အဓိကအကြောင်းအရာ skip

ရောဂါလက္ခဏာများနှင့် ဘေးထွက်ဆိုးကျိုးများမှ သက်သာစေရန် ဇီဝတုံ့ပြန်မှုကို အသုံးပြုခြင်း

ဇီဝတုံ့ပြန်မှုဆိုသည်မှာ အဘယ်နည်း။

ဇီဝတုံ့ပြန်မှုသည် ခန္ဓာကိုယ်လုပ်ဆောင်ချက်အချို့ကို လူနာများ ပိုမိုသတိပြုမိပြီး ထိန်းချုပ်နိုင်စေရန် ကူညီပေးသည့် စိတ်နှင့် ခန္ဓာကိုယ်အသုံးချနည်းစနစ်တစ်ခု ဖြစ်သည်။ ဇီဝတုံ့ပြန်မှုသည် ရောဂါလက္ခဏာများ၊ ဘေးထွက်ဆိုးကျိုးများနာကျင်မှုနှင့် စိတ်ဖိစီးမှုကို လူနာများ ထိန်းချုပ်ဖြေရှင်းနိုင်စေရန် ကူညီပေးနိုင်သည်။ ၎င်းသည် ပုံမှန်အသုံးပြုနေကျ ကုသနည်းနှင့်အတူ အသုံးပြုနိုင်သော ဖြည့်စွက်ကုထုံးတစ်ခုဖြစ်သည်။

ဇီဝတုံ့ပြန်မှုဖြင့် ကုသရာတွင် ကျန်းမာရေးစောင့်ရှောက်မှုပေးသူသည် အသက်ရှူခြင်းနှင့် နှလုံးခုန်နှုန်းကဲ့သို့သော ခန္ဓာကိုယ်ထံမှ အချက်ပြမှုများကို ရှာဖွေပြီး စောင့်ကြည့်ရန် အထူးကိရိယာများကို အသုံးပြုသည်။ လူနာသည် ရောဂါသက်သာစေသော နည်းစနစ်အမျိုးမျိုးကို ၎င်း၏ခန္ဓာကိုယ်ကတုံ့ပြန်ပုံအား စခရင်ပေါ်တွင် ကြည့်ရှုသည်။ အချိန်ကြာလာသည်နှင့်အမျှ လူနာသည် ခန္ဓာကိုယ်လုပ်ဆောင်ချက်များကို မှတ်မိလာပြီး ဇီဝတုံ့ပြန်မှုမပါဘဲ ၎င်းတို့ကို ထိန်းချုပ်နိုင်လာသည်။

EEG အာရုံကြောတုံ့ပြန်မှုကုထုံးခံယူနေသော ဆယ်ကျော်သက် မိန်းကလေးနှင့် ကလေးကုထုံးပညာရှင်

ရောဂါလက္ခဏာများ၊ ဘေးထွက်ဆိုးကျိုးများ၊ နာကျင်မှုနှင့် စိတ်ဖိစီးမှုကို လူနာများ ထိန်းချုပ်ဖြေရှင်းနိုင်ရေး ကူညီရန်အတွက် ပုံမှန်အသုံးပြုနေကျ ကုသနည်းနှင့်အတူတွဲ၍ ဇီဝတုံ့ပြန်မှုကို အသုံးပြုနိုင်သည်။

ဇီဝတုံ့ပြန်မှုကုထုံးခံယူခြင်း အလုပ်လုပ်ပုံ

ဇီဝတုံ့ပြန်မှုသည် အောက်ပါတို့ကဲ့သို့ ခန္ဓာကိုယ်လုပ်ဆောင်ချက်များကို တိုင်းတာရန် ကိရိယာများကို အသုံးပြုသည်-

  • နှလုံးခုန်နှုန်းနှင့် နှလုံးခုန်သည့်ပုံစံ
  • အရေပြားအပူချိန်
  • ကြွက်သား တင်းမာမှုနှင့် လှုပ်ရှားမှု
  • အသက်ရှူခြင်း
  • ချွေးထွက်ခြင်း
  • ဦးနှောက်လှိုင်း လှုပ်ရှားမှု

ကျန်းမာရေးစောင့်ရှောက်မှုပေးသူသည် တိုင်းတာနေသည့် အရာအပေါ် မူတည်၍ ခန္ဓာကိုယ်၏ မတူညီသော နေရာများတွင် အာရုံခံကိရိယာများကို ထားရှိသည်။ အာရုံခံကိရိယာများကို လက်ချောင်းများ၊ လက်ကောက်ဝတ်၊ နားရွက်အောက်ပိုင်းများ၊ ဦးရေပြား သို့မဟုတ် ရင်ဘတ်ပေါ်တွင် ထားနိုင်သည်။

လူနာသည် စခရင်ကိုကြည့်ရှုပြီး ၎င်းတို့ခန္ဓာကိုယ်၏ လုပ်ဆောင်ပုံကို အချိန်နှင့်တစ်ပြေးညီ သိရှိနိုင်သည်။ ဤနည်းအားဖြင့် အချို့သော ခန္ဓာကိုယ်လှုပ်ရှားမှုများကို ပိုမိုသိရှိနားလည်လာစေရန် ၎င်းတို့အား ကူညီပေးနိုင်သည်။

ကျန်းမာရေးစောင့်ရှောက်မှုပေးသူသည် လိုချင်သည့်ရလဒ်များရရှိစေရန်အတွက် အသေးစား ပြောင်းလဲမှုများ ပြုလုပ်ရာတွင် လူနာကို ကူညီပေးရန် ဤအသေးစိတ်အချက်များကို အသုံးပြုသည်။

ဥပမာအားဖြင့် နှလုံးခုန်မြန်သော တိုင်းတာချက်သည် စိတ်ဖိစီးမှုကို ညွှန်ပြနိုင်သည်။ ကုထုံးပညာရှင်သည် စိတ်ဖိစီးမှုကို လျှော့ချရန်နှင့် နှလုံးခုန်နှုန်းကို လျှော့ချရန် စိတ်ဖြေလျှော့နည်းစနစ်ကို အသုံးပြုနိုင်သည်။ သို့မဟုတ် ကုထုံးပညာရှင်သည် လူနာအား အချို့သော ကြွက်သားများကို ပြေလျော့စေပြီး နာကျင်မှု သို့မဟုတ် မသက်မသာဖြစ်မှုကို လျော့ပါးအောင် ကူညီပေးရန်အတွက် ကြွက်သားလှုပ်ရှားမှုကို တိုင်းတာနိုင်သည်။

တဖြည်းဖြည်းလေ့ကျင့်ရင်း လူနာများသည် ၎င်းတို့ခန္ဓာကိုယ်၏ လုပ်ဆောင်ပုံကို မှတ်မိသိရှိလာပြီး ၎င်းတို့ခန္ဓာကိုယ်၏ တုံ့ပြန်မှုများကို ထိန်းချုပ်ရန် သီးခြားနည်းစနစ်များကို အသုံးပြုကြသည်။

အိမ်အပြင်ပန်းခြံထဲတွင် တရားထိုင်နေသော အမျိုးသမီးငယ်

ဇီဝတုံ့ပြန်မှုတွင် ကုထုံးပညာရှင်သည် စိတ်ဖိစီးမှုကို လျှော့ချရန်နှင့် နှလုံးခုန်နှုန်းကို လျှော့ချရန် စိတ်ဖြေလျှော့သည့် နည်းစနစ်များကို အသုံးပြုနိုင်သည်။

ဇီဝတုံ့ပြန်မှုကုထုံးခံယူခြင်း၏ အခြေခံအချက်များ

  • ကျန်းမာရေးစောင့်ရှောက်မှုပေးသူသည် အာရုံခံကိရိယာအသီးသီးက တိုင်းတာသည့်အရာများနှင့် စခရင်ပေါ်တွင် အချက်ပြမှုများ မည်သို့ပေါ်လာပုံကို ရှင်းပြသည်။
  • ကျန်းမာရေးစောင့်ရှောက်မှုပေးသူသည် အချို့သော ခန္ဓာကိုယ်လှုပ်ရှားမှုများကို တိုင်းတာရန် ခန္ဓာကိုယ်ပေါ်တွင် အာရုံခံကိရိယာများကို ထားရှိသည်။
  • လူနာသည် မတူညီသောအလုပ်များအပေါ် ၎င်း၏ ခန္ဓာကိုယ်က မည်သို့တုံ့ပြန်ပုံကို ကြည့်ရှုသည်။
  • ကျန်းမာရေးစောင့်ရှောက်မှုပေးသူသည် စိတ်ပိုင်းဆိုင်ရာပုံဖော်တွေးခြင်း၊ အသက်ရှူခြင်း၊ ကြွက်သား ပြေလျော့စေခြင်း သို့မဟုတ် အခြားနည်းစနစ်များကို အသုံးပြု၍ ခန္ဓာကိုယ်တုံ့ပြန်မှုများကို ပြောင်းလဲရန် နည်းလမ်းများကို လူနာအား ညွှန်ကြားပေးသည်။
 

ဇီဝတုံ့ပြန်မှုဖြင့်ကုသခြင်း၏ အကျိုးကျေးဇူးများ

ဇီဝတုံ့ပြန်မှုသည် အောက်ပါတို့ကို ထိန်းချုပ်ဖြေရှင်းနိုင်ရန် လူနာများအား ကူညီပေးနိုင်သည်-

  • စိတ်ဖိစီးခြင်းနှင့် စိုးရိမ်ပူပန်ခြင်း
  • နာကျင်ခြင်း
  • ပျို့အန်ချင်စိတ်ဖြစ်ခြင်း
  • ခေါင်းကိုက်ခြင်း နှင့်/သို့မဟုတ် ခေါင်းတစ်ခြမ်းကိုက်ခြင်းများ
  • အိပ်မပျော်ခြင်း
  • သွေးတိုးခြင်း
  • သန့်စင်ခန်းအသုံးပြုရာတွင် ပြဿနာရှိခြင်း
  • အူလမ်းကြောင်းလှုပ်ရှားမှုမမှန်သည့် ရောဂါလက္ခဏာ
  • ဆီးချိုသွေးချိုရောဂါ
  • ရေးနော့ရောဂါ (ခန္ဓာကိုယ် အစိတ်အပိုင်းများသို့ သွေးပို့လွှတ်မှုကို ထိခိုက်စေသော အခြေအနေ)

ဇီဝတုံ့ပြန်မှု ကုထုံးခံယူရာတွင် ဘေးကင်းစိတ်ချရမှု

ဇီဝတုံ့ပြန်မှုသည် ခန္ဓာကိုယ်အား ထိုးဖောက်မှုမရှိဘဲ ဘေးကင်းသည်ဟု ယူဆထားသည်။ သို့သော် အာရုံခံကိရိယာများသည် အရေပြားယားယံမှုကို ဖြစ်စေနိုင်သည်။ ဇီဝတုံ့ပြန်မှုသည် အဆင့်မြင့်လေ့ကျင့်သင်ကြားထားသော လက်မှတ်ရ စောင့်ရှောက်မှုပေးသူက သင်ကြားပေးသည့်အခါ အထိရောက်ဆုံးဖြစ်သည်။

ဇီဝတုံ့ပြန်မှုနှင့်ပတ်သက်သော မေးခွန်းများရှိပါက ကုသရေးအဖွဲ့ကို ဆက်သွယ်ပါ။

ဇီဝတုံ့ပြန်မှုနှင့်ပတ်သက်၍ သင်၏ကုသရေးအဖွဲ့ကို မေးမြန်းရန် မေးခွန်းများ

  • ဇီဝတုံ့ပြန်မှုက ကျွန်ုပ်၏ကလေးကို မည်သို့ ကူညီပေးနိုင်မည်နည်း။
  • ကျွန်ုပ်၏ကလေးသည် ဇီဝတုံ့ပြန်မှုကုထုံးခံယူရန်အတွက် မည်သည့်အသက်အရွယ်ရှိရန် လိုအပ်သနည်း။
  • ဇီဝတုံ့ပြန်မှုသည် ဘေးကင်းပါသလား။
  • ဇီဝတုံ့ပြန်မှုသည် အာမခံတွင် အကျုံးဝင်ပါမည်လား။
  • ကျွန်ုပ်ကလေး၏ စောင့်ရှောက်မှုပေးသူထံမှ လွှဲပြောင်းပေးမှု လိုအပ်ပါမည်လား။
  • အရည်အချင်းပြည့်မီသော ဇီဝတုံ့ပြန်မှုဖြင့် ကုသပေးသူကို မည်သည့်နေရာတွင် ရှာတွေ့နိုင်သနည်း။

ဇီဝတုံ့ပြန်မှုအကြောင်း အဓိကအချက်များ

  • ဇီဝတုံ့ပြန်မှုသည် လူနာများအား ခန္ဓာကိုယ် လုပ်ဆောင်ချက်များကို ပိုမိုသိရှိနားလည်လာစေရန်နှင့် ထိန်းချုပ်နိုင်စေရန် နည်းပေးလမ်းညွှန်သော စိတ်နှင့်ခန္ဓာကိုယ်တုံ့ပြန်မှုဆိုင်ရာ နည်းစနစ်တစ်ခုဖြစ်သည်။
  • ဇီဝတုံ့ပြန်မှုသည် လူနာများအား နာကျင်မှု၊ စိတ်ဖိစီးမှု၊ အိပ်မပျော်သည့် ပြဿနာများနှင့် ရောဂါ သို့မဟုတ် ရောဂါကုသမှုဆိုင်ရာ ဘေးထွက်ဆိုးကျိုးများကို ထိန်းချုပ်ဖြေရှင်းရန် ကူညီပေးနိုင်သည်။
  • စောင့်ရှောက်မှုပေးသူတစ်ဦးသည် ခန္ဓာကိုယ်ပေါ်ရှိ အာရုံခံကိရိယာများမှတစ်ဆင့် ခန္ဓာကိုယ်အချက်ပြမှုများကို စောင့်ကြည့်ရန် အထူးကိရိယာများကို အသုံးပြုသည်။
  • လူနာများအနေဖြင့် ၎င်းတို့ခန္ဓာကိုယ်၏ တုံ့ပြန်မှုများကို ၎င်းတို့ကိုယ်တိုင် ထိန်းချုပ်နည်းကို လေ့လာရန်အတွက် အာရုံခံကိရိယာများမှ တုံ့ပြန်မှုကို အသုံးပြုရန်မှာ အဓိကရည်ရွယ်ချက်ဖြစ်သည်။
  • သင့်ကလေးအတွက် ဇီဝတုံ့ပြန်မှုအကြောင်း ကုသရေးအဖွဲ့ကို မေးမြန်းပါ။


ပြန်လည်သုံးသပ်သည့်ရက်စွဲ- အောက်တိုဘာလ 2023 ခုနှစ်