အဓိကအကြောင်းအရာ skip

နှိပ်နယ်ကုထုံး

ကလေးစိတ်ပညာအထူးကုနှင့် ကုသမှုခံယူနေသော လူနာ မိန်းကလေးငယ်တစ်ဦး

ပြင်းထန်သော ရောဂါဝေဒနာခံစားနေရသည့် ကလေးများတွင် နှိပ်နယ်ကုထုံးသည် နာကျင်ခြင်း၊ မသက်မသာဖြစ်ခြင်း၊ စိတ်ဖိစီးခြင်းနှင့် ပျို့အန်ချင်စိတ်ဖြစ်ခြင်းကဲ့သို့သော ရောဂါလက္ခဏာများကို သက်သာစေရန် ကူညီပေးနိုင်ပါသည်။

နှိပ်နယ်ကုထုံးဆိုသည်မှာ အဘယ်နည်း။

နှိပ်နယ်ကုထုံးသည် အရေပြားနှင့် ကြွက်သားများကို ပွတ်သပ်ပေးခြင်း၊ ဖိပေးခြင်း၊ လှုပ်ရှားစေခြင်းအားဖြင့် ခန္ဓာကိုယ်အညောင်းပြေပြီး စိတ်ပင်ပန်းမှုသက်သာစေရန် ကူညီပေးနိုင်သည်။ နှိပ်နယ်ကုထုံးသည် နာကျင်ခြင်း၊ မသက်မသာဖြစ်ခြင်း၊ တောင့်တင်းခြင်းနှင့် စိတ်ဖိစီးခြင်းတို့ကို လျော့နည်းစေရန် ကူညီပေးနိုင်ပါသည်။

ပြင်းထန်သော ရောဂါဝေဒနာခံစားနေရသော မွေးကင်းစကလေးငယ်များ၊ ကလေးများနှင့် ဆယ်ကျော်သက်အရွယ်များတွင် ကုထုံးပညာရှင်သည် ပိုမိုညင်သာပြီး ပြင်းအားနည်းစေရန် ကုထုံးကို ပြုပြင်ပေးပါလိမ့်မည်။ နှိပ်နယ်ရာတွင် ရနံ့ကုထုံး သို့မဟုတ် အပူကုထုံးကဲ့သို့သော အခြားနည်းစနစ်များကို အသုံးပြုနိုင်သော်လည်း များသောအားဖြင့် လူနာများအတွက် သုံးလေ့မရှိပါ။ မည်သည့်အရာများ မျှော်လင့်ထားရမည်ကို သိရှိရန် ကုထုံးပညာရှင်နှင့် ဆွေးနွေးပါ။

နှိပ်နယ်ကုထုံး အမျိုးအစားများ

နှိပ်နယ်ကုထုံးပညာရှင်များသည် တစ်မျိုး သို့မဟုတ် တစ်မျိုးထက်ပိုသော နည်းလမ်းများကို အသုံးပြုနိုင်ပါသည်။ တွေ့ရများသော အမျိုးအစားအချို့တွင် အောက်ပါတို့ ပါဝင်သည်-

  • ဆွီဒင်အနှိပ်နည်းကို “ရိုးရာ” နှိပ်နယ်သည့်နည်းလမ်းဟု ခေါ်သည်။ ၎င်းတွင် အချိန်ကြာကြာပွတ်ဆွဲခြင်း၊ ပွတ်သပ်ခြင်း၊ နှိပ်နယ်ခြင်း၊ ပွတ်တိုက်ခြင်း သို့မဟုတ် အသာအယာပုတ်ရိုက်ခြင်းစသည့် လှုပ်ရှားမှုများ ပါဝင်ပါသည်။
  • အားပြင်းသော တစ်ရှူးအတွင်းပိုင်းအထိ နှိပ်နယ်နည်းသည် ကြွက်သားတင်းမာမှုကို သက်သာစေရန် တစ်ကိုယ်လုံးကို နှိပ်နယ်ပေးခြင်း ဖြစ်ပါသည်။ ၎င်းသည် ကြွက်သားများနှင့် တစ်ရှူးများ နာကျင်ကိုက်ခဲသည့် ပြဿနာများကို ဖြေရှင်းရန် ပိုမိုအားပြင်းပြီး အတွင်းပိုင်းထိ ပိုထိရောက်သော ဖိအားကို အသုံးပြုပါသည်။
  • ရှီအဆုသည် ကုထုံးပညာရှင်က တိကျသောနေရာများသို့ ဖိအားသက်ရောက်စေသော နှိပ်နယ်နည်းတစ်ခု ဖြစ်ပါသည်။
  • အာရုံကြောကြွက်သား ကုထုံးတွင် နာကျင်မှုကို သက်သာစေရန်နှင့် လုပ်ဆောင်နိုင်စွမ်း ပိုမိုကောင်းမွန်စေရန်အတွက် လှုံ့ဆော်ပေးသော နေရာများပေါ်သို့ ဖိအားပေးခြင်း ပါဝင်ပါသည်။
  • ခြေ၊ လက်၊ ဦးခေါင်းများကို နှိပ်နယ်ခြင်းသည် လက်များနှင့် ခြေထောက်များရှိ နေရာအမျိုးမျိုးပေါ်သို့ ဖိအားပေးသည့် နှိပ်နယ်နည်းတစ်မျိုး ဖြစ်ပါသည်။

အရွယ်ရောက်ပြီးသူများအတွက် နှိပ်နယ်ကုထုံးနှင့် ကလေးများအတွက် နှိပ်နယ်ကုထုံးတို့အကြား ခြားနားမှုကို လေ့လာပါ

နှိပ်နယ်ကုထုံး၏ ကောင်းကျိုးများ

နှိပ်နယ်ကုထုံး၏ ကောင်းကျိုးများတွင် အောက်ပါတို့ ပါဝင်နိုင်ပါသည်-

  • စိတ်ဖိစီးမှု လျော့နည်းစေခြင်း
  • နာကျင်မှု ပိုမိုထိန်းချုပ်ခြင်း
  • ပျို့အန်ချင်စိတ်ဖြစ်ခြင်းနှင့် အော့အန်ခြင်းကို လျှော့ချပေးခြင်း
  • စိတ်သက်သာရာရခြင်း
  • သွေးစီးဆင်းလည်ပတ်မှု ပိုမိုကောင်းမွန်စေခြင်း
  • သွေးပေါင်ချိန် ကျစေခြင်း
  • စိုးရိမ်ပူပန်မှုနှင့် စိတ်ကျရောဂါ လက္ခဏာများကို လျော့နည်းစေခြင်း
  • ပိုမိုနှစ်ခြိုက်စွာ အိပ်ပျော်စေခြင်း
  • ပင်ပန်းနွမ်းနယ်မှုကို လျော့နည်းစေပြီး အားအင်တိုးစေခြင်း
  • စိတ်ချမ်းသာပျော်ရွှင်မှုကို ပိုမိုခံစားရခြင်း

နှိပ်နယ်ခြင်းသည် ရောဂါဝေဒနာခံစားနေရသော ကလေးများကို ကူညီပေးနိုင်ပါသည်။ ပြုစုစောင့်ရှောက်သူများသည်လည်း နှိပ်နယ်ကုထုံးမှ ကောင်းကျိုးများရရှိနိုင်ပါသည်။

မိဘများအနေဖြင့် အချို့နှိပ်နယ်နည်း အမျိုးအစားများကို လုပ်ဆောင်ပုံအား သင်ယူနိုင်သည်။ ကလေးများအား နှိပ်နယ်ပေးရာတွင် ကလေးအနေဖြင့် ပူးပေါင်းဆောင်ရွက်နေစေရန်အတွက် ပြုစုစောင့်ရှောက်သူများသည် ပုံပြင်ပြောသည့်နည်းလမ်းကို သုံးကြသည်။ နှိပ်နယ်ခြင်းသည် မိဘနှင့်ကလေးအကြား ဆက်ဆံရေးကို ပိုမိုနက်ရှိုင်းစွာ ရင်းနှီးမှုရှိလာစေရန် ကူညီပေးနိုင်သည်။ ၎င်းသည် မိသားစုဝင်များအား ရောဂါလက္ခဏာများကို ထိန်းချုပ်ဖြေရှင်းနိုင်စေရန် ကူညီပေးသည်။

နှိပ်နယ်ကုထုံးခံယူရာတွင် ဘေးကင်းစိတ်ချရမှု

သေချာလေ့ကျင့်ထားသော ကျွမ်းကျင်ဝန်ထမ်းက မှန်ကန်သောနည်းလမ်းဖြင့် ဆောင်ရွက်သည့်အခါ နှိပ်နယ်ကုထုံးသည် ဘေးကင်းစိတ်ချရပါသည်။ လိုင်စင်ရ နှိပ်နယ်ကုထုံးပညာရှင်များသည် နည်းလမ်းတကျ သင်ကြားမှုကို ရရှိထားပြီး အစိုးရအသိအမှတ်ပြုမှုများအတွက် လိုအပ်ချက်များနှင့် ကိုက်ညီကြပါသည်။ အချို့သော နှိပ်နယ်ကုထုံးပညာရှင်များသည် လေ့ကျင့်သင်ကြားမှုများနှင့် အသိအမှတ်ပြုလက်မှတ်များ ပိုမိုရရှိထားကြသည်။

နှိပ်နယ်ကုထုံးပညာရှင်များသည် လူနာ၏ လိုအပ်ချက်များနှင့် ကိုက်ညီစေရန် နည်းလမ်းများကို ပြောင်းလဲနိုင်သည်။ သူတို့သည် ပြင်းထန်သော ဖိအားအသုံးပြုခြင်းကို ရှောင်ရှားသင့်ပြီး အကြိတ် သို့မဟုတ် ကုသမှုခံယူနေသော နေရာပေါ်တည့်တည့်ကိုလည်း ရှောင်ရှားသင့်သည်။ အောက်ပါအချက်များရှိသော လူနာများအတွက် အထူးဂရုစိုက်မှု လိုအပ်ပါသည်-

  • ပွင့်နေသောဒဏ်ရာများ
  • အညိုအမည်းစွဲနေသော သို့မဟုတ် ယားယံနေသော အရေပြား
  • သွေးခဲခြင်း၊ သွေးခဲမှုပုံစံမမှန်သည့် လက္ခဏာများရှိခြင်း သို့မဟုတ် ကူမဒင်ကဲ့သို့သော သွေးခဲဆေးများ သောက်နေရခြင်း
  • သွေးဖြူဥ အရေအတွက်နည်းခြင်း
  • သွေးခဲရာတွင် ကူညီပေးသော သွေးဥမွှားအရေအတွက် နည်းခြင်း
  • အရိုးကျိုးပဲ့မှုများ
  • အရိုးများဆီသို့ပျံ့နေသော ကင်ဆာရောဂါ
  • ကင်ဆာရောဂါ ကုသမှုများကြောင့်ဖြစ်သော ထိခိုက်လွယ်သည့်အသားအရေ
  • ပြန်ရည်ကြောဖောရောင်ခြင်း
  • ဦးနှောက်နှင့် ခန္ဓာကိုယ်အစိတ်အပိုင်းများကို ဆက်သွယ်ပေးသော နဗ်ကြောများ ပျက်စီးနေခြင်း သို့မဟုတ် အခြားသော နဗ်ကြော နာကျင်မှုများ
  • ဆေးကုသမှုဆိုင်ရာ စက်ပစ္စည်းများ

နှိပ်နယ်ကုထုံးမစတင်မီ

နှိပ်နယ်ကုထုံးပညာရှင်နှင့်အတူ ကြိုတင်ဆွေးနွေးပါ။ သေချာအောင်လုပ်ရမည်မှာ-

  • ၎င်းတို့၏ အထောက်အထားလက်မှတ်များကို စစ်ဆေးပါ။
  • ဆေးဘက်ဆိုင်ရာ လိုအပ်ချက်များနှင့် ကုထုံးခံယူရသည့် ရည်ရွယ်ချက်တို့ကို ဆွေးနွေးပါ။
  • မျှော်လင့်ထားရမည့်အရာများကို ရှာဖွေလေ့လာပါ။
  • မေးခွန်းများမေးပြီး မည်သည့်စိုးရိမ်မှုများကိုမဆို ဆွေးနွေးတိုင်ပင်ပါ။

နှိပ်နယ်ကုထုံး၏ ဖြစ်နိုင်ခြေရှိသော အန္တရာယ်များ

နှိပ်နယ်ကုထုံးခံယူရာ၌ ဖြစ်နိုင်ခြေရှိသော အန္တရာယ်များတွင် ပါဝင်နိုင်သည်မှာ-

  • အညိုအမည်းစွဲခြင်း
  • ကြွက်သားအတွင်းပိုင်း ယာယီရောင်ရမ်းခြင်း သို့မဟုတ် နာကျင်ခြင်း
  • နှိပ်နယ်ရာတွင် အသုံးပြုသည့် ဆီများ သို့မဟုတ် လိမ်းဆေးများကြောင့် ဓာတ်မတည့်တုံ့ပြန်မှုများ

ပြုစုကုသရေးအဖွဲ့က ထောက်ခံပေးထားသော စံသတ်မှတ်ချက်နှင့်ကိုက်ညီသည့် ကုသမှုများအစား နှိပ်နယ်ကုထုံးကို အသုံးမပြုပါနှင့်။

နှိပ်နယ်ကုထုံးနှင့်ပတ်သက်၍ သင်၏ကုသရေးအဖွဲ့ကို မေးရန်မေးခွန်းများ

  • ကျွန်ုပ်၏ကလေးသည် မည်သည့်အသက်အရွယ်တွင် အနှိပ်ခံနိုင်မည်နည်း။
  • ကျွန်ုပ်၏ကလေးအတွက် နှိပ်နယ်ကုထုံးမှ မည်သည့်ကောင်းကျိုးများ ရရှိနိုင်မည်နည်း။
  • ကျွန်ုပ်၏ကလေး နှိပ်နယ်ကုထုံးခံယူပါက မည်သည့် ဘေးကင်းလုံခြုံရေး အစီအမံများကို လိုအပ်ပါသနည်း။
  • ကလေးများကို ကုသပေးနေသော ကုထုံးပညာရှင်တစ်ဦးကို သင်အကြံပြုပေးနိုင်ပါသလား။
  • ကျွန်ုပ်၏ အာမခံသည် နှိပ်နယ်ကုထုံးအတွက် အကျုံးဝင်ပါမည်လား။
  • ကျွန်ုပ်၏ကလေးကို နှိပ်နယ်ပေးရန် ကျွန်ုပ် သင်ယူနိုင်ပါသလား။
  • ကလေးများအတွက် နှိပ်နယ်ကုထုံးသည် ကျွန်ုပ်၏ကလေးအတွက် ဘေးကင်းစိတ်ချရပါသလား။

နှိပ်နယ်ကုထုံးဆိုင်ရာ အဓိကအချက်များ

  • နှိပ်နယ်ကုထုံးသည် ပိုမိုသက်သောင့်သက်သာဖြစ်၍ ကျန်းမာပျော်ရွှင်စေရန်အတွက် ခန္ဓာကိုယ်၏ အရေပြားနှင့် ကြွက်သားများကို ပွတ်သပ်နှိပ်နယ်ပေးခြင်းဖြစ်ပါသည်။
  • တွေ့ရအများဆုံး နှိပ်နယ်နည်း အမျိုးအစားများမှာ ဆွီဒင်အနှိပ်နည်း၊ အားပြင်းသော တစ်ရှူးအတွင်းပိုင်းအထိ နှိပ်နယ်နည်းနှင့် ခြေ၊ လက်၊ ဦးခေါင်းများကို နှိပ်နယ်ခြင်းတို့ ဖြစ်ပါသည်။
  • နှိပ်နယ်ခြင်း၏ကောင်းကျိုးများတွင် နာကျင်မှုသက်သာခြင်း၊ စိတ်ဖိစီးမှု လျော့ကျခြင်းနှင့် ပျို့အန်ချင်စိတ်ဖြစ်ခြင်းကို သက်သာစေခြင်းများ ပါဝင်ပါသည်။
  • နှိပ်နယ်ခြင်း၏ ဖြစ်နိုင်ခြေရှိသော အန္တရာယ်များတွင် အညိုအမည်းစွဲခြင်း၊ ရောင်ရမ်းခြင်း သို့မဟုတ် ဓာတ်မတည့်တုံ့ပြန်မှုများ ပါဝင်ပါသည်။
  • ပြင်းထန်သော ရောဂါဝေဒနာခံစားနေရသည့် ကလေးများအား နှိပ်နယ်ရာတွင် အတွေ့အကြုံရှိသော သေချာလေ့ကျင့်ထားသည့် ကျွမ်းကျင်သူကိုသာ အသုံးပြုပါ။
  • ကလေးများအား နှိပ်နယ်မပေးမီ သင်၏ ကုသရေးအဖွဲ့နှင့် ဆွေးနွေးတိုင်ပင်ပါ။
  • သင်၏ကုသရေးအဖွဲ့က အကြံပြုထားသော ကုသမှုများအစား နှိပ်နယ်ခြင်းကို မပြုလုပ်သင့်ပါ။


ပြန်လည်သုံးသပ်သည့်ရက်စွဲ- ဇန်နဝါရီလ 2024 ခုနှစ်