အဓိကအကြောင်းအရာ skip

စစ်ပွဲနှင့် အခြားသော စိတ်မချမ်းမြေ့ဖွယ်ရာ ဖြစ်ရပ်များကြောင့် ရရှိသည့်စိတ်ဒဏ်ရာကို ကုစားဖြေရှင်းနိုင်ရန် သင့်ကလေးအား ကူညီပေးနည်း

ရေးသားသူ Ryan N. James, PhD ဤဆောင်းပါးကို အာရဗီ၊ မြန်မာ၊ တရုတ်၊ ပြင်သစ်၊ ဟင်ဒီ၊ ပိုလန်၊ ပေါ်တူဂီ၊ ရုရှား၊ စပိန်၊ ယူကရိန်း သို့မဟုတ် အူရဒူဘာသာဖြင့် ဖတ်ရှုနိုင်ပါသည်။

ဝမ်းနည်းနေသောမျက်နှာကို ဝှက်ထားသည့် ဒုက္ခသည်စခန်းမှ ကောင်လေး

စိတ်ဒဏ်ရာကို ရင်ဆိုင်ဖြေရှင်းပြီး လိုအပ်သည့် စောင့်ရှောက်မှုကို ကလေးများ ရရှိအောင် ကူညီပေးရန်အတွက် စိတ်ဒဏ်ရာလက္ခဏာများကို သိရှိနိုင်ရန် လေ့လာပါ။

အထူးသဖြင့် သင်၏ ဒေသတွင်း အသိုင်းအဝိုင်းတွင်ဖြစ်စေ၊ နိုင်ငံခြားတွင်ဖြစ်စေ ဘေးကင်းလုံခြုံရေးနှင့်ပတ်သက်၍ စိုးရိမ်ပူပန်မှုများရှိလျှင် စစ်ပွဲနှင့် အခြားစိတ်သောကရောက်စရာ ကမ္ဘာပေါ်ရှိဖြစ်ရပ်မျာကြောင့် ပူပန်သောက ဖြစ်နိုင်သည်။ ဤခံစားချက်များသည် ဖြစ်လေ့ဖြစ်ထရှိပြီး အကြောင်းခိုင်လုံကာ စိတ်ခံစားမှုအမျိုးမျိုးပါဝင်နိုင်သည်။ သင် သို့မဟုတ် သင့်ကလေးသည် နာကြည်းမှု၊ ကြောက်ရွံ့မှုနှင့် ဝမ်းနည်းမှုကို ခံစားနေရနိုင်သည်။

စိတ်သောကရောက်စရာဖြစ်ရပ်များအပေါ် တုံ့ပြန်ပုံမှာ တစ်ဦးနှင့်တစ်ဦး မတူကြပါ။ အချို့က ပဋိပက္ခမှ လွတ်မြောက်ရန်ကြိုးစားနေချိန်မှာပင် သို့မဟုတ် အခြားသူများကို စိတ်သက်သာရအောင် နှစ်သိမ့်ပေးရန် ကြိုးစားနေချိန်မှာပင် ထိုဖြစ်ရပ်များ၏ တိုက်ရိုက်သက်ရောက်မှုကို ခံစားရနိုင်သည်။ နိုင်ငံရပ်ခြားတွင်နေထိုင်သော မိသားစုများသည် နှုတ်ဖြင့်ရန်လိုမှု၊ အမုန်းတရားကြောင့်ဖြစ်ပွားသည့် ရာဇဝတ်မှုများ သို့မဟုတ် အခြားခြိမ်းခြောက်မှုများ ခံစားရမည်ကို စိုးရိမ်ပူပန်နိုင်သည်။ အချို့သောမိသားစုများကမူ စစ်ပွဲများ သို့မဟုတ် ပဋိပက္ခများ ဖြစ်ပွားနေသည့်နေရာများမှ မထွက်ခွာမီအချိန်တွင်လည်းကောင်း၊ ထွက်ခွာနေချိန်တွင်လည်းကောင်း၊ ထွက်ခွာပြီးနောက်ပိုင်းတွင်လည်းကောင်း စိတ်ဒဏ်ရာရနိုင်သည့် ဆုံးရှုံးမှု သို့မဟုတ် အခြားဖြစ်ရပ်များကို တွေ့ကြုံရနိုင်သည်။

မိမိနှင့် အလှမ်းဝေးသည့်နေရာတွင် စစ်ပွဲဖြစ်ပွားနေသည့်တိုင် မီဒီယာသတင်းများ သို့မဟုတ် လူမှုကွန်ရက်ရှိ ပို့စ်များကို မြင်တွေ့ရခြင်းသည် စိတ်ပင်ပန်းမှုဖြစ်စေနိုင်သည်။ သတင်းများသည် စိတ်မကောင်းဖြစ်စေနိုင်ပြီး လူတစ်ဦး၏ ကြောက်ရွံ့မှု သို့မဟုတ် စိုးရိမ်ပူပန်မှုကို မြင့်တက်စေနိုင်သည်။ ဤကြောက်ရွံ့မှုသည် ဤဖြစ်ရပ်များအပေါ် ကလေးတစ်ဦး၏ ထင်မြင်ပုံနှင့် နောက်ပိုင်း ပြန်လည်စိတ်တည်ငြိမ်မှုရလာပုံအပေါ် သက်ရောက်မှုရှိနိုင်သည်။

စိတ်ဒဏ်ရာ လက္ခဏာများ

မိဘများနှင့် ပြုစုစောင့်ရှောက်သူများသည် စိတ်ဒဏ်ရာ၏ လက္ခဏာများကို လေ့လာထားခြင်းဖြင့် ပံ့ပိုးကူညီပေးနိုင်သည်။ ဤလက္ခဏာများသည် ကွဲပြားနိုင်ပြီး မွေးကင်းစကလေးများအပါအဝင် အသက်အရွယ်မရွေး ကလေးများအပေါ်တွင် သက်ရောက်နိုင်သည်။ စိတ်ဒဏ်ရာရစရာ ဖြစ်ရပ်များအပေါ် ကလေးများ၏ တုံ့ပြန်မှုပုံစံများ-

  • အမူအကျင့်ပြောင်းလဲခြင်းများ
  • ပျောက်ကွယ်မသွားသည့် ပြင်းထန်သော စိတ်ခံစားမှုများ
  • စိတ်ခံစားမှုများကို ထိန်းချုပ်ရာတွင် ပြဿနာရှိခြင်း
  • အခြားသူများနှင့် ရင်းနှီးမှုတည်ဆောက်ရာတွင် ပြဿနာရှိခြင်း
  • ယခင်ကလုပ်နိုင်ခဲ့သော ကျွမ်းကျင်မှုများကို မလုပ်နိုင်ခြင်း
  • စားမဝင်ခြင်း သို့မဟုတ် အိပ်မပျော်ခြင်း
  • အိပ်မက်ဆိုးများ မက်ခြင်း
  • အာရုံစူးစိုက်ရာတွင် ပြဿနာရှိခြင်း
  • ကျောင်းနှင့်ပတ်သက်သော ပြဿနာများရှိခြင်း
  • မိမိကိုယ်ကိုတန်ဖိုးထားမှု နည်းခြင်း
  • အပြုသဘောဆောင်သော စိတ်ခံစားမှုများကို ခံစားရာတွင် ခက်ခဲခြင်း
  • စိတ်ဒဏ်ရာဖြစ်စရာ ဖြစ်ရပ်နှင့်ပတ်သက်၍ စိတ်ဖိစီးစေသော အတွေးများ သို့မဟုတ် မှတ်ဉာဏ်များ ထပ်တလဲလဲ ပြန်ပေါ်လာခြင်း
  • ကမ္ဘာကြီးနှင့်ပတ်သက်၍ အပျက်သဘောဆောင်သော ထင်မြင်ယုံကြည်မှုများရှိခြင်း
  • အချို့သောလူများ သို့မဟုတ် နေရာများကို ရှောင်ကြဉ်ခြင်း
  • စိတ်ဒဏ်ရာရစရာ ဖြစ်ရပ်နှင့်ပတ်သက်သည့် အရာများကို မှတ်မိရန် ခက်ခဲခြင်း
  • ကိုက်ခဲမှုများနှင့် နာကျင်မှုများကဲ့သို့သော ရုပ်ပိုင်းဆိုင်ရာလက္ခဏာများ
  • စိတ်လိုက်မာန်ပါလုပ်ခြင်း သို့မဟုတ် အန္တရာယ်များသော အမူအကျင့်များရှိခြင်း။ ဥပမာ- မူးယစ်ဆေးဝါး သုံးစွဲခြင်း သို့မဟုတ် အရက်သောက်စားခြင်း
  • ခွဲခွာရမည်ကို စိုးရိမ်ပူပန်ခြင်း
  • စိတ်မပျော်ရွှင်သည့်အခါ ပိုမိုဆိုးသွမ်းစွာ ပြုမူခြင်း

တစ်စုံတစ်ခုကြောင့် စိတ်ဒဏ်ရာရစေသောဖြစ်ရပ်ကို ပြန်သတိရသည့်အခါ ကလေးများတွင် ဤလက္ခဏာများကို ပြနိုင်သည်။ ဤလက္ခဏာများသည် ကလေးတစ်ဦး၏ နေ့စဉ်လုပ်ငန်းဆောင်တာ သို့မဟုတ် အခြားသူများနှင့် အပြန်အလှန်တုံ့ပြန်ပြောဆိုနိုင်စွမ်းကို အနှောင့်အယှက်ဖြစ်စေနိုင်သည်။ စိတ်ဒဏ်ရာရစေသော စိတ်ဖိစီးမှုကို ခံစားရသူတစ်ဦးသည် ဤလက္ခဏာအားလုံးကို မပြနိုင်ပါ။ ထို့အပြင် ဤလက္ခဏာတစ်ခုနှင့်အထက်ရှိသော လူတိုင်းကလည်း စိတ်ဒဏ်ရာရစေသော စိတ်ဖိစီးမှုကို ခံစားနေရခြင်းမဟုတ်ပါ။

 

စိတ်ဒဏ်ရာခံစားနေရသော ကလေးများနှင့် ဆယ်ကျော်သက်များအတွက် အကူအညီ

စိတ်ဒဏ်ရာရစရာ ဖြစ်ရပ်တစ်ခုအပြီးတွင် သင့်ကလေး သို့မဟုတ် ဆယ်ကျော်သက်အရွယ်သားသမီး၏ စိတ်ကျန်းမာရေးကို စိုးရိမ်ပါက ဆရာဝန်၊ စိတ်ကျန်းမာရေး ဝန်ဆောင်မှုပေးသူ၊ ကုထုံးပညာရှင်၊ ဆွေးနွေးအကြံပေးသူ၊ လူမှုဝန်ထမ်း သို့မဟုတ် အခြားစောင့်ရှောက်မှုပေးသူတစ်ဦးနှင့် ဆွေးနွေးပါ။ သင်သည် စိတ်ဒဏ်ရာဝေဒနာများကို ကုသပေးသည့် ပညာရပ်ကို လေ့လာသင်ယူထားသည့် စိတ်ကျန်းမာရေး ဝန်ဆောင်မှုပေးသူတစ်ဦးကို ရှာနိုင်သည်။ ၎င်းက သင့်မိသားစု ကုစားနိုင်မည့် ဘေးကင်းလုံခြုံသောနေရာတစ်ခုကို စီစဉ်ပေးနိုင်ပြီး အခြားစိတ်ကျန်းမာရေး ဝန်ဆောင်မှုများကိုလည်း ပေးနိုင်ပါသည်။

ကုထုံးအမျိုးအစားအချို့သည် စိတ်ဒဏ်ရာနှင့်ဆက်စပ်သော ပြဿနာများကို ကုသရာတွင် အထောက်အကူပြုသည်။ ၎င်းတို့တွင် ပါဝင်သည်များ-

  • သိမြင်နားလည်မှု အမူအကျင့်ဆိုင်ရာ ကုထုံး (CBT သို့မဟုတ် စိတ်ဒဏ်ရာအလေးပေး CBT)- ၎င်းသည် စိတ်ဖိစီးမှုကို ပိုမိုကောင်းမွန်စွာ ထိန်းချုပ်နည်းကို သင်ယူမှတ်သားရန် မကောင်းသည့်အတွေးများနှင့် ထင်မြင်ယုံကြည်မှုများကို လူနာအား သတိပြုမိအောင် ကူညီပေးသည့် ကုထုံးအမျိုးအစားတစ်ခုဖြစ်သည်။
  • စိတ်ပိုင်းဆိုင်ရာ ရှေးဦးသူနာပြုနည်း (PFA)- ဤချဉ်းကပ်နည်းသည် ဘေးကင်းလုံခြုံမှုရှိစေပြီး နှစ်သိမ့်မှုရစေသည့်အပြင် စိတ်ပိုင်းဆိုင်ရာသောကကို လျှော့ချ ဖြေရှင်းနိုင်မည့် စွမ်းရည်များကို မြှင့်တင်ပေးသည်။
  • မျက်စိလှုပ်ရှားမှုဖြင့် စိတ်ဒဏ်ရာပြင်းထန်မှု လျော့ပါးစေခြင်းနှင့် ပြန်လည်ကုစားခြင်း ကုထုံး (EMDR)- ဤကုသမှုသည် စိတ်ဖိစီးစေသော ဖြစ်ရပ်မှတ်ဉာဏ်များကို ဦးနှောက်က သိမ်းဆည်းထားပုံကို ပြောင်းလဲခြင်းအပေါ် အာရုံစိုက်သည်။

အချို့သောကိစ္စရပ်များတွင် ဆေးဝါးများကလည်း စိတ်ဒဏ်ရာနှင့်ဆက်စပ်သော ဝေဒနာများကို ကုသရာတွင် အထောက်အကူပြုနိုင်သည်။

စိတ်ဒဏ်ရာအကြောင်း သင့်ကလေးနှင့် ဆွေးနွေးပြောဆိုနည်း

ကလေး ခံစားနေရသည်များကို ကောင်းစွာ နားလည်စေရန်သာမက ၎င်းတို့ကို ရင်ဆိုင်ဖြေရှင်းနိုင်အောင် ကူညီပေးနိုင်ရန် သင်သည် ကလေးနှင့် စကားစမြည်ပြောဆို၍ လမ်းကြောင်းပေးနိုင်သည်။ ကမ္ဘာပေါ်ရှိ ဖြစ်ရပ်များ သို့မဟုတ် စစ်ပွဲအကြောင်း သင့်ကလေး နားလည်ထားသည့်အရာများကို သိရှိအောင်လုပ်ခြင်းသည် ၎င်းတို့၏ အမြင်များကို ထုတ်ပြောစေကာ ထိုအမြင်များကို အသိအမှတ်ပြုပေးသည်ဟု ခံစားရအောင် လုပ်ပေးနိုင်သည်။

သင့်ကလေးနှင့် စကားမပြောမီ စိတ်သောကရောက်စေသော ဖြစ်ရပ်များနှင့်ပတ်သက်၍ သင်ကိုယ်တိုင်၏စိတ်ခံစားမှုများအကြောင်း စဉ်းစားပါ။ စစ်ပွဲနှင့် ပဋိပက္ခသည် စိတ်ဒဏ်ရာ သို့မဟုတ် ဆုံးရှုံးမှုအကြောင်း မှတ်ဉာဏ်များကို ပေါ်လာစေနိုင်သည်။ ထိုသို့ဖြစ်ခြင်းသည် ဝမ်းနည်းမှု၊ ကြောက်ရွံ့မှုနှင့် အကူအညီမဲ့မှုကဲ့သို့သော ပင်ပန်းခက်ခဲသည့် စိတ်ခံစားမှုများကို ဖြစ်ပေါ်စေနိုင်သည်။ မိမိကိုယ်တိုင်၏စိတ်ခံစားမှုများကို ဦးစွာနားလည်ထားသည့်အခါ သင်သည် ၎င်းတို့ကို သဘောပေါက်လက်ခံလာနိုင်ပြီး အခြားသူအပေါ် ပိုမိုအထောက်အကူပြုပေးနိုင်သည်။

သင့်ကလေးနှင့် စကားပြောရာတွင် အထောက်အကူဖြစ်စေမည့် အကြံပြုချက်အချို့မှာ-

  • ယုံကြည်ရသော သူငယ်ချင်း သို့မဟုတ် မိသားစုဝင်တစ်ဦးကို ရှာဖွေပါ- ဤအကြောင်းအရာများသည် လူကြီးများအတွက် စိတ်မကောင်းဖြစ်စေသောကြောင့် မိမိကိုယ်တိုင်၏အတွးများနှင့် ခံစားချက်များကို အခြားလူကြီးတစ်ဦးနှင့် မျှဝေခြင်းသည် အထောက်အကူပြုနိုင်သည်။ ထိုသို့မျှဝေခြင်းသည် သင့်ကလေးနှင့် ပြောကြည့်လိုသည့် စိုးရိမ်ပူပန်မှုများအကြောင်း စဉ်းစားနိုင်စေပြီး သင့်ကို ပို၍အသင့်ဖြစ်နေစေပါမည်။
  • အမှန်တရားကို ရှာဖွေပါ- သင်သည် သင့်ကလေး၏ မေးခွန်းများ သို့မဟုတ် စိုးရိမ်ပူပန်မှုများကို ဖြေရှင်းချက်ပေးရန်၊ စိတ်သောကရောက်စေသော ဖြစ်ရပ်များအကြောင်းကို ယုံကြည်ရသော သတင်းအရင်းအမြစ်များမှတစ်ဆင့် လေ့လာသင့်ပေသည်။ မေးခွန်းအတွက် အဖြေကို မသိဟု သင့်ကလေးကို ပြော၍ရသည်။ အဖြေကို သင်တို့အတူတူ ရှာနိုင်ပါသည်။
  • သိလိုစိတ်ရှိပြီး သင့်ကလေးနှင့် ပွင့်ပွင့်လင်းလင်းပြောပါ- သူဘာတွေတွေးနေလဲ၊ ခံစားနေရလဲ သင်သိသည်ဟု မယူဆပါနှင့်။ သူ့ကို စိတ်သောကရောက်စေသည့်အရာကို သိရလျှင် သင် အံ့ဩသွားနိုင်လောက်သည်။
  • တိုက်ရိုက်မေးခွန်းများ မေးပါ- ထိုသို့မေးခြင်းသည် သင့်ကလေး၏ စိုးရိမ်ပူပန်မှုများကို မည်သို့တုံ့ပြန်ရမည်ကို နားလည်စေပါမည်။
  • သင်ကိုယ်တိုင်ခံစားနေရသော စိတ်ခံစားမှုများကို ထုတ်ပြောပါ- မကြာသေးမီက ဖြစ်ရပ်များကြောင့် သင်ဝမ်းနည်းကြောင်း၊ ထို့အပြင် သင်ယုံကြည်သောအရာ၊ သင်တန်ဖိုးထားသောအရာနှင့် အခြားသူများကို မည်သို့ဆက်ဆံသင့်သည်ဟု ထင်ပုံကို ဖွင့်ပြောခြင်းက အဆင်ပြေပါသည်။ စိတ်ခံစားမှုများကို ထုတ်ပြောခြင်းသည် သင့်ကလေး၊ အထူးသဖြင့် ငယ်ရွယ်သောကလေးများအတွက် ကြောက်ရွံ့မှုနည်းပါးစေရန် ကူညီပေးနိုင်ပါသည်။ ဒေါသဖြင့် ပြောပါက သင့်ကလေးကို ထိတ်လန့်စေနိုင်သည်။ ထို့ကြောင့် ဤအကြောင်းအရာများကို စိတ်ငြိမ်ငြိမ်ဖြင့် သူ့ကို ပြောပြခြင်းက အထောက်အကူပြုသည်။
  • ကလေးအား သူ၏ဘေးကင်းလုံခြုံမှုနှင့်ပတ်သက်၍ စိတ်အေးအေးထားနိုင်ကြောင်းပြောပါ- သင့်ကလေးက သူ့ဘေးကင်းလုံခြုံမှုနှင့်ပတ်သက်၍ စိုးရိမ်ပါက သင့်အနေဖြင့် စစ်ပွဲ ဖြစ်နေသည့်နေရာကို သူ့အား ပြောပြပြီး ဒေသတွင်း အသိုင်းအဝိုင်းတွင် သူ ဘေးကင်းလုံခြုံပြီး စိတ်အေးအေးနေနိုင်ကြောင်း ပြောပြရန် လိုနိုင်ပါသည်။
  • နောက်ဆက်တွဲမေးမြန်းပါ- အထူးသဖြင့် ဖြစ်ရပ်များ ပြောင်းလဲသွားသည့်အခါ သင့်ကလေးအား သူ့တွင် မေးချင်လိုသည့် မေးခွန်းများရှိ၊ မရှိ ပြန်မေးပါ။ ထိုသို့လုပ်ခြင်းက သင့်ကလေးအား အားပေးကူညီမှုကို ခံစားရစေပြီး ခက်ခဲသောအခြေအနေတစ်လျှောက်လုံး သင်က သူနှင့် ဆွေးနွေးပြောဆိုပေးမည်ဖြစ်ကြောင်း သူ့ကို သိစေသည်။ ထိုသို့လုပ်ခြင်းက သူနားမလည်သော အရာများကို သင့်အား ရှင်းရှင်းလင်းလင်း သိရှိစေသည် သို့မဟုတ် မှားယွင်းသောအချက်အလက်များကို ဖော်ထုတ်သိရှိစေသည်။

ပြုစုစောင့်ရှောက်သူများနှင့် မိသားစုများသည် ပုံမှန်လုပ်ရိုးလုပ်စဉ်တစ်ခု ထားရှိ၍ ကလေးများအား သူတို့၏စိတ်ခံစားချက်များကို ရင်ဆိုင်ဖြေရှင်းရန်နှင့် ဘေးကင်းလုံခြုံမှု ခံစားရစေရန် ကူညီပေးနိုင်သည်။

Ryan N. James, PhD

မိသားစုများအတွက် ရင်ဆိုင်ဖြေရှင်းနည်း အကြံပြုချက်များ

စစ်ပွဲနှင့် စိတ်သောကရောက်စေသော ဖြစ်ရပ်များအကြောင်း သင့်ကလေး၊ အထူးသဖြင့် ငယ်ရွယ်သောကလေးများ မြင်ရ၊ ကြားရသည့် မီဒီယာ သတင်းများ သို့မဟုတ် သူကြားသိရသည့် ဆွေးနွေးမှု အတိုင်းအတာကို ကန့်သတ်လျှော့ချခြင်းက အထောက်အကူဖြစ်စေသည်။

ဆယ်ကျော်သက်များက သတင်းတင်ဆက်မှုများကို သူတို့၏ ပြုစုစောင့်ရှောက်သူများနှင့်အတူ ကြည့်ရှုပြီး ထိုအကြောင်းဆွေးနွေးခြင်းက သူတို့အတွက် အထောက်အကူပြုသည်ဟု ထင်နိုင်သည်။ သူတို့သည် သတင်းတင်ဆက်မှု ပြီးသွားသည့်နောက်တွင်ပင် မေးခွန်းများ မေးနိုင်သည်။

မိသားစုဝင်များအနေဖြင့် ဖြစ်ရပ်များအကြောင်း နောက်ထပ်အချက်အလက်များကို ရှာဖွေခြင်းက အထောက်အကူပြုနိုင်သည်။ မိသားစုများသည် အကျပ်အတည်းအခြေအနေကို ရင်ဆိုင်ခံစားနေရသည့် အခြားသူများအား ပံ့ပိုးကူညီနိုင်မည့် နည်းလမ်းများကို အတူတူရှာဖွေခြင်းဖြင့်လည်း နှစ်သိမ့်မှုကို ရှာဖွေနိုင်သည်။ ဥပမာအားဖြင့် မိသားစုများသည် အကျပ်အတည်း ဖြစ်ရပ်များ ဖြစ်ပွားသည့်ဒေသ၏ သမိုင်းအကြောင်း ပိုမိုဖတ်ရှုနိုင်သည် သို့မဟုတ် ပရဟိတအဖွဲ့တစ်ခုသို့ လှူဒါန်းနိုင်သည်။

ပြုစုစောင့်ရှောက်သူများနှင့် မိသားစုများသည် ပုံမှန်လုပ်ရိုးလုပ်စဉ်တစ်ခု ထားရှိ၍ ကလေးများအား သူတို့၏စိတ်ခံစားချက်များကို ရင်ဆိုင်ဖြေရှင်းရန်နှင့် ဘေးကင်းလုံခြုံမှု ခံစားရစေရန် ကူညီပေးနိုင်သည်။

သင့်အနေဖြင့် နောက်ဆုံးရသတင်းများကို မလွတ်တမ်း စောင့်ကြည့်လိုလောက်သော်လည်း သတင်းများကြည့်ရှုနားစွင့်ခြင်းကို ခဏရပ်ပြီး အခြားသူများနှင့် အဆက်အသွယ်လုပ်ပါ သို့မဟုတ် ပျော်စရာကောင်းသောအရာများကို လုပ်ပါ။ လှုပ်ရှားမှုများသည် ကလေးတစ်ဦး၏ အသက်နှင့် စိတ်ဝင်စားမှုများအလိုက် ကွဲပြားနိုင်သော်လည်း ၎င်းတို့တွင် လမ်းလျှောက်ထွက်ခြင်း၊ ဂိမ်းဆော့ခြင်း သို့မဟုတ် စာအုပ်အတူတူဖတ်ခြင်းတို့ ပါဝင်နိုင်သည်။

သင့်ကလေးသည် မိသားစု၊ သူငယ်ချင်းများ၊ ကျောင်းနှင့် ရပ်ရွာအသိုင်းအဝိုင်း၏ ပံ့ပိုးကူညီမှုကို ရရှိပါက ပိုမိုကောင်းမွန်စွာ ရင်ဆိုင်ဖြေရှင်းနိုင်ပါမည်။ သင့်ကလေး၏ အားသာချက်များကို အာရုံစိုက်ပါ။ သူ၏ ပြဿနာဖြေရှင်းနိုင်စွမ်းကို ချီးကျူးပြီး ရင်ဆိုင်ဖြေရှင်းရန် ပြောင်းလွယ်ပြင်လွယ်သော သဘောထားကို မွေးမြူပေးပါ။ စိတ်သောကရောက်စေသော ကမ္ဘာ့ဖြစ်ရပ်များသည် မည်သူ့အပေါ်မဆို သက်ရောက်နိုင်သည်။ ထို့ကြောင့် စိတ်ရှည်ရှည်ထားပြီး သင့်ကလေးကိုရော၊ သင့်ကိုယ်သင်ကိုပါ ဂရုစိုက်ရန် အရေးကြီးသည်။

ထပ်ဆောင်းအချက်အလက်များသိရှိရန်

Ryan N. James

Ryan N. James, PhD အကြောင်း

နည်းပြဆရာမ၊ စိတ်ပညာနှင့် ဇီဝအမူအကျင့်ဆိုင်ရာသိပ္ပံ
St. Jude ကလေးသုတေသန ဆေးရုံ

Ryan N. James, PhD သည် St. Jude ကလေးသုတေသန ဆေးရုံရှိ စိတ်ပညာနှင့် ဇီဝအမူအကျင့်ဆိုင်ရာ သိပ္ပံဌာနတွင် တာဝန်ထမ်းဆောင်နေသော နည်းပြဆရာမတစ်ဦး ဖြစ်သည်။ သူမစိတ်ဝင်စားသည့် လက်တွေ့ကုသမှုပိုင်းတွင် ကလေးနာကျင်မှု၊ စိတ်ဒဏ်ရာထည့်သွင်းစဉ်းစား စောင့်ရှောက်မှုအပြင် ဆယ်ကျော်သက်များနှင့် လူငယ် စောင့်ရှောက်မှုတို့ ပါဝင်သည်။ University of Alabama မှ ဘွဲ့ရတစ်ဦးဖြစ်သည့် သူမသည် Louisiana State University တွင် မဟာဘွဲ့နှင့် ပါရဂူဘွဲ့များ ရရှိခဲ့သည်။ သူသည် Minnesota ရှိ Minneapolis တွင် Washburn Center for Children ၌ လက်တွေ့အလုပ်သင်ဆင်းခြင်းနှင့် Florida ရှိ Gainesville တွင် University of Florida Health Shands ကလေးဆေးရုံ၌ ပါရဂူဘွဲ့လွန် သုတေသနစာတမ်းတင်သွင်းခြင်းကို ပြီးမြောက်ခဲ့သည်။