အဓိကအကြောင်းအရာ skip

ကြိုဆိုပါသည်

Together သည် - လူနာများနှင့် မိဘများ၊ မိသားစုဝင်များနှင့် သူငယ်ချင်းများအပါအဝင် - ကလေးကင်ဆာကြောင့် ထိခိုက်မှုရှိသူတိုင်းအတွက် ရင်းမြစ်အသစ်တစ်ခု ဖြစ်ပါသည်။

ပိုမိုလေ့လာရန်

ဖျားနေသောကလေးတစ်ဦးနှင့်အတူ အားလပ်ရက်များကို ဖြတ်သန်းခြင်း

Erica Sirrine၊ PhD၊ LCSW က ရေးသားပြုစုသည်။ ဤဆောင်းပါးကို အာရဗီ၊ မြန်မာ၊ တရုတ်၊ ပြင်သစ်၊ ဟင်ဒီ၊ ပိုလန်၊ ပေါ်တူဂီ၊ ရုရှား၊ စပိန်၊ ယူကရိန်း သို့မဟုတ် အူရဒူဘာသာဖြင့် ဖတ်ရှုနိုင်ပါသည်။

အဖေက ကလေးငယ်ကို ဆောင်းဝတ်ကုတ်အင်္ကျီနှင့် ဦးထုပ် ဝတ်ပေးနေပုံ

အပြင်းဖျားနေသော ကလေးတစ်ဦးရှိနေသည့်အခါ အားလပ်ရက်များသည် စိတ်ဖိစီးစရာကောင်းနိုင်ပါသည်။ သို့သော် အဓိပ္ပာယ်ရှိရှိနှင့် ပျော်ရွှင်မှုကို ရှာဖွေနိုင်သည့် နည်းလမ်းများရှိပါသည်။

အားလပ်ရက်များသည် အထိမ်းအမှတ်ပွဲများ ဆင်နွှဲရာ ပျော်စရာအခါသမယ ဖြစ်သင့်သည်ဟု လူ့အဖွဲ့အစည်းက ပြောကြသည်။ သို့သော် ၎င်းတို့သည် စိတ်ဖိစီးမှုနှင့် စိုးရိမ်မှုကိုလည်း ဖြစ်ပေါ်လာစေနိုင်ပါသည်။ သင့်ကလေး အပြင်းဖျားနေသည့်အခါ အားလပ်ရက်များသည် ပို၍ပင် ခက်ခဲနိုင်ပါသည်။

ဖျားနေသောကလေးရှိနေချိန် အားလပ်ရက်များကို ဆင်နွှဲရသည့်အခါ သင့်မိသားစုအတွက် ထူးခြားသော ရာသီအချိန်အခါဖြစ်စေရန် နည်းလမ်းများကို ရှာဖွေရင်း တစ်ဖက်မှာလည်း သင့်ကလေး၏ ကျန်းမာရေးကို ဂရုစိုက်ပြီး အလုပ်နှစ်ခုကို ပါးနပ်စွာ မျှတအောင်လုပ်ရသည်။ သို့သော် သေချာပေါက် သင့်ကလေး၏ ကျန်းမာရေးက ဦးစားပေးဖြစ်ပါသည်။

သင့်အနေဖြင့် အားလပ်ရက်ဆင်နွှဲသည့် နည်းလမ်းကို ပြောင်းလဲရနိုင်ပါသည်။ သင့်ကလေးသည် မောပန်းနေလျှင်ဖြစ်စေ၊ နေမကောင်းလျှင်ဖြစ်စေ အချို့သောအရာများကို လုပ်ချင်လိမ့်မည် မဟုတ်ပါ။ သင့်ကလေး၏ ကိုယ်ခံအားစနစ် သို့မဟုတ် ကုသမှုအစီအစဉ်၏ အခြေအနေကို ဦးစားပေးပြီး စုဝေးတွေ့ဆုံပွဲများသို့ သွားမည်၊ မသွားမည်ကို ဆုံးဖြတ်ရနိုင်သည်။ အစီအစဉ်များ သို့မဟုတ် အပြင်ထွက်ခြင်းများကို လုပ်ဖြစ်ရန် ခဲယဉ်းနိုင်သည်။ ချစ်ရသူများနှင့် ယာယီခွဲနေရခြင်းလည်း ရှိနိုင်သည်။

ဤကဲ့သို့ မသေချာမရေရာမှုကြောင့် နှစ်တစ်နှစ်၏ ဗျာများနေရပြီးသားအချိန်ကို ပို၍ခက်ခဲရှုပ်ထွေးစေနိုင်သည်။

ဤစိန်ခေါ်မှုများ ရှိနေသော်ငြားလည်း သင်သည် အားလပ်ရက်ရာသီအတွင်း အဓိပ္ပာယ်ရှိရှိနှင့် ပျော်ရွှင်မှုကို ရှာနိုင်သည်။ ရှေ့လာမည့်ရက်များကို ကောင်းစွာဖြတ်သန်းရန် အစီအစဉ်ဆွဲရာတွင် နည်းလမ်း အမှန်၊ အမှားဟူ၍ မရှိပါ။ သင့်ကလေးနှင့် မိသားစုအတွက် အကောင်းဆုံးဟု သင်ထင်သည့်အရာကို လုပ်ရန် အရေးကြီးသည်။

မိသားစု ပြုစုစောင့်ရှောက်သူအချို့အတွက် အထောက်အကူပြုကြောင်း တွေ့ရှိခဲ့သည့် အကြံပြုချက်အချို့ကို ဤတွင်ဖော်ပြထားပါသည်။

ရာသီအချိန်အခါတွင် ဖြစ်တတ်သည့် စိတ်ခံစားချက်များကို လက်ခံပေးပါ

အထူးသဖြင့် အားလပ်ရက်ကာလအတွင်း သင့်တွင် ခံစားချက်အမျိုးမျိုး ရှိနေနိုင်သည်။ သင် စိတ်ပူနိုင်သည်။ ဝမ်းနည်းနိုင်သည်။ ကြောက်ရွံ့နိုင်သည် သို့မဟုတ် စိတ်ပျက်နိုင်သည်။ သင် အထီးကျန်သလို သို့မဟုတ် စိတ်မွန်းကြပ်သလို ခံစားရနိုင်သည်။ ထုံးတမ်းစဉ်လာများ သို့မဟုတ် ပုံမှန်လုပ်ရိုးလုပ်စဉ်များကို ပြောင်းလဲရသည့်အခါ ဝမ်းနည်းသလို သို့မဟုတ် ဆုံးရှုံးလိုက်ရသလို ခံစားချက်ပင် ရှိနိုင်သည်။

စိတ်ခံစားချက်များကို ခံစားပြုမူကြသည့် သင့်မိသားစုဝင်တစ်ယောက်ချင်းစီ၏ နည်းလမ်းမှာ မတူကြပါ။ မိသားစုဝင်တစ်ဦးသည် ထုံးတမ်းစဉ်လာသစ်တစ်ခု စတင်ရတော့မည့်အတွက် စိတ်လှုပ်ရှားနိုင်သည်။ အခြားသူများသည် မိမိနှစ်သက်ရာ အစီအစဉ်တစ်ခုတွင် မပါဝင်နိုင်ပါက စိတ်ပျက်လက်ပျက်ဖြစ်နိုင်သည်။ ယင်းနှင့်ပတ်သက်သည့် သင့်စိတ်ခံစားချက်များကို မိသားစုအဖြစ် ဝေမျှခံစားခြင်းက အထောက်အကူဖြစ်နိုင်သည်။ အားလပ်ရက်များကို အတူတကွ ဖြတ်သန်းနေစဉ် သင့်ကိုယ်သင်ရော၊ အခြားသူများကိုပါ စိတ်ရှည်သည်းခံပါ။

အပြောင်းအလဲများကို လက်ခံပေးပြီး ထုံးတမ်းစဉ်လာအသစ်များကို ထည့်သွင်းစဉ်းစားပါ

သင့်ကလေးကို ဂရုစိုက်ရန် လိုအပ်ချက်များကိုသာမက ဤစိတ်ခံစားချက်များကိုပါ အဆင်ပြေအောင် စဉ်းစားစီမံရချိန်တွင် ခြေကုန်လက်ပန်းကျခြင်းမှာ ပုံမှန်ပင်ဖြစ်ပါသည်။ သေးငယ်သည့် အလုပ်တာဝန်များ သို့မဟုတ် ရိုးရှင်းသောဆုံးဖြတ်ချက်ချစရာ ကိစ္စများကိုပင် ယခုပိုအားစိုက်ထုတ်ရသည်ဟု ထင်လာနိုင်သည်။ အချို့သော အားလပ်ရက်တာဝန်များကို ပြီးအောင်လုပ်ရန် ခက်ခဲလွန်းနိုင်သည်။

ယခင်က သင်လုပ်ခဲ့သည့်အရာတိုင်းကို လုပ်စရာ မလိုပါ။ ဥပမာအားဖြင့် အားလပ်ရက်ကတ်များ မပို့ရန် သို့မဟုတ် ပွဲတစ်ခုကို မသွားရန် ဆုံးဖြတ်နိုင်သည်။

ထုံးတမ်းစဉ်လာအသစ်များကိုလည်း စတင်နိုင်သည်။ အားလပ်ရက်များကို ဘယ်လိုကုန်ဆုံးချင်သလဲဟု သင့်မိသားစုကို မေးပါ။ ဤသို့မေးလိုက်ခြင်းဖြင့် လူတိုင်းက ထုံးတမ်းစဉ်လာများနှင့်ပတ်သက်၍ ပါဝင်ရွေးချယ်နိုင်ပါလိမ့်မည်။ ဤရာသီတွင် တခြားမတူသည့်အရာ (သို့မဟုတ် အလားတူအရာ) ကို လုပ်ရန် သင်ရွေးချယ်လိုက်သောကြောင့် ၎င်းကို နောက်နှစ်တွင် ထပ်မံ လုပ်ကိုလုပ်ရမည်ဟု မဆိုလိုကြောင်း သတိရပါ။

ဖျားနေသောကလေးရှိနေချိန် အားလပ်ရက်များကို ဆင်နွှဲရသည့်အခါ သင့်မိသားစုအတွက် ထူးခြားသော ရာသီအချိန်အခါဖြစ်စေရန် နည်းလမ်းများကို ရှာဖွေရင်း တစ်ဖက်မှာလည်း သင့်ကလေး၏ ကျန်းမာရေးကို ဂရုစိုက်ပြီး အလုပ်နှစ်ခုကို ပါးနပ်စွာ မျှတအောင်လုပ်ရသည်။ သို့သော် သေချာပေါက် သင့်ကလေး၏ ကျန်းမာရေးက ဦးစားပေးဖြစ်ပါသည်။

Erica Sirrine၊ PhD၊ LCSW

မိမိကိုယ်ကို အပြစ်တင်မည့်အစား မျက်နှာသာပေးပါ

သင်ဖြတ်ကျော်နေရသည့်အရာကို အခြားသူများ နားလည်ရန် ခက်ခဲနိုင်သည်။ အားလပ်ရက်များကို ဖြတ်သန်းနည်းနှင့်ပတ်သက်၍ သင့်ရွေးချယ်မှုများသည် အခြားသူများကို စိတ်ပျက်မိစေနိုင်သည်။ ထိုသို့ဖြစ်သည့်အခါ သင့်ကိုယ်သင် မျက်နှာသာပေးပါ။ အနားယူပြီး သက်သောင့်သက်သာရှိသော အချိန်များကို ရှာပါ။

ထိုသို့အနားယူခြင်းသည် သင့်ကလေး မဖျားမီအချိန်က အနားယူသည့် ခံစားချက်နှင့် တစ်မျိုးတစ်မည် ကွဲပြားနိုင်သည်။ အပြင်ထွက်ခြင်းက သင့်ကို စိတ်အေးချမ်းစေသော်လည်း သဘာဝဘေးမဲ့တောတစ်ခုတွင် တစ်နေကုန် အချိန်မပေးဖြစ်လောက်ပါ။ သို့သော် နေ့စဉ် မိနစ်အနည်းငယ်လောက် အပြင်သွားနိုင်ပါသည်။ သူငယ်ချင်းတစ်ဦးနှင့် ထမင်းအတူစားခြင်းက သင့်ကို စိတ်သက်သာရာရစေလျှင် ယခုနှစ်တွင် သင်တို့ လူချင်းဝေးနေလျှင် ဖုန်းခေါ်ရန် စဉ်းစားပါ။

သင့်ကို စိတ်ခွန်အားမြှင့်တင်ပြီး မျှော်လင့်ချက်ရောင်ခြည် ပေးနိုင်သူများနှင့်အတူ အချိန်ကုန်ဆုံးပါ။ သင်ရုန်းကန်ဖြတ်သန်းနေရသည်များကို နားလည်စာနာပေးနိုင်သည့် အခြားပြုစုစောင့်ရှောက်သူများနှင့် ဆွေးနွေးစကားပြောပါ။

အကူအညီတောင်းပါ

တောက်တိုမယ်ရလုပ်စရာများ၊ အစားအသောက်များ၊ အားလပ်ရက် လက်ဆောင်များ ဝယ်ယူခြင်း သို့မဟုတ် အိမ်သန့်ရှင်းရေးလုပ်ခြင်းအတွက် အကူအညီလိုပါသလား။ ဘဝက ခက်ခဲလာသည့်အခါ အခြားသူများကို ဆက်သွယ်အကူအညီတောင်းပါ။ မည်သူ့ဆီက အကူအညီတောင်းရမည်မှန်း သေချာမသိလျှင် သင့်ကလေးကို ကူညီပေးနေသော လူမှုဝန်ထမ်း သို့မဟုတ် သင့်စောင့်ရှောက်မှုအဖွဲ့မှ အခြားအဖွဲ့ဝင်တစ်ဦးနှင့် တိုင်ပင်ဆွေးနွေးပြီး လမ်းညွှန်ချက်ရယူပါ။

အသေးအဖွဲအခိုက်အတန့်လေးများမှ ပျော်ရွှင်မှုကို ရှာပါ

အားလပ်ရက်ရာသီကို ဖြတ်သန်းရခြင်းက ဗျာများရစေနိုင်သော်လည်း အတွေ့အကြုံက ၎င်းတို့၏အမြင်ကို ပြောင်းလဲစေကြောင်း ပြုစုစောင့်ရှောက်သူအချို့က တွေ့ရှိရသည်။ အားလပ်ရက်များက သင် မျှော်လင့်မထားသည့် ပျော်ရွှင်မှုကို ပေးနိုင်ကြောင်း သင်တွေ့နိုင်ပါသည်။ အဓိပ္ပာယ်ပြည့်ဝပြီး မျှော်လင့်ချက်ရှိသော အခိုက်အတန့်များကို တန်ဖိုးထားပါ။


Erica Sirrine

Erica Sirrine၊ PhD၊ LCSW အကြောင်း

လူမှုလုပ်ငန်း ဒါရိုက်တာ
St. Jude Children's Research Hospital

Erica H. Sirrine၊ PhD၊ LCSW သည် St. Jude Children's Research Hospital တွင် လူမှုလုပ်ငန်းဒါရိုက်တာအဖြစ် တာဝန်ယူဆောင်ရွက်လျက်ရှိသည်။ သူမ၏ သုတေသနစာတမ်းသည် ဆုံးရှုံးမှုနှင့် ပူဆွေးသောကရောက်မှုအပေါ် အဓိကထား၍ လေ့လာထားပြီး သေခြင်းတရားဆိုင်ရာ အသိပညာပေးခြင်းနှင့် နှစ်သိမ့်ဆွေးနွေးခြင်းအဖွဲ့က သူမအား သေခြင်းတရားဆိုင်ရာ လေ့လာမှုတွင် ထူးချွန်အဖွဲ့ဝင်အဖြစ် ဆုချီးမြှင့်ခဲ့ပါသည်။ သူမသည် နာမကျန်းမှုနှင့် ဆုံးရှုံးမှုတို့ကို ခံစားနေရပြီး ဖြေမဆည်နိုင်ဖြစ်နေသည့် ကလေးများ၊ ဆယ်ကျော်သက်များ၊ လူကြီးများနှင့် မိသားစုများကို တစ်ဦးချင်းကုထုံးနှင့်ရော၊ အဖွဲ့လိုက်ကုထုံးနှင့်ပါ ကုသပေးရာတွင် အတွေ့အကြုံများစွာ ရှိပါသည်။ Sirrine သည် အမေရိကန်ပြည်ထောင်စုတစ်ဝန်းရှိ စိတ်ကျန်းမာရေး ဆရာဝန်များအတွက် ပူဆွေးဝမ်းနည်းမှုနှင့် ဆုံးရှုံးမှုနှင့်ပတ်သက်သော ဆွေးနွေးလမ်းညွှန်မှု အလုပ်ရုံဆွေးနွေးပွဲများကို မကြာခဏ ပြုလုပ်ပေးပါသည်။