အဓိကအကြောင်းအရာ skip

ကြိုဆိုပါသည်

Together သည် - လူနာများနှင့် မိဘများ၊ မိသားစုဝင်များနှင့် သူငယ်ချင်းများအပါအဝင် - ကလေးကင်ဆာကြောင့် ထိခိုက်မှုရှိသူတိုင်းအတွက် ရင်းမြစ်အသစ်တစ်ခု ဖြစ်ပါသည်။

ပိုမိုလေ့လာရန်

ပေါင်းစပ်ဆေးပညာအတွက် ဖြည့်စွက်နည်းလမ်းများ

အပြင်တွင် တရားထိုင်နေသော ဆယ်ကျော်သက်မိန်းကလေး

စိတ်အပန်းဖြေခြင်းနှင့် တရားထိုင်ခြင်းသည် ကလေးများနှင့် ဆယ်ကျော်သက်များအား စိတ်ဖိစီးမှု၊ ရောဂါဝေဒနာနှင့် ကုသမှုဘေးထွက်ဆိုးကျိုးများကို ရင်ဆိုင်ဖြေရှင်းရာတွင် ကူညီပေးနိုင်သည်။

ဖြည့်စွက်နည်းလမ်းများသည် သင့်ကလေး၏ ခန္ဓာကိုယ်၊ စိတ်နှင့် စိတ်ခံစားချက်တို့ကို ကောင်းမွန်အောင် ကုသပေးသည်။ ၎င်းတို့က သင့်ကလေးအား ကူညီပေးနိုင်သည့်အရာများ-

  • ရောဂါဝေဒနာကို ပိုမိုကောင်းစွာရင်ဆိုင်နိုင်ခြင်း
  • ရောဂါလက္ခဏာများနှင့် ဘေးထွက်ဆိုးကျိုးများကို ထိန်းချုပ်ဖြေရှင်းခြင်း
  • ကျန်းမာပျော်ရွှင်မှုကို မြှင့်တင်ခြင်း

ဖြည့်စွက်နည်းလမ်းများကို ၎င်းတို့ချည်းသက်သက် အသုံးပြုရုံဖြင့် ရောဂါမပျောက်ကင်းနိုင်ပါ သို့မဟုတ် ရောဂါကို သက်သာမလျော့ပါးစေနိုင်ပါ။ သင့်ဆရာဝန်သည် ဖြည့်စွက်နည်းလမ်းများနှင့် ပုံမှန်ဆေးကုသမှုများကို တွဲဖက်အသုံးပြု၍ သင့်ကလေးကို ကုသပေးနိုင်သည်။ ကုသမှုအမျိုးအစားနှစ်မျိုးလုံးကို တွဲသုံးခြင်းအား ပေါင်းစပ်ဆေးပညာဟု ခေါ်သည်။

ဖြည့်စွက်နည်းလမ်းများဆိုသည်မှာ အဘယ်နည်း။

ဖြည့်စွက်နည်းလမ်းအုပ်စု 3 အုပ်စုရှိပါသည်-

  • သဘာဝထုတ်ကုန်များနှင့် အာဟာရဆိုင်ရာ
  • စိတ်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာ (စိတ်နှင့်ခန္ဓာ)
  • အခြားအလေ့အကျင့်များ

သဘာဝထုတ်ကုန်များနှင့် အာဟာရဆိုင်ရာ နည်းလမ်းများ

သဘာဝထုတ်ကုန်များသည် စိတ်ဖိစီးမှုကို လျှော့ချရန်၊ သင့်ကလေးအား စိတ်အပန်းပြေ၍ အိပ်ပျော်စေရန် သို့မဟုတ် အော့အန်ခြင်း/နာကျင်ခြင်းကို လျှော့ချရန်အတွက် ၎င်းတို့ကိုရောနှောပြီး သင့်ကလေး၏ အရေပြားပေါ်ကို လိမ်းပေးနိုင်သည့် အမွှေးဆီကဲ့သို့အရာများ ဖြစ်သည်။ သင့်ကလေးသည်  ရနံ့ကုထုံးကို အသုံးပြု၍ အမွှေးဆီများကို ရှူရှိုက်နိုင်သည်။ သင့်ကလေးသည် အမွှေးဆီများကို စားသုံးခြင်း သို့မဟုတ် သောက်သုံးခြင်း မပြုသင့်ပါ။

အာဟာရဆိုင်ရာနည်းလမ်းများသည် ခန္ဓာကိုယ်ကို အားဖြည့်ပေးရန် သင့်ကလေးစားသုံးသည့် အရာများ ဖြစ်သည်။ ဥပမာ-

  • ဆေးဖက်ဝင်အပင်များ
  • ဗီတာမင်များနှင့် သတ္တုဓာတ်များ
  • ပရိုဘိုင်အိုတစ် ထုတ်ကုန်များ
  • အာဟာရဖြည့်စွက်စာများ

စိတ်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာ နည်းလမ်းများ

စိတ်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာ နည်းလမ်းများ (စိတ်နှင့် ခန္ဓာကိုယ် အလေ့အကျင့်များ) သည် စိုးရိမ်ပူပန်မှုနှင့် စိတ်ဖိစီးမှုကဲ့သို့ ရောဂါလက္ခဏာများကို သက်သာလျော့ပါးစေရန် ကူညီပေးသည်။ ဤအလေ့အကျင့်အများစုသည် အန္တရာယ်နည်းပြီး အောက်ပါတို့ပါဝင်သည်-

ဆေးရုံတက်နေရသော ကလေးများအတွက် နိုးကြားသတိရှိမှုနှင့် စိတ်ခံစားချက်ဆိုင်ရာ စောင့်ရှောက်မှု

Chaplain Elizabeth Hawkins သည် ဆေးရုံတက်နေရသော ကလေးများနှင့် မိသားစုဝင်များကို ကူညီရန်အတွက် နိုးကြားသတိရှိမှု၊ တရားထိုင်ခြင်းနှင့် စိတ်ခံစားချက်ဆိုင်ရာ စောင့်ရှောက်မှုတို့ကို အသုံးပြုသည်။ ဤနည်းစနစ်များက သင့်ကလေးကို မည်သို့ကူညီပေးနိုင်ကြောင်း လေ့လာပါ။

သူမ၏ ဘလော့ဂ်ပို့စ်ကို ဖတ်ပါ

 

အခြားဖြည့်စွက်နည်းလမ်းများ

အချို့သောနည်းလမ်းများသည် တရုတ်တိုင်းရင်းဆေးနှင့် အာယုဗ္ဗေဒ (အိန္ဒိယတိုင်းရင်းဆေး) ကဲ့သို့သော အခြားအုပ်စုနှစ်ခုနှင့် မကိုက်ညီခြင်း ရှိနိုင်သည်။

ဖြည့်စွက်နည်းလမ်းများ၏ အကျိုးကျေးဇူးများ

ဖြည့်စွက်နည်းလမ်းများသည် သင့်ကလေးအား ဆေးကုသမှု၏ ဘေးထွက်ဆိုးကျိုးများကို ထိန်းချုပ်နိုင်ရန်အတွက် ကူညီပေးနိုင်ပါသည်။ ဥပမာအနေဖြင့်-

  • အပြုသဘောဆောင်သော အရာများကို အာရုံစိုက်သည့် ယောဂကျင့်စဉ်နှင့် အပ်စိုက်ကုထုံးသည် ဆေးဝါးကြောင့် ပျို့အန်ချင်စိတ်ဖြစ်ခြင်းနှင့် အော့အန်ခြင်းကို လျှော့ချနိုင်သည်။
  • ဂီတအနုပညာနှင့် ကစားခြင်းဖြင့် စိတ်ခံစားမှုများကို ရင်ဆိုင်ဖြေရှင်း၍ မျှဝေရာတွင် ပိုမိုလွယ်ကူစေသည်။

ဖြည့်စွက်နည်းလမ်းများသည် သင့်ကလေးအား အောက်ပါတို့ကဲ့သို့ ပြဿနာများကို ထိန်းချုပ်ဖြေရှင်းရာတွင်လည်း ကူညီပေးနိုင်သည်-

ဤကုထုံးများတွင် ကောင်းမွန်သော သက်ရောက်မှုများ ရှိနိုင်ပါသည်။ သင့်ကလေးသည်-

  • အကောင်းဘက်မှ ပိုမိုရှုမြင်တတ်လာပြီး ပို၍ထိန်းချုပ်နိုင်စွမ်း ရှိလာနိုင်သည်
  • စိုးရိမ်ပူပန်မှုနှင့် စိတ်ဖိစီးမှု လျော့ပါးလာနိုင်သည်
  • နာကျင်မှုနှင့် အခြားရုပ်ပိုင်းဆိုင်ရာ လက္ခဏာများမှ အာရုံလွှဲနိုင်သည်
  • သွေးစီးဆင်းမှု ပိုမိုကောင်းမွန်နိုင်သည်
  • ဖူးရောင်ခြင်းနှင့် ရောင်ရမ်းခြင်း ခံစားရမှု နည်းပါးနိုင်သည်
  • အာရုံကြောလုပ်ဆောင်နိုင်စွမ်း ကောင်းမွန်နိုင်သည်
  • ကုထုံးခံယူလိုက်လျှင် သက်သာမည်ဟု ယုံကြည်ချက်ကြောင့် ပို၍နေထိုင်ကောင်းလာမည် (ယုံကြည်မှုစွမ်းအား)

ဖြည့်စွက်နည်းလမ်းများ၏ အန္တရာယ်များ

ဖြည့်စွက်နည်းလမ်းများစွာသည် အန္တရာယ်ကင်းပြီး ကလေးများအတွက် အဆင်ပြေပါသည်။ သို့သော်လည်း ၎င်းတို့သည် ကုသနည်းများဖြစ်သဖြင့် အခြားသောကုသမှုများကဲ့သို့ပင် အလေးအနက်ထားသင့်သည်။ ထုတ်ကုန်တစ်ခုကို ဆေးဆိုင်တွင် အလွယ်တကူ ဝယ်ယူနိုင်ရုံမျှဖြင့် ၎င်းသည် အန္တရာယ်ကင်းသည်ဟု မဆိုလိုပါ။ ထို့အပြင် ဤနည်းလမ်းများသည် သင့်ကလေး၏ရောဂါအတွက် မည်မျှအကျိုးရှိကြောင်း အချက်အလက်အနည်းအကျဉ်းကိုသာ တွေ့နိုင်သည်။

သဘာဝထုတ်ကုန် သို့မဟုတ် ဖြည့်စွက်စာအချို့သည် အောက်ပါတို့ကို ဖြစ်စေနိုင်သောကြောင့် ၎င်းတို့ကို သတိထားပါ-

  • ပုံမှန်ဆေးကုသမှုများကို အဆင်မပြေအောင် အနှောင့်အယှက်ပေးနိုင်သည်
  • ခန္ဓာကိုယ်တွင်း လှည့်ပတ်နေသောသွေးထဲ ဝင်ရောက်ပြီး သင့်ကလေး၏ ခန္ဓာကိုယ် အလုပ်လုပ်ပုံကို ပြောင်းလဲစေနိုင်သည်
  • ကုသမှုခံယူပြီးနောက်တွင် ဓာတ်မတည့်ခြင်း၊ ယားယံခြင်း သို့မဟုတ် အခြားဆိုးရွားသော တုံ့ပြန်မှုများ ဖြစ်စေနိုင်သည်
  • လူကြီးများထက် ကလေးများကို ပို၍ထိခိုက်စေနိုင်သည် (ကလေးများသည် ပိုမိုသေးငယ်ပြီး ၎င်းတို့၏ ကိုယ်အင်္ဂါများသည် ဖွံ့ဖြိုးဆဲဖြစ်သည်)
  • သင့်ကလေး၏ ခုခံအားစနစ် အားနည်းပါက ပြဿနာများဖြစ်နိုင်ခြေ ပိုများသည်
  • အညွှန်းတွင် ဖော်ပြမထားသည့် အန္တရာယ်ရှိသောအရာများ ပါဝင်နေနိုင်သည်
  • ကလေးတစ်ဦး သောက်သင့်သည့်ပမာဏ (ဆေးပမာဏအချက်အလက်) အတွက် ညွှန်ကြားချက်များ မပေးနိုင်ပါ

သင့်ကလေးတွင် အချို့သောအစားအစာများကို ကန့်သတ်ထားသည့် အထူးစားသောက်မှုပုံစံ ရှိပါက ၎င်းတို့သည်-

  • ကိုယ်အလေးချိန်လျော့ကျစေနိုင်သည်
  • ကောင်းမွန်စွာ ကြီးထွားဖွံ့ဖြိုးရန် လိုအပ်သော အာဟာရဓာတ်များ မရရှိနိုင်ပါ  

ဖြည့်စွက်နည်းလမ်းများကို အသုံးပြုခြင်း

ဖြည့်စွက်နည်းလမ်းများကို အသုံးမပြုမီ သင့်ကလေး၏ဆရာဝန်နှင့် ဆွေးနွေးပါ။ သင့်ဆရာဝန်သည်-

  • အန္တရာယ်များနှင့် အကျိုးကျေးဇူးများကို ပြောပြနိုင်သည်
  • ကုထုံးက အထောက်အကူဖြစ်၊ မဖြစ် သိရှိရန် သင့်ကလေးအား စောင့်ကြည့်နိုင်သည်  
  • ဖြစ်ပေါ်လာနိုင်သည့် ပြဿနာများရှိ၊ မရှိ စောင့်ကြည့်နိုင်သည်

သင့်ကလေးသည် ၎င်း၏ရောဂါစစ်ဆေးတွေ့ရှိမှု မတိုင်ခင်ကပင် ဖြည့်စွက်နည်းလမ်းတစ်ခုခုကို အသုံးပြုခဲ့သည့်တိုင် ၎င်းကို အသုံးမပြုမီ သင့်ကလေး၏ပြုစုကုသရေးအဖွဲ့နှင့် ဆွေးနွေးတိုင်ပင်ပါ။

ဖြည့်စွက်နည်းလမ်းများအကြောင်း သင့်ဆရာဝန်ကို မေးရန်မေးခွန်းများ

  • ဤကုထုံးက မည်သည့်ရောဂါလက္ခဏာများ သို့မဟုတ် ဘေးထွက်ဆိုးကျိုးများကို ကုသပေးသနည်း။
  • ကုထုံးက အကျိုးရှိကြောင်း မည်သည့်သက်သေအထောက်အထား ပြနိုင်ပါသနည်း။
  • ကျွန်ုပ်၏ကလေးနည်းတူ ရောဂါခံစားနေရသော အခြားကလေးများအား ကုသပေးရန် ၎င်းကို အသုံးပြုခဲ့ပါသလား၊ ထိုကလေးများက မည်သည့်အသက်အရွယ်များ ဖြစ်ကြသလဲ။
  • (ဆေးပမာဏနှင့် ဘယ်နှကြိမ် သောက်သုံးရမည်ကဲ့သို့) အသုံးပြုနည်း ညွှန်ကြားချက်များမှာ မည်သည်တို့ဖြစ်သနည်း။
  • ဤနည်းလမ်း၏ ဖြစ်နိုင်ခြေရှိသော ကောင်းကျိုးများ၊ အန္တရာယ်များနှင့် ဘေးထွက်ဆိုးကျိုးများမှာ မည်သည်တို့ဖြစ်သနည်း။
  • ၎င်းသည် ကျွန်ုပ်၏ကလေးခံယူနေသော အခြားဆေးကုသမှုများကို မည်သို့အနှောင့်အယှက်ပေးနိုင်သနည်း။
  • ဤနည်းလမ်းကို ယခု စမ်းသုံးကြည့်ရန် စိတ်ချရသလား။

ပေါင်းစပ်ဆေးပညာ ကျွမ်းကျင်ပညာရှင်ကို ရှာဖွေခြင်း

အောက်ပါတို့ကို ပြုလုပ်ရန် သင့်အား တိုက်တွန်းပါသည်-

  • အသိအမှတ်ပြုလက်မှတ်ရ ကျန်းမာရေး ပညာရှင်တစ်ဦးကို ရှာဖွေပါ။ ကျန်းမာရေးစောင့်ရှောက်မှုပေးသူသည် လိုင်စင်ရထားပြီး ဖြည့်စွက်နည်းလမ်းများ ဆောင်ရွက်ရာတွင် အတွေ့အကြုံရှိသင့်သည်။
  • ကျန်းမာရေးစောင့်ရှောက်မှုပေးသူသည် သင့်ကလေးခံစားနေရသော ရောဂါဝေဒနာရှိသည့် ကလေးများကို ကုသဖူးခြင်းရှိ၊ မရှိ မေးမြန်းပါ။

ဖြည့်စွက်နည်းလမ်းများအကြောင်း အဓိကအချက်များ

  • ပေါင်းစပ်ဆေးပညာကို အသုံးချကုသသော ဆရာဝန်များသည် ရောဂါကုသစဉ်တွင် ဘေးထွက်ဆိုးကျိုးများကို ထိန်းချုပ်ရန်အတွက် ဖြည့်စွက်နည်းလမ်းများနှင့် ပုံမှန်ဆေးကုသမှုများကို အတူတကွ အသုံးပြုကြသည်။
  • ဖြည့်စွက်နည်းလမ်းများချည်းသက်သက် အသုံးပြုခြင်းဖြင့် ရောဂါမပျောက်ကင်းနိုင်ပါ သို့မဟုတ် ရောဂါကို သက်သာမလျော့ပါးစေနိုင်ပါ။
  • အချို့သော ဖြည့်စွက်နည်းလမ်းများသည် ဘေးကင်းသော်လည်း အခြားနည်းလမ်းများသည် အန္တရာယ်ရှိသော တုံ့ပြန်မှုများကို ဖြစ်စေနိုင်သည် သို့မဟုတ် ပုံမှန်ဆေးကုသမှုများကို အနှောင့်အယှက်ဖြစ်စေနိုင်သည်။
  • ဖြည့်စွက်နည်းလမ်းများကို အသုံးမပြုမီ သင့်ဆရာဝန်နှင့် ဆွေးနွေးတိုင်ပင်ပါ။
  • သင့်ကလေးနည်းတူ ရောဂါခံစားနေရသော ကလေးများကို ကုသပေးရာတွင် အတွေ့အကြုံရှိသော လက်မှတ်ရ၊ လိုင်စင်ရ ကျန်းမာရေးပညာရှင်ကို ရှာပါ။ 

နောက်ထပ်အချက်အလက်များကို သိရှိရန်-


The Together by St. Jude အွန်လိုင်းမှီငြမ်းစရာ သည် ဤဆောင်းပါးတွင်ဖော်ပြထားသည့် အမှတ်တံဆိပ်ပါ ထုတ်ကုန်တစ်ခုကိုမျှ ထောက်ခံကြော်ငြာခြင်း မပြုပါ။


ပြန်လည်သုံးသပ်သည့်ရက်စွဲ- ဒီဇင်ဘာလ 2023 ခုနှစ်