အဓိကအကြောင်းအရာ skip

ကြိုဆိုပါသည်

Together သည် - လူနာများနှင့် မိဘများ၊ မိသားစုဝင်များနှင့် သူငယ်ချင်းများအပါအဝင် - ကလေးကင်ဆာကြောင့် ထိခိုက်မှုရှိသူတိုင်းအတွက် ရင်းမြစ်အသစ်တစ်ခု ဖြစ်ပါသည်။

ပိုမိုလေ့လာရန်

နာကျင်မှုသက်သာစေရန် အပူဖြင့် ကုသခြင်း

အပူဓာတ်သည် သင့်ကလေး၏ နာကျင်မှုကို သက်သာစေရန် ကူညီပေးနိုင်သည်။ ၎င်းသည် တောင့်တင်းနေသော အဆစ်အမြစ်များကို ပြေလျော့စေပြီး သင့်ကလေးကို အညောင်းပြေစေနိုင်သည်။ 

ကုသရေးအဖွဲ့သည် အပူဖြင့်ကုသခြင်းကို ဆေးရုံတွင် လုပ်ဆောင်ပေးနိုင်သည်။ ၎င်းကို အိမ်တွင်လည်း အသုံးပြုနိုင်သည်

အပူဖြင့် ကုသခြင်းကို ဘေးကင်းစွာ ပြုလုပ်ရန် အရေးကြီးသည်။ သို့မဟုတ်ပါက သင့်ကလေးကို အပူလောင်စေနိုင်သည်။  

အကယ်၍ သင့်ကလေးတွင် ဆေးပလာစတာ ကပ်ထားပါက ၎င်းတို့ကို အပူပေးခြင်း မပြုလုပ်သင့်ပါ။ အပူဓာတ်သည် ဆေးပလာစတာမှ ဆေးများကို သင့်ကလေး၏ သွေးထဲသို့ ဆေးများအလွန်အကျွံ ရောက်သွားစေနိုင်သည်။ ယင်းသည် အလွန်အန္တရာယ်များသော ဆေးလွန်ခြင်းကို ဖြစ်ပေါ်စေနိုင်သည်။

ဆေးရုံတွင် အပူဖြင့် ကုသခြင်း

သင့်ကလေးအတွက် ဆေးရုံတွင် အပူဖြင့် ကုသခြင်း ခံယူနိုင်သည့် နည်းလမ်းအချို့ကို အောက်တွင်ဖော်ပြထားသည်-

  • တစ်ခါသုံး ချက်ချင်းအပူပေးအိတ် - သေးငယ်သော နေရာများပေါ်တွင် ခဏတာအသုံးပြုသည်။
  • ရေနွေးဖြည့်ထားသော တစ်ခါသုံး အပူခံပြား - ပံ့က ရေကို နွေးနေစေသည်။

ဆေးရုံတွင် အိမ်သုံး လျှပ်စစ်အပူခံပြား သို့မဟုတ် မိုက်ခရိုဝေ့ ဂျယ်ပြားကို မသုံးပါနှင့်။  သင့်တွင် မေးမြန်းစရာများရှိပါက ကုသရေးအဖွဲ့နှင့် ဆွေးနွေးပါ။

အပူဖြင့် ကုသခြင်းမပြုမီ သင့်ကလေးကို အကဲဖြတ်စစ်ဆေးခြင်း

သူနာပြုသည် သင့်ကလေးအား အပူဖြင့် ကုသခြင်းမပြုမီ စစ်ဆေးမည်ဖြစ်သည်။ သူနာပြုသည် အောက်ပါတို့ကို စစ်ဆေးပါမည်- 

  • ပေါက်ပြဲနေသော အရေပြား – ပေါက်ပြဲနေသည့် နေရာများ သို့မဟုတ် အနာများ
  • ရောင်ရမ်းခြင်းနှင့် ရောဂါပိုးဝင်သည့် လက္ခဏာများ
  • အပူဖြင့်ကုသသည့်နေရာတွင် ပူလွန်းနေပါက သို့မဟုတ် သက်သောင့်သက်သာမရှိပါက အပူဆက်မပေးတော့ရန် သင့်ကလေး၏ ပြောဆိုနိုင်မှု။

ဤနေရာများတွင် အပူဖြင့် ကုသခြင်း မပြုလုပ်ရပါ

သင့်ကလေးသည် နေရာအချို့တွင် အပူဖြင့် ကုသခြင်း မခံယူသင့်ပါ။

ထိုနေရာများမှာ-

  • မျက်နှာ
  • လိင်အင်္ဂါအနီးတစ်ဝိုက်
  • အရေပြား ပေါက်ပြဲသော၊ သွေးစီးဆင်းမှု မကောင်းသော၊ ရောင်ရမ်းနေသော သို့မဟုတ် ထုံကျဉ်နေသော မည်သည့်နေရာမဆို။

အပူဖြင့် ကုသခြင်းကို အသုံးပြုပုံ

သူနာပြု သို့မဟုတ် ကုသရေး အခြားအဖွဲ့ဝင်တစ်ဦးသည် အပူပေးအိတ် သို့မဟုတ် အပူခံပြားကို သင့်ကလေးခန္ဓာကိုယ်ပေါ် မတင်မီ ခေါင်းအုံးစွပ်ဖြင့် ဖုံးအုပ်ပေးမည်ဖြစ်သည်။ ဤသို့လုပ်ခြင်းက အပူလောင်မှုများ မဖြစ်စေရန် တားဆီးပေးသည်။

အပူသည် အရေပြားနှင့် တိုက်ရိုက် မထိတွေ့သင့်ပါ။ သင့်ကလေးသည် အပူပေါ်တွင် တိုက်ရိုက် မလှဲလျောင်းသင့်ပါ။ သင့်ကလေး၏ ခန္ဓာကိုယ်နှင့် အပူပေးအိတ် သို့မဟုတ် အပူခံပြားအနီးတစ်ဝိုက်တွင် အမြဲတမ်း လေဝင်လေထွက် ကောင်းသင့်သည်။

အပူပေးအိတ် သို့မဟုတ် အပူခံပြားကို ထားရှိပြီးနောက် သူနာပြုသည် သင့်ကလေး၏ အရေပြားကို 15 မိနစ်တစ်ကြိမ် စစ်ဆေးမည်ဖြစ်သည်။ မိနစ် 30 ကြာပြီးနောက် ၎င်းတို့သည် အပူကို ဖယ်ရှားပေးပါမည်။ သင့်ကလေး၏ အရေပြား ပြန်အေးလာသောအခါ သူနာပြုက အပူခံပြားကို ပြန်တင်ပေးပါမည်။

ပြုစုကုသရေးအဖွဲ့သည် သင့်ကလေး နိုးနေချိန်တွင်သာ အပူဖြင့် ကုသခြင်းကို ပြုလုပ်ပေးသည်။ သင့်ကလေး အိပ်ပျော်နေပါက သို့မဟုတ် အချို့သောဆေးဝါးများ သောက်ထားပါက အပူဖြင့်ကုသခြင်းကို ခံယူနိုင်မည်မဟုတ်ပါ။ အပူသည် သင့်ကလေး၏ နာကျင်မှုကို သက်သာစေရန် ကူညီပေးပါက သင့်ကလေး နိုးလာသောအခါတွင် သူနာပြုက ၎င်းကို ထပ်မံအသုံးပြုနိုင်သည်။

ကုသရေးအဖွဲ့ဝင်တစ်ဦးကသာ အပူဖြင့်ကုသခြင်း ပြုလုပ်ပေးသင့်သည်။ သူနာပြုနှင့် ဦးစွာမတိုင်ပင်ဘဲ သင့်ကလေးခန္ဓာကိုယ်ပေါ်တွင် အပူအိတ် သို့မဟုတ် အပူခံပြားကို အသုံးမပြုပါနှင့်။ ၎င်းကို သင်ကိုယ်တိုင် လုပ်ဆောင်ခြင်းက သင့်ကလေး အပူလောင်နိုင်ခြေ ပိုများနိုင်သည်။ 

အိမ်တွင် အပူဖြင့်ကုသခြင်း

အိမ်တွင် အပူဖြင့်ကုသခြင်း ပြုလုပ်သည့်အခါ အထူးသတိထားပါ။ သင့်ကလေး၏ကုသရေးအဖွဲ့သည် မည်သည့်အပူပေးအိတ် အမျိုးအစားက ဘေးကင်းကြောင်း ပြောပြနိုင်သည်။

အသုံးအများဆုံး အပူဖြင့်ကုသသည့် ပစ္စည်းများသည် သင့်ကလေးကို အလွယ်တကူ အပူလောင်စေနိုင်သည်။ လျှပ်စစ်အပူခံပြားများ၊ မိုက်ခရိုဝေ့ဖ်ထဲထည့်ထားသည့် ဆေးကြပ်ထုပ်များ သို့မဟုတ် ရေနွေးစိမ်ထားသော အဝတ်စများကို အသုံးပြုခြင်းမှ ရှောင်ကြဉ်ပါ။ သင့်ကလေးအား အပူလောင်နိုင်ခြေ ပိုများသည်။ ဤပစ္စည်းများသည် ထိန်းချုပ်ထားသောအပူကို မပေးဘဲ အလွယ်တကူ အပူလွန်ကဲလာနိုင်သည်။

သင့်ကလေးအား အပူဖြင့်ကုသခြင်း ပြုလုပ်ပေးပုံ

သင့်ကလေး၏ သူနာပြုက ဆေးရုံတွင် ပြုလုပ်ပေးသည့်အတိုင်း အိမ်တွင် အပူဖြင့်ကုသခြင်းကို ပြုလုပ်ပေးပါ။ အပူကို ဘေးကင်းစွာ အသုံးပြုရန် အောက်ပါစာရင်းပါ အရာအားလုံးကို လုပ်ဆောင်ပါ။

  • အပူပေးအိတ် သို့မဟုတ် အပူခံပြားကို ခေါင်းအုံးစွပ်ဖြင့် ဖုံးအုပ်ပါ။ တဘက်တစ်ထည်ကို အသုံးပြုနိုင်သည်။
  • သင့်ကလေး၏ အရေပြားကို 15 မိနစ်လျှင်တစ်ကြိမ် စစ်ဆေးကြည့်ပါ။ 
  • ထိန်းချုပ်ထားသော အပူချိန်နိမ့်သည့် ဆက်တင်ကို အသုံးပြုပါ။
  • ပေါက်ပြဲနေသောအရေပြား သို့မဟုတ် အနာများပေါ်တွင် ဘယ်သောအခါမျှ အပူကို မတင်ပါနှင့်။
  • မိနစ် 30 ကြာတိုင်း အပူကို ဖယ်ရှားပေးပြီး သင့်ကလေး၏ အရေပြားကို အေးအောင်ထားပါ။ 
  • သင့်ကလေး အိပ်ပျော်နေစဉ် ၎င်း၏အရေပြားပေါ်တွင် အပူကို ဘယ်သောအခါမျှ တင်မထားပါနှင့်။
  • သင့်ကလေးကို အပူပေါ်တွင် ဘယ်သောအခါမျှ တိုက်ရိုက်မလှဲလျောင်းပါစေနှင့်။

ဤအရာများကို လုပ်ဆောင်ခြင်းက သင့်ကလေးကို ဘေးကင်းစေပြီး နာကျင်မှုသက်သာစေရန် ကူညီပေးပါမည်။

အဓိကအချက်များ

  • အပူဓာတ်သည် သင့်ကလေး၏ နာကျင်မှုကို သက်သာစေရန် ကူညီပေးနိုင်သည်။ 
  • ကုသရေးအဖွဲ့သည် အပူဖြင့်ကုသခြင်းကို ဆေးရုံတွင် လုပ်ဆောင်ပေးနိုင်သည်။ ၎င်းကို အိမ်တွင်လည်း အသုံးပြုနိုင်သည်။
  • ကုသရေးအဖွဲ့ထံမှ ညွှန်ကြားချက်များမရယူဘဲ သင့်ကလေးခန္ဓာကိုယ်ပေါ်တွင် အပူပေးအိတ် သို့မဟုတ် အပူခံပြားကို အသုံးမပြုပါနှင့်။
  • အပူဖြင့် ကုသခြင်းကို ဘေးကင်းစွာ ပြုလုပ်ရန် အရေးကြီးသည်။ သို့မဟုတ်ပါက သင့်ကလေးကို အပူလောင်စေနိုင်သည်။ 


ပြန်လည်သုံးသပ်သည့်ရက်စွဲ- ဩဂုတ်လ 2022 ခုနှစ်