အဓိကအကြောင်းအရာ skip

ကြိုဆိုပါသည်

Together သည် - လူနာများနှင့် မိဘများ၊ မိသားစုဝင်များနှင့် သူငယ်ချင်းများအပါအဝင် - ကလေးကင်ဆာကြောင့် ထိခိုက်မှုရှိသူတိုင်းအတွက် ရင်းမြစ်အသစ်တစ်ခု ဖြစ်ပါသည်။

ပိုမိုလေ့လာရန်

ဓာတ်ရောင်ခြည် ကုထုံးအဖွဲ့

ဓာတ်ရောင်ခြည် ကုထုံးအဖွဲ့သည် ဓာတ်ရောင်ခြည်ဖြင့် ကုသမှုများခံယူနေသော လူနာများကို ပြုစုစောင့်ရှောက်သည်။

ဓာတ်ရောင်ခြည်ဖြင့် ကင်ဆာရောဂါ ကုသသည့်အထူးကုဆရာဝန်

ဓာတ်ရောင်ခြည် ကင်ဆာအထူးကုဆရာဝန်သည် ဓာတ်ရောင်ခြည် ကုသရေးအဖွဲ့ကို ဦးဆောင်သည့် ဆရာဝန်ဖြစ်သည်။

လူနာများသည် ဓာတ်ရောင်ခြည် ကုထုံးအတွက် ပထမဆုံးအကြိမ် လာရောက်ပြသသောအခါ ဓာတ်ရောင်ခြည် ကင်ဆာအထူးကုဆရာဝန်နှင့် တွေ့ဆုံရပါသည်။ ၎င်းတို့သည် အထူးကုဆရာဝန်ကို ကုထုံးကာလတစ်လျှောက် ဆက်လက်တွေ့ဆုံရပါမည်။ ဓာတ်ရောင်ခြည် ကင်ဆာအထူးကုဆရာဝန်သည် လူနာ၏ ဓာတ်ရောင်ခြည် ကုသရေးအဖွဲ့၏ အခြားအဖွဲ့ဝင်များနှင့် အနီးကပ် တွဲဖက်လုပ်ဆောင်သည်။

ဓာတ်ရောင်ခြည် ကုထုံးပညာရှင်

ဓာတ်ရောင်ခြည် ကုထုံးပညာရှင်သည် ဓာတ်ရောင်ခြည် ကုသမှုများကို နေ့စဉ် လုပ်ဆောင်ပေးသည်။ ၎င်းတို့သည် ဓာတ်ရောင်ခြည် ကင်ဆာအထူးကုဆရာဝန်၏ ကြီးကြပ်မှုအောက်တွင် လုပ်ဆောင်သည်။ ကုထုံးပညာရှင်များသည် ဓာတ်ရောင်ခြည် ကင်ဆာအထူးကုဌာနရှိ စက်ပစ္စည်းအားလုံးကို ကိုင်တွယ်လုပ်ဆောင်သည်။

ဓာတ်ရောင်ခြည် သူနာပြုဆရာမ

သူနာပြုဆရာမများသည် ကုသရေးအဖွဲ့၏ တစ်စိတ်တစ်ပိုင်းဖြစ်ပြီး ဓာတ်ရောင်ခြည် ကုထုံးဖြင့် ကုသနေသော လူနာများကို စောင့်ရှောက်ပေးပါသည်။ ၎င်းတို့သည် ကုထုံးမစတင်မီ လူနာအခြေအနေကို အကဲဖြတ်ပြီး ကုထုံးအကြောင်း၊ ဖြစ်နိုင်ခြေရှိသော ဘေးထွက်ဆိုးကျိုးများနှင့် ၎င်းဆိုးကျိုးများကို ကိုင်တွယ်ဖြေရှင်းပုံအကြောင်းတို့ကို လူနာနှင့် မိသားစုဝင်များအား ပြောပြပေးသည်။

က‌‌လေးကျွမ်းကျင်ပညာရှင်

က‌‌လေးကျွမ်းကျင်ပညာရှင်သည် ကလေးများ နားလည်လွယ်သည့် စကားလုံးများကိုသုံး၍ ဖြစ်ပေါ်မည့်အရာများကို ရှင်းပြခြင်းဖြင့် ဓာတ်ရောင်ခြည် ကုထုံးခံယူမည့် လူနာများကို အသင့်ဖြစ်အောင် ကူညီပြင်ဆင်ပေးပြီး ဆေးကုသသည့်ပုံစံ ကစားနည်းများဖြင့် လူနာများအား အတွေ့အကြုံရစေသည်။

မေ့ဆေးအဖွဲ့

ဓာတ်ရောင်ခြည် ကုသမှုကာလများအတွင်း လူနာများသည် ငြိမ်သက်စွာ နေရမည်။ ၎င်းသည် အထူးသဖြင့် ကလေးငယ်များအတွက် ခက်ခဲနိုင်သည်။ အချို့အခြေအနေများတွင် လူနာများကို စိတ်ငြိမ်ဆေးပေးရနိုင်သည်။ မေ့ဆေးအဖွဲ့သည် ဤလုပ်ငန်းစဉ်ကို ကိုင်တွယ်လုပ်ဆောင်သည်။

ဓာတ်ရောင်ခြည်ပညာရှင်နှင့် ဆေးဘက်ဆိုင်ရာ ရူပဗေဒပညာရှင်

ဓာတ်ရောင်ခြည်ပညာရှင်သည် ကုသမှုအစီအစဉ်များ ရေးဆွဲရန် ဓာတ်ရောင်ခြည် ကင်ဆာအထူးကုဆရာဝန်နှင့် တိုက်ရိုက်တွဲဖက်၍ အလုပ်လုပ်သည်။ ဓာတ်ရောင်ခြည်ပညာရှင်များသည် မှန်ကန်သော ဓာတ်ရောင်ခြည် ပမာဏကို တွက်ချက်သည်။

ကုသမှုများသည် လူနာတစ်ဦးချင်းစီအတွက် ကိုက်ညီမှုရှိကြောင်း သေချာစေရန် ဆေးဘက်ဆိုင်ရာ ရူပဗေဒပညာရှင်များက ဓာတ်ရောင်ခြည်ပညာရှင်၏ လုပ်ဆောင်မှုကို ကြီးကြပ်သည်။ ဆေးဘက်ဆိုင်ရာ ရူပဗေဒပညာရှင်များသည် စက်ပစ္စည်းများနှင့် လုပ်ငန်းစဉ်အဆင့်ဆင့်အတွက် အရည်အသွေး ထိန်းချုပ်မှုအစီအစဉ်များကို ရေးဆွဲပြီး ညွှန်ကြားသည်။ စက်ပစ္စည်းများ မှန်ကန်စွာ လုပ်ဆောင်ကြောင်းသေချာစေရန် ၎င်းတို့က စစ်ဆေးပေးသည်။ 

လူနာများသည် ဆေးဘက်ဆိုင်ရာ ရူပဗေဒပညာရှင် သို့မဟုတ် ဓာတ်ရောင်ခြည်ပညာရှင်တို့နှင့် အများအားဖြင့် မတွေ့ဆုံရပေ။ သို့သော် ၎င်းတို့သည် လူနာကို ကုသစောင့်ရှောက်ရာတွင် အ‌ရေးကြီးသည့် အခန်းကဏ္ဍ၌ ပါဝင်သည်။


တည်းဖြတ်ခဲ့ချိန်- ၂၀၁၈ ခုနှစ်၊ ဇွန်လ