အဓိကအကြောင်းအရာ skip

ကြိုဆိုပါသည်

Together သည် - လူနာများနှင့် မိဘများ၊ မိသားစုဝင်များနှင့် သူငယ်ချင်းများအပါအဝင် - ကလေးကင်ဆာကြောင့် ထိခိုက်မှုရှိသူတိုင်းအတွက် ရင်းမြစ်အသစ်တစ်ခု ဖြစ်ပါသည်။

ပိုမိုလေ့လာရန်

တေးဂီတကုထုံး

တေးဂီတကုထုံးဆိုတာ ဘာလဲ။

ဆေးကုသမှုခံယူစဉ်အတွင်း ပိုမိုကောင်းမွန်စွာ ရင်ဆိုင်ကျော်ဖြတ်နိုင်စေရန် တေးဂီတကုထုံးသည် တေးဂီတကို အသုံးပြုသည်။ ၎င်းသည် ကလေးများအား မိမိတို့၏စိတ်ခံစားချက်များကို ဖော်ပြနိုင်စေပြီး အခြားသူများနှင့် ဆက်သွယ်ရန် ကူညီပေးသည်။

လူနာအားလုံးသည် တေးဂီတကုထုံးမှ အကျိုးကျေးဇူးများ ရရှိနိုင်သည်။ တေးဂီတနှင့်ပတ်သက်သည့် နောက်ခံ သို့မဟုတ် ဂီတပိုင်းဆိုင်ရာ ကျွမ်းကျင်မှုများရှိရန် မလိုအပ်ပါ။

တေးဂီတကုထုံးပညာရှင်များသည် စောင့်ရှောက်မှုအဖွဲ့၏ တစ်စိတ်တစ်ပိုင်းဖြစ်သည်။ ၎င်းတို့သည် ကလေးတစ်ဦးစီအတွက် အကောင်းဆုံးကုထုံးကို ဖော်ဆောင်ရန် စိတ်ပညာရှင်များ၊ လူမှုရေးဝန်ထမ်းများ၊ အခြားကျွမ်းကျင်သူများနှင့် လက်တွဲဆောင်ရွက်ကြသည်။

ကလေးကင်ဆာဝေဒနာရှင်နှင့် တေးဂီတကုထုံးဆရာသည် အတူတူဂစ်တာတီးကြသည်။

တေးဂီတကုထုံးသည် လူနာတစ်ဦးစီ၏ လိုအပ်ချက်များနှင့် ကိုက်ညီစေရန် အံဝင်ခွင်ကျစီမံထားသည်။

တေးဂီတကုထုံး၏ အကျိုးကျေးဇူးများ

ဦးနှောက်သည် မြင်ရသည့်အရာများနှင့် အသံများကဲ့သို့သော အချက်အလက်များကို ဆောင်ရွက်သည်။ ဤအရာများသည် ကျွန်ုပ်တို့ပတ်ဝန်းကျင်ရှိ ကမ္ဘာကြီးကို နားလည်သဘောပေါက်စေရန် ကူညီပေးသည်။ တေးဂီတသည် ကျွန်ုပ်တို့အား ရှုပ်ထွေးသော အတွေးအခေါ်များကို နားလည်နိုင်စေပါသည်။

တေးဂီတကုထုံးသည် ကျွန်ုပ်တို့၏ စိတ်ခံစားမှုများ၊ မှတ်ဉာဏ်နှင့် ရုပ်ပိုင်းဆိုင်ရာလှုပ်ရှားမှုကို ထိန်းချုပ်သည့် ဦးနှောက်၏ အစိတ်အပိုင်းများကို လှုံ့ဆော်ပေးသည်။

တေးဂီတကုထုံးသည် အကျိုးကျေးဇူးများစွာ ရစေသည်။ ၎င်းသည်-

  • ကြွက်သားကြီးအုပ်စုများကို အသုံးပြုသည့် ကြွက်သားကြီးအသုံးပြု လှုပ်ရှားမှုစွမ်းရည်များကို တိုးတက်လာအောင် ကူညီပေးနိုင်သည်
  • လက်၏ကြွက်သားအသေးများကိုအသုံးပြုသည့် ကြွက်သားသေးအသုံးပြု လှုပ်ရှားမှုစွမ်းရည်များကို တိုးတက်လာအောင် ကူညီပေးနိုင်သည်
  • ကာယကုထုံး သို့မဟုတ် အလုပ်ပေးကုထုံးအတွင်း လှုပ်ရှားမှုများပြုလုပ်အောင် အားပေးသည်
  • လူနာများအား ကုသမှုတွင် ပိုမိုပါဝင်လာအောင် ကူညီပေးနိုင်သည်
  • စိတ်ပိုင်းဆိုင်ရာ ဖေးမပေးသည့် အကူအညီကို ပေးနိုင်သည်
  • စောင့်ရှောက်မှုအဖွဲ့နှင့် အပြုသဘောဆောင်သော ဆက်သွယ်မှုများ ပြုလုပ်နိုင်စေသည်
  • နာကျင်မှုနှင့် စိုးရိမ်ပူပန်မှု ခံစားချက်များကို လျှော့ချပေးသည်
  • ခံစားချက်များကို ထုတ်ဖော်ပြသရန် နည်းလမ်းတစ်ခုကိုပေးသည်
  • ထူးခြားသော အမှတ်တရများကို ဖန်တီးပေးနိုင်သည်
  • ဆေးကုသမှုခံယူနေစဉ်အတွင်း စိုးရိမ်ကြောက်ရွံ့မှုကို လျော့ကျစေသည်

တေးဂီတသည် စိတ်ထက်သန်ပြင်းပြစေသော ရုပ်ပုံများ၊ ခံစားချက်များ သို့မဟုတ် အတွေးအမြင်များကို ဆောင်ကြဉ်းပေးနိုင်သည်။ တေးဂီတကုထုံးကို သင့်ကလေး၏စောင့်ရှောက်မှုအစီအစဉ်တွင် မည်သို့ထည့်သွင်းနိုင်မည်ကို သင့်ကလေး၏စောင့်ရှောက်မှုအဖွဲ့နှင့် ဆွေးနွေးပါ။

တေးဂီတကုထုံးအမျိုးအစားများ

တေးဂီတကုထုံးပညာရှင်များသည် လူနာများနှင့်လက်တွဲဆောင်ရွက်စဉ်တွင် မတူညီသော လုပ်ဆောင်ချက်များကို အသုံးပြုကြသည်။ တေးဂီတကုထုံးခံယူနေသည့် လူနာတစ်ဦးသည် ဤအရာများကို တွေ့ကြုံနိုင်သည်-

  • သီချင်းနားထောင်ခြင်း
  • အကူအညီဖြင့် သို့မဟုတ် အကူအညီမပါဘဲ တူရိယာတီးခတ်ခြင်း
  • သီချင်းများကို ရေးပြီး/သို့မဟုတ် အသံသွင်းခြင်း
  • သီချင်းဆိုခြင်း
  • တေးဂီတသံစဉ်နှင့်လိုက်၍ လှုပ်ရှားခြင်း
  • သီချင်းစာသား၏ အဓိပ္ပာယ်ကို စဉ်းစားခြင်း
စန္ဒရားတီးနေသော ကလေး၏ လက်များကို အနီးကပ်ရိုက်ပြထားပုံ

လူနာတစ်ဦးသည် တေးဂီတကုထုံးခံယူစဉ်အတွင်း—တူရိယာများတီးခတ်ခြင်း၊ သီချင်းဆိုခြင်း သို့မဟုတ် သီချင်းရေးခြင်းကဲ့သို့ တေးဂီတဖန်တီးမှုများ ပြုလုပ်နိုင်သည်။

ကလေးငယ်များအတွက် တေးဂီတကုထုံး

တေးဂီတကုထုံးအမျိုးအစားသည် အသက်အရွယ်နှင့် ဖွံ့ဖြိုးမှုအဆင့်အလိုက် ကွဲပြားနိုင်သည်။ တေးဂီတကုထုံးခံယူနေသည့် မွေးကင်းစကလေးများသည် ဤအရာများကို တွေ့ကြုံနိုင်သည်-

  • သီချင်းနားထောင်ခြင်း
  • တူရိယာအသေးများကို စူးစမ်းခြင်း
  • ကိုယ့်ကိုယ်ကို ထိန်းချုပ်တတ်အောင် သင်ယူနိုင်ခြင်း
  • ပြုစုစောင့်ရှောက်သူများနှင့် ရင်းနှီးမှုတည်ဆောက်ခြင်း

တေးဂီတကုထုံးပညာရှင်တစ်ဦးသည် ပြုစုစောင့်ရှောက်သူအား မွေးကင်းစကလေးကို သီချင်းဆိုပြပေးရန်လည်း ညွှန်ကြားနိုင်သည်။ ဤလုပ်ဆောင်ချက်သည် အကျိုးကျေးဇူးများစွာရှိပြီး ကလေးနှင့် ပြုစုစောင့်ရှောက်သူကြား ရင်းနှီးမှုကို တိုးပွားစေနိုင်ပါသည်။

တေးဂီတကုထုံးက လမ်းလျှောက်ခါစကလေးများအား ကူညီပေးနိုင်သည့်အရာများ-

  • ဆေးရုံနှင့် အသားကျလာစေခြင်း
  • ကျန်းမာရေးဝန်ထမ်းများနှင့် တွေ့ဆုံရာတွင် ပိုမိုစိတ်သက်သောင့်သက်သာရှိလာစေခြင်း
  • အကူးအပြောင်းများ သို့မဟုတ် ဆေးခန်းပြရန်ချိန်းဆိုမှုများအတွင်း မည်သည့်အရာများ ဖြစ်လာမည်ကို သိရှိစေခြင်း
  • အပြုသဘောဆောင်သော နည်းလမ်းများဖြင့် ကြီးထွားဖွံ့ဖြိုးလာစေခြင်း

ကျောင်းနေအရွယ်ကလေးများအတွက် တေးဂီတကုထုံး

ကျောင်းနေအရွယ်ကလေးများအတွက် တေးဂီတကုထုံးသည် ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ခံစားချက်ပိုင်းဆိုင်ရာ၊ လူမှုရေးနှင့် ပညာရေးဆိုင်ရာ လိုအပ်ချက်များတွင် ကူညီပေးနိုင်သည်။ ၎င်းသည် ဖော်ပြရန်ခက်ခဲနိုင်သော အတွေးများနှင့် ခံစားချက်များကို ဖော်ပြနိုင်သည့် အခွင့်အရေးကိုပေးသည်။ ၎င်းက ကျောင်းနေအရွယ်ကလေးများအား ကူညီပေးနိုင်သည့်အရာများ-

  • စိုးရိမ်စိတ်ကို ထိန်းချုပ်နိုင်စေခြင်း
  • နာကျင်မှုကို သက်သာစေခြင်း
  • အခြားရွယ်တူလူနာများနှင့် ထိတွေ့ဆက်ဆံနိုင်စေခြင်း
  • အပြုသဘောဆောင်သော ရင်ဆိုင်ဖြေရှင်းနိုင်စွမ်းများကို သင်ယူတတ်မြောက်စေခြင်း
  • တီထွင်ဖန်တီးနိုင်စေခြင်း
  • လှုပ်ရှားမှုစွမ်းရည်များကို ထိန်းသိမ်းနိုင်စေခြင်း သို့မဟုတ် ပြန်လည်ရရှိစေခြင်း

ဆယ်ကျော်သက်များအတွက် တေးဂီတကုထုံး

တေးဂီတကုထုံးခံယူသည့် အသက်ပိုကြီးသော ကလေးများနှင့် ဆယ်ကျော်သက်များသည် တေးဂီတနှင့် သီချင်းစာသားများကို နားထောင်ခြင်း၊ ဖန်တီးခြင်း သို့မဟုတ် လေ့လာခြင်းတို့ လုပ်နိုင်သည်။ တေးဂီတကုထုံးက ဆယ်ကျော်သက်များအား ကူညီပေးနိုင်သည့်အရာများ-

  • စိတ်အပန်းပြေပြီး ပို၍ကောင်းကောင်း အိပ်ပျော်စေခြင်း
  • ခံစားချက်များကို နားလည်ပြီး ပိုမိုကောင်းမွန်စွာ ဖော်ပြနိုင်လာခြင်း
  • ပိုမိုစိတ်အားထက်သန်လာစေခြင်း
  • လူမှုဆက်ဆံရေးများကို ထိန်းသိမ်းပေးခြင်း
  • မိမိကိုယ်ကို တန်ဖိုးထားမှုကို မြှင့်တင်ပေးခြင်း
  • ပိုပြီးအမှီအခိုကင်းလာခြင်း
  • တက်တက်ကြွကြွရှိပြီး ၎င်းတို့၏ ကုသမှုတွင် ပူးပေါင်းပါဝင်ခြင်း

တေးဂီတကုထုံးနှင့် ပတ်သက်၍ စောင့်ရှောက်မှုအဖွဲ့ကို မေးရန်မေးခွန်းများ

  • တေးဂီတကုထုံးကို ကျွန်ုပ်၏ကလေးအား စောင့်ရှောက်မှုပေးသည့် အဖွဲ့တွင် မည်သို့ထည့်သွင်းနိုင်မည်နည်း။
  • တေးဂီတကုထုံးအစီအစဉ်တစ်ခု မရရှိနိုင်ပါက တေးဂီတသည် ကျွန်ုပ်၏ကလေးကို ကုသရာတွင် မည်သည့်ပုံစံဖြင့် အထောက်အကူပြုနိုင်မည်နည်း။
  • တေးဂီတကုထုံးသည် ကျွန်ုပ်၏ကလေးအား မည်သည့်ကဏ္ဍများတွင် အကျိုးပြုနိုင်သနည်း။

တေးဂီတကုထုံးနှင့်ပတ်သက်သော အဓိကအချက်များ

  • တေးဂီတကုထုံးသည် လူနာများ၏ စိတ်ခံစားချက်ပိုင်းဆိုင်ရာ၊ လူမှုရေးနှင့် ရုပ်ပိုင်းဆိုင်ရာ လိုအပ်ချက်များတွင် ကူညီပေးနိုင်သည်။
  • တေးဂီတကုထုံးပညာရှင်သည် အသက်အရွယ်မရွေး လူနာများအား လှုပ်ရှားမှုများပြုလုပ်ရန် လှုံ့ဆော်ပေးပြီး ပိုမိုစိတ်ချမ်းသာ ပျော်ရွှင်လာစေသည့်အပြင် မိမိတို့၏ခံစားချက်များကို စိတ်ကူးစိတ်သန်းကောင်းကောင်းဖြင့် ဖော်ပြနိုင်အောင် ကူညီပေးနိုင်ပါသည်။
  • တေးဂီတကုထုံးသည် လူနာအသီးသီး၏ တစ်ဦးချင်းလိုအပ်ချက်များကို ဖြည့်ဆည်းပေးရန် ရည်ရွယ်သည်။
  • တေးဂီတကုထုံးကို သင့်ကလေး၏ကုသမှုတွင် မည်ကဲ့သို့ အံဝင်ခွင်ကျ ထည့်သွင်းနိုင်သည်ကို စောင့်ရှောက်မှုအဖွဲ့အား မေးမြန်းပါ။


ပြန်လည်သုံးသပ်သည့်ရက်စွဲ- အောက်တိုဘာလ 2023 ခုနှစ်