အဓိကအကြောင်းအရာ skip

ကြိုဆိုပါသည်

Together သည် - လူနာများနှင့် မိဘများ၊ မိသားစုဝင်များနှင့် သူငယ်ချင်းများအပါအဝင် - ကလေးကင်ဆာကြောင့် ထိခိုက်မှုရှိသူတိုင်းအတွက် ရင်းမြစ်အသစ်တစ်ခု ဖြစ်ပါသည်။

ပိုမိုလေ့လာရန်

အနုပညာကုထုံး

အနုပညာကုထုံးဆိုသည်မှာ အဘယ်နည်း။

အနုပညာကုထုံးသည် ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာနှင့် စိတ်ခံစားချက်ပိုင်းဆိုင်ရာ ပိုမိုကျန်းမာပျော်ရွှင်စေရေးအတွက် ပုံဆွဲခြင်း၊ ဆေးရောင်ခြယ်ခြင်း သို့မဟုတ် ပန်းပုထုခြင်းကဲ့သို့ တီထွင်ဖန်တီးရေး လှုပ်ရှားမှုများကို အသုံးပြုသည့် ခံစားချက်ကို ထုတ်ဖော်ပြသော ကုထုံးပုံစံတစ်မျိုးဖြစ်သည်။

စိတ်ဖိစီးမှု သို့မဟုတ် စိုးရိမ်ပူပန်မှုကို လျှော့ချရန်၊ ရှုပ်ထွေးသော ခံစားချက်များကို လေ့လာသိရှိရန်၊ ဘေးထွက်ဆိုးကျိုးများကို ထိန်းချုပ်ဖြေရှင်းရန်နှင့် ပိုမိုစိတ်ချမ်းသာပျော်ရွှင်စေရန်အတွက် အနုပညာကုထုံးကို ‌အသုံးပြုလေ့ရှိကြသည်။

ဆေးရုံဝန်ထမ်းအဖွဲ့ဝင်တစ်ဦးနှင့်အတူ ဆေးထိုးပြွတ်များဖြင့် ဆေးခြယ်နေသည့် ငယ်ရွယ်သော ကလေးကင်ဆာ ဝေဒနာရှင်

အနုပညာကုထုံးသည် စိုးရိမ်ပူပန်မှု၊ စိတ်ဓာတ်ကျမှုနှင် နာကျင်မှုတို့ကို လျှော့ချပေးပြီး ပိုမိုစိတ်ချမ်းသာပျော်ရွှင်စေနိုင်သည်။

အနုပညာကုထုံးကုသခြင်း၏ အကျိုးကျေးဇူးများ

အနုပညာကုထုံးကို အသုံးပြုနိုင်သည့်ကိစ္စရပ်များ-

  • စိတ်ခံစားမှုများနှင့် ခံစားချက်များကို လေ့လာသိရှိပြီး ထုတ်ဖော်ပြသရန်
  • ဆက်ဆံရေးများ တည်ဆောက်ပြီး လူမှုရေးချိတ်ဆက်ဆောင်ရွက်မှုများအတွက် အခွင့်အလမ်းများပေးရန်
  • ဆက်သွယ်ပြောဆိုခြင်းနှင့် လူမှုဆက်ဆံရေးစွမ်းရည်များ တိုးတက်ကောင်းမွန်စေရန်
  • ကျိုးကြောင်းဆင်ခြင်ခြင်း၊ မှတ်ဉာဏ်၊ အာရုံစူးစိုက်မှုနှင့် ဘာသာစကားကဲ့သို့ သိမြင်နားလည်နိုင်စွမ်းကို မြှင့်တင်ရန်
  • အာရုံခံနိုင်စွမ်းနှင့် လှုပ်ရှားမှုစွမ်းရည်များ တိုးတက်ကောင်းမွန်စေရန်
  • ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုနှင့် ကိုယ့်ကိုယ်ကိုယ် တန်ဖိုးထားမှု တိုးလာစေရန်
  • စိတ်ဖိစီးမှုနှင့် စိုးရိမ်ပူပန်မှုကို လျှော့ချရန်
  • ပြဿနာဖြေရှင်းရေးစွမ်းရည်များ တိုးတက်လာစေရန်
  • ထိန်းချုပ်နိုင်စွမ်း တိုးလာစေရန်
  • အာရုံပြောင်းပေးရန်

ကလေးများအတွက် ၎င်းတို့၏ အတွေးအမြင်များနှင့် စိတ်ခံစားချက်များကို ဆက်သွယ်ပြောဆိုရန် ခက်ခဲနိုင်သည်။ အနုပညာကုထုံးသည် ကလေးများအတွက် ၎င်းတို့၏ ခံစားချက်များကို ထိထိမိမိဖော်ပြနိုင်သည့် နည်းလမ်းတစ်ခု ဖြစ်နိုင်သည်။ ကလေးများသည် သဘာဝအလျောက် တီထွင်ဖန်တီးနိုင်ကြပြီး ရုပ်ပုံတစ်ပုံကို ဆေးရောင်ခြယ်ခြင်းက ရှုပ်ထွေးသော သို့မဟုတ် ကြောက်စရာကောင်းသော အကြောင်းအရာများ ပြောခြင်းထက် ပို၍လွယ်ကူနိုင်သည်။ ထိန်းမနိုင်သိမ်းမရဖြစ်နေသည့် အချိန်တွင် အနုပညာလက်ရာ ဖန်တီးခြင်းက ကလေး၏ ထိန်းချုပ်နိုင်စွမ်းကိုလည်း တိုးလာစေနိုင်သည်။ 

ကလေးများသည် သဘာဝအလျောက် တီထွင်ဖန်တီးနိုင်ကြသည်။ ရုပ်ပုံတစ်ပုံကို ဆေးရောင်ခြယ်ခြင်းက ရှုပ်ထွေးသော သို့မဟုတ် ကြောက်စရာကောင်းသော အကြောင်းအရာများ ပြောခြင်းထက် ပို၍လွယ်ကူနိုင်သည်။ ထိန်းမနိုင်သိမ်းမရဖြစ်နေသည့် အချိန်တွင် အနုပညာလက်ရာ ဖန်တီးခြင်းက ကလေး၏ ထိန်းချုပ်နိုင်စွမ်းကိုလည်း တိုးလာစေနိုင်သည်။

အနုပညာကုထုံးသည် ကလေးများအား အခက်အခဲများကို ရင်ဆိုင်ဖြေရှင်းနိုင်စေရန် သို့မဟုတ် ၎င်းတို့၏ အခြေအနေများကို အပြုသဘောဆောင်သော နည်းလမ်းဖြင့် ရှုမြင်တတ်စေရန် ကူညီပေးနိုင်ပါသည်။ ဥပမာအားဖြင့် မိမိကိုယ်ကို စူပါဟီးရိုးတစ်ယောက်အဖြစ် သဘောထား၍ ပုံဆွဲခြင်းက ကလေးတစ်ယောက်ကို ခွန်အားနှင့် စွမ်းပကားရှိသည့် ခံစားချက်ကို ပေးစွမ်းနိုင်သည်။

အနုပညာကုထုံးသည် ကလေးများအား ၎င်းတို့၏ ကြောက်ရွံ့မှုများ၊ မလုံခြုံမှုများ သို့မဟုတ် စိတ်ဖိစီးမှုကို သိရှိနားလည်စေနိုင်ပါသည်။ ဥပမာအားဖြင့် ကလေးတစ်ယောက်က သူငယ်ချင်းများနှင့် ကစားသည့်ပုံကို ဆွဲနိုင်သည်။ အနုပညာကုထုံးပညာရှင်သည် ၎င်းကို အသုံးပြုပြီး အထီးကျန်သည့် ခံစားချက်များကို စတင်ဆွေးနွေးနိုင်သည်။

အနုပညာကုထုံး ဝန်ဆောင်မှုများကို ရှာဖွေခြင်း

ကလေးများအား ၎င်းတို့၏ နေ့စဉ်ပုံမှန်လှုပ်ရှားမှုများ၏ တစ်စိတ်တစ်ပိုင်းအနေဖြင့် အနုပညာနှင့် တီထွင်ဖန်တီးကစားနည်းတွင် ပါဝင်ဆော့ကစားရန် တိုက်တွန်းသင့်သည်။ ပြင်းထန်သော နာမကျန်းမှုဝေဒနာ ခံစားနေရသည့် ကလေးများအတွက် အနုပညာကုထုံးကို ကလေးဘဝတစ်စိတ်တစ်ဒေသအနေဖြင့်ဖြစ်စေ၊ ပြန်လည်ထူထောင်ရေး သို့မဟုတ် ဆေးရုံ၊ ဆေးခန်းများရှိ စိတ်ကျန်းမာရေး ဝန်ဆောင်မှုများ၏ တစ်စိတ်တစ်ပိုင်းအနေဖြင့်ဖြစ်စေ ဆောင်ရွက်ပေးနိုင်သည်။ အနုပညာကုထုံးကို ကျောင်းများ၊ လူမှုအသိုင်းအဝိုင်း စင်တာများနှင့် ပုဂ္ဂလိက ‌ဆေးခန်းများတွင်လည်း ဆောင်ရွက်ပေးနိုင်သည်။

အနုပညာကုထုံးကို ကျွမ်းကျင်သော အနုပညာကုထုံးပညာရှင်က ဆောင်ရွက်ပေးပါသည်။ အနုပညာကုထုံးကို အထူးပြုဆောင်ရွက်သည့် ဝန်ဆောင်မှုပေးသူများသည် အနုပညာ၊ ကလေးဖွံ့ဖြိုးတိုးတက်မှုနှင့် စိတ်ပညာဆိုင်ရာ သင်တန်းတက်ရောက်ရသည်။

အနုပညာကုထုံးပညာရှင်သည် ကလေးများနှင့် ဆယ်ကျော်သက်များအား အဖွဲ့လိုက်ဖြစ်စေ၊ တစ်ဦးချင်းဖြစ်စေ ၎င်းတို့၏ခံစားချက်များကို ထုတ်ဖော်ပြသနိုင်သည့် လုံခြုံစိတ်ချရပြီး တီထွင်ဖန်တီးနိုင်သော ပတ်ဝန်းကျင်ကို စီစဉ်ပေးသည်။ အနုပညာကုထုံးပညာရှင်က ဆေးရောင်ခြယ်ခြင်း သို့မဟုတ် ပန်းပုထုခြင်းကဲ့သို့ သီးခြားနည်းစနစ်များကို အကြံပြုပေးနိုင်သည် သို့မဟုတ် ကုထုံးပညာရှင်က လူနာများအား ၎င်းတို့ အသုံးပြုလိုသည့် နည်းလမ်းကို ရွေးချယ်ခွင့်ပြုနိုင်သည်။

တီထွင်ဖန်တီးမှု လုပ်ငန်းစဉ်မှတစ်ဆင့် ဖော်ပြလေ့ရှိသော သင်္ကေတများနှင့် တင်စားမှုများကို သိရှိနားလည်စေရန် အနုပညာကုထုံးပညာရှင်များကို လေ့ကျင့်သင်ကြားပေးထားပါသည်။ အနုပညာကုထုံးပညာရှင်က အတူမျှဝေဆောင်ရွက်ရသော လုပ်ဆောင်ချက်တစ်ခုကို စီစဉ်ပေးခြင်းဖြင့် မိသားစုဝင်များအကြား ဆက်ဆံပြောဆိုမှုများ၊ ချိတ်ဆက်မှုများ ပြုလုပ်ရာတွင် ပိုမိုရင်းနှီးလာစေနိုင်သည်။

အချို့သော ကိစ္စရပ်များတွင် မိသားစုများသည် ဘဝနောက်ဆုံးအချိန် စောင့်ရှောက်မှုအတွင်း အမှတ်တရများနှင့် အောက်မေ့ဖွယ်ရာပစ္စည်းများ ပြုလုပ်ရန်အတွက် အနုပညာကုထုံး လှုပ်ရှားမှုများကို အသုံးပြုနိုင်သည်။

ငယ်ရွယ်သော ကလေးကင်ဆာ ဝေဒနာရှင်သည် အနီးအနားရှိ ဆေးရုံဝန်ထမ်းများနှင့်အတူ အစားအသောက်ရောင်ခြယ်ပစ္စည်းဖြင့် ဆေးခြယ်ရန်အတွက် ဆေးထိုးပြွတ်တစ်ခုကို ပြင်ဆင်နေသည်။

အနုပညာကုထုံးပညာရှင်က အတူမျှဝေဆောင်ရွက်ရသော လုပ်ဆောင်ချက်တစ်ခုကို စီစဉ်ပေးခြင်းဖြင့် မိသားစုဝင်များအကြား ဆက်ဆံပြောဆိုမှုများ၊ ချိတ်ဆက်မှုများ ပြုလုပ်ရာတွင် ပိုမိုရင်းနှီးလာစေနိုင်သည်။

အနုပညာကုထုံးဆိုင်ရာ သိပ္ပံနည်းကျလေ့လာမှု

ဆေးကုသမှု အခြေအနေအမျိုးမျိုးရှိသော လူနာများအား အနုပညာကုထုံးဖြင့် လက်တွေ့ကုသမှုပေး၍ လေ့လာမှုပြုလုပ်ခဲ့ပါသည်။

ဥပမာအားဖြင့် ကင်ဆာရောဂါဝေဒနာရှင် ကလေးများတွင် အနုပညာကုထုံးသည် စိုးရိမ်ပူပန်မှု၊ စိတ်ဓာတ်ကျမှုနှင့် နာကျင်မှုတို့ကို လျှော့ချပေးပြီး ပိုမိုစိတ်ချမ်းသာပျော်ရွှင်စေသည့် အထောက်အထားများကို တွေ့ရှိရသည်။ အနုပညာကုထုံးခံယူသော ကလေးများသည် အတွင်းစိတ်ခံစားချက်များကို ပိုမိုကောင်းမွန်စွာ ဖော်ပြနိုင်ပြီး ပြဿနာများကို ပိုမိုထိရောက်စွာ ကိုင်တွယ်ဖြေရှင်းနိုင်ကာ ဘေးထွက်ဆိုးကျိုး အနည်းငယ်ကိုသာ ခံစားရနိုင်ကြောင်း ရလဒ်များက ပြသသည်။ အနုပညာကုထုံးသည် ကလေးများအား ၎င်းတို့၏ပြုစုစောင့်ရှောက်သူများနှင့် ဆက်သွယ်ပြောဆိုရာတွင်လည်း ကူညီပေးသဖြင့် စောင့်ရှောက်မှုကို ပိုမိုကောင်းမွန်စေပြီး ဆေးကုသမှုရလဒ်များလည်း တိုးတက်လာစေနိုင်သည်။

အနုပညာကုထုံးသည် ကလေးများအတွက် အဆင်ပြေသော ဖြည့်စွက်ကုထုံးတစ်ခုဖြစ်ပြီး ပြင်းထန်သော နာမကျန်းမှုခံစားနေရစဉ် စောင့်ရှောက်ကုသပေးရာ၌ အရေးပါသော အစိတ်အပိုင်းတစ်ခု ဖြစ်နိုင်သည်။

ကျွမ်းကျင်ပညာရှင်၏ အနုပညာကုထုံး ဆောင်ရွက်ပေးမှုအကြောင်း အချက်အလက်များကို ပိုမိုသိရှိလိုပါက အမေရိကန် အနုပညာကုထုံး အဖွဲ့အစည်းသို့ ဝင်ရောက်ကြည့်ရှုပါ။

အဓိကအချက်များ

  • အနုပညာကုထုံးသည် တီထွင်ဖန်တီးရေး လှုပ်ရှားမှုများကို အသုံးပြုပြီး သင့်ကလေး၏ ကျန်းမာပျော်ရွှင်ရေးကို မြှင့်တင်ပေးသည်။
  • အနုပညာကုထုံးတွင် ဆေးရောင်ခြယ်ခြင်း၊ ပန်းပုထုခြင်း၊ ပုံဆွဲခြင်း စသည်ဖြင့် ပါဝင်နိုင်သည်။
  • အနုပညာကုထုံးသည် ကလေးများအတွက် အဆင်ပြေသော ဖြည့်စွက်ကုထုံးတစ်ခုဖြစ်သည်။


ပြန်လည်သုံးသပ်သည့်ရက်စွဲ- ဩဂုတ်လ 2022 ခုနှစ်