကူပြု ပစ္စည်းများ အသုံးပြုပါ။ ကီမို ဦးနှောက်နှင့် သိမှုဆိုင်ရာ ဘေးထွက်ဆိုးကျိုးများတွင် မှတ်ဉာဏ်ပြဿနာများကို အတွေ့ရများသည်။ ပြက္ခဒိန်များ၊ မှတ်စုများ၊ လုပ်ဆောင်ရမည့်စာရင်းများနှင့် မကြာခဏ အသိပေးချက်များ စသည်တို့ကို အသုံးပြုခြင်းအားဖြင့် လူနာများသည် ၎င်းတို့၏တစ်နေ့တာကို ကောင်းစွာစီမံနိုင်ပြီး အလုပ်တာဝန်များ ပြီးမြောက်အောင်မြင်စေပါသည်။
နေ့စဉ်လုပ်ဆောင်နေကျကိစ္စများကို ပုံမှန်လုပ်ဆောင်ပါ။ မှတ်ဉာဏ်နှင့် အာရုံစိုက်မှုပိုကောင်းလာစေရန် စဉ်ဆက်မပြတ်လုပ်ဆောင်ခြင်းကသာ အခရာဖြစ်သည်ကို မိသားစုဝင်များက တွေ့ရှိထားသည်။ ပြောင်းလဲမှုမရှိသော နေ့စဉ်ပုံမှန်လုပ်ဆောင်မှုတစ်ခုသည် စိတ်ဖိစီးမှုနှင့် စိုးရိမ်သောကတို့ကို လျော့ပါးစေသည်။ အဘယ်ကြောင့်ဆိုသော် ကလေးများသည် ၎င်းတို့ဘာကိုမျှော်လင့်ထားရမည်ကို ကြိုတင်သိရှိထားသောကြောင့် ဖြစ်သည်။
တစ်ကြိမ်လျှင် အကြောင်းအရာတစ်ခုကိုသာ အာရုံစိုက်ထားပါ။ ကီမို ဦးနှောက်နှင့် သိမှုဆိုင်ရာ ဘေးထွက်ဆိုးကျိုးများကို ရင်ဆိုင်ဖြေရှင်းနေရသည့် လူနာများအတွက် အလုပ်တာဝန်များစွာကို တစ်ပြိုင်နက်လုပ်ဆောင်ရပါက ခက်ခဲနိုင်သည်။ တစ်ခုခုလုပ်နေစဉ် အာရုံလွဲသွားစေနိုင်သည့် ကိစ္စတို့ကို ကန့်သတ်ထားပါ။ အလုပ်တာဝန်များကို ရှင်းလင်းလွယ်ကူသော အဆင့်ငယ်လေးများအဖြစ် ခွဲခြမ်းလိုက်ပါ။ တစ်ကြိမ်ကို အဆင့်တစ်ခု လုပ်ဆောင်ပါ။
စိတ်ပိုင်းဆိုင်ရာ ကျွမ်းကျင်မှုရှိစေရန် လေ့ကျင့်ခြင်း။ ကီမို ဦးနှောက်နှင့် သိမှုဆိုင်ရာ ဘေးထွက်ဆိုးကျိုးများ၏ သက်ရောက်မှုမှာ တစ်ယောက်စီတွင် မတူညီကြပါ။ လူနာတချို့တွင် မှတ်ဉာဏ်ပိုင်းကို ပိုထိခိုက်မိသော်လည်း တချို့တွင်မူ အာရုံစူးစိုက်မှုအပိုင်းကို ပိုထိခိုက်မိနိုင်သည်။ ဂိမ်းများ၊ ပဟေဠိများ၊ လုပ်ဆောင်မှုများ စသည်တို့ပြုလုပ်ခြင်းဖြင့် စိတ်ကိုလေ့ကျင့်ပါ။ ကျွမ်းကျင်မှုများရလာစေရန် ပျော်စရာကောင်းသည့် နည်းလမ်းများရှာဖွေပါ။ အသက်အရွယ်အလိုက်၊ စွမ်းဆောင်ရည်အလိုက် ကိုက်ညီမှုရှိသော နည်းလမ်းတို့ကိုသာ ရွေးချယ်ပါ။
---
ဤဆောင်းပါးတွင် ဖော်ပြထားသည့် မည့်သည့်ကုန်ပစ္စည်းအမှတ်တံဆိပ်ကိုမျှ သုံးစွဲရန် Together က ထောက်ခံချက် မပေးပါ။
---
ပြန်လည်သုံးသပ်ခဲ့သည့်ရက်စွဲ- ဧပြီလ၊ ၂၀၁၉ ခုနှစ်