အဓိကအကြောင်းအရာ skip

ကြိုဆိုပါသည်

Together သည် - လူနာများနှင့် မိဘများ၊ မိသားစုဝင်များနှင့် သူငယ်ချင်းများအပါအဝင် - ကလေးကင်ဆာကြောင့် ထိခိုက်မှုရှိသူတိုင်းအတွက် ရင်းမြစ်အသစ်တစ်ခု ဖြစ်ပါသည်။

ပိုမိုလေ့လာရန်

သတ္တုပြားဓာတ်ရောင်ခြည်ကုထုံး

သတ္တုပြားဓာတ်ရောင်ခြည်ကုထုံးတွင် အကျိတ် ဆဲလ်များကို သုတ်သင်ရန် မျိုးစေ့ဟုလည်း ခေါ်သည့် အလွန်သေးငယ်သော ရေဒီယိုသတ္တိကြွ ပစ္စည်းကို ခန္ဓာကိုယ်တွင်း၌ ထည့်သွင်းသည်။ ၎င်းကို ကိုယ်တွင်း ဓာတ်ရောင်ခြည် ကုထုံးဟုလည်း ခေါ်ဝေါ်ကြသည်။

တစ်ခါတစ်ရံတွင် ဓာတ်ရောင်ခြည် ကင်ဆာအထူးကုဆရာဝန်များသည် သတ္တုပြားဓာတ်ရောင်ခြည်ကုထုံးကို ကင်ဆာရောဂါအချို့အတွက် တစ်ခုတည်းသော ကုသမှုအဖြစ် ညွှန်ကြားပေးကြသည်။ အခြားအချိန်များတွင် ၎င်းကို အခြားကုသမှုများနှင့် တွဲဖက်အသုံးပြုသည်။ ၎င်းကို သတ်မှတ်ထားသော တွယ်ဆက်တစ်ရှူးကင်ဆာများနှင့် ကလေးငယ်များတွင်ဖြစ်တတ်သော မျက်စိအမြင်လွှာကင်ဆာကို ကုသရာတွင် အများဆုံး အသုံးပြုသည်။

ဓာတ်ရောင်ခြည် ကုထုံးအဖွဲ့သည် ကုသမှုအကြောင်းကို လူနာနှင့် မိသားစုအား ရှင်းပြပါမည်။

ကုသမှု လုပ်ငန်းစဉ်

ကုသမှု အရေအတွက်သည် အကျိတ်အမျိုးအစား၊ ခန္ဓာကိုယ်တွင် တည်ရှိသည့်နေရာနှင့် လူနာသည် အခြား ကုထုံးအမျိုးအစားများကို လုပ်ဆောင်ခြင်း ရှိမရှိတို့အပေါ် မူတည်သည်။

လူနာသည် ကုသမှုကာလအတွင်း ဆေးရုံတွင် နေနိုင်သည် သို့မဟုတ် ဆေးရုံသို့ နေ့စဉ်လာရောက်နိုင်သည်။

က‌လေးဆေးရုံများသည် တစ်ခုနှင့်တစ်ခု ကွဲပြားနိုင်သည်။ သို့သော် ကုသမှုလုပ်ငန်းစဉ်၏ လုပ်ဆောင်ပုံမှာ အတူတူပင်ဖြစ်သည်-

  • လူနာသည် အကျိတ်ကို ဖယ်ရှားရန် ခွဲစိတ်မှုကို ခံယူရမည်။ ခွဲစိတ်စဉ်အတွင်း ဓာတ်ရောင်ခြည် ကင်ဆာအထူးကုသည် အကျိတ်သို့ ရောက်ရှိနိုင်သည့် ထိုးဆေးသွင်းပြွန်များ (ပြွန်အသေးများ) ကို ထည့်သွင်းပါမည်။ ထိုးဆေးသွင်းပြွန်များ၏ အစိတ်အပိုင်းများသည် အရေပြားပြင်ပတွင် ရှိပါမည်။ ပြွန်သည် ရေဒီယိုသတ္တိကြွမှု မရှိပေ။
  • ထိုးဆေးသွင်းပြွန်များ၏ တည်နေရာ မှန်ကန်ခြင်း ရှိမရှိ စစ်ဆေးရန်နှင့် ဓာတ်ရောင်ခြည် ပို့လွှတ်မှု အစီအစဉ်ကို အထောက်အကူပြုရန် နောက်တစ်နေ့တွင် လူနာကို CT စကင် ဖတ်ပါမည်။
  • သုံးလေးရက် ကြာပြီးနောက် ဓာတ်ရောင်ခြည်ဖြင့် ကင်ဆာရောဂါ ကုသပေးသည့် အထူးကုဆရာဝန်သည် ဓာတ်ရောင်ခြည် ကုသမှုများကို စတင်လုပ်ဆောင်ပါမည်။ ဓာတ်ရောင်ခြည် ကုထုံးပညာရှင်သည် လူနာကို ပြင်းထန်ဓာတ်ရောင်ခြည် ပို့လွှတ်ခန်းဟုခေါ်သည့် HDR အခန်းသို့ ခေါ်သွားပါမည်။ သူနာပြုဆရာမသည် ထိုးဆေးသွင်းပြွန်များကို အုပ်၍ စည်းပေးထားသော ပတ်တီးကို ဖယ်ရှားပါမည်။ ဓာတ်ရောင်ခြည် ကင်ဆာအထူးကုသည် ထိုးဆေးသွင်းပြွန်များကို ရေဒီယိုသတ္တိကြွပစ္စည်းများ ပါဝင်သည့် စက်နှင့် ချိတ်ဆက်ပါမည်။ ဤပစ္စည်းများသည် နှမ်းစေ့များ၏ အရွယ်အစားလောက်သာ ဖြစ်သည်။ လူနာသည် ၎င်းတို့ကို ခံစားသိရှိမည် မဟုတ်ပေ။
  • အားလုံးကို ချိတ်ဆက်ပြီးပါက ဝန်ထမ်းသည် အခန်းမှ ထွက်ခွာပါမည်။ ကုသမှုကို လုပ်ဆောင်စဉ် HDR အခန်းထဲ၌ လူနာမှလွဲ၍ အခြားမည်သူမျှ မရှိပေ။
  • စက်သည် ကုသမှုလုပ်ဆောင်ရန် ရေဒီယိုသတ္တိကြွ ပစ္စည်းများကို ထိုးဆေးသွင်းပြွန်များအတွင်းသို့ အလိုအလျောက် ပို့လွှတ်ပါမည်။ ကုသမှုသည် ၁၀- ၁၅ မိနစ်ခန့် ကြာမြင့်နိုင်သည်။ ကုသမှုပြီးနောက် ရေဒီယိုသတ္တိကြွပစ္စည်းများသည် လူနာမှ စက်ဆီသို့ အလိုအလျောက် ပြန်လည်ရောက်ရှိပါမည်။ ကုသမှုတစ်ခုခံယူပြီး နောက်တစ်ကြိမ် ကုသမှု မခံယူမီ ကြားကာလများတွင် လူနာအနီးတွင် ကိုယ်ဝန်ဆောင်သည်များ အပါအဝင် အခြားသော လူများရှိနေခြင်းသည် မည်သည့်အန္တရာယ်မျှ မရှိပါ။
  • ဓာတ်ရောင်ခြည် ကင်ဆာအထူးကုသည် ထိုးဆေးသွင်းပြွန်များနှင့် စက်တို့၏ ချိတ်ဆက်မှုကို ဖြုတ်ပါမည်။ ထို့နောက် သူနာပြုဆရာမသည် ထိုးဆေးသွင်းပြွန်များကို အခြားပတ်တီးနှင့် ပတ်၍ စည်းပေးပါမည်။

ဆေးကုသမှုအဖွဲ့သည် နောက်ဆုံးကုသမှုပြီးနောက်တွင် ထိုးဆေးသွင်းပြွန်များကို ဖယ်ရှားပါမည်။

လူနာသည် နောက်ဆက်တွဲ ကျန်းမာရေး အခြေအနေ စစ်ဆေးရန် ဓာတ်ရောင်ခြည် ကင်ဆာအထူးကုဆရာဝန်ထံ ပြန်လည်လာရောက် ပြသရပါမည်။


တည်းဖြတ်ခဲ့ချိန်- ၂၀၁၈ ခုနှစ်၊ ဇွန်လ