အဓိကအကြောင်းအရာ skip

ကြိုဆိုပါသည်

Together သည် - လူနာများနှင့် မိဘများ၊ မိသားစုဝင်များနှင့် သူငယ်ချင်းများအပါအဝင် - ကလေးကင်ဆာကြောင့် ထိခိုက်မှုရှိသူတိုင်းအတွက် ရင်းမြစ်အသစ်တစ်ခု ဖြစ်ပါသည်။

ပိုမိုလေ့လာရန်

ပြင်းထန်သောဝေဒနာများခံစားနေရသည့် ကလေးများအတွက် ယောဂကျင့်စဉ်

ယောဂကျင့်ခြင်းသည် စိတ်သက်သာမှုနှင့် နိုးကြားသတိရှိမှုကို မြှင့်တင်ပေးရန် မွေ့လျော်ဖွယ်ကောင်းသော နည်းလမ်းဖြစ်သည်။ ၎င်းသည် ခန္ဓာကိုယ်အား ထိုးဖောက်မှုမရှိဘဲ ဘေးကင်းစိတ်ချရသော၊ သင့်ကလေးများနှင့်အတူ လုပ်ဆောင်နိုင်သည့် လှုပ်ရှားမှုတစ်ခုဖြစ်သည်။ အသက်အရွယ်နှင့် လုပ်ဆောင်နိုင်စွမ်း ကွဲပြားသည့် ကလေးများအနေဖြင့် ယောဂကျင့်နိုင်ပြီး ယောဂကျင့်စဉ်ကို လိုအပ်သလို ပိုမိုလွယ်ကူအောင် သို့မဟုတ် ပိုမိုခက်ခဲအောင် ပြုလုပ်နိုင်သည်။

ယောဂကျင့်ခြင်းသည် ကင်ဆာ၊ သွေးတံစဉ်ဆဲလ်ရောဂါနှင့် အခြားပြင်းထန်သော ဝေဒနာများအတွက် ကုသမှုခံယူစဉ် ကလေးများ ကြုံတွေ့ရသည့် ရောဂါလက္ခဏာများကို လျော့ပါးသက်သာစေနိုင်သည်။

ယောဂကျင့်ခြင်း၏ ကောင်းကျိုးအချို့တွင် ပါဝင်သည်များ-

  • အကိုက်အခဲ သက်သာလျော့ပါးခြင်း
  • စိတ်သက်သာရာရခြင်း
  • ခန္ဓာကိုယ် ပိုမိုပျော့ပျောင်းလာခြင်း
  • ကိုယ်လက်ကြံ့ခိုင်မှု ပိုမိုကောင်းမွန်လာခြင်း
  • ပို၍ ခံနိုင်ရည်အားကောင်းလာခြင်း
  • လဲကျနိုင်ခြေ လျော့နည်းသွားခြင်း
  • ပင်ပန်းနွမ်းနယ်မှု လျော့နည်းသွားခြင်း

ပြင်းထန်သော ဝေဒနာများခံစားနေရသည့် ကလေးများအတွက် ဆရာဝန်များ သို့မဟုတ် ကျန်းမာရေးစောင့်ရှောက်မှုပေးသူများထံမှ ကုသမှုများ သို့မဟုတ် အကြံပြုချက်များကို ယောဂကျင့်စဉ်နှင့် အစားမထိုးသင့်ပါ။

ယောဂကျင့်စဉ်အပါအဝင် – မည်သည့်လှုပ်ရှားမှုအသစ်ကိုမျှ – သင့်ကလေး၏ ဆရာဝန်နှင့် ဆွေးနွေးတိုင်ပင်မှုမရှိဘဲ မစတင်ပါနှင့်။ ယောဂကျင့်စဉ်နှင့် အခြားရွေးချယ်စရာများအကြောင်းကို သင့်ကလေး၏ ကာယကုထုံးပညာရှင်၊ ဆရာဝန် သို့မဟုတ် ပြုစုကုသရေးအဖွဲ့ထံ မေးမြန်းနိုင်သည်။

ကလေးများနှင့် မိဘများအတွက် ယောဂထိုင်နည်းပုံစံများ

ယောဂကျင့်ခြင်းသည် မိဘများနှင့် အခြားစောင့်ရှောက်မှုပေးသူများအတွက်လည်း အကျိုးကျေးဇူးရရှိနိုင်သည်။ ၎င်းသည် စိတ်ဖိစီးမှုထိန်းချုပ်ရာတွင် ကူညီပေးပြီး ကိုယ်စိတ်နှစ်ပါး ပိုမိုကျန်းမာပျော်ရွှင်စေရေးအတွက် အထောက်အကူပြုနိုင်သည်။

ထိုင်နည်းပုံစံများသည် ယောဂကျင့်နေစဉ် သင့်ခန္ဓာကိုယ်ကို ထားရှိရမည့် ကိုယ်နေဟန်ထားပုံစံများ ဖြစ်သည်။ သင်နှင့် သင့်ကလေးသည် ယောဂကျင့်ခြင်းကို စမ်းလုပ်ကြည့်လိုပါက စတင်လုပ်ဆောင်ရန် အသုံးများသည့် ထိုင်နည်းပုံစံများကို ဤတွင်ဖော်ပြထားပါသည်။

အဆိုပါထိုင်နည်းပုံစံများကို ညွှန်ကြားချက်များနှင့်အညီ ပြုလုပ်လျှင် အကောင်းဆုံးဖြစ်ပါသည်။ ထိုင်နည်းပုံစံများကို စာအုပ်တွင် ကြည့်နိုင်သည် သို့မဟုတ် ၎င်းတို့ကို မြင်တွေ့နိုင်ရန် အွန်လိုင်းဗီဒီယိုများတွင်လည်း ကြည့်ရှုနိုင်သည်။ ထိုင်နည်းပုံစံတစ်ခုခုက ထိခိုက်နာကျင်မှုရှိစေပါက ၎င်းကို ချက်ချင်းရပ်တန့်ပြီး ဆရာဝန်နှင့် ဆွေးနွေးတိုင်ပင်ပါ

ကလေးအတွက် ထိုင်နည်းပုံစံ

ကလေးအတွက် ထိုင်နည်းပုံစံသည် အနားယူအပန်းဖြေသည့် ယောဂထိုင်နည်းပုံစံဖြစ်သည်။
  1. သင့်လက်နှင့် ဒူးများကိုအသုံးပြု၍ စတင်လုပ်ဆောင်ပါ။
  2. သင့်အနောက်ဘက်တင်ပါးများကို သင့်ဖနောင့်များနှင့်ထိပြီး ထိုင်ပါ။
  3. သင့်နဖူးဖြင့် ကြမ်းပြင်ကို ထိနိုင်သလောက် ခါးကို ကွေးညွတ်ပါ။
  4. သင့်လက်များကို ခေါင်းပေါ်သို့ ဆန့်တန်းပါ။
ကလေးအတွက် ယောဂထိုင်နည်းပုံစံကို ပြုလုပ်နေသည့် ယောဂဆရာ

ကလေးအတွက် ထိုင်နည်းပုံစံ

သစ်ပင်ပုံ ယောဂထိုင်နည်းပုံစံ

သစ်ပင်ပုံ ယောဂထိုင်နည်းပုံစံသည် ဟန်ချက်ညှိ ထိုင်နည်းပုံစံဖြစ်သည်။

  1. ကိုယ်ကို မတ်မတ်ထားပြီးရပ်ပါ။
  2. သင့်ခြေဖဝါးက သင့်ခြေသလုံးကြွက်သား၊ ခြေချင်းဝတ် သို့မဟုတ် ပေါင်တံပေါ်သို့ ရောက်ရှိသည်အထိ သင့်ဘယ်ခြေထောက် သို့မဟုတ် ညာခြေထောက်ကို မြှောက်တင်ပါ။ (သင့်ခြေချင်းဝတ်နှင့် စ‌တင်ပြီး သင်တည်ငြိမ်သွားသည့်အခါမှသာ ရွေ့လျားပါ။ မြှောက်တင်ထားသည့် ခြေထောက်ကို သင့်ဒူးခေါင်း သို့မဟုတ် ခြေချင်းဝတ်အပေါ်သို့ တင်ထားခြင်း လုံးဝမလုပ်ပါနှင့်။)
  3. တတ်နိုင်လျှင် သင့်လက်မောင်းများကို သင့်ခေါင်းအထက်သို့ မြှောက်ပြီး ဟန်ချက်ထိန်းထားပါ။
  4. လိုအပ်ပါက သစ်ပင်ပုံ ယောဂထိုင်နည်းပုံစံကို ထိန်းထားရာတွင် အကူအညီဖြစ်စေရန် နံရံ သို့မဟုတ် ကုလားထိုင်ကို အသုံးပြုနိုင်သည်။
သစ်ပင်ပုံ ယောဂထိုင်နည်းပုံစံကို ပြုလုပ်နေသည့် ယောဂဆရာ

သစ်ပင်ပုံ ယောဂထိုင်နည်းပုံစံ

ကြောင်-နွားပုံစံ ယောဂထိုင်နည်း

ဤအပန်းဖြေသည့် ထိုင်နည်းပုံစံသည် တောင့်တင်းနေသည့် ကြွက်သားများကို ဖြေလျှော့ရာတွင် အထောက်အကူပြုနိုင်သည်။

  1. သင့်လက်နှင့် ဒူးများကိုအသုံးပြု၍ စတင်လုပ်ဆောင်ပါ။ သင့်ဒူးများကို ပို၍သက်သောင့်သက်သာရှိစေရန်အတွက် စောင်များကို ဒူးများအောက်တွင် ထားရှိအသုံးပြုနိုင်သည်။
  2. အသက်ကို ဝအောင်ရှူသွင်းပါ၊ မျက်နှာကြက်ကို မော့ကြည့်စဉ် သင့်ဝမ်းဗိုက်ကို အောက်သို့ဖြေလျှော့ထားပါ။
  3. အသက်ကို ရှူထုတ်ပါ၊ ကြမ်းပြင်ကို ငုံ့ကြည့်ပြီး သင့်နောက်ကျောဘက်ကို “ဟော်လိုဝင်းကြောင်နက်” တစ်ကောင်ကဲ့သို့ တွန်းထုတ်ပါ။
  4. အကြိမ်ကြိမ် ထပ်ကျော့ပြုလုပ်ပါ။

ယောဂကျင့်ခြင်းသည် နိုးကြားသတိရှိမှု၊ ကိုယ်လက်ကွေးညွတ်ဆန့်တန်းနိုင်မှု မြှင့်တင်မှု၊ စိတ်သက်သာမှုတို့နှင့် သက်ဆိုင်သည်။ မည်သည့်ထိုင်နည်းပုံစံကို စမ်းကြည့်သည်ဖြစ်စေ မွေ့လျော်နှစ်သက်ရမည်ဖြစ်ကြောင်း မမေ့ပါနှင့်။

ကြောင်ပုံစံ ယောဂထိုင်နည်းကို ပြုလုပ်နေသည့် ယောဂဆရာ

ကြောင်ပုံစံ ယောဂထိုင်နည်း

နွားပုံစံ ယောဂထိုင်နည်းကို ပြုလုပ်နေသည့် ယောဂဆရာ

နွားပုံစံ ယောဂထိုင်နည်း

ကလေးများအတွက် ယောဂကျင့်စာအုပ်များ

  • ABC Yoga (ABC ယောဂ)- A Pose-by-Pose Wake Up Story (ယောဂထိုင်နည်းအဆင့်ဆင့် နိုးကြားမှုဇာတ်လမ်း) ရေးသူ Christiane Engel
  • Zoo Zen- A Yoga Story for Kids (ကလေးများအတွက် ယောဂကျင့်စဉ်ပုံပြင်) ရေးသူ Kristen Fischer နှင့် Susi Schaefer
  • You Are a Lion! And Other Fun Yoga Poses (သင်ဟာ ခြင်္သေ့တစ်ကောင်ပါနှင့် အခြားသော ပျော်စရာ ယောဂထိုင်နည်းများ) ရေးသူ Taeeun Yoo
  • Good Morning Yoga (ယောဂကျင့်စဉ်နှင့် တစ်မနက်တာ)- A Pose-by-Pose Wake Up Story (ယောဂထိုင်နည်းအဆင့်ဆင့် နိုးကြားမှုဇာတ်လမ်း) ရေးသူ Mariam Gates နှင့် Sarah Jane Hinder

ကလေးများနှင့် ဆယ်ကျော်သက်များအတွက် ယောဂကစားနည်းများ

ပြင်းထန်သောဝေဒနာများ ခံစားနေရသော ကလေးများအတွက် ယောဂကျင့်စဉ်ဆိုင်ရာ အဓိက အချက်များ

  • ယောဂကျင့်ခြင်းသည် ပြင်းထန်သောဝေဒနာများ ခံစားနေရသည့် ကလေးများအတွက် ကောင်းကျိုးရရှိနိုင်သည်။
  • ယောဂသည် ခန္ဓာကိုယ်ပျော့ပျောင်းမှု၊ နိုးကြားသတိရှိမှုနှင့် စိတ်သက်သာမှုအတွက် ကူညီပေးနိုင်ပါသည်။ ၎င်းသည် စောင့်ရှောက်မှုပေးသူများရှိ စိတ်ဖိစီးမှုကို ထိန်းချုပ်ဖြေရှင်းရာတွင်လည်း ကူညီပေးနိုင်သည်။
  • သင့် ကလေးအနေဖြင့် ယောဂကျင့်ခြင်း စတင်မပြုလုပ်မီ သင့်ကလေး၏ ဆေးကုသရေးအဖွဲ့နှင့် ဆွေးနွေးပြောဆိုပါ။


The Together by St. Jude™ အွန်လိုင်းမှီငြမ်းစရာသည် ဤဆောင်းပါးတွင် ဖော်ပြထားသော အမှတ်တံဆိပ်ပါထုတ်ကုန် သို့မဟုတ် အဖွဲ့အစည်းကို ထောက်ခံကြော်ငြာခြင်း မပြုပါ။


ပြန်လည်သုံးသပ်သည့်ရက်စွဲ- ဒီဇင်ဘာလ 2023 ခုနှစ်