အဓိကအကြောင်းအရာ skip

ကြိုဆိုပါသည်

Together သည် - လူနာများနှင့် မိဘများ၊ မိသားစုဝင်များနှင့် သူငယ်ချင်းများအပါအဝင် - ကလေးကင်ဆာကြောင့် ထိခိုက်မှုရှိသူတိုင်းအတွက် ရင်းမြစ်အသစ်တစ်ခု ဖြစ်ပါသည်။

ပိုမိုလေ့လာရန်

ဝက်သက်ရောဂါ

ဝက်သက်ရောဂါဆိုသည်မှာ အဘယ်နည်း။ 

ဝက်သက်ရောဂါသည် ဗိုင်းရပ်စ်ပိုးကြောင့် ဖြစ်ပွားသော ရောဂါဖြစ်သည်။ ၎င်းသည် လူတစ်ဦးမှတစ်ဦးသို့ လျင်မြန်စွာ ကူးစက်စေနိုင်သည်။ ရောဂါလက္ခဏာများတွင် အဖျားကြီးခြင်းနှင့် အရေပြားတွင် အဖုအပိမ့်အနီစက်ထခြင်းတို့ ပါဝင်သည်။ 

ဝက်သက်ရောဂါသည် ဆိုးရွားပြင်းထန်သည်အထိ ဖြစ်နိုင်သည်။ ၎င်းသည် ရင်သွေးငယ်များ၊ ကလေးများနှင့် ကိုယ်ခံအားစနစ် အားနည်းနေသူများအတွက် အထူးအန္တရာယ်ရှိသည်။ ကင်ဆာရောဂါ၊ တံစဉ်ပုံသွေးနီဆဲလ်ရောဂါနှင့် အခြားကျန်းမာရေးပြဿနာများရှိသော ကလေးအများအပြားတွင် ကိုယ်ခံအားစနစ် အားနည်းကြသည်။

ဝက်သက်ပေါက်သော ကလေးများသည် အဆုတ်ရောင်ခြင်းနှင့် ဦးနှောက်ရောင်ရမ်းခြင်းကဲ့သို့သော အသက်အန္တရာယ်ဖြစ်နိုင်သည့် နောက်ဆက်တွဲရောဂါများကို ခံစားရနိုင်သည်။ အမေရိကန်ပြည်ထောင်စုရှိ ဝက်သက်ပေါက်သူ 5 ဦးအနက် 1 ဦးခန့်သည် ဆေးရုံတွင် ကုသစောင့်ရှောက်မှု ခံယူရန် လိုအပ်သည်။  

ဝက်သက်ရောဂါကာကွယ်ဆေး ထိုးနှံခြင်းသည် ရောဂါမဖြစ်အောင် ကာကွယ်ရာတွင် အလွန်ကောင်းမွန်ပါသည်။ MMR ကာကွယ်ဆေးအကြောင်းကို သင့်ဆရာဝန်နှင့် ဆွေးနွေးပါ။ MMR ကာကွယ်ဆေးတွင် သက်ရှိဗိုင်းရပ်စ်ပိုး ပါဝင်သောကြောင့် ကိုယ်ခံအားစနစ်အားနည်းသော ကလေးများအား ကာကွယ်ဆေးထိုးနှံပေး၍မရပါ။

ဝက်သက်ပေါက်နေသော ကလေးငယ်၏ ကိုယ်အပူချိန်ကို တိုင်းတာနေသည့်ပုံ

ဝက်သက်ရောဂါ လက္ခဏာများတွင် 5 ရက်မှ 6 ရက်ကြာသည်အထိ ဖျားခြင်းနှင့် အရေပြားတွင် အဖုအပိမ့်ထခြင်းတို့ ပါဝင်သည်။

ဝက်သက်ရောဂါ လက္ခဏာများ

ဝက်သက်ရောဂါ လက္ခဏာများတွင် ပါဝင်သည်မှာ-

  • ဖျားခြင်း
  • နှာရည်ယိုခြင်း
  • ချောင်းဆိုးခြင်း
  • မျက်စိနီမြန်းခြင်း၊ မျက်ရည်ယိုခြင်း
  • ပါးစပ်အတွင်း သေးငယ်သော အဖြူရောင်အကွက်များ ပေါ်ခြင်း (အဖြူစက်များ)
  • အဖုအပိမ့်ထခြင်း

ဝက်သက်ရောဂါ လက္ခဏာများ စတင်လာပုံ-

  • ဝက်သက်ပေါက်နေသူနှင့် ထိတွေ့မှုရှိပြီးနောက် 7 ရက်မှ 14 ရက်ခန့်အကြာတွင် ရောဂါလက္ခဏာများ ပေါ်လာသည်။
  • ပထမဆုံးတွေ့ရသည့် ရောဂါလက္ခဏာမှာ အဖျားတက်ခြင်းဖြစ်သည်။ ဖျားနေစဉ် ကိုယ်အပူချိန်သည် 104°F (40°C) နှင့်အထက် ရှိနိုင်သည်။
  • ရောဂါလက္ခဏာများ စတင်ပြီးနောက် 3 ရက်မှ 5 ရက်အကြာ၌ အရေပြားပေါ်တွင် အဖုအပိမ့်များ ပေါက်လာသည်။ ရောဂါပိုးနှင့် ထိတွေ့မှုရှိပြီးနောက် 14 ရက်ခန့်အကြာတွင် ယင်းသို့ဖြစ်ပွားတတ်ပါသည်။
  • ဝက်သက်ရောဂါကြောင့်ဖြစ်သော အဖုအပိမ့်ထခြင်းသည် ဆံစပ်နားမှ စတင်ကာ မျက်နှာနှင့် လည်ပင်းအပေါ်ပိုင်းမှ အောက်ပိုင်းတစ်ကိုယ်လုံးသို့ ပြန့်သွားတတ်သည်။ ၎င်းသည် အများအားဖြင့် 5 ရက်မှ 6 ရက်အထိ ကြာတတ်သည်။

ဝက်သက်ရောဂါ ရှာဖွေစစ်ဆေးခြင်း

သင့်ဆရာဝန်က ကျန်းမာရေးစစ်ဆေးမှု ပြုလုပ်ပြီး ရောဂါလက္ခဏာများအပြင် ဗိုင်းရပ်စ်ပိုးနှင့် ထိတွေ့နိုင်ခြေရှိ၊ မရှိကို မေးမြန်းပါမည်။ သွေးစစ်ခြင်း၊ ဆီးစစ်ခြင်းများဖြင့် သို့မဟုတ် နှာခေါင်း သို့မဟုတ် လည်ချောင်းမှ တို့ဖတ်နမူနာယူခြင်းဖြင့် ဝက်သက်ရောဂါကို ရှာဖွေစစ်ဆေးနိုင်သည်။ 

ဝက်သက်ရောဂါ ကုသခြင်း

ဝက်သက်ရောဂါသည် ဗိုင်းရပ်စ်ပိုးကြောင့် ဖြစ်ပွားသဖြင့် ရောဂါပိုးကူးစက်ခံရမှုအတွက် တိကျသော ဆေးကုသမှုမရှိပါ။ လူအများစုသည် 10 ရက်မှ 14 ရက်အတွင်း ရောဂါသက်သာလာကြသည်။

ဝက်သက်ရောဂါ လက္ခဏာများကို ထိန်းချုပ်နိုင်ရန်အတွက်-

  • အရည်များများသောက်ပါ။
  • အနားယူပါ။
  • သင့်ဆရာဝန်က အကြံပြုထားသည့်အတိုင်း ဆေးဆိုင်တွင် အလွယ်တကူဝယ်ယူနိုင်သော ဆေးဝါးများကို သောက်သုံးမှီဝဲ၍ ရောဂါလက္ခဏာများ သက်သာအောင် ကုသပါ။

ရောဂါလက္ခဏာများ ပိုမိုဆိုးဝါးလာခြင်း သို့မဟုတ် နားပိုးဝင်ခြင်းနှင့် ဝမ်းပျက်ဝမ်းလျှောခြင်းကဲ့သို့ ကျန်းမာရေး ပြဿနာများရှိ၊ မရှိ စောင့်ကြည့်ပါ။ ရေဓာတ်ခန်းခြောက်ခြင်း၊ တက်ခြင်း၊ သတိလစ်ခြင်း သို့မဟုတ် အသက်ရှူကျပ်ခြင်း ပြဿနာများကဲ့သို့ အရေးပေါ် သတိပေးလက္ခဏာများကို စောင့်ကြည့်စစ်ဆေးပါ။ ရောဂါလက္ခဏာများ ပိုဆိုးလာပါက သို့မဟုတ် သက်သာပျောက်ကင်းခြင်းမရှိပါက ဆေးကုသမှုခံယူပါ။

MMR ကာကွယ်ဆေး

MMR ကာကွယ်ဆေး သည် ဝက်သက်ရောဂါမဖြစ်အောင် ကာကွယ်ရာတွင် အလွန်ကောင်းမွန်ပါသည်။ ၎င်းသည် ဝက်သက်၊ ပါးချိတ်ရောင်နာနှင့် ဂျိုက်သိုးရောဂါ 3 မျိုးမှ ကာကွယ်ပေးသည်။

ကလေးများအား MMR ကာကွယ်ဆေး 2 ကြိမ်ကို အောက်ပါအချိန်ဇယားအတိုင်း ထိုးနှံပေးလေ့ရှိသည်-

  • ရင်သွေးငယ်များအား ၎င်းတို့အသက်တစ်နှစ်ပြည့်ပြီးနောက်တွင် ပထမဆုံးအကြိမ် MMR ကာကွယ်ဆေးကို ထိုးနှံပေးသည်။
  • ကလေးများအား အသက် 4 နှစ်နှင့် 6 နှစ်အတွင်း ကာကွယ်ဆေးနောက်တစ်ကြိမ်ကို ထိုးနှံပေးသည်။

သင်က အမေရိကန်ပြည်ထောင်စုမဟုတ်သော အခြားနိုင်ငံတစ်နိုင်ငံတွင် နေထိုင်ပါက သို့မဟုတ် နိုင်ငံတကာသို့ ခရီးသွားနေပါက သင့်ကလေးအား MMR ကာကွယ်ဆေးထိုးနှံပေးရမည့် အချိန်ဇယားသည် ကွဲပြားနိုင်ပါသည်။

အချို့လူများသည် ဝက်သက်၊ ပါးချိတ်ရောင်နာ၊ ဂျိုက်သိုးရောဂါနှင့် ဗယ်ရီဆဲလား (ရေကျောက်ရောဂါ) မဖြစ်ပွားအောင် ကာကွယ်ပေးသည့် MMRV ကာကွယ်ဆေး ထိုးနှံနိုင်ပါသည်။  

ကိုယ်ခံအားစနစ် အားနည်းသော ကလေးများနှင့်ဆိုင်သော MMR ကာကွယ်ဆေး

MMR ကာကွယ်ဆေးတွင် ဝက်သက်၊ ပါးချိတ်ရောင်နာနှင့် ဂျိုက်သိုးရောဂါဆိုင်ရာ သက်ရှိဗိုင်းရပ်စ်ပိုးများပါဝင်သည်။ ကာကွယ်ဆေးထဲရှိ ဗိုင်းရပ်စ်ပိုးများသည် တကယ့်ဗိုင်းရပ်စ်ထက် ပို၍အားနည်းသည်။ ၎င်းသည် ပုံမှန်ကိုယ်ခံအားစနစ်ရှိသောသူများအတွက် အန္တရာယ်မရှိပါ။ သို့သော် MMR ကာကွယ်ဆေးတွင် သက်ရှိဗိုင်းရပ်စ်ပိုး ပါဝင်သောကြောင့် ကိုယ်ခံအားစနစ်အားနည်းသော ကလေးများအား ကာကွယ်ဆေးထိုးနှံပေး၍မရပါ။

မိသားစု ပြုစုစောင့်ရှောက်ပေးသူများနှင့် မွေးချင်းများအတွက် MMR ကာကွယ်ဆေးထိုးခြင်းအကြောင်းကို သင့်စောင့်ရှောက်မှုအဖွဲ့နှင့် ဆွေးနွေးပါ။ အခြားမိသားစုဝင်အားလုံးကို ကာကွယ်ဆေးထိုးထားသည့်အခါ လူနာ၏အနီးတစ်ဝိုက်တွင် ခြုံငုံကာကွယ်မှုပေးနိုင်သည်။

ဝက်သက်ရောဂါ ကူးစက်ပျံ့နှံ့ပုံ

ဝက်သက်ရောဂါသည် ဗိုင်းရပ်စ်ပိုးပါဝင်သော အမှုန်အမွှားများရှိသည့် လေထဲမှတစ်ဆင့် ကူးစက်ပျံ့နှံ့သည်။ ၎င်းသည် လူတစ်ဦးမှတစ်ဦးသို့ အလွယ်တကူ ကူးစက်တတ်သည်။ ဝက်သက်ရောဂါသည် အဖုအပိမ့်မထွက်လာမီ 4 ရက်မှ အဖုအပိမ့်ထွက်လာပြီးနောက် 4 ရက်အထိ ကူးစက်ပျံ့နှံ့နိုင်ပါသည်။

သင် သို့မဟုတ် သင့်ကလေးသည် ဝက်သက်ပေါက်နေသူတစ်ဦး၏အနီးတွင် ရှိနေပါက သင်သည် ရောဂါပိုးနှင့် ထိတွေ့မှုရှိထားပြီးဖြစ်သည်။

သင်သည် ဝက်သက်ပေါက်နေသူနှင့် ထိတွေ့မှုရှိပါက မည်သို့လုပ်ဆောင်ရမည်နည်း

ဝက်သက်ရောဂါ ကာကွယ်ဆေးထိုးထားသူများသည် ဖျားနာနိုင်ခြေနည်းပါးသည်။ သင် သို့မဟုတ် သင့်ကလေးသည် ဝက်သက်ပေါက်နေသူနှင့် ထိတွေ့မှုရှိပါက သို့မဟုတ် ရောဂါလက္ခဏာများ ခံစားနေရပါက သင်၏ ဆေးခန်း သို့မဟုတ် ဆေးရုံသို့ မသွားမီ ဖုန်းခေါ်ဆိုပါ။ ယင်းက အခြားသူများကို အန္တရာယ်မဖြစ်အောင် ကူညီကာကွယ်ပေးနိုင်ပါမည်။

လူတစ်ဦးသည် ကာကွယ်ဆေးထိုးမထားပါက ရောဂါပိုးနှင့် ထိတွေ့မိပြီး 72 နာရီအတွင်း MMR ကာကွယ်ဆေးထိုးခြင်းဖြင့် ရောဂါမဖြစ်ပွားအောင် ကာကွယ်နိုင်ပါသည်။

သင် ကာကွယ်ဆေးမထိုးရသေးပါက သို့မဟုတ် သင့်ကိုယ်ခံအားစနစ် အားနည်းနေခြင်းရှိ၊ မရှိ မသေချာပါက MMR ကာကွယ်ဆေးထိုးခြင်းအကြောင်း သင့်ဆရာဝန်နှင့် ဆွေးနွေးပါ။

ထပ်ဆောင်းအချက်အလက်များသိရှိရန်

ဝက်သက်ရောဂါအကြောင်း သို့မဟုတ် MMR ကာကွယ်ဆေးနှင့်ပတ်သက်ပြီး သင့်တွင် မေးစရာများရှိပါက သင့်စောင့်ရှောက်မှုအဖွဲ့နှင့် ဆွေးနွေးတိုင်ပင်ပါ။

ဝက်သက်ရောဂါအကြောင်း အဓိကအချက်များ

  • လူတစ်ဦးမှတစ်ဦးသို့ လျင်မြန်လွယ်ကူစွာ ကူးစက်နိုင်သော ဗိုင်းရပ်စ်ပိုးကြောင့် ဝက်သက်ရောဂါ ဖြစ်ပွားပါသည်။
  • ရောဂါလက္ခဏာများတွင် ဖျားခြင်းနှင့် အရေပြားတွင် အဖုအပိမ့်အနီစက်ထွက်ခြင်းတို့ ပါဝင်ပါသည်။
  • MMR ကာကွယ်ဆေးသည် ဝက်သက်ရောဂါမဖြစ်ပွားအောင် ကာကွယ်ရာတွင် အလွန်ကောင်းမွန်ပါသည်။
  • ကိုယ်ခံအားစနစ် အားနည်းသော ကလေးများသည် MMR ကာကွယ်ဆေးကို မထိုးသင့်ပါ။
  • လူများအနေဖြင့် ကာကွယ်ဆေးထိုးနှံထားရန် အလွန်အရေးကြီးပါသည်။ ယင်းက ကာကွယ်ဆေးမထိုးနိုင်သည့် အခြားသူများကို ကူညီကာကွယ်ပေးပါသည်။

ဝက်သက်ရောဂါအကြောင်းနှင့် ဝက်သက်ရောဂါ ကာကွယ်ဆေးထိုးခြင်းဆိုင်ရာ အချက်အလက်များကို ပိုမိုရှာဖွေလေ့လာပါ


ပြန်လည်သုံးသပ်သည့်ရက်စွဲ- ဖေဖော်ဝါရီလ 2024