အဓိကအကြောင်းအရာ skip

ကြိုဆိုပါသည်

Together သည် - လူနာများနှင့် မိဘများ၊ မိသားစုဝင်များနှင့် သူငယ်ချင်းများအပါအဝင် - ကလေးကင်ဆာကြောင့် ထိခိုက်မှုရှိသူတိုင်းအတွက် ရင်းမြစ်အသစ်တစ်ခု ဖြစ်ပါသည်။

ပိုမိုလေ့လာရန်

ကျောရိုးပြဿနာများ

၀ - ၁၈ နှစ်အကြားဖြစ်သော ကလေးဘဝ ကင်ဆာရောဂါမှလွတ်မြောက်လာသူကလေးများတွင် မည်သည့်ကျောရိုးပြဿနာများ ဖြစ်ပွားနိုင်သလဲ?

၀ - ၁၈ နှစ်အကြားဖြစ်သော ကလေးဘဝ ကင်ဆာကုထုံးကြောင့် တစ်ခါတစ်ရံတွင် ကျောရိုးကို ပုံမမှန်ဘဲကွေးကောက်သွားခြင်းများ ဖြစ်စေနိုင်သည်။

ကျောရိုးဆိုသည်မှာ နောက်ကျောလယ်တည့်တည့်ရှိ မျဥ်းဖြောင့်တစ်ကြောင်းပုံစံ ဆင့်ထားသည့် အရိုးအစုအဖွဲ့အား ကြွက်သားများနှင့် အရွတ်များမှ အတူတကွတွဲဆက်ပေးထားခြင်းဖြစ်သည်။

၀ - ၁၈ နှစ်အကြားဖြစ်သော ကလေးဘဝ ကင်ဆာကုထုံးကြောင့်ဖြစ်ရသော သိသာထင်ရှားသည့်ကျောရိုးအခြေအနေနှစ်ခုကို ကျောရိုး ဘေးဘက်သို့ကောက်သွားခြင်းနှင့် ကျောရိုး အပြင်ဘက်သို့အလွန်အကျွံကွေးခြင်း ဟုခေါ်သည်။

ကျောရိုး ဘေးဘက်သို့ကောက်သွားခြင်း

ငယ်ရွယ်သူများ အထူးသဖြင့် ဆယ်ကျော်သက်များတွင် ကျောရိုး ဘေးဘက်သို့ကောက်သွားခြင်း ဖြစ်ပွားနိုင်သည်။ ဖြစ်ပွားရသည့်အကြောင်းအရင်းကို အများအားဖြင့်မသိပါ။ သို့သော် အချို့သောကင်ဆာကုထုံးများကြောင့် အဆိုပါအခြေအနေဖြစ်ပွားနိုင်ခြေကို မြင့်မားစေနိုင်သည်။

ကျောရိုးမှာ ဘေးတစ်ဖက်ဖက်သို့လည်သွားသည့်အခါတွင် ယင်းအခြေအနေမျိုးကို ဖြစ်စေသည်။ ပုံမှန်အားဖြင့် နောက်ကျောမှကြည့်သည့်အခါ ကျောရိုးသည် မျဥ်းဖြောင့်တစ်ကြောင်းပုံစံရှိနေသည်။ ကျောရိုး ဘေးဘက်သို့ကောက်သွားခြင်းဖြင့် ကျောရိုးသည် စာလုံး "S" သို့မဟုတ် "C" ပုံစံ ကွေးကောက်သွားသည်။ လက္ခဏာများတွင် အောက်ပါတို့ ပါဝင်ကြသည်-

  • လက်ပြင်ရိုးများ မညီခြင်း
  • တင်ပါးများ မညီခြင်း
  • ခါးစောင်းခြင်း
  • ခါး တစ်ဖက်သို့ယိုင်နေခြင်း
  • ခေါင်းသည် တင်ပါးဆုံရိုးအထက်တွင် အလယ်တည့်တည့်၌ရှိမနေခြင်း
  • ခြေထောက်တစ်ဖက်သည် အခြားတစ်ဖက်ထက်ရှည်ခြင်း
ပုံမှန်ကျောရိုးတစ်ခုကို ဘေးဘက်သို့ကောက်သွားသော ကျောရိုးတစ်ခုနှင့် နှိုင်းယှဥ်ပြထားသည့်ပုံ

ကျောရိုး အပြင်ဘက်သို့အလွန်အကျွံကွေးခြင်း

ကျောရိုး အပြင်ဘက်သို့အလွန်အကျွံကွေးခြင်းဆိုသည်မှာ ကျောအပေါ်ပိုင်းတွင် ပုံမမှန်ကွေးနေခြင်းဖြစ်ပြီး၊ လက်ပြင်ကိုင်းနေခြင်း သို့မဟုတ် နောက်ကျောတွင်ဘို့ထွက်နေခြင်း စသည့်ပုံပန်းသဏ္ဌာန်ကိုဖြစ်နေစေသည်။ လက္ခဏာများတွင် အောက်ပါတို့ပါဝင်ကြသည်-

  • ကိုယ်နေဟန်ထားမကောင်းခြင်း
  • ခါးနာခြင်း
  • ကြွက်သားအားမရှိခြင်း
  • ကျောတောင့်ခြင်း
ပုံမှန်ကျောရိုးတစ်ခုကို အပြင်ဘက်သို့ကွေးသွားသော ကျောရိုးတစ်ခုနှင့် နှိုင်းယှဥ်ပြထားသည့်ပုံ

ကျောရိုးပြဿနာများဖြစ်စေနိုင်သော ကင်ဆာကုထုံးများ

ဓာတ်ကင်မှုအမျိုးအစားအချို့ကို ခံယူခဲ့ဖူးသည့်လူနာများတွင် ကျောဘက်ရှိ ကြွက်သားများ၊ အရိုးများနှင့် တစ်ရှုးအပျော့များ၏ ဖွံဖြိုးမှုမညီညာခြင်း ဖြစ်နိုင်ခြေ မြင့်မားသည်။ ပြဿနာများဖြစ်လာစေနိုင်သောကုထုံးများတွင် ရင်ဘတ်ပိုင်းသို့ဓာတ်ကင်ခြင်းပါဝင်သည်။ အထူးသဖြင့်-

  • ရင်ဘတ် သို့မဟုတ် ဝမ်းဗိုက်ဧရိယာတစ်ဝက်ကို ဓာတ်ကင်ခဲ့ခြင်း
  • ရင်ဘတ်၊ ဝမ်းဗိုက် သို့မဟုတ် ကျောရိုးတွင် ခွဲစိတ်ကုသမှုပါလုပ်ဆောင်ခဲ့ခြင်း

ဓာတ်ကင်ခြင်းသည် ကျောရိုးရှိအရွတ်များကို ရှည်ထွက်လာစေနိုင်ပြီး ကျောရိုး၏သဘာဝအတိုင်းရှိနေသောအကွေးကို ပိုကွေးသွားစေသည်။ ဓာတ်ကင်ခြင်းကြောင့် ကျောဘက်ကြွက်သားများနှင့် အရွတ်များကို မညီမညာ ဖွံဖြိုးလာစေနိုင်သည်။ အဆိုပါပြဿနာနှစ်ရပ်စလုံးကြောင့် ကျောရိုး အပြင်ဘက်သို့အလွန်အကျွံကွေးခြင်းကို ဖြစ်စေနိုင်သည်။

ကျောရိုးအတွင်း သို့မဟုတ် ကျောရိုးအနီးတွင် အကျိတ်ရှိခြင်းကြောင့်လည်း ကျောရိုးဆိုင်ရာပြဿနာများကို ဖြစ်စေနိုင်သည်။

ကင်ဆာရောဂါမှလွတ်မြောက်လာသူများမှ ဘာတွေလုပ်ဆောင်နိုင်သလဲ

ကျောရိုး ဘေးဘက်သို့ကောက်သွားခြင်းနှင့် ကျောရိုး အပြင်ဘက်သို့အလွန်အကျွံကွေးခြင်းတို့ကို ရုပ်ပိုင်းဆိုင်ရာစစ်ဆေးခြင်းအားဖြင့် တွေ့ရှိနိုင်သည်။

ဆရာဝန်များမှ ကျောရိုးကို ဓာတ်မှန် ရိုက်ခိုင်းနိုင်သည်။ ဓာတ်မှန်တွင် အနည်းဆုံး ၁၀-ဒီဂရီ ဘေးဘက်သို့ (ဘယ်ဘက်၊ ညာဘက်သို့) ကွေးကောက်သွားပါက "ကျောရိုး ဘေးဘက်သို့ကောက်သွားခြင်း" ရှိနေပြီဟု သတ်မှတ်သည်။ ဓာတ်မှန်တွင် ၅၀-ဒီဂရီ သို့မဟုတ် ထို့ထက်ပို၍ကွေးသွားပါက "ကျောရိုး အပြင်ဘက်သို့အလွန်အကျွံကွေးခြင်း" ရှိနေပြီဟု အတည်ပြုနိုင်သည်။

အဆိုပါအခြေအနေနှစ်ရပ်လုံးအတွက် ကုထုံးကို အဆင့်ဆင့် ဆောင်ရွက်လေ့ရှိသည်-

  • စောင့်ကြည့်လေ့လာခြင်း အထူးသဖြင့် ပျိုဖော်ဝင်ချိန်နှင့်လျင်မြန်စွာကြီးထွားဖွံဖြိုးနေသည့်ကာလများတွင် ကွေးကောက်မှုရှိ/မရှိ အနီးကပ်စောင့်ကြည့်လေ့လာသင့်သည်။
  • ထိန်းချုပ်ခြင်း အကယ်၍ ပိုဆိုးလာပါက ဆက်၍ကွေးကောက်လာနေခြင်းကိုရပ်တန့်စေရန်နှင့် ပုံမမှန်သောကောက်နေခြင်းကိုတည့်မတ်ပေးရန် ပလတ်စတစ်ခန္ဓာကိုယ်အထိန်းတစ်ခုကို အဝတ်အစားအောက်တွင် ဝတ်ဆင်ထားသင့်သည်။
  • ခွဲစိတ်ကုသခြင်း ကျောရိုးအားထိန်းချုပ်ခြင်းအားဖြင့် ပြန်လည်ဖြောင့်တန်းစေခြင်းပြုလုပ်သော်လည်း ထိရောက်မှုမရှိပါက ခွဲစိတ်မှုပြုလုပ်၍ ကျောရိုးများကို အသေဆက်ခြင်းနှင့် လှုပ်ရှားမှုမဖြစ်စေရန်ထိန်းကွပ်ပေးခြင်း စသည်တို့ပြုလုပ်ရန် သမားတော်မှ အကြံပြုနိုင်သည်။ 

---
ပြန်လည်သုံးသပ်ခဲ့သည့်ရက်စွဲ- ဇွန်လ ၂၀၁၈