ဆာကိုးမားအရိုးကင်ဆာသည် ကလေးများနှင့် လူငယ်လူရွယ်များတွင် အများဆုံးဖြစ်ပွားလေ့ရှိသည့် အရိုးကင်ဆာတစ်မျိုးဖြစ်သည်။ ၎င်းသည် ကနဦးအဆင့် အဖြစ်အများဆုံး ကလေးသူငယ်ဆိုင်ရာ အရိုးကင်ဆာအကျိတ်ဖြစ်သည်။ အမေရိကပြည်ထောင်စုတွင် နှစ်စဉ် ကလေးသူငယ်နှင့် ဆယ်ကျော်သက် ၄၀၀ ခန့် တွင်ဖြစ်ပွားလျက်ရှိပါသည်။ ဆာကိုးမားအရိုးကင်ဆာသည် ဆယ်ကျော်သက်များထဲတွင် တတိယအဖြစ်အများဆုံးကင်ဆာဖြစ်သည်။
ဆာကိုးမားအရိုးကင်ဆာသည် မည်သည့်အရိုးတွင်မဆို ဖြစ်ပွားနိုင်သော်လည်း ခြေထောက် သို့မဟုတ် လက်မောင်း၏ အရိုးတံရှည် အဆုံးဖက် ခပ်ကျယ်ကျယ်နေရာတွင် အဖြစ်များလေ့ရှိသည်။ အရိုးတစ်ရှူးအသစ်ဖြစ်ပေါ်စေသော မဖွံ့ဖြိုးသေးသည့် အရိုးဆဲလ်များ (အရိုးတည်ဆောက်ပေးနိုင်သောကလာပ်စည်းများ) တွင် အများဆုံးစတင်ဖြစ်ပွားလေ့ရှိတတ်ပါသည်။
ဆာကိုးမားအရိုးကင်ဆာ စတင်ဖြစ်ပွားလေ့ရှိသည့်နေရာများမှာ ပေါင်ရိုး၏ ဒူးခေါင်းနှင့် ကပ်နေသော အပိုင်း (ပေါင်ရိုး) သို့မဟုတ် (ခြေသလုံးအတွင်းပိုင်းအရိုး) ညို့သကျည်းအပေါ်ပိုင်းတို့ဖြစ်သည်။ အခြားဖြစ်ပွားတတ်သည့်နေရာမှာ ပုခုံးနားရှိ လက်မောင်းအပေါ်ပိုင်းအရိုး (လက်မောင်းရိုး) တွင်ဖြစ်သည်။ အရိုးပြားများဖြစ်သည့် တင်ပါးဆုံနှင့် ဦးခေါင်းခွံတို့၌ တစ်ခါတရံဖြစ်ပွားသော်လည်း မကြာခဏ ဖြစ်ပွားလေ့မရှိပါ။ ရှားပါးဖြစ်စဉ်များတွင် ဆာကိုးမားအရိုးကင်ဆာကို အရိုး၌မတွေ့ရဘဲ တစ်ရှူးပျော့များတွင် တွေ့ရတတ်သည်။
ဆာကိုးမားအရိုးကင်ဆာသည် အရိုးအတွင်း (ကင်ဆာအကျိတ် အလယ်ဗဟို) သို့မဟုတ် အရိုးအပြင်ဖက် မျက်နှာပြင် (ကင်ဆာအကျိတ် မျက်နှာပြင်) တို့တွင်လည်း ဖြစ်ပေါ်တတ်ပါသည်။ ကလေးများတွင်ဖြစ်လေ့ရှိသည့်ဆာကိုးမားအရိုးကင်ဆာကို အများအားဖြင့် အရိုးအတွင်းပိုင်း အလယ်ဗဟိုတွင် တွေ့ရတတ်သည်။
ဆာကိုးမားအရိုးကင်ဆာသည် ပုံမှန်အားဖြင့် အသက် ၁၀ ကျော်လျှင် ဖြစ်လေ့ရှိတတ်ပြီး အသက် ၅ နှစ် မတိုင်ခင် ဖြစ်သည်မှာ အလွန်ရှားသည်။
ဆာကိုးမားအရိုးကင်ဆာ ပိုမိုဖြစ်နိုင်ချေများသည့် အချို့အကြောင်းအရင်းများရှိပါသည်။
ဆာကိုးမားအရိုးကင်ဆာသည် အရိုးအားထိခိုက်ပျက်စီးစေပြီး အားနည်းစေသည်။ ကင်ဆာအကျိတ်၏ တည်နေရာအလိုက် ရောဂါလက္ခဏာများပြသည်။ အစပိုင်းတွင် ရောဂါလက္ခဏာအား သတိမူမိရန်ခက်ခဲပြီး အခြားရောဂါလက္ခဏာများနှင့် တူညီတတ်သည်။
ဆာကိုးမားအရိုးကင်ဆာ၏ ရောဂါလက္ခဏာများမှာ
နာကျင်မှုသည် ရက်သတ္တပတ်များစွာ သို့မဟုတ် လများစွာကြာလျှင် ပိုဆိုးလာတတ်သည်။ နာကျင်မှုသည် ကလေးငယ် အား ညသန်းခေါင် နိုးလာစေတတ်သည်။ Ibuprofen သို့မဟုတ် Acetaminophen ကဲ့သို့ ဝယ်ယူရလွယ်သည့် ဆေးများ နာကျင်မှုကို သက်သာစေသော ဆေးများသည် နာကျင်မှုဝေဒနာများကို ကြာရှည်စွာ သက်သာစေမည်မဟုတ်ပါ။
ဆာကိုးမားအရိုးကင်ဆာ ရောဂါ ရှိ၊ မရှိသိနိုင်ရန် စမ်းသပ်မှုအမျိုးမျိုးပြုလုပ်ရသည်။ ဤစမ်းသပ်မှုများတွင် အောက်ပါအချက်များ ပါဝင်ပါသည်။
ဆာကိုးမားအရိုးကင်ဆာဖြစ်နေသည့် ကလေးသူငယ် လူနာများကို ဓာတ်မှန်အသုံးပြု၍ အရိုးအတွင်း အနာအဆာရှိ၊ မရှိစစ်ဆေးသည်။
ရင်ဘတ်အား ကွန်ပျူတာဓါတ်မှန်ရိုက်၍ ဆာကိုးမားအရိုးကင်ဆာသည် အဆုတ်များသို့ ပျံ့နှံ့ခြင်း ရှိ၊ မရှိ ကြည့်ရှုစစ်ဆေးပါသည်။
ဆာကိုးမားအရိုးကင်ဆာအား တစ်နေရာတည်း သို့မဟုတ် ပျံ့နှံ့လျက် ရှိစွာ တွေ့ရတတ်ပါသည်။ တစ်နေရာတည်းရှိ ဆာကိုးမားအရိုးကင်ဆာဆိုသည်မှာ ခန္ဓာကိုယ်ထဲရှိ တစ်နေရာတည်းတွင်သာ ကင်ဆာအကျိတ်တစ်ခု ရှိနေခြင်းဖြစ်သည်။ ပျံ့နှံနေသည့် ဆာကိုးမားအရိုးကင်ဆာဆိုသည်မှာ ကင်ဆာသည် အဆုတ်များ သို့မဟုတ် အခြားအရိုးများကဲ့သို့ အစိတ်အပိုင်းများသို့ ပျံ့နှံ့ပြီး ဖြစ်နေခြင်းကို ဆိုလိုသည်။ ဆာကိုးမားအရိုးကင်ဆာ အများဆုံး ပျံ့နှံ့လေ့ရှိသည့်နေရာမှာ အဆုတ်ဖြစ်သည်။
ဆာကိုးမားအရိုးကင်ဆာ တစ်ခုတည်း၊ တစ်နေရာတည်းတွင် ရှိနေသောလူနာသည် ခွဲစိတ်ကုသခံ၍ ကင်ဆာရောဂါအားအမြစ်ပြတ်ဖယ်ရှားပစ်နိုင်ပြီး ရေရှည်ကုသပျောက်ကင်းနိုင်စွမ်း ၆၅−၇၀% အထိ အခွင့်အရေးရှိသည်။ အကယ်၍ ဆာကိုးမားအရိုးကင်ဆာ ရှာဖွေတွေ့ရှိချိန်တွင် (အစိတ်အပိုင်းများသို့ ပျံ့နှံ့နေသည်) နေရာအနှံ့အပြား ပျံ့နှံ့ပြီးဖြစ်လျှင် ကုသပျောက်ကင်းနိုင်ချေ ၃၀% ခန့်သာ ရှိသည်။
ရောဂါအလားအလာသည် အကြောင်းတရား အမျိုးမျိုးပေါ်တွင် မူတည်သည်
လူနာ ၃၀% ခန့်တွင် ကင်ဆာ တစ်ဖန်ပြန်လည်ဖြစ်ပွားတတ်ပါသည်။ အဆုတ်များထဲတွင် အဖုသစ်များကဲ့သို့ အများဆုံး ဖြစ်ပွားလေ့ရှိပါသည်။ ကင်ဆာပြန်ဖြစ်သူများအနေဖြင့် ရောဂါ၏ အလားအလာသည် ကင်ဆာအကျိတ်အား ခွဲစိတ်ဖယ်ရှားနိုင်စွမ်းနှင့် မည်သည့်အချိန်အတွင် ပြန်လည်ဖြစ်ပွားသည် ဆိုသည့် အချက်များ အပါအဝင် ရောဂါအခြေအနေ အကြောင်းအရင်း အများအပြား အပေါ်တွင် မူတည်ပါသည်။ ၁၈ လအတွင်း ပြန်လည်ဖြစ်ပွားကြောင်း တွေ့ရှိရသည့် လူနာများသည် အဆိုပါ ၁၈ လထက်နောက်ကျပြီးမှ တွေ့ရှိရသည့်သူများထက် ကုသရခက်ခဲပါသည်။ အကယ်၍ ကင်ဆာကုသပြီး ပြန်ဖြစ်ပွားပါက၊ နောက်ထပ် ၁၀ နှစ်ကျော်ကြာ ထပ်မံအသက်ရှင်နိုင်ချေသည် ၁၇% ခန့်ရှိသည်။ ထပ်မံ တစ်ဖန်ပြန်ဖြစ်တိုင်း အသက်ရှင်နိုင်ချေ ကျဆင်းသည်။
ပုံမှန်အားဖြင့် ဆာကိုးမားအရိုးကင်ဆာကို ကင်ဆာဆေးသွင်းကုသခြင်းကုထုံးဖြင့်ခွဲစိတ်ပြီးနောက်ပိုင်း ဆက်လက်ကုသလေ့ရှိပါသည်။ ကင်ဆာအကျိတ်အား ခွဲစိတ်ဖယ်ရှား၍ မရခဲ့လျှင် သို့မဟုတ် ခွဲစိတ်ပြီးနောက် ရောဂါတစ်ခုခုကျန်နေသေးလျှင် ဓာတ်ရောင်ခြည်ကုထုံးဖြင့် ထပ်မံကုသရန် လိုအပ်သည်။
လူနာများသည် ကုသပြီးနောက်ပိုင်းတွင် တစ်ဖန်ပြန်လည် ဖြစ်၊ မဖြစ် စစ်ဆေးရန်အတွက် နှစ်အတန်ငယ်ကြာသည်အထိ လအနည်းငယ်လျှင်တစ်ကြိမ်နှုန်း အစစ်ဆေးခံ၊ နောက်ဆက်တွဲကုသခံရန်လိုအပ်ပါသည်။ ဆေးဘက်ဆိုင်ရာအဖွဲ့ဟာ လိုအပ်တဲ့ စစ်ဆေးမှုအမျိုးအစားများနဲ့ စစ်ဆေးဖို့လိုတဲ့ အကြိမ်ရေအတွက် တိကျတဲ့ အကြံပြုချက်များကို ပြုလုပ်ပါလိမ့်မယ်။ ပုံမှန်အားဖြင့် ဆေးစစ်သည့်အခါ သွေးစစ်ခြင်း၊ အဆုတ်အား ကွန်ပျူတာ ဓါတ်မှန်ရိုက်ခြင်းနှင့် ကုသထားသည့် အရိုးအား ဓာတ်မှန်ရိုက်ခြင်းတို့ ပါဝင်ပါသည်။
မျိုးရိုးလိုက်သည့် ရောဂါများရှိသည့် သို့မဟုတ် မျိုးဗီဇအခြေအနေများရှိသည့် လူနာများအနေနှင့် အခြားကင်ဆာများ ဖြစ်နိုင်ချေရှိသည့်အတွက် ကုသမှုများ ထပ်မံလိုအပ်နိုင်ပါသည်။
ခြုံပြောရလျှင်၊ ခြေလက်ဖြတ်တောက်ခြင်း သို့မဟုတ် အရိုးအစားထိုးနည်းပညာသုံး ခွဲစိတ်ခြင်းဖြင့် ဆာကိုးမားအရိုးကင်ဆာကုသခံရသည့် လူနာများသည် အချိန်ကြာလာသည်နှင့်အမျှ ကောင်းမွန်လာပါသည်။ သူတို့သည် ကောင်းမွန်သည့် ရုပ်ပိုင်းဆိုင်ရာလုပ်ဆောင်ချက်နှင့် ကောင်းမွန်သည့်ဘဝအရည်အသွေးရှိကြောင်းကို အစီရင်ခံပါသည်။ နောက်ဆက်တွဲဂရုစိုက်မှုသည် ဆက်လက်ရွေ့လျားမှုကို သေချာအောင်ပြုလုပ်ရာတွင် အရေးကြီးပါသည်။ ကြွက်သားအရိုးလုပ်ဆောင်ချက်ကို စစ်ကြည့်ရန် လူနာများသည် နှစ်စဉ်စစ်ဆေးမှု ပြုလုပ်သင့်ပါသည်။ ပြဿနာများ ဆက်လက်ဖြစ်ပေါ်ခြင်းမရှိခြင်းကို သေချာစေရန် အရေးကြီးပါသည်။ မညီညာသော အရိုးအရွယ်အစား၊ လမ်းလျှောက်ပုံ ပြောင်းလဲမှု၊ အရိုးအဆစ်ပြဿနာ၊ သို့မဟုတ် အခြားပြဿနာများသည် နာတာရှည် နာကျင်မှုဝေဒနာ သို့မဟုတ် မသန်မစွမ်းမှုများ ဖြစ်စေနိုင်သည်။ အဆိုပါပြဿနာများကို ရှာဖွေဖော်ထုတ်ရမည်ဖြစ်ပြီး သေချာစွာ ဖြေရှင်းကုသရမည်ဖြစ်သည်။
ဖြတ်တောက်မှုကြုံထားရသည့်လူနာများသည် ၎င်းတို့၏ အစားထိုးခြေလက်များ၏ လုပ်ဆောင်ချက်ကို ထိန်းသိမ်းရန် နှစ်စဉ်စစ်ဆေးမှုလည်း လုပ်သင့်ပါသည်။ အရိုးခွဲစိတ်ဆရာဝန်တစ်ယောက်သည် အရိုးအစားထိုး(အရိုးဆက်နှင့်/(သို့မဟုတ်) သတ္တုအစားထိုးမှု)နှင့် လူနာများကို အနည်းဆုံးတစ်နှစ်တစ်ခါ စစ်ဆေးသုံးသပ်သင့်ပါသည်။ ခြေလက်အစားထိုးခွဲစိတ်မှုလုပ်ထားသည့် လူနာများသည် ၎င်းတို့လူကြီးအရွယ်အမြင့်ရောက်သည့်အထိ ခြေလက်ကိုရှည်စေရန်အတွက် ထပ်ဆောင်းခွဲစိတ်မှုများလိုအပ်နိုင်ပါသည်။
ဆာကိုးမားအရိုးကင်ဆာကုသခံရပြီးသည့် ကလေးငယ်များသည် ကုထုံးများကြောင့် နောက်ပိုင်းတွင် သက်ရောက်မှုအန္တရာယ်များ ရှိတတ်ပါသည်။ ရောဂါပျောက်ကင်းသွားသူတွေအားလုံးဟာ ပုံမှန်ကာကွယ်စစ်ဆေးမှုကို မူလဆရာဝန်တစ်ယောက်ဆီကနေ ဆက်လက်ပြုလုပ်သင့်ပါတယ်။ ယေဘုယျ ရောဂါနဲ့ ကျန်းမာရေးကာကွယ်မှုအတွက် ရောဂါပျောက်ကင်းသွားသူတွေဟာ ကျန်းမာတဲ့နေထိုင်မှုပုံစံနဲ့ အစားအသောက်အလေ့အကျင့်ကို မွေးမြူသင့်ပါတယ်။
အရိုးကင်ဆာသက်သာပျောက်ကင်းသူများသည် အခြားသူများထက် ပို၍ထိုင်းမှိုင်းလေ့ရှိတတ်ပါသည်။ ကျန်းမာရေး၊ခန္ဓာကိုယ်ကျစ်လစ်မှုနှင့် ရုပ်ပိုင်းဆိုင်ရာလုပ်ဆောင်ချက်တို့ကို ထိန်းထားရန် ပုံမှန်လေ့ကျင်ခန်းပြုလုပ်ခြင်းသည် အရေးကြီးပါသည်။ လေ့ကျင့်ခန်းပုံမှန်ပြုလုပ်ခြင်းသည် အရိုးအစားထိုးနည်းပညာသုံး ခွဲစိတ်ခံရသည့် သို့မဟုတ် ခြေလက်ဖြတ်တောက်ကုသထားသည့် လူနာများအတွက် အထူးအရေးကြီးသည်။
ခန္ဓာကိုယ်တစ်ခုလုံး ပျံ့နှံ့စေသော ကင်ဆာဓာတုဆေးသွင်းကုထုံး (သို့) ဓာတ်ရောင်ခြည်နဲ့ ကုသရှင်သန်သူတွေကို ကုထုံးရဲ့ စိုးရိမ်ဖွယ်ရာနောက်ပိုင်းသက်ရောက်မှုတွေအတွက် စောင့်ကြည့်သင့်ပါတယ်။ ကုသခြင်းကြောင့် ဖြစ်ပွားလာနိုင်သည့် ပြဿနာများမှာ အကြားအာရုံ ချို့တဲ့ခြင်း၊ နှလုံးပြဿနာ၊ ကျောက်ကပ်ပျက်စီးခြင်းနှင့် ဒုတိယ ကင်ဆာများဖြစ်ခြင်းတို့ပါဝင်နိုင်သည်။
ကလေးသူငယ် ၀ - ၁၈ နှစ်အကြားဖြစ်သော ကလေးဘဝ ကင်ဆာပျောက်ကင်းမှုလေ့လာချက်အရ ပြင်းထန်သည့် အကျိုးဆက် နာတာရှည် ကျန်းမာရေးချို့တဲ့မှုကို ၂၅% သော ကင်ဆာပျောက်ကင်းသည့်လူနာများတွင် ၂၅ နှစ်အကြာ၌ တွေ့ရှိရတတ်သည်။ အဆိုပါကျန်းမာရေးချို့တဲ့မှုတွင် ဒုတိယကင်ဆာများ (ဓာတ်ရောင်ခြည်သင့်ခြင်းကြောင့် ဖြစ်နိုင်ချေမြင့်တက်ခြင်း)၊ (Doxorubicinနှင့် ထိတွေ့ခြင်းကြောင့်) နှလုံးရောင်၍ နှလုံးအလုပ်မလုပ်နိုင်ခြင်းရောဂါ၊ မျိုးမအောင်ခြင်း သို့မဟုတ် ကိုယ်ဝန်ရှိစဉ် နောက်ဆက်တွဲ ရောဂါဖြစ်ခြင်းနှင့် ကျောက်ကပ်ရောဂါ နောက်ဆုံးအဆင့် သို့မဟုတ် ကျောက်ကပ် လုံးဝပျက်စီးခြင်းတို့ ပါဝင်ပါသည်။ ကလေးအထူးကုဆရာဝန်ဖြင့် ပုံမှန် ဆေးစစ်ခြင်းဖြင့် ကင်ဆာပျောက်ကင်းလူနာများ၏ ရေရှည် သက်ရောက်မှုများအား စောင့်ကြည့်၍ ကုသနိုင်ပါသည်။
---
ပြန်လည်သုံးသပ်ခဲ့သည့်ရက်စွဲ- ဇွန်လ 2018