အဓိကအကြောင်းအရာ skip

ကြိုဆိုပါသည်

Together သည် - လူနာများနှင့် မိဘများ၊ မိသားစုဝင်များနှင့် သူငယ်ချင်းများအပါအဝင် - ကလေးကင်ဆာကြောင့် ထိခိုက်မှုရှိသူတိုင်းအတွက် ရင်းမြစ်အသစ်တစ်ခု ဖြစ်ပါသည်။

ပိုမိုလေ့လာရန်

ကင်ဆာဆဲလ်ကိုပစ်မှတ်ထားသည့် ကုထုံး

ကင်ဆာဆဲလ်ကိုပစ်မှတ်ထားသည့် ကုထုံးများသည် ကင်ဆာဆဲလ်များ၏ တိကျသောအင်္ဂါရပ်များအပေါ် အကျိုးသက်ရောက်စေသော သို့မဟုတ် ပစ်မှတ်ထားသော ဆေးအမျိုးအစားသစ်များ ဖြစ်ပါသည်။ ကင်ဆာဆဲလ်ကိုပစ်မှတ်ထားသည့် ကုထုံးကို မော်လီကျူးအလိုက် ပစ်မှတ်ထားသည့် ကုထုံး သို့မဟုတ် ကွက်တိကိုက်ညီသောဆေးဝါးဟု တစ်ခါတစ်ရံခေါ်ပါသည်။ ကင်ဆာဆဲလ်ကိုပစ်မှတ်ထားသည့် ဆေးဝါးတစ်ခုစီသည် ကင်ဆာဆဲလ်၏ သီးခြားလုပ်ဆောင်ချက်အပိုင်းတစ်ခုအပေါ် အကျိုးသက်ရောက်စေသည်။ ၀ - ၁၈ နှစ်အကြားဖြစ်သော ကလေးဘဝ ကင်ဆာရောဂါ ကုသရာတွင် အဆိုပါဆေးဝါးများမှာ လက်ရှိသုတေသနနယ်ပယ်တွင် အဓိကအာရုံစိုက်လုပ်ဆောင်နေသည့်အရာတစ်ခု ဖြစ်သည်။

ကင်ဆာဆဲလ်ကိုပစ်မှတ်ထားသည့်ကုထုံး ဘယ်လိုအလုပ်လုပ်သလဲ။

ကင်ဆာဆဲလ်များသည် ပုံမှန်ကျန်းမာသော ဆဲလ်များနှင့် ကွာခြားပါသည်။ ၎င်းတို့သည် ဆဲလ်ကို မည်သို့လုပ်ဆောင်ရန် ပြောသည့် မျိုးရိုးဗီဇများနှင့် ပရိုတင်းများတွင် ပြောင်းလဲမှုများ လုပ်ဆောင်လိုက်သည်။ ကင်ဆာဆဲလ်ကိုပစ်မှတ်ထားသည့် ကုထုံးသည် ကင်ဆာဆဲလ်များ ကြီးထွားပုံ၊ ကွဲထွက်ပုံ သို့မဟုတ် ပျံ့နှံ့ပုံတို့ကို နှောင့်ယှက်ရန် ဤသန္ဓေပြောင်းလဲမှုများကို အသုံးပြုပါသည်။

ကင်ဆာဆဲလ်ကိုပစ်မှတ်ထားသည့် ကုထုံးအမျိုးအစားအပေါ် မူတည်၍ ဆေးဝါးသည် အောက်ပါနေရာများရှိ မော်လီကျူးများအပေါ် အကျိုးသက်ရောက်နိုင်ပါသည်-

  • အခြားဆဲလ်များမှ သတင်းစကားများ လက်ခံရရှိရာနေရာဖြစ်သော ကင်ဆာဆဲလ်အမြှေးပါး၏ အပြင်ဘက်။
  • ဆဲလ်၏ လုပ်ဆောင်ချက်အများစု ဖြစ်ပွားရာ ကင်ဆာဆဲလ်၏ ဆိုက်တိုပလန်ဇမ်အတွင်း။
  • မျိုးရိုးဗီဇ အချက်အလက်ကို သိမ်းဆည်းထားပြီး၊ ဆဲလ်လုပ်ဆောင်ချက်ကို ထိန်းချုပ်သည့် ကင်ဆာဆဲလ်၏ ဗဟိုချက်နေရာတွင်။
  • အကျိတ်ဆဲလ်များကို “အစာပို့ပေးသည့်” သွေးကြောဆဲလ်များတွင်။

ကင်ဆာဆဲလ်ကိုပစ်မှတ်ထားသည့် ဆေးသည် ကင်ဆာဆဲလ်တစ်ခုကို မည်သို့လုပ်ဆောင်ရန် ပြောဆိုသည့် အချက်ပြမှုများကို ပိတ်ဆို့ပေးနိုင်သည်။ သို့မဟုတ် ဆေးတစ်ခုသည် ကင်ဆာဆဲလ်တစ်ခုက ဆဲလ်ကြီးထွားမှုအတွက် အရေးကြီးသော ပရိုတင်းပြုလုပ်သည့်နည်းလမ်းကို ပြောင်းလဲပစ်နိုင်သည်။ ကင်ဆာဆဲလ်ကိုပစ်မှတ်ထားသည့် ကုထုံးအချို့သည် သွေးကြောများမှ ကင်ဆာဆဲလ်များသို့ အောက်ဆီဂျင်နှင့် အာဟာရဓာတ်များကို ပံ့ပိုးနေခြင်းအား ရပ်တန့်သွားအောင် လုပ်ဆောင်သည်။ ကင်ဆာဆဲလ်ကိုပစ်မှတ်ထားသည့် အခြားကုထုံးများကလည်း ကင်ဆာဆဲလ်သေဆုံးသွားစေရန် ကူညီပေးနိုင်သည်။

တိကျသော ပစ်မှတ် သို့မဟုတ် လုပ်ဆောင်ချက်သည် မည်သို့ပင်ဖြစ်စေကာမူ ကင်ဆာဆဲလ်ကိုပစ်မှတ်ထားသည့်ကုထုံး၏ အဓိကပန်းတိုင်မှာ ကင်ဆာဆဲလ်များ ကြီးထွားရှင်သန်နိုင်ခြင်း မရှိစေရန်အတွက် ကင်ဆာဆဲလ်များ၏လုပ်ဆောင်ချက်ကို နှောင့်ယှက်ရန် ဖြစ်ပါသည်။

ကင်ဆာဆဲလ်ကိုပစ်မှတ်ထားသည့် ကုထုံးကို ဘယ်လိုအသုံးပြုသလဲ။

ကလေးကင်ဆာရောဂါ မျိုးစုံကို ကုသရာတွင် ကင်ဆာဆဲလ်ကိုပစ်မှတ်ထားသည့်ကုထုံးကို အသုံးပြုနိုင်သည်။ ကင်ဆာဆဲလ်ကိုပစ်မှတ်ထားသည့် ဆေးတစ်ခုကိုအသုံးမပြုမီ ဆရာဝန်များသည် အကျိတ်ဆဲလ်တွင် မျိုးရိုးဗီဇ ပြောင်းလဲမှု သို့မဟုတ် သန္ဓေပြောင်းလဲမှုအချို့ ရှိ၊ မရှိ သိရန် စစ်ဆေးပါသည်။ ဆရာဝန်များသည် အခြားကုထုံးအလုပ်မဖြစ်ပါက သို့မဟုတ် ကင်ဆာရောဂါ ပြန်ဖြစ်လာပါကလည်း ကင်ဆာဆဲလ်ကိုပစ်မှတ်ထားသည့်ကုထုံးကို အသုံးပြုကြည့်နိုင်ပါသည်။

ကင်ဆာဆဲလ်ကိုပစ်မှတ်ထားသည့် ကုထုံးကို သူ့ချည်းသက်သက် အသုံးပြုနိုင်သလို ဓာတုကုထုံးခွဲစိတ်ကုသမှု နှင့် ဓာတ်ကင်ခြင်းကုထုံး ကဲ့သို့ အခြားကုသမှုများဖြင့်လည်း ပေါင်းစပ်အသုံးပြုနိုင်ပါသည်။ တစ်ခါတစ်ရံတွင် ကင်ဆာဆဲလ်ကိုပစ်မှတ်ထားသည့် ကုထုံးတွင် ဆေးတစ်ခုထက်ပို၍ ပေးနိုင်ပါသည်။

ကင်ဆာဆဲလ်ကိုပစ်မှတ်ထားသည့် ကုထုံးကို ဘယ်လိုပေးသလဲ။

ကင်ဆာဆဲလ်ကိုပစ်မှတ်ထားသည့် ကုထုံးများသည် သောက်ဆေး သို့မဟုတ် IV (အကြောပိုက်) မှတစ်ဆင့် ပေးလေ့ရှိသည့် ဆေးများဖြစ်သည်။ အကြိမ်ရေများစွာ ဆေးများသွင်းပေးရန် လိုအပ်ပြီး ဆေးအများစုကို ပြင်ပလူနာပုံစံဖြင့် လူနာများအား ပေးပါသည်။

ကင်ဆာဆဲလ်ကိုပစ်မှတ်ထားသည့် ကုထုံး မည်မျှကောင်းစွာလုပ်ဆောင်သလဲဆိုတာကို သိရှိရန် လူနာများကို စောင့်ကြည့်ပါလိမ့်မည်။ တစ်ခါတစ်ရံ ဆေးသည် ပထမတွင် အလုပ်ဖြစ်သော်လည်း နောက်ပိုင်းတွင် အလုပ်မဖြစ်တော့ခြင်း ဖြစ်နိုင်ပါသည်။ ဘေးထွက်ဆိုးကျိုးများ သည် ဆေးတစ်ခုနှင့်တစ်ခု မတူညီသည့်အပြင် ကလေးတိုင်းက ဆေးများအပေါ် တုံ့ပြန်ပုံသည်လည်း မတူညီပါ။ ရှားရှားပါးပါး၊ လူများတွင် ကင်ဆာဆဲလ်ကိုပစ်မှတ်ထားသည့် ဆေးဝါးများကို ဓာတ်မတည့်သော တုံ့ပြန်မှုများ ဖြစ်လာနိုင်ပါသည်။

၀ - ၁၈ နှစ်အကြားဖြစ်သော ကလေးဘဝ ကင်ဆာရောဂါတွင် ကင်ဆာဆဲလ်ကိုပစ်မှတ်ထားသည့် ကုထုံး၏ အနာဂတ်

ကင်ဆာဆဲလ်ကိုပစ်မှတ်ထားသည့် ကုထုံးများသည် ကလေးကင်ဆာရောဂါများကို ကုသရာတွင် ကြီးမားသော အလားအလာကောင်းကို ပိုင်ဆိုင်ထားသော်လည်း လေ့လာစရာများစွာလည်း ကျန်ရှိနေပါသေးသည်။ ကင်ဆာဆဲလ်ကိုပစ်မှတ်ထားသည့် ကုထုံးနှင့် ပတ်သက်သည့် သုတေသနများစွာသည် အရွယ်ရောက်ပြီးသူ လူနာများနှင့်သာ လုပ်ဆောင်ထားခြင်းဖြစ်ပါသည်။ ဆရာဝန်များအနေဖြင့် ဆေးဝါးများက ကလေးများတွင် မည်သို့အလုပ်လုပ်သလဲဆိုတာကို သိရှိရန် နောက်ထပ်လေ့လာရန် လိုပါသည်။ ကင်ဆာရောဂါ အမျိုးအစားများစွာအတွက် ကင်ဆာဆဲလ်ကိုပစ်မှတ်ထားသည့် ဆေးများကို မသုံးနိုင်သေးပါ။ ကင်ဆာဆဲလ်များက ရှုပ်ထွေးလှသောကြောင့် မှန်ကန်သော ပစ်မှတ်ကို ရှာဖွေခြင်းက ခက်ခဲနိုင်ပါသည်။

သိပ္ပံပညာရှင်များက ကင်ဆာဆဲလ်ကိုပစ်မှတ်ထားသည့် ကုထုံးနှင့် ကွက်တိကိုက်ညီသောဆေး အသုံးပြုသော နည်းလမ်းများသည် ကလေးကင်ဆာရောဂါရှင် လူနာများစွာအတွက် ဘေးထွက်ဆိုးကျိုး နည်းနည်းဖြင့် ရေရှည်ကုသမှုများပေးနိုင်မည်ဟု မျှော်လင့်ထားပါသည်။  

---
ပြန်လည်သုံးသပ်ခဲ့သည့်ရက်စွဲ- ဇွန်လ 2018