အဓိကအကြောင်းအရာ skip

ကြိုဆိုပါသည်

Together သည် - လူနာများနှင့် မိဘများ၊ မိသားစုဝင်များနှင့် သူငယ်ချင်းများအပါအဝင် - ကလေးကင်ဆာကြောင့် ထိခိုက်မှုရှိသူတိုင်းအတွက် ရင်းမြစ်အသစ်တစ်ခု ဖြစ်ပါသည်။

ပိုမိုလေ့လာရန်

စိတ်ဖြေလျှော့သည့် နည်းစနစ်များ

ပြင်းထန်သည့်ဝေဒနာများ ခံစားနေရသော ကလေးများအတွက် စိတ်ဖြေလျှော့သည့် နည်းစနစ်များမှာ အဘယ်နည်း။

စိတ်ဖြေလျှော့ခြင်းဆိုသည်မှာ ကလေး၊ ဆယ်ကျော်သက် သို့မဟုတ် အရွယ်ရောက်လူငယ်တစ်ဦး ဆေးကုသမှု ခံယူရာတွင် သက်သောင့်သက်သာဖြစ်စေရန် ကူညီပေးသော နည်းလမ်းများကိုရည်ညွှန်းသည့် ကျယ်ပြန့်သော အသုံးအနှုန်းတစ်ခု ဖြစ်ပါသည်။ အချို့သော စိတ်ဖြေလျှော့သည့် နည်းစနစ်များသည် ရောဂါဝေဒနာများ၏ ဆိုးကျိုးများကို ရင်ဆိုင်ရာတွင် လူနာများကို ကူညီပေးနိုင်သည်။ နည်းလမ်းများတွင် အသက်ပြင်းပြင်းရှူခြင်း၊ ညွှန်ကြားမှုကိုလိုက်၍ စိတ်ကူးပုံဖော်ခြင်းနှင့် ကြွက်သားများအား အဆင့်ဆင့် ဖြေလျှော့ခြင်းတို့ ပါဝင်ပါသည်။

ကလေးများ၊ ဆယ်ကျော်သက်များနှင့် အရွယ်ရောက်လူငယ်များသည် ဤနည်းလမ်းများကို နေရာတိုင်းလိုလိုတွင် အသုံးပြုနိုင်ပါသည်။ နည်းလမ်းများသည် အသက်အရွယ်အလိုက် ပြောင်းလဲမှုရှိနိုင်သည်။ စိတ်ဖြေလျှော့ခြင်းသည် စိတ်ဖိစီးမှုကို လျော့ကျစေပြီး နာကျင်ခြင်း၊ မောပန်းခြင်းနှင့် အစာမကြေဖြစ်ခြင်းတို့ကဲ့သို့သော ဘေးထွက်ဆိုးကျိုးများကို ထိန်းချုပ်ရာတွင် ကူညီပေးနိုင်သည်။

စိတ်ဖြေလျှော့ခြင်း၏ ကောင်းကျိုးများ

အပြင်တွင် အသက်ပြင်းပြင်းရှူနေသော အမျိုးသမီး

အသက်ပြင်းပြင်းရှူခြင်းကဲ့သို့သော စိတ်ဖြေလျှော့သည့် နည်းစနစ်များသည် နာကျင်ခြင်း၊ စိတ်ဖိစီးခြင်းနှင့် ဆေးကုသမှုဘေးထွက်ဆိုးကျိုးများကို လျော့ပါးစေရန် အကူအညီဖြစ်နိုင်ပါသည်။

စိတ်ဖြေလျှော့သည့် နည်းစနစ်များတွင် ကောင်းကျိုးများစွာ ရှိပါသည်။ စိတ်ဖြေလျှော့ခြင်းသည် အောက်ပါတို့ကို အထောက်အကူပြုနိုင်သည်-

  • နလုံးခုန်နှုန်းနှေးခြင်း
  • အသက်ရှူနှေးခြင်း
  • သွေးပေါင်ချိန် ကျစေခြင်း
  • ကျန်းမာရေး ကောင်းမွန်လာစေခြင်း

သုတေသနလေ့လာမှုအရ စိတ်ဖြေလျှော့ခြင်းသည် ကုသမှုခံယူစဉ် ဖြစ်လေ့ရှိသော ပြဿနာများကို သက်သာလျော့ပါးစေရန် ကူညီပေးနိုင်ပါသည်။ ၎င်းတို့တွင် ပါဝင်သည်မှာ-

သင်၏ကလေးသည် ဤနည်းလမ်းများကို အသုံးပြုရန်အတွက် ၎င်းတို့ဘာသာ သင်ယူနိုင်ပါသည်။ ဤသို့ပြုလုပ်ခြင်းဖြင့် ပိုမိုထိန်းချုပ်နိုင်စွမ်းနှင့် ပိုမိုယုံကြည်မှုရှိသည့် ခံစားချက်ကို ပေးစွမ်းသည်။

စိတ်ဖြေလျှော့သည့် နည်းလမ်းများသည် သင့်အတွက်လည်း အထောက်အကူဖြစ်နိုင်သည်။ သုတေသနလေ့လာမှုအရ သင်ကိုယ်တိုင် စိတ်တည်ငြိမ်ပြီး သက်သောင့်သက်သာဖြစ်လျှင် သင့်ကလေးကလည်း စိတ်တည်ငြိမ်ပြီး သက်သောင့်သက်သာဖြစ်နိုင်ခြေ ပိုများပါမည်။

ကလေးများသည် မည်သို့ရင်ဆိုင်ဖြေရှင်းရမည်ကို ပြုစုစောင့်ရှောက်သူများထံမှ သင်ယူကြပါသည်။ သင်သည် စိတ်ဖိစီးမှုနှင့် ကြောက်ရွံ့မှုတို့ကို ရင်ဆိုင်ရာတွင် အပြုသဘောဆောင်သည့် ချဉ်းကပ်နည်းကို အသုံးပြုကြောင်း သူတို့မြင်သည့်အခါ သူတို့ကိုယ်တိုင်လည်း စိတ်ဖိစီးမှုနှင့် ကြောက်ရွံ့မှုတို့ကို ထိုနည်းလမ်းအတိုင်း ရင်ဆိုင်ရန် သင်ယူနိုင်ပေမည်။

စိတ်ဖြေလျှော့သည့် နည်းစနစ် အမျိုးအစားများ 

စိတ်ဖြေလျှော့သည့် နည်းစနစ်များတွင် အသက်ပြင်းပြင်းရှူခြင်း၊ ညွှန်ကြားမှုကိုလိုက်၍ စိတ်ကူးပုံဖော်ခြင်းနှင့် ကြွက်သားများအား အဆင့်ဆင့် ဖြေလျှော့ခြင်းတို့ ပါဝင်ပါသည်။

အသက်ပြင်းပြင်းရှူခြင်း

အသက်ရှူလေ့ကျင့်ခန်းများသည် အသက်ပြင်းပြင်းရှူခြင်း၊ နှေးနှေးရှူခြင်းနှင့် ပုံမှန် အသက်ရှူခြင်း ပုံစံများကို သင့်ကလေးအသုံးပြုနိုင်ရန် ကူညီပေးပါသည်။ စိတ်ဖိစီးနေချိန်တွင် အသက်ရှူနှုန်းမြန်၍ ညင်းညင်းသာရှူသည်။ နှလုံးခုန်နှုန်းမြန်ပြီး သွေးပေါင်ချိန် တက်လာသည်။ အသက်နှေးနှေးရှူခြင်း၊ အသက်ပြင်းပြင်းရှူခြင်းသည် ဦးနှောက်အချက်ပြမှုများကို ပြောင်းလဲစေပါသည်။ ဤအရာသည် သင့်ကလေး၏စိတ်နှင့် ခန္ဓာကိုယ်ကို သက်သောင့်သက်သာဖြစ်စေရန် ကူညီပေးပါသည်။

အသက်ရှူနည်းစနစ်များတွင် အမှတ်စဉ်များရေတွက်နေစဉ် အသက်ရှူသွင်းခြင်း၊ ရှူထုတ်ခြင်း ပါဝင်နိုင်သည်။ ဥပမာအားဖြင့် 4 အထိ ရေတွက်စဉ် အသက်ရှူသွင်းခြင်း၊ 4 အထိ ရေတွက်စဉ် အသက်အောင့်ထားပြီးနောက် 4 အထိ ရေတွက်စဉ် အသက်ရှူထုတ်ခြင်းဖြစ်သည်။

အခြားနည်းလမ်းများသည် ဝမ်းဗိုက်နှင့် ရင်ဘတ်လှုပ်ရှားပုံကို အာရုံစိုက်သည်။ ဥပမာအားဖြင့် သင်၏ကလေးသည် တိရစ္ဆာန်မွေးပွရုပ်တစ်ရုပ်ကို ဝမ်းဗိုက်ပေါ်တွင် တင်ထားပြီး ထိုအရာ မြင့်တက်သွားပုံနှင့် ကျဆင်းသွားပုံတို့ကို ကြည့်နေနိုင်သည်။ မည်သည့်နည်းလမ်းက အကောင်းဆုံးဖြစ်သည်ကို သိရှိနိုင်ရန်အတွက် အသက်ရှူလေ့ကျင့်ခန်းအမျိုမျိုးကို စမ်းလုပ်ကြည့်ပါ။

ညွှန်ကြားမှုကိုလိုက်၍ စိတ်ကူးပုံဖော်ခြင်း

ညွှန်ကြားမှုကိုလိုက်၍ စိတ်ကူးပုံဖော်ရာတွင် သင်၏ကလေးသည် အာရုံခံစားမှု 5 မျိုးလုံးကို အသုံးပြု၍ နှစ်လိုဖွယ်ရာကောင်းသော စိတ်ကူးပုံရိပ်များကို တတ်နိုင်သမျှ အသေးစိတ်ကျကျ ပုံဖော်နိုင်စေရန် သူတို့၏စိတ်ကူးပုံဖော်နိုင်စွမ်းကို အသုံးပြုခြင်း ဖြစ်သည်။ ဤစိတ်ပန်းချီကားတွင် နှစ်သက်သော နေရာတစ်ခု၏ ပုံရိပ်ကို ပုံဖော်တွေးကြည့်ခြင်းလည်း ပါဝင်လေ့ရှိသည်။

စိတ်ကူးပုံဖော်နိုင်စွမ်းကို အသုံးပြုခြင်းသည် နှလုံးခုန်နှုန်း၊ သွေးပေါင်ချိန်နှင့် အသက်ရှူနှုန်းတို့ကို ပြောင်းလဲစေနိုင်သည်။ စိတ်ချမ်းမြေ့ဖွယ်ကောင်းသော ပုံရိပ်များကို ကြည့်ခြင်းသည် စိတ်ပိုင်းဆိုင်ရာ လွတ်မြောက်မှု ရရှိစေခြင်းဖြင့် စိတ်ဖိစီးမှုနှင့် စိုးရိမ်ပူပန်မှုတို့ကို လျော့ကျစေနိုင်ပါသည်။

ညွှန်ကြားမှုကိုလိုက်၍ စိတ်ကူးပုံဖော်ခြင်းသည် အောက်ပါတို့ကို သက်သာလျော့ပါးစေရန် ကူညီပေးနိုင်ပါသည်-

  • စိုးရိမ်ခြင်း
  • ကြောက်ရွံ့ခြင်း
  • စိတ်ဖိစီးခြင်း
  • ဒေါသထွက်ခြင်း
  • နာကျင်ခြင်း
  • အစာမကြေဖြစ်ခြင်း
  • အိပ်မပျော်ခြင်း
  • ဆေးဘက်ဆိုင်ရာ စမ်းသပ်စစ်ဆေးမှုများ သို့မဟုတ် လုပ်ထုံးလုပ်နည်းများကို ကျော်ဖြတ်ခြင်း

ပြုစုစောင့်ရှောက်မှုပေးသူသည် ညွှန်ကြားမှုကို စိတ်ကူးပုံဖော်ခြင်းကို ဦးဆောင်လုပ်ပေးနိုင်ပါသည်။ သင်၏ကလေးသည် သူ့ဘာသာသူလည်း ညွှန်ကြားမှုကိုလိုက်၍ စိတ်ကူးပုံဖော်နိုင်သည်။ အသံသွင်းဖိုင်တစ်ခုက သင့်ကလေးကို ကူညီ၍ ညွှန်ကြားပေးနိုင်သည်။ တေးဂီတ သို့မဟုတ် သဘာဝအသံများက သူတို့ကို စိတ်ကူးထားသော မြင်ကွင်းများနှင့် ချိတ်ဆက်နိုင်စေရန် ကူညီပေးနိုင်ပါသည်။

ကြွက်သားများအား အဆင့်ဆင့် ဖြေလျှော့ခြင်း

ကြွက်သားများအား အဆင့်ဆင့် ဖြေလျှော့ရာတွင် သင့်ကလေးသည် သေးငယ်သောကြွက်သားစုများကို တစ်ကြိမ်လျှင် 1 အုပ်စုစီ တင်းထားပြီး ပြန်လည်ဖြေလျှော့ရမည်။ ပြုစုစောင့်ရှောက်မှုပေးသူက သင်၏ကလေးအား ဤအရာကို တိကျသောအစဉ်ဖြင့် (ဥပမာ- ခေါင်းမှ ခြေဖျားသို့) ဖြေးညင်းစွာ ဆောင်ရွက်ရန် ညွှန်ကြားပေးပါလိမ့်မည်။

အသက်ပြင်းပြင်းရှူခြင်း သို့မဟုတ် ညွှန်ကြားမှုအလိုက် စိတ်ကူးပုံဖော်ခြင်းတို့နှင့် အတူတကွ ဤနည်းစနစ်ကို ပေါင်းစပ်ပြုလုပ်နိုင်သည်။ ကြွက်သားများအား အဆင့်ဆင့် ဖြေလျှော့ခြင်းသည် သင်၏ကလေးအား သူ့ခန္ဓာကိုယ်ကို ပိုမိုသတိပြုမိစေရန် ကူညီပေးနိုင်ပါသည်။

ကြွက်သားများအား အဆင့်ဆင့် ဖြေလျှော့ခြင်းကို ကလေးများအတွက် ပိုမိုအဆင်ပြေအောင် ပြုလုပ်နိုင်သော နည်းလမ်းတစ်ခုမှာ ကြွက်သားများကို အရောင်ဖြင့် ခွဲခြားသတ်မှတ်ခြင်း ဖြစ်သည်။ တောင့်တင်းနေသော ကြွက်သားများကို အနီရောင်ပေးထားနိုင်ပြီး ၎င်းတို့ကို တည်ငြိမ်၍ ပိုမိုသက်သောင့်သက်သာဖြစ်သော အရောင်သို့ ပြောင်းရန် ရည်ရွယ်ထားရမည်။ ကလေးများသည် သူတို့အတွက် အဓိပ္ပာယ်ရှိသောအရောင်ကို ရွေးချယ်နိုင်ပြီး တင်းမာမှုများကို သူတို့ဖြေလျှော့လိုက်ချိန်တွင် ကြွက်သားများ အရောင်ပြောင်းသွားသည်ကို စိတ်ကူးကြည့်နိုင်ပါသည်။

Dr. Jenn Allen၊ ကလေး စိတ်ရောဂါအထူးကု

စိတ်ဖြေလျှော့သည့် နည်းစနစ်များအကြောင်း သင်သိထားရန် လိုအပ်သည်များ

စိတ်ဖြေလျှော့သည့် နည်းစနစ်များသည် လူအများစုအတွက် အန္တရာယ်ကင်းပါသည်။ ဤနည်းလမ်းများတွင် အန္တရာယ်ဖြစ်စေသော ဆိုးကျိုးများရှိသည်မှာ ရှားပါသည်။ သို့ရာတွင် တချို့တွင် ဆိုးရွားသော စိတ်ခံစားမှုများကို ဖြစ်စေခြင်း သို့မဟုတ် ရှိရင်းစွဲ စိတ်ကျန်းမာရေး ပြဿနာများကို ပိုဆိုးသွားစေခြင်းတို့ ဖြစ်စေနိုင်ပါသည်။

အချို့သော နည်းလမ်းများသည် တခြားသူများထက်စာလျှင် တချို့ကလေးများတွင် အကျိုးသက်ရောက်မှုပိုရှိနိုင်သည်။ စိတ်ဖြေလျှော့သည့် နည်းစနစ်များကို စမ်းမသုံးကြည့်မီ သင့်ကလေး၏ ကုသရေးအဖွဲ့ကို မေးမြန်းပါ။

  • စိတ်ဖြေလျှော့ခြင်းနှင့် တရားထိုင်ခြင်းသည် သမားရိုးကျ ကုသမှုများကို အစားထိုးခြင်းမဟုတ်ပါ- ဤနည်းလမ်းများသည် ရောဂါလက္ခဏာများကို လျော့ပါးသက်သာစေရန်အတွက် ကူညီပေးကောင်း ပေးနိုင်ပါသည်။ သို့ရာတွင် ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်၏ ကုထုံးများကို အစားထိုး၍ ၎င်းတို့ကို လုံးဝအသုံးမပြုသင့်ပါ။
  • အမြဲတမ်း ပြုစုစောင့်ရှောက်မှုပေးသူနှင့် ဦးစွာ ဆွေးနွေးပါ- သင့်ကလေးအား မည်သည့်နည်းလမ်းများဖြင့် ကူညီပေးနိုင်မည်ကို သင်၏ကုသရေးအဖွဲ့ကို မေးပါ။ သင်စဉ်းစားထားသော နည်းစနစ်အားလုံးအကြောင်းကို သူတို့အား သေချာပြောပြပါ။
  • သေချာလေ့ကျင့်ထားသော ကျွမ်းကျင်ပညာရှင်ကို ရှာပါ- မည်သည့်ကုထုံးတွင်မဆို ကုသမှုပေးသူသည် လေ့ကျင့်သင်ကြားမှု၊ အသိအမှတ်ပြုလက်မှတ်နှင့် ကလေးများ၊ ဆယ်ကျော်သက်များကို ကုသပေးဖူးသော အတွေ့အကြုံ ရှိရပါမည်။ ဤအရာသည် သင့်ကလေးအား အကောင်းဆုံး စောင့်ရှောက်မှု ရရှိကြောင်း သေချာစေရန် ကူညီပေးပါမည်။

သင်၏ကုသရေးအဖွဲ့ကို မေးမြန်းရန် မေးခွန်းများ

  • ကျွန်ုပ်၏ကလေးအတွက် စိတ်ဖြေလျှော့သည့် မည်သည့်နည်းစနစ်များကို သင်အကြံပြုပေးလိုသနည်း။
  • စိတ်ဖြေလျှော့ခြင်းက ကျွန်ုပ်၏ကလေးကို မည်သို့ကူညီပေးနိုင်သနည်း။
  • လိုင်စင်ရ ပြုစုစောင့်ရှောက်မှုပေးသူကို မည်သို့ရှာဖွေရမည်နည်း။
  • စိတ်ဖြေလျှော့သည့် နည်းစနစ်များကို ကျွန်ုပ်၏ကလေးနှင့်အတူ လေ့ကျင့်၍ရပါသလား။
  • ဤနည်းလမ်းများ၏ ဘေးကင်းစိတ်ချရမှုနှင့်ပတ်သက်၍ ကျွန်ုပ်အနေဖြင့် မည်သည်တို့ကို သိရှိထားရန် လိုအပ်ပါသနည်း။

စိတ်ဖြေလျှော့သည့် နည်းစနစ်များအကြောင်း အဓိကအချက်များ

  • စိတ်ဖြေလျှော့သည့် နည်းစနစ်များသည် ပြင်းထန်သော ကလေးရောဂါဝေဒနာများအား ရင်ဆိုင်နိုင်စေရန် ကလေးများကိုကူညီပေးနိုင်သည်။
  • သက်သောင့်သက်သာဖြစ်စေရန် ဆောင်ရွက်ရမည့် ဥပမာနည်းလမ်းများတွင် အသက်ပြင်းပြင်းရှူခြင်း၊ ညွှန်ကြားမှုကိုလိုက်၍ စိတ်ကူးပုံဖော်ခြင်းနှင့် ကြွက်သားများအား အဆင့်ဆင့် ဖြေလျှော့ခြင်းတို့ ပါဝင်ပါသည်။
  • ဤနည်းလမ်းများသည် နာကျင်ခြင်း၊ ပျို့အန်ချင်စိတ်ဖြစ်ခြင်း၊ စိတ်ဖိစီးခြင်းနှင့် ရောဂါနှင့် ရောဂါကုသမှုကြောင့်ဖြစ်သော အခြားဆိုးကျိုးများကို သက်သာလျော့ပါးစေရန် ကူညီပေးနိုင်သည်။
  • ပြုစုစောင့်ရှောက်ပေးသူများနှင့် မိသားစုဝင်များသည်လည်း ဤနည်းလမ်းများကို လူနာနှင့်အတူ အသုံးပြုနိုင်ပါသည်။
  • သင့်ကလေးကို ကူညီပေးနိုင်မည့် စိတ်ဖြေလျှော့ရန် နည်းလမ်းများနှင့်ပတ်သက်၍ ပြုစုကုသရေးအဖွဲ့နှင့် ဆွေးနွေးပါ။

နောက်ထပ်အချက်အလက်များကို ရှာဖွေလေ့လာရန်

စိတ်ဖြေလျှော့သည့် အက်ပ်များ


The Together by St. Jude အွန်လိုင်းမှီငြမ်းစရာသည် ဤဆောင်းပါးတွင် ဖော်ပြထားသော အမှတ်တံဆိပ်ပါထုတ်ကုန် သို့မဟုတ် အဖွဲ့အစည်းကို ထောက်ခံကြော်ငြာခြင်း မပြုပါ။


ပြန်လည်သုံးသပ်သည့်ရက်စွဲ- နိုဝင်ဘာလ 2023 ခုနှစ်