အဓိကအကြောင်းအရာ skip

ကြိုဆိုပါသည်

Together သည် - လူနာများနှင့် မိဘများ၊ မိသားစုဝင်များနှင့် သူငယ်ချင်းများအပါအဝင် - ကလေးကင်ဆာကြောင့် ထိခိုက်မှုရှိသူတိုင်းအတွက် ရင်းမြစ်အသစ်တစ်ခု ဖြစ်ပါသည်။

ပိုမိုလေ့လာရန်

အာရုံကြောချို့ယွင်းမှုကြောင့် ဆီးမထိန်းနိုင်ခြင်း

၀ - ၁၈ နှစ်အကြားဖြစ်သော ကလေးဘဝ ကင်ဆာရောဂါမှလွတ်မြောက်လာသူကလေးအများစုတွင် ကုထုံး၏အကျိုးဆက်ဖြစ်သော ဆီးအိတ်ဆိုင်ရာပြဿနာများကို မတွေ့ကြုံရတတ်ပါ။ သို့သော် အချို့သော ကင်ဆာအမျိုးအစားများနှင့် ကင်ဆာကုထုံးများကြောင့် ဆီးအိတ်ပျက်စီးနိုင်သည်။ ဖြစ်လာနိုင်သောအခြေအနေတစ်ရပ်မှာ အာရုံကြောချို့ယွင်းမှုကြောင့် ဆီးမထိန်းနိုင်ခြင်းဖြစ်သည်။

အာရုံကြောချို့ယွင်းမှုကြောင့် ဆီးမထိန်းနိုင်ခြင်းမှာ ဆီးအိတ်၏လုပ်ဆောင်ချက်ကိုထိန်းချုပ်ပေးသော အာရုံကြောများပျက်စီးသွားပြီး ဆီးအိတ်၏မူမှန်သောလုပ်ဆောင်ချက်တစ်ခုကြောင့်ဖြစ်သည်။ ယင်းသည် ဆီးအိတ်ကို အလုပ်သိပ်မလုပ်စေခြင်း (ဆီးကုန်စင်အောင်မသွားခြင်း) သို့မဟုတ် အလွန်အကျွံအလုပ်လုပ်စေခြင်း (ဆီးမကြာခဏ သို့မဟုတ် အလျင်အမြန် ကုန်စင်သွားခြင်း) တို့ကိုဖြစ်စေနိုင်သည်။ အာရုံကြောချို့ယွင်းမှုကြောင့် ဆီးမထိန်းနိုင်ခြင်းခံစားနေရသူများတွင်လည်း ဆီးလမ်းကြောင်းပိုးဝင်ခြင်းများ (UTIs) နှင့် ကျောက်ကပ်ပျက်စီးခြင်းတို့ ဖြစ်ပွားနိုင်ခြေ မြင့်မားသည်။

ဆီးအိတ်ဘယ်လိုအလုပ်,လုပ်သလဲ

ဆီးအိတ်သည် ဆီးများကိုသိုလှောင်ထားပေးသည့်အင်္ဂါတစ်ခုဖြစ်သည်။ ကျောက်ကပ်များသည် သွေးကိုစစ်ထုတ်ပြီး ဆီးထုတ်လုပ်ပေးသည်။ အဆိုပါဆီးများသည် ဆီးထွက်ပြွန်များဟုခေါ်သော ပြွန် ၂ ခုကိုဖြတ်၍ ဆီးအိတ်အတွင်းသို့ ဝင်ရောက်သည်။ ဆီးလမ်းကြောင်းမှတစ်ဆင့် ဆီးများသည်  ဆီးအိတ်ထဲမှထွက်သွားသည်။

အာရုံကြောချို့ယွင်းမှုကြောင့် ဆီးမထိန်းနိုင်ခြင်းရောဂါ ဖြစ်နိုင်ခြေမြင့်တက်စေသည့် အကြောင်းအချက်များ

  • ဆီးအိတ်၊ သုတ်ရည်ဂလင်း၊ တင်ပါးဆုံရိုး သို့မဟုတ် ကျောရိုးတို့တွင် အကျိတ်များရှိခဲ့ဖူးသူများတွင် ဖြစ်ပွားနိုင်ခြေရှိသည်။
  • အဆိုပါနေရာများ၌ ခွဲစိတ်ခြင်း သို့မဟုတ် ဓာတ်ကင်ခြင်း လုပ်ဆောင်ခဲ့ဖူးသူများတွင်လည်း ဖြစ်ပွားနိုင်ခြေရှိသည်။

အာရုံကြောချို့ယွင်းမှုကြောင့် ဆီးမထိန်းနိုင်ခြင်း၏ ရောဂါလက္ခဏာများ

  • ရုတ်တရက်ဆီးသွားလိုခြင်း
  • မကြာခဏဆီးသွားရခြင်း
  • ဆီးသွားသည့်အခါ တစ်စက်တစ်စက်ကျခြင်း
  • ဆီးသွားနိုင်ရန် ညှစ်ရခြင်း
  • ဆီးမသွားနိုင်ခြင်း

အာရုံကြောချို့ယွင်းမှုကြောင့် ဆီးမထိန်းနိုင်ခြင်းအား ရောဂါရှာဖွေဖော်ထုတ်မှု

အာရုံကြောချို့ယွင်းမှုကြောင့် ဆီးမထိန်းနိုင်ခြင်းအား သံသယရှိပါက ကင်ဆာရောဂါမှလွတ်မြောက်လာသူများသည် ဆီးစွန့်အင်္ဂါအဖွဲ့အစည်းအထူးကုတစ်ဦးနှင့် စစ်ဆေးမှုလုပ်ဆောင်သင့်သည်။ ဆီးစွန့်အင်္ဂါအဖွဲ့အစည်းအထူးကုဆိုသည်မှာ ဆီးလမ်းကြောင်းပုံမမှန်လုပ်ဆောင်မှုများကို အထူးပြုလေ့လာထားသည့် သမားတော်တစ်ဦးဖြစ်သည်။ ဆီးစွန့်အင်္ဂါအဖွဲ့အစည်းအထူးကုသည် ဆီးအိတ်မှ ဆီးများအား မည်မျှကောင်းမွန်စွာ သိမ်းဆည်းနိုင်သည်၊ စွန့်ထုတ်နိုင်သည်ကို ဆုံးဖြတ်နိုင်စေရန်အတွက် စစ်ဆေးမှုများလုပ်ဆောင်ခိုင်းနိုင်သည်။ အဆိုပါစစ်ဆေးမှုများတွင် ဆီးအိတ်နှင့် ဆီးလမ်းကြောင်းဓာတ်မှန် (VCUG) သို့မဟုတ် ဆီးအိတ်လုပ်ဆောင်ချက်အားစစ်ဆေးမှု (ဆီးအိတ် မည်မျှကောင်းမွန်စွာ လုပ်ဆောင်နိုင်သည်ကို သိရှိနိုင်ရန်အတွက် ဆီးအိတ်အတွင်းရှိ ဖိအားကိုတိုင်းတာသော စစ်ဆေးမှု) ပါဝင်သည်။

အာရုံကြောချို့ယွင်းမှုကြောင့် ဆီးမထိန်းနိုင်ခြင်းအတွက် ကုထုံး

ကုထုံးသည် လူနာ၏ဆေးကုသမှုဆိုင်ရာ လိုအပ်ချက်များပေါ် မူတည်သည်။

  • ဆေးဝါးများသည် အလွန်အကျွံအလုပ်လုပ်သည့် ဆီးအိတ်အတွက် သို့မဟုတ် ဆီးများကို ကောင်းမွန်စွာ မသိုလှောင်ထားနိုင်သောဆီးအိတ်အတွက် အသုံးဝင်နိုင်သည်။
  • ဆေးဝါးဖြင့်ကုသရာတွင် ထိရောက်မှုမရှိပါက ဆီးအိတ်အရွယ်အစားချဲ့ရန်အတွက် ခွဲစိတ်မှုလုပ်ရန် လိုအပ်နိုင်သည်။
  • အကယ်၍လူနာမှာ ဆီးအိတ်ထဲမှဆီးကုန်စင်အောင်မသွားနိုင်ပါက ဆီးချူပိုက် လိုအပ်နိုင်သည်။ ဆီးချူပိုက်ထည့်ခြင်းအားဖြင့် ကျောက်ကပ်များနှင့် ဆီးထွက်ပြွန်များမှ ဆီးစီးထွက်မှုကို အနှောင့်အယှက်ဖြစ်စေသည့် ဆီးအိတ်အတွင်းဖိအားဖြစ်ပေါ်ခြင်းကို ကာကွယ်ပေးနိုင်သည်။

အောက်ပါအခြေအနေများဖြစ်ပွားပါက သင်၏ကျန်းမာရေးစောင့်ရှောက်မှု ဝန်ဆောင်မှုပေးသူကို ခေါ်ပါ-

  • ဆီးသွားရန်အတွက် ညအချိန်တွင် ပုံမှန်ထက်ပို၍ နိုးကြားမှုရှိနေခြင်း
  • ဆီးစိမ့်ထွက်ခြင်း
  • အဖျားတက်ခြင်း သို့မဟုတ် နာကျင်မှုခံစားရခြင်း
  • ဆီးတွင်သွေးပါခြင်း

---
ပြန်လည်သုံးသပ်ခဲ့သည့်ရက်စွဲ- ဇွန်လ ၂၀၁၈