အဓိကအကြောင်းအရာ skip

ကြိုဆိုပါသည်

Together သည် - လူနာများနှင့် မိဘများ၊ မိသားစုဝင်များနှင့် သူငယ်ချင်းများအပါအဝင် - ကလေးကင်ဆာကြောင့် ထိခိုက်မှုရှိသူတိုင်းအတွက် ရင်းမြစ်အသစ်တစ်ခု ဖြစ်ပါသည်။

ပိုမိုလေ့လာရန်

အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါရှိသူအား အိမ်တွင် ပြုစုစောင့်ရှောက်ခြင်း

တုပ်ကွေးနှင့် COVID-19 ကဲ့သို့သော အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများသည် ဗိုင်းရပ်စ် တစ်မျိုးကြောင့် မကြာခဏ ဖြစ်ပွားလေ့ရှိပါသည်။ ဤကူးစက်ရောဂါများသည် လူတစ်ဦးမှ တစ်ဦးသို့ ပျံ့နှံ့နိုင်ပါသည်။ ရောဂါလက္ခဏာများမှာ အပျော့စားမှ ပြင်းထန်သည်အထိ ဖြစ်နိုင်ပါသည်။ ကိစ္စအများစုတွင် ဗိုင်းရပ်စ်ကြောင့်ဖြစ်သော အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါကူးစက်မှုဖြစ်နေသူတစ်ဦးကို အိမ်တွင် ပြုစုနိုင်ပါသည်။ 

အောက်ဖော်ပြပါတို့ကို ဆောင်ရွက်ရန် အရေးကြီးပါသည်- 

  • သင်၏ ကျန်းမာရေးစောင့်ရှောက်မှုပေးသူ၏ ညွှန်ကြားချက်များအတိုင်း ရောဂါလက္ခဏာများကို ကုသပါ
  • နာမကျန်းဖြစ်မှု ပိုမိုဆိုးရွားလာသည့် လက္ခဏာများရှိ၊ မရှိကို စောင့်ကြည့်ပါ
  • အခြားသူများထံသို့ ရောဂါ ကူးစက်ပျံ့နှံ့မှုကို တားဆီးပါ

အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါရှိနေသူတစ်ဦးကို ပြုစုရန်နည်းလမ်း

  • ကြုံတွေ့ရမည့် ရောဂါလက္ခဏာများကို သိရှိအောင်လုပ်ပါ။ COVID-19 သို့မဟုတ် တုပ်ကွေးကဲ့သို့သော အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါ၏ ရောဂါလက္ခဏာများတွင် အောက်ဖော်ပြပါတို့ ပါဝင်ပါသည်-
    • ဖျားခြင်း
    • ချောင်းဆိုးခြင်း
    • နှာရည်ယိုခြင်း
    • လည်ချောင်းနာခြင်း
    • အသက်ရှူမဝခြင်း
    • ပင်ပန်းနွမ်းနယ်ခြင်း
    • ခေါင်းကိုက်ခြင်းများ
    • ခန္ဓာကိုယ်ယားယံခြင်း
    • ပျို့အန်ချင်စိတ်ဖြစ်ခြင်း
    • ဝမ်းလျှောခြင်း
    • အနံ့ နှင့်/သို့မဟုတ် အရသာ အာရုံခံနိုင်စွမ်း လျော့နည်းခြင်း
  • လူနာသည် အရည်များများသောက်ပြီး ရေဓာတ်ပြည့်ဝအောင် နေပါ။
  • လူနာကို အနားယူခိုင်းပါ။
  • သင့်ဆရာဝန်က အကြံပြုထားသည့်အတိုင်း ဆေးဆိုင်တွင် အလွယ်တကူဝယ်ယူနိုင်သော ဆေးဝါးများကို သောက်သုံးမှီဝဲ၍ ရောဂါလက္ခဏာများ သက်သာအောင် ကုသပါ။
  • အရေးပေါ် လက္ခဏာများကို စောင့်ကြည့်ပါ-
    • အသက်ရှူရခက်ခြင်း
    • မရပ်မနား ရင်ဘတ် အောင့်ခြင်း သို့မဟုတ် နာခြင်း
    • စိတ်ရှုပ်ထွေးခြင်း သို့မဟုတ် လေးလံထိုင်းမှိုင်းခြင်း
    • နှုတ်ခမ်း သို့မဟုတ် မျက်နှာ ပြာနှမ်းခြင်း

သင့်အား စိတ်ပူစေသော ရောဂါလက္ခဏာများအကြောင်း သင့်ကျန်းမာရေးစောင့်ရှောက်မှုပေးသူနှင့် ဆွေးနွေးပါ။ အထက်ပါစာရင်းတွင် ပိုမိုအဖြစ်များသော သတိပေးလက္ခဏာအချို့ ပါဝင်သည်။ အခြားအရာများလည်း ရှိနိုင်သည်။ ကျန်းမာရေးဆိုင်ရာ အရေးပေါ်အခြေအနေတွင် 911 ကို ဖုန်းခေါ်ပါ။

 

ရောဂါပိုးမွှားများကို အခြားသူများထံ မကူးစက်အောင် ကာကွယ်ခြင်း

အခြားသူများထံသို့ ဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့ခြင်းအန္တရာယ်ကို လျှော့ချရန်အတွက် လူနာကို အခြားသူများနှင့် အဝေးတွင်ထားပါ။

  • လူနာကို သီးခြားအခန်းတစ်ခန်းတွင် နေစေပြီး အခြားမိသားစုဝင်များနှင့် တတ်နိုင်သမျှ အဝေးတွင် ထားပါ။
  • အခြားသူများနှင့် အနီးတစ်ဝိုက်တွင်ရှိနေသောအခါ လူနာကို နှာခေါင်းစည်း တပ်ဆင်ခိုင်းပါ။ အသက် 2 နှစ်အောက် ကလေးငယ်များကို နှာခေါင်းစည်းများ တပ်မပေးပါနှင့်။
  • လူနာကို ပြုစုစောင့်ရှောက်ပေးသော မိသားစုဝင်အရေအတွက်ကို ကန့်သတ်ပြီး ထိတွေ့မှုကို တတ်နိုင်သမျှ ကန့်သတ်ပါ။
  • မိသားစုပြုစုစောင့်ရှောက်သူသည် ပြုစုပေးသည့် လုပ်ဆောင်ချက်များနှင့် တုံ့ပြန်မှုများအားလုံးအတွက် နှာခေါင်းစည်းကို တပ်ဆင်သင့်သည်။ မိသားစုဝင်နှင့် လူနာနှစ်ယောက်လုံး နှာခေါင်းစည်းတပ်ဆင်လျှင် အကောင်းဆုံးဖြစ်သည်။
  • လူနာ၏အခန်းတံခါးကို ပိတ်ထားပါ။
  • ဖြစ်နိုင်လျှင် သန့်စင်ခန်းကို လူနာသီးသန့် အသုံးပြုနိုင်အောင် စီစဉ်ပေးပါ။
  • အများသုံး ဧည့်ခန်း၊ မီးဖိုချောင် သို့မဟုတ် စားသောက်သည့်နေရာများကို လူနာ အသုံးမပြုပါစေနှင့်။ အများသုံးနေရာများကို လူနာ အသုံးပြုရတော့မည်ဆိုလျှင် မိသားစုဝင်များအားလုံးသည် နှာခေါင်းစည်း တပ်ဆင်ထားသင့်သည်။ 
  • မိမိအိမ်တွင် ဧည့်သည်များ လက်မခံပါနှင့်။

အထူးသဖြင့် လူနာအသုံးပြုသော အိမ်သုံးပစ္စည်းများနှင့် မျက်နှာပြင်များကို သန့်ရှင်းရေးလုပ်ပါ။

  • ပိုးမွှားများကိုသတ်ရန် ပိုးသတ်ဆေးကို အသုံးပြုပါ။ အထိများသော မျက်နှာပြင်များကို အထူးဂရုပြုပါ။ ဥပမာအားဖြင့်-
    • ဖုန်းများ
    • ရီမုတ်များ
    • တံခါးလက်ကိုင်များ
  • တစ်ကိုယ်ရေသုံးပစ္စည်းများ သို့မဟုတ် အီလက်ထရောနစ် စက်ပစ္စည်းများကို လူနာနှင့် မျှဝေမသုံးစွဲပါနှင့်။
  • လူနာထံသို့ အစားအသောက်များကို ယူဆောင်ပေးပါ။ လူနာကို မျှဝေသုံးစွဲရသော အစားအစာထည့်သည့် ခွက်များ သို့မဟုတ် မီးဖိုချောင်သုံးပစ္စည်းများအား မထိကိုင်ပါစေနှင့်။
  • ပန်းကန်များကို ရေနွေးဖြင့် ဆေးကြောပါ သို့မဟုတ် ပန်းကန်ဆေးစက်ဖြင့် ဆေးကြောပါ။
  • အဝတ်အစားများကို ထောက်ခံအကြံပြုထားသည့် အပူဆုံးအပူချိန်တွင် ပြောင်စင်အောင် လျှော်ဖွပ်ပြီး လုံးဝခြောက်သွေ့သည်အထိ အခြောက်ခံပါ။
  • လူနာ၏နေရာများနှင့် လူနာအသုံးပြုထားသော ပစ္စည်းများကို သန့်ရှင်းရေးပြုလုပ်သောအခါ အထူးဂရုစိုက်ပါ-
    • တစ်ရှူးများ သို့မဟုတ် ဒိုက်ပါများအပါအဝင် လူနာ၏ခန္ဓာကိုယ်အရည်များကို ကိုင်တွယ်သည့်အချိန်တိုင်း တစ်ခါသုံး နှာခေါင်းစည်းနှင့် လက်အိတ်များကို ဝတ်ဆင်ပါ။
    • အဝတ်အစား သို့မဟုတ် အိပ်ရာခင်းပေါ်တွင် ခန္ဓာကိုယ်အရည်များ ပေနေပါက ၎င်းတို့ကို ချက်ချင်းလျှော်ပါ။
    • ညစ်ပေနေသော အဝတ်အထည်များကို မိမိခန္ဓာကိုယ်နှင့်ဝေးရာတွင် ထားပါ။ လက်အိတ်များကိုချွတ်ပြီးနောက် လက်များကို ရေနှင့် ဆပ်ပြာဖြင့် စက္ကန့် 20 ကြာအောင် ဆေးကြောပါ။ အဝတ်အစားတံဆိပ်တွင်ပါသည့် ညွှန်ကြားချက်များကို လိုက်နာပါ။ အဝတ်လျှော်ရန် အကြံပြုထားသည့် အပူဆုံးအပူချိန်ကို အသုံးပြုပါ။
    • မျက်နှာသုတ်ပဝါများနှင့် စောင်များကို မျှဝေမသုံးစွဲပါနှင့်။
  • လူနာအသုံးပြုရန်အတွက် အိတ်စွတ်အမှိုက်ပုံးတစ်ခုကို ထားပေးပါ။ တစ်ခါသုံး လက်အိတ်များနှင့် နှာခေါင်းစည်းများကို အိတ်စွတ်ထားသော အမှိုက်ပုံးထဲသို့ ပစ်ပါ။ အသုံးပြုပြီးသော တစ်ရှူးများကို အမှိုက်ပုံးထဲသို့ တိုက်ရိုက်စွန့်ပစ်ပါ။
  • အမှိုက်အိတ်ကို ထုတ်ယူသောအခါနှင့် အမှိုက်ပုံးအိတ်စွပ်ကို လဲလှယ်သောအခါတွင် လက်အိတ်များကို အမြဲဝတ်ဆင်ပါ။ လက်အိတ်များကို ချွတ်ပြီးနောက် လက်ကို ချက်ချင်းဆေးကြောပါ။
  • တစ်ခါသုံး လက်အိတ်များမရှိလျှင် သန့်ရှင်းသော မီးဖိုချောင်သုံးလက်အိတ်များ သို့မဟုတ် မိမိခန္ဓာကိုယ်နှင့် လူနာအသုံးပြုသည့်ပစ္စည်းများကြားတွင် သန့်ရှင်းသော ရုပ်ဝတ္ထုအတားအဆီးပြုလုပ်ပေးနိုင်မည့် ပစ္စည်းတစ်ခုခုကို အသုံးပြုပါ။
အဝတ်အစားများကို ကိုင်တွယ်နေစဉ် နှာခေါင်းစည်းနှင့် လက်အိတ်များ ဝတ်ဆင်ထားသည့် အရွယ်ရောက်ပြီးသူအမျိုးသား၏ ပုံ

အထူးသဖြင့် လူနာများတွင် ခန္ဓာကိုယ်အရည်များရှိနေနိုင်ပါက ၎င်းတို့၏ပစ္စည်းများကို ဂရုစိုက်ကိုင်တွယ်ပါ။

အိမ်တွင်း ပြုစုစောင့်ရှောက်ရေးအတွက် အသုံးအဆောင်ပစ္စည်းစာရင်း

  • အပူချိန်တိုင်း ကိရိယာ
  • ဆေးစာမပါဘဲ ဝယ်နိုင်သော အဖျားကျဆေး
  • တစ်ရှူးများ
  • လက်သန့်ဆေးရည်
  • နှာခေါင်းစည်းများ
  • တစ်ခါသုံးလက်အိတ်များ
  • လက်ဆေးဆပ်ပြာ
  • တစ်ခါသုံး တစ်ရှူးလိပ်
  • အမှိုက်အိတ်စွပ်ထားသော အမှိုက်ပုံး
  • ပုံမှန်သုံး ပန်းကန်ဆေးဆပ်ပြာ
  • ပုံမှန်သုံး အဝတ်လျှော်ဆပ်ပြာ
  • အိမ်သုံး သန့်စင်ဆေးရည်နှင့် ပိုးသတ်ဆေး
 
တုပ်ကွေးကို တားဆီးရန် နည်းလမ်း 7 ခုမှာ ကာကွယ်ဆေးကို တတ်နိုင်သမျှစောစော ထိုးခြင်း၊ ဖျားနာနေသူများနှင့် အနီးကပ် ထိတွေ့ခြင်းမှ ရှောင်ကြဉ်ခြင်း၊ ဖျားနာနေချိန်တွင် အိမ်တွင်သာနေခြင်း၊ ချောင်းဆိုး သို့မဟုတ် နှာချေသည့်အခါ ပါးစပ်ကို အုပ်ထားခြင်း၊ လက်ကို မကြာခဏ ဆေးခြင်း၊ မျက်နှာကို မထိမိစေခြင်းနှင့် ကျန်းမာရေးအလေ့အကျင့်ကောင်းများကို နေ့စဉ် ကျင့်သုံးခြင်းတို့ ဖြစ်သည်။

သင်ကိုယ်တိုင်နှင့် အခြားသူများကို တုပ်ကွေးမှ ကာကွယ်ရန်နှင့် ရောဂါပိုးမွှားပျံ့နှံ့မှုကို တားဆီးရန် ဤလုပ်ဆောင်ချက်များကို လုပ်ဆောင်ပါ။

အိမ်တွင်းနှင့် အိမ်ပြင်၌ ကူးစက်ပျံ့နှံ့ခြင်းမှကာကွယ်ရန် ဖော်ပြပါအဆင့်များကို မိသားစုအားလုံး လိုက်နာပါ။

  •  ပါးစပ်နှင့် နှာခေါင်းကိုဖုံးအုပ်ပေးသော နှာခေါင်းစည်းကို ဝတ်ဆင်ပါ။
  • အခြားသူများနှင့် ခပ်ခွာခွာနေရန် ကြိုးစားပါ။
  • လက်များကို အနည်းဆုံး စက္ကန့် 20 ကြာအောင် ဆပ်ပြာနှင့် ရေဖြင့် ဆေးကြောပါ။ သို့မဟုတ် အရက်ပြန် 60% အနည်းဆုံး ပါဝင်သော လက်သန့်ဆေးရည်ကို အသုံးပြုပါ။
  • သင့်မျက်လုံး၊ နှာခေါင်း သို့မဟုတ် ပါးစပ်တို့အား ထိကိုင်ခြင်းကို ရှောင်ကြဉ်ပါ။
  • အိမ်ရှိ အများသုံးအခန်းများတွင် လေစီးဆင်းမှု ပိုကောင်းစေရန်လုပ်ဆောင်ပါ။
  • COVID-19 ကူးစက်ခဲ့လျှင် ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်တားဆီးရေးစင်တာများ (CDC) မှ ကွာရန်တင်းဝင်ခြင်းနှင့် သီးသန့်ခွဲထားခြင်း လမ်းညွှန်ချက်များကို ကြည့်ရှုပါ။ လမ်းညွှန်ချက်များသည် သင့်အခြေအနေနှင့် ကာကွယ်ဆေးထိုးသည့်အခြေအနေပေါ် မူတည်၍ ကွဲပြားသည်။

သင့်ကလေးတွင် ကိုယ်ခံအားစနစ် အားနည်းနေပါက သို့မဟုတ် အခြားကျန်းမာရေး အခြေအနေရှိပါက အနီးကပ်စောင့်ကြည့်ရန် အထူးအရေးကြီးပါသည်။ အထူးသဖြင့် သင့်ကလေးတွင် ရောဂါလက္ခဏာများ ပြလာပါက သင့်ကလေးသည် နေမကောင်းသူတစ်ဦးနှင့် ထိတွေ့ခဲ့နိုင်သည်ကို အသိပေးရန် သင့်ကျန်းမာရေးစောင့်ရှောက်မှုပေးသူကို ဆက်သွယ်ပါ။   

အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါရှိသူအား အိမ်တွင် ပြုစုစောင့်ရှောက်ခြင်းဆိုင်ရာ အဓိကအချက်များ

  • တုပ်ကွေးနှင့် COVID-19 သည် ဗိုင်းရပ်စ်ကြောင့် ဖြစ်ပွားသည့် အဖြစ်များသော အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများဖြစ်သည်။
  • တစ်စုံတစ်ယောက်တွင် အသက်ရှူလမ်းကြောင်း ကူးစက်ရောဂါဖြစ်သောအခါ များသောအားဖြင့် ၎င်းတို့ကို အိမ်တွင် ပြုစုစောင့်ရှောက်နိုင်သည်။
  • တုပ်ကွေး သို့မဟုတ် COVID-19 ကူးစက်ပြီး ဖျားနာသူအများစုသည် အပျော့စား သို့မဟုတ် သိပ်မပြင်းထန်သော ရောဂါလက္ခဏာများရှိကြသည်။ သို့သော် လူအချို့သည် ပြင်းထန်စွာ နာမကျန်းဖြစ်နိုင်ပါသည်။ သတိထားရမည့် ရောဂါလက္ခဏာများကို သိရှိရန်နှင့် သင့်အား စိတ်ပူစေသော ရောဂါလက္ခဏာများနှင့်ပတ်သက်၍ သင့်ကျန်းမာရေးစောင့်ရှောက်မှုပေးသူကို ဆက်သွယ်ရန် အရေးကြီးပါသည်။
  • လူနာအား အခြားသူများနှင့် သီးခြားခွဲထားပါ၊ လူနာအား ပြုစုစောင့်ရှောက်ပေးသည့်အခါ နှာခေါင်းစည်းတပ်ပြီး လက်ကို မကြာခဏ ဆေးပါ။
  • အိမ်တွင်းရှိ မျက်နှာပြင်များကို ပိုးသတ်ဆေးဖြင့် သန့်စင်ပြီး တစ်ကိုယ်ရေသုံးပစ္စည်းများကို မျှမသုံးပါနှင့်။


ပြန်လည်သုံးသပ်သည့်ရက်စွဲ- ဇန်နဝါရီလ 2024 ခုနှစ်