အဓိကအကြောင်းအရာ skip

ကြိုဆိုပါသည်

Together သည် - လူနာများနှင့် မိဘများ၊ မိသားစုဝင်များနှင့် သူငယ်ချင်းများအပါအဝင် - ကလေးကင်ဆာကြောင့် ထိခိုက်မှုရှိသူတိုင်းအတွက် ရင်းမြစ်အသစ်တစ်ခု ဖြစ်ပါသည်။

ပိုမိုလေ့လာရန်

COVID-19

COVID-19 ဆိုတာ ဘာလဲ။

COVID-19 ဆိုသည်မှာ ကိုရိုနာဗိုင်းရပ်စ် ရောဂါ 2019ဟု အဓိပ္ပာယ်ရသည်။ ၎င်းသည် SARS-CoV-2 ဗိုင်းရပ်စ်ပိုးကြောင့် ဖြစ်ပွားသည့် ရောဂါဖြစ်သည်။ COVID-19 သည် အဆုတ်၊ နှာခေါင်းနှင့် လည်ချောင်းအပါအဝင် အသက်ရှူလမ်းကြောင်းစနစ်ကို ထိခိုက်စေသည်။

COVID-19 ဖြစ်ပွားသူ အများစုသည် အအေးမိခြင်း သို့မဟုတ် တုပ်ကွေးကဲ့သို့ အပျော့စား ရောဂါလက္ခဏာများ ဖြစ်တတ်သည်။ သို့သော် အချို့သောလူများသည် အဆုတ်ရောင်ခြင်းကဲ့သို့ ပိုမိုပြင်းထန်သော နောက်ဆက်တွဲပြဿနာများ ဖြစ်ပေါ်လာနိုင်သည် သို့မဟုတ် နာတာရှည် ပြဿနာများ ဖြစ်လာနိုင်သည်။

COVID-19 သည် လူတစ်ဦးမှ တစ်ဦးသို့ အလွယ်တကူ ကူးစက်နိုင်သည်။ ရောဂါပိုးရှိသူများသည် ရောဂါလက္ခဏာမပြသည့်တိုင် ဗိုင်းရပ်စ်ပိုး ကူးစက်စေနိုင်သည်။

သင်၏ COVID-19 ကာကွယ်ဆေးကို အချိန်မီ ထိုးနှံခြင်းသည် ပြင်းထန်သောဖျားနာမှုကို ကာကွယ်ပေးနိုင်သည်။ သီးခြားကာကွယ်ဆေး အကြံပြုချက်များအကြောင်း သင့်ကျန်းမာရေး စောင့်ရှောက်မှုပေးသူနှင့် ဆွေးနွေးပါ။

COVID-19 ကနဦးရောဂါလက္ခဏာများတွင် ဖျားခြင်း၊ ချောင်းဆိုးခြင်း၊ နှာရည်ယိုခြင်း၊ အသက်ရှူမဝခြင်းနှင့် လည်ချောင်းနာခြင်းတို့ ပါဝင်သည်။

COVID-19 ၏ ရောဂါလက္ခဏာများစွာသည် အအေးမိခြင်း သို့မဟုတ် တုပ်ကွေးရောဂါနှင့် ဆင်တူသည်။ အချို့လူများသည် ဗိုင်းရပ်စ်ပိုး ကူးစက်ခံထားရနိုင်သော်လည်း မည်သည့်ရောဂါလက္ခဏာမျှ မပြတတ်ပါ။

COVID-19 ၏ ရောဂါလက္ခဏာများ

COVID-19 ခံစားရသော လူအများစုသည် အပျော့စား ရောဂါလက္ခဏာများ ပြသသည်။ အချို့လူများသည် မည်သည့်ရောဂါလက္ခဏာမျှ မပြသဘဲနေနိုင်သည်။ COVID-19 ၏ ရောဂါလက္ခဏာများတွင် အောက်ပါတို့ပါဝင်သည်-

  • ဖျားခြင်း
  • ချောင်းဆိုးခြင်း
  • ချမ်းတုန်ခြင်း
  • အသက်ရှူမဝခြင်း
  • ခန္ဓာကိုယ်ယားယံခြင်း
  • နှာရည်ယိုခြင်း
  • လည်ချောင်းနာခြင်း
  • အနံ့ သို့မဟုတ် အရသာ မခံစားရခြင်း

အချို့ကိစ္စများတွင် COVID-19 ရှိသူများသည် ပြင်းထန်စွာ နာမကျန်းဖြစ်တတ်သည်။ ပြင်းထန်သောရောဂါ၏ သတိပေးလက္ခဏာများမှာ-

  • အသက်ရှူမဝခြင်း သို့မဟုတ် အသက်ရှူရခက်ခဲခြင်း
  • ရင်ဘတ်အောင့်ခြင်း သို့မဟုတ် တင်းကျပ်ခြင်း
  • နှုတ်ခမ်းများ သို့မဟုတ် မျက်နှာပြာနှမ်းခြင်း
  • စိတ်ရှုပ်ထွေးခြင်း
  • သတိရှိမှု လျော့ကျသွားခြင်း
  • သတိမေ့ခြင်း

ဖျားနာနေသော သို့မဟုတ် ခုခံအားစနစ် အားနည်းသော ကလေးများတွင် COVID-19 ဖြစ်ပွားခြင်း

အချို့သော ကျန်းမာရေးအခြေအနေများရှိသည့် သို့မဟုတ် ခုခံအားစနစ် အားနည်းသည့် ကလေးများသည် ပြင်းထန်သော COVID-19 ဖြစ်နိုင်ခြေ ပိုများသည်။ လူနာအများစုသည် COVID-19 ဖြစ်ပွားလျှင် ပြင်းပြင်းထန်ထန် ခံစားရလေ့မရှိပါ။ သို့သော် COVID-19 သည် အချို့သော လူနာများအတွက် အသက်အန္တရာယ်ရှိနိုင်သည်။

အချို့ကလေးများသည် COVID-19 ကြောင့် ပြင်းထန်သော ဖျားနာမှုဖြစ်နိုင်ခြေ ပိုများသည်။ သင့်ကလေးအတွက် အန္တရာယ်ဖြစ်နိုင်ခြေ ပိုများစေမည့် အခြေအနေများ သို့မဟုတ် အချက်များတွင် အောက်ပါတို့ပါဝင်သည်-

  • ကင်ဆာ
  • ခုခံအားစနစ် ချို့ယွင်းဖောက်ပြန်မှုများ
  • အဆုတ် သို့မဟုတ် နှလုံးပြဿနာများကဲ့သို့သော နာတာရှည် ကျန်းမာရေးအခြေအနေများ
  • အဝလွန်ခြင်း
  • ကိုယ်ခံအားစနစ်ကို အားနည်းစေသော ကုသမှုအချို့
  • ရိုးတွင်းခြင်ဆီအစားထိုးကုသမှု
  • တံစဉ်ပုံသွေးနီဆဲလ်ရောဂါ

တံစဉ်ပုံသွေးနီဆဲလ်ရောဂါရှိသော ကလေးများတွင် COVID-19 က အောက်ပါတို့ကို ဖြစ်စေနိုင်သည်-

  • ဖျားခြင်း
  • ထပ်တလဲလဲဖြစ်ပွားသည့် ပြင်းထန်သော နာကျင်မှုများ
  • ပြင်းထန်သော အဆုတ်ရောင်ရောဂါ
  • အခြားသော အဆုတ်ပြဿနာများ

သင့်ကလေးသည် ကိုယ်ခံအားစနစ် အားနည်းနေလျှင် ဖျားနာခြင်းမှ ကာကွယ်ရန် အဆင့်များကို လုပ်ဆောင်ရန် အရေးကြီးသည်။ သင့်ကလေးသည် COVID-19 နှင့် ထိတွေ့မိပါက သို့မဟုတ် ရောဂါလက္ခဏာများရှိနေပါက သင့်ဆရာဝန်ကို ဖုန်းဆက်ပါ။

COVID-19 မဖြစ်အောင်ကာကွယ်နည်း

ညွှန်ကြားထားသည့်အတိုင်း နှာခေါင်းစည်းကို တပ်ဆင်ပါ

သင့်ဆရာဝန်က အကြံပြုထားသည့်အတိုင်း နှာခေါင်းစည်း သို့မဟုတ် မျက်နှာအကာအကွယ်ကို တပ်ဆင်ပါ။ သင်၏ကလေးသည် ကိုယ်ခံအားကျဆင်းနေပါက လိုအပ်သော နှာခေါင်းစည်း အမျိုးအစားနှင့် အသုံးပြုနည်းလမ်းညွှန်တို့အကြောင်းကို သင့်စောင့်ရှောက်ရေးအဖွဲ့အား မေးမြန်းပါ။

ဖျားနာခြင်းမှ ကာကွယ်ရန် အဆင့်များကို လုပ်ဆောင်ပါ

ရိုးရှင်းသော အဆင့်များသည် COVID-19 ကူးစက်ပျံ့နှံ့မှုကို တားဆီးနိုင်ပြီး ဖျားနာခြင်းမှ ကာကွယ်ပေးနိုင်သည်။

  • လက်ကို ဆပ်ပြာနှင့် ရေသုံးပြီး မကြာခဏ ဆေးကြောပါ။ သို့မဟုတ် အရက်ပြန်ပါသည့် လက်သန့်ဆေးရည်သုံးပါ။
  • နေမကောင်းဖြစ်နေသည့် လူများနှင့် ဝေးဝေးနေပါ။
  • COVID-19 ဖြစ်နိုင်ခြေနှင့် သင့်ကလေး၏ ကျန်းမာရေး လိုအပ်ချက်များအကြောင်း သင့်ဆရာဝန်နှင့် ဆွေးနွေးပါ။
  • ရောဂါလက္ခဏာများ စတင်ပြသလာပါက လုပ်ဆောင်ရမည့် အရာများကို သိရှိပါ။ အရေးပေါ် အခြေအနေမှလွဲ၍ စောင့်ရှောက်မှုပေးသူထံ မသွားမီ ကြိုတင် ဖုန်းခေါ်ဆိုပါ။ အရေးပေါ် စောင့်ရှောက်မှု လိုအပ်သည့် COVID-19 သတိပေး လက္ခဏာများအကြောင်း သိရှိပါ။

COVID-19 ကာကွယ်ဆေး ထိုးနှံရန်

COVID-19 ကာကွယ်ဆေးသည် ပြင်းထန်သော COVID-19 ကို ကာကွယ်တားဆီးရန် ဘေးကင်းပြီး ထိရောက်သော နည်းလမ်းဖြစ်သည်။ သတ်မှတ်ချက်ပြည့်မီသူတိုင်းသည် COVID-19 ကာကွယ်ဆေးကို ထိုးနှံသင့်သည်။

ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်တားဆီးရေး စင်တာများ (CDC) က အသက် 6 လနှင့်အထက်ရှိသူတိုင်းအား နောက်ဆုံးထွက်ရှိသော COVID-19 ကာကွယ်ဆေးကို ထိုးနှံရန် အကြံပြုထားသည်။

COVID-19 ကာကွယ်ဆေး၏ ဘေးထွက်ဆိုးကျိုးများသည် အများအားဖြင့် အပျော့စားဖြစ်ပြီး နာကျင်ခြင်း၊ ဆေးထိုးသည့်နေရာတွင် ရောင်ရမ်းခြင်းနှင့် ခန္ဓာကိုယ် ကိုက်ခဲခြင်းတို့ ပါဝင်သည်။ ဤဘေးထွက်ဆိုးကျိုးများသည် ကာကွယ်ဆေးထိုးပြီး ပထမ 3 ရက်အတွင်း ဖြစ်ပွားပြီး 1–2 ရက်အတွင်း ပျောက်ကင်းသွားနိုင်သည်။

သင့်ကလေးသည် ကိုယ်ခံအား စနစ်အားနည်းသူဖြစ်ပါက သင့်ကျန်းမာရေး စောင့်ရှောက်မှုပေးသူက အပိုဆောင်း ကာကွယ်ဆေးများ ထပ်ထိုးရန် အကြံပြုနိုင်သည်။ သင့်ကလေး၏ ဆေးဘက်ဆိုင်ရာ လိုအပ်ချက်များအတွက် ကာကွယ်ဆေး အကြံပြုချက်များအကြောင်း သင့်စောင့်ရှောက်ရေးအဖွဲ့နှင့် တိုင်ပင်ပါ။

ကာကွယ်ဆေးပါရှိသော ဆေးရောင်ခြယ်စာအုပ်အဖုံး

"COVID-19 ကာကွယ်ဆေးများ" ဆေးရောင်ခြယ်စာအုပ်

ဆေးရောင်ခြယ်စာအုပ်သည် ကလေးများအတွက် COVID-19 ကာကွယ်ဆေးများနှင့် ၎င်းတို့ အလုပ်လုပ်ပုံကို လေ့လာရန် ပျော်စရာ နည်းလမ်းတစ်ခုဖြစ်သည်။

ကြည့်ရှုပြီး ဒေါင်းလုဒ်လုပ်ရန်
 

COVID-19 နှင့် COVID-19 ကာကွယ်ဆေးများဆိုင်ရာ နောက်ဆုံးရ အချက်အလက်များကို ရောဂါထိန်းချုပ်မှုနှင့် ကာကွယ်တားဆီးရေး စင်တာများ (CDC) မှ ရယူပါ။

မိသားစုများအတွက် COVID-19 အကြံပြုချက်များ

  • COVID-19 ကာကွယ်ဆေးသည် COVID-19 ကို အကောင်းဆုံး ကာကွယ်မှုဖြစ်သည်။ ၎င်းကို အသက် 6 လနှင့်အထက်ရှိသူတိုင်း ထိုးနှံနိုင်သည်။
  • ယခင်တစ်ကြိမ်ထိုးခဲ့သည့် ကာကွယ်ဆေး သို့မဟုတ် ကာကွယ်ဆေးထဲရှိ ပါဝင်ပစ္စည်းတစ်ခုနှင့် ပြင်းထန်သော ဓာတ်မတည့်သည့် တုံ့ပြန်မှုရှိခဲ့သူ သို့မဟုတ် ကာကွယ်ဆေးမထိုးရမည့် အခြားကျန်းမာရေး အခြေအနေတစ်ခု ရှိသူတို့မှလွဲ၍ သတ်မှတ်ချက်ပြည့်မီသူတိုင်းသည် COVID-19 ကာကွယ်ဆေးကို အချိန်မီထိုးနှံသင့်သည်။
  • ရောဂါဖြစ်ပွားခြင်း သို့မဟုတ် သီးသန့်ခွဲထားခြင်းကြောင့် အိမ်တွင်နေရမည်ဆိုပါက အဆင်သင့်ဖြစ်စေရန် အပိုဆောင်း ဆေးဝါးများနှင့် ဆေးပစ္စည်းများကို လက်ဝယ်ထားရှိပါ။ 
  • အကယ်၍ သင်သည် ဗိုင်းရပ်စ်ပိုးနှင့် ထိတွေ့နိုင်ခဲ့မိပါက COVID-19 ရောဂါ လက္ခဏာများကို စောင့်ကြည့်ပါ။
  • သင့်ကလေးအတွက် အန္တရာယ်ဖြစ်နိုင်ခြေအကြောင်း သင့်စောင့်ရှောက်ရေးအဖွဲ့နှင့် ဆွေးနွေးပြီး ၎င်းတွင် ရောဂါလက္ခဏာများ ဖြစ်ပေါ်လာလျှင် လုပ်ဆောင်ရမည့် အရာများကို သိရှိပါ။

စောင့်ရှောက်ရေး အဖွဲ့ကို မေးရန်မေးခွန်းများ

  • ကျွန်ုပ်၏ ကလေးတွင် COVID-19 ရောဂါလက္ခဏာများ ရှိနေပါက ဘာလုပ်သင့်သနည်း။
  • COVID-19 နှင့် တုပ်ကွေးရောဂါအကြား ကွာခြားချက်က မည်သည့်အရာဖြစ်သနည်း။
  • COVID-19 က ကိုယ်ခံအားစနစ် အားနည်းသော ကလေးများကို မည်သို့ထိခိုက်စေသနည်း။
  • ကျွန်ုပ်၏ ကလေးအတွက် COVID-19 ကာကွယ်ဆေး အကြံပြုချက်များက မည်သည့်အရာများ ဖြစ်သနည်း။
  • ကျွန်ုပ်၏ ကလေးက COVID-19 ကာကွယ်ဆေးကို မည်သည့်အချိန်တွင် ထိုးနှံသင့်သနည်း။
  • COVID-19 ကာကွယ်ဆေး၏ ဘေးထွက်ဆိုးကျိုးများက မည်သည့်အရာများဖြစ်သနည်း။

COVID-19 အကြောင်း အဓိကအချက်များ

  • COVID-19 (ကိုရိုနာဗိုင်းရပ်စ် ရောဂါ 2019) သည် SARS-CoV-2 ဗိုင်းရပ်စ်ပိုးကြောင့် ဖြစ်ပွားသည်။
  • COVID-19 သည် အဆုတ်၊ နှာခေါင်းနှင့် လည်ချောင်းတို့ကို ထိခိုက်စေသည့် အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါဖြစ်သည်။
  • COVID-19 ကာကွယ်ဆေးသည် ပြင်းထန်သော COVID-19 ကို ကာကွယ်တားဆီးရန် ဘေးကင်းပြီး ထိရောက်သော နည်းလမ်းဖြစ်သည်။
  • ကိုယ်ခံအားစနစ် အားနည်းသော ကလေးများသည် ပြင်းထန်သော COVID-19 ဖြစ်နိုင်ခြေ ပိုများသည်။
  • သင့်ကလေးအတွက် အန္တရာယ်ဖြစ်နိုင်ခြေနှင့် ဆေးဘက်ဆိုင်ရာ စောင့်ရှောက်မှုကို ရယူရမည့် အချိန်နှင့် ပတ်သက်ပြီး သင်၏ စောင့်ရှောက်ရေးအဖွဲ့နှင့် ဆွေးနွေးပါ။


ပြန်လည်သုံးသပ်သည့်ရက်စွဲ- ဇန်နဝါရီလ 2024 ခုနှစ်