အဓိကအကြောင်းအရာ skip

ကြိုဆိုပါသည်

Together သည် - လူနာများနှင့် မိဘများ၊ မိသားစုဝင်များနှင့် သူငယ်ချင်းများအပါအဝင် - ကလေးကင်ဆာကြောင့် ထိခိုက်မှုရှိသူတိုင်းအတွက် ရင်းမြစ်အသစ်တစ်ခု ဖြစ်ပါသည်။

ပိုမိုလေ့လာရန်

ကလေးများ ကုထုံးခံယူနေစဉ် လူကြီးမိတ်ဆွေများထားခြင်း

ကလေးသည် ကင်ဆာရောဂါကို တိုက်ထုတ်နေစဉ်တွင် လူကြီးမိတ်ဆွေများ ဆက်လက်ထားရှိရန် မိဘများအတွက် အရေးကြီးသည်။ မိတ်ဆွေများနှင့် ရင်းရင်းနှီးနှီးနေရန် အရေးကြီးသည့် အကြောင်းရင်းများစွာရှိသည်။ မိတ်ဆွေများသည် အကူအညီ၊ စိတ်ဓာတ်ခွန်အား အရင်းအမြစ် သို့မဟုတ် စိတ်ဖိစီးမှုလျှော့စေရန် အာရုံလွှဲခြင်းတို့ ဖြစ်နိုင်သည်။

ဆိုးရွားသောနာမကျန်းဖြစ်နေစဉ်တွင် ချစ်ခင်သောဆက်ဆံရေးအားလုံးသည် ပြောင်းလဲမှုများ၊ စိန်ခေါ်မှုများနှင့် ရင်ဆိုင်ရသည်။ မိတ်ဆွေများသည်လည်း အတူတူပင်ဖြစ်သည်။ ဝေးကွာခြင်း၊ အချိန်မရှိခြင်းနှင့် မိတ်ဆွေများ နားမလည်ပါဘူးကဲ့သို့ ခံစားချက်သည် မိတ်ဆွေများနှင့် ဆက်လက်အဆက်အသွယ်ရှိနေစေရန် မိဘများအတွက် ခက်ခဲစေနိုင်သည်။ သို့သော် ကလေးများသည် ကင်ဆာရောဂါကို တိုက်ထုတ်နေစဉ်တွင် မိဘများသည် လူကြီးမိတ်ဆွေများလိုအပ်သည်။

မိတ်ဆွေများသည် အရေးကြီးကြောင်း ၎င်းတို့ကို အသိပေးပါ

နာမကျန်းသည့်ကလေး၏ မိဘများ နောက်ဆုံးလိုချင်သည့်အရာမှာ ဧည့်သည်များနှင့် ဖုန်းခေါ်ဆိုမှုများဖြစ်ကြောင်း မိတ်ဆွေများက ယူဆနိုင်သည်။ သို့သော် ၎င်းသည် မိဘများလိုအပ်သည့်အရာ သေချာပေါက်ဖြစ်နိုင်သည်။ ၀ - ၁၈ နှစ်အကြားဖြစ်သော ကလေးဘဝ ကင်ဆာသည် ကြီးမားပြင်းထန်ပြီး မိတ်ဆွေများသည် မည်သည်ကိုပြောရန် သို့မဟုတ် လုပ်ရန်ကို မသိရှိနိုင်ပေ။ ရင်းနှီးသောမိတ်ဆွေများပင် နောက်သို့ဆုတ်သွားနိုင်သည်။ မိတ်ဆွေများသည် အရေးကြီးကြောင်း ၎င်းတို့ကိုအသိပေးခြင်းသည် အချိန် သို့မဟုတ် အားထုတ်မှုများစွာ မလိုအပ်ပေ။ ၎င်းသည်ရိုးရှင်းသည်ဟု ထင်ရသည်၊ သို့သော် မိတ်ဆွေများကို တန်ဖိုးထားကြောင်း ကြိုတင်ပြောပြခြင်းသည် ဆက်သွယ်ရေးကို ပွင့်လင်းစေသည်။  

အချိန်နှင့် စွမ်းအင်အကန့်အသတ်အတွင်း ရင်းရင်းနှီးနှီးနေခြင်း

မိဘအများစုသည် ၎င်းတို့၏ကလေးတွင် ကင်ဆာရောဂါရှာဖွေမတွေ့ရှိမီကာလ၌ပင် မိတ်ဆွေများအတွက် လုံလောက်သောအချိန်မရှိဟု ယူဆနိုင်သည်။ ကင်ဆာသည် အချိန်ပိုပေးရန် လိုအပ်သည်- ချိန်းဆိုမှုများ၊ ဆေးဝါးစောင့်ရှောက်မှု၊ အိမ်နှင့်အလုပ် တာဝန်များ၊ အချက်အလက်များကို စုပြုခြင်းနှင့် မိသားစုအတွက် အချိန်ပေးခြင်း။ စိတ်ဖိစီးမှုနှင့် စိုးရိမ်မှုတို့သည် အပြင်သို့ထွက်လည်ချင်စိတ်ဖြစ်ရန် ခက်ခဲစေသည်။

သို့သော် ကလေးကင်ဆာ ခရီးလမ်းကို ဖြတ်သန်းရာတွင် မိတ်ဆွေများသည် အရေးကြီးသည့် အခန်းကဏ္ဍမှပါဝင်ကြောင်း မိဘအများစုက ဆိုသည်။ မိတ်ဆွေများနှင့် ဆက်သွယ်သည့်နည်းလမ်းများသည် တစ်ဦးနှင့်တစ်ဦး မတူညီပါ၊ သို့သော် မိဘများရှာတွေ့ထားသည့် အထောက်အကူဖြစ်သော အချက်အချို့ကို ဖော်ပြထားသည်။

  • မိတ်ဆွေများကို ဖုန်းခေါ်ပါ။ ဖုန်းဖြင့်စကားပြောဆိုခြင်းသည် အီးမေးလ် သို့မဟုတ် စာပို့ခြင်းထက် ပိုမိုပုဂ္ဂိုလ်ရေးဆန်သည်။ အထူးသဖြင့် အိမ်နှင့်ဝေးနေစဉ်တွင် မိတ်ဆွေတစ်ဦး၏အသံကို ကြားရခြင်းသည် အရေးကြီးသည့် စိတ်ခံစားမှုဆက်သွယ်ချက်ကို ဖြစ်စေသည်။
  • အကူအညီတောင်းခြင်း။ မိတ်ဆွေများက အကူအညီပေးလိုသည်၊ သို့သော် မည်သို့ကူညီနိုင်ကြောင်း မသိကြပါ။ ၎င်းတို့ကူညီနိုင်သည့် နည်းလမ်းအတိအကျကို အသိပေးပါ။ ဤအချက်က ၎င်းတို့ကို လိုအပ်ပြီး ပါဝင်လုပ်ဆောင်သည့်ခံစားချက်ကို ရရှိစေသည်။
  • ဝဘ်ဆိုက်များ သို့မဟုတ် လူမှုမီဒီယာကို အသုံးပြု၍ မိတ်ဆွေအစုအဖွဲ့များအား နောက်ဆုံးအခြေအနေကို အသိပေးပါ။ CaringBridge နှင့် အခြားလူမှုမီဒီယာ ပုံစံများတွင် မိဘများသည် နောက်ဆုံးအခြေအနေအသစ်ကို မိတ်ဆွေနှင့် မိသားစုဝင်အချို့အား ချက်ချင်းအသိပေးနိုင်သည်။ မိဘများသည် မိတ်ဆွေ သို့မဟုတ် အမျိုးတစ်ဦးကို ပို့စ်များအားကြီးကြပ်ရန် ခန့်အပ်နိုင်သည်။
  • ရင်းနှီးသောမိတ်ဆွေများနှင့် အချိန်ကို ဦးစားပေးပါ။ အချိန်သည် အကန့်အသတ်ရှိသောအခါ အနိမ့်အမြင့်၊ အတက်အကျများတစ်လျှောက် အတူတူရှိပေးမည့် ယုံကြည်ရသူ တစ်ဦး သို့မဟုတ် နှစ်ဦးနှင့် အဓိပ္ပါယ်ရှိသည့် ဆက်နွှယ်မှုအပေါ် အာရုံထားရန် ၎င်းက ကူညီနိုင်သည်။
  • မိတ်ဆွေအဖွဲ့ငယ်များနှင့် တွေ့ပါ။ တစ်ဦးချင်းတွေ့ရန်အချိန်သည် ခက်ခဲသောအခါ နှစ်ယောက် သို့မဟုတ် နှစ်ယောက်ထက်ပိုသော မိတ်ဆွေများကို ကော်ဖီ သို့မဟုတ် နေ့လယ်စာစားရန် ရံဖန်ရံခါပုံမှန်တွေ့ဆုံခြင်းသည် ခိုင်မြဲသောဆက်သွယ်မှုများကို ဆက်လက်ထိန်းထားနိုင်သည်။ ၎င်းက ပင်ပန်းသောအခါ သို့မဟုတ် စိုးရိမ်သောအခါ စကားဆက်လက်ပြောရမည့် ဖိအားကို ကူညီလျှော့ချနိုင်သည်။
  • ခရီးတိုများသွားရန် မိတ်ဆွေများကို ဖိတ်ပါ။ မိဘအများအပြားသည် မိတ်ဆွေများနှင့်အတူရှိရန် ကလေးကိုအချိန်မပေးနိုင်သောအခါ အပြစ်ရှိသည်ဟု ခံစားရသည်။ သို့မဟုတ် ၎င်းသည် လုပ်ဆောင်ရန် အလွန်အကျွံဖြစ်လွန်းသည်။ မိတ်ဆွေများ အထူးသဖြင့် ရင်းနှီးသောမိတ်ဆွေများသည် အချိန်အတူတူဖြုန်းရန် သဘောကျကြသည်။

စကားစပြောရန် အချက်များ – စတင်ရန် စကားလုံးများရှာခြင်း

ကိုးရိုးကားရားနိုင်မှုကို အသိအမှတ်ပြုပါ။

“ကျွန်တော့်အတွက် တစ်ရံတစ်ခါ လူတွေကို ဘာပြောရမှန်းသိဖို့ ခက်တယ်။ ကျွန်တော့်မိတ်ဆွေတွေ ကျွန်တော့်ကို စကားပြောဖို့ ခက်ခဲနိုင်တယ်ဆိုတာ သိပါတယ်။”

ဖုန်းခေါ်ဆိုပါ။

“ဟေး မင်းကို ဖုန်းဆက်ချင်လို့ – မင်းအသံကြားရတာ ဝမ်းသာတယ်။”

တိတိကျကျအကူအညီ တောင်းပါ။

“င့ါမိသားစုအတွက် ခက်ခဲတဲ့အချိန်ပဲ။ ကလေးတွေကို ကျောင်းကနေ တစ်ပတ်နှစ်ကြိမ်သုံးကြိမ်လောက် ကြိုပေးနိုင်မယ်ဆို တော်တော်အကူအညီဖြစ်မှာ။”

အသိအမှတ်ပြု ကျေးဇူးတင်ပါ။

“ငါ ဒီလောက်အများကြီး အချိန်အတူတူမရှိ ခဲ့တာ သိပါတယ်၊ ဒါပေမဲ့ မင်းနဲ့မိတ်ဆွေဖြစ်ရတာ တကယ်ကောင်းတယ်ဆိုတာကို ပြောပြတာပါ။”

ကျေးဇူးတင်စကား ပြောပါ။

“မနေ့ညက ညစာလိုက်ကျွေးလို့ ကျေးဇူးပါ။ ငါတို့မိသားစုအတွက် အဲဒါက တော်တော်အကူအညီဖြစ်တယ်။”

မည်သို့ကူညီနိုင်ကြောင်း မိတ်ဆွေများက မသိသောအခါ

ကင်ဆာဖြစ်နေသော ကလေးတစ်ယောက်ရှိခြင်းသည် မည်သည့်ပုံစံရှိကြောင်း လူအများစုက မသိရှိကြပါ။ ကလေးတွင် ကင်ဆာ ရောဂါရှာဖွေတွေ့ရှိသောအခါ မိတ်ဆွေများ၏ တုံ့ပြန်ပုံသည် မတူညီကြပါ။ အချို့မိတ်ဆွေများသည် အကူအညီကို အထူးကောင်းမွန်စွာ ပေးသည်။ အခြားသူများက နောက်ဆုတ်သွားသည်။ အချို့မိတ်ဆွေများသည် မည်သည့်အရာမျှ မပြောင်းလဲသကဲ့သို့ ပြုမူသည်။ အခြားသူများသည် ကတိကဝတ် များစွာပေးသော်လည်း လက်တွေ့ဖြစ်မလာပါ။ မျှော်လင့်ထားသည့်အတိုင်း မိတ်ဆွေများက အကူအညီမပေးသောအခါ မိဘများသည် စိတ်ပျက်နိုင်သည်။

မိတ်ဆွေများသည် မိဘများ မျှော်မှန်းထားသည့်အတိုင်း မဖြည့်ဆည်းပေးနိုင်သည့် ယေဘုယျအကြောင်းရင်းများမှာ-

  • ပြောစရာ သို့မဟုတ် လုပ်ပေးစရာကို မသေချာခြင်း
  • မိသားစုများသည် သီးခြားနေလိုသည် သို့မဟုတ် ပါဝင်ပတ်သက်ခြင်းကို မလိုချင်ဟု ယုံကြည်ခြင်း
  • အကူအညီတစ်စုံတစ်ရာလိုပါက မိဘများက တောင်းခံမည်ဟုထင်ခြင်း
  • ၎င်းတို့၏ကိုယ်ပိုင်တာဝန်များတွင် ပိတ်မိပြီး မိတ်ဆွေများကို မကူညီနိုင်ခြင်း

စိတ်ပျက်ခြင်းကို ကိုင်တွယ်ဖြေရှင်းရန် အပြုသဘောဆောင်သည့် နည်းဗျူဟာများ

အထူးသဖြင့် ရင်းနှီးသောမိတ်ဆွေသည် လိုအပ်သောအကူအညီကို မပေးသောအခါ မိဘများအတွက် စိတ်ဓာတ်ကျခြင်းမှာ ပုံမှန်ပင်ဖြစ်သည်။ မိဘများသည် အထူးသဖြင့် ထိခိုက်နာကျင်နေသောအခါ စိတ်ပျက်မှုကြောင့် ဒေါသနှင့် မကျေမချမ်းဖြစ်ခြင်းတို့ မကြာခဏ ဖြစ်နိုင်သည်။ သို့သော် မိဘများက ပိုမိုအပြုသဘောဆောင်သောနည်းဖြင့် ကိုင်တွယ်နိုင်သည့် နည်းလမ်းအချို့ရှိသည်။

  • အခြေအနေကို အခြားရှုထောင့်မှ ပြောင်းလဲစဉ်းစားပါ။
    • နောက်တစ်လှမ်းဆုတ်ပါ။ မိတ်ဆွေတစ်ယောက်က ရည်ရွယ်ချက်ရှိရှိ ထိခိုက်နာကျင်စေခြင်းမှာ ဖြစ်နိုင်ခြေအလွန်နည်းသည်။ စိတ်ပျက်ခြင်းသည် မိတ်ဆွေ၏ အပြုအမှုနှင့် သက်ဆိုင်မှုများစွာ မရှိနိုင်ပါ။ ၎င်းသည် ကင်ဆာရှိနေသောကလေး၏ မိဘဖြစ်ခြင်းကြောင့် ဖြစ်နိုင်သည်၊ စိတ်ခံစားမှုများသည် မဆန်းစစ်သေးရသော အကြမ်းထည်သက်သက်ဖြစ်ပြီး ဓမ္မဓိဋ္ဌာန်ကျရန် ခက်ခဲသည်။
  • တိတိကျကျအကူအညီ တောင်းပါ။
    • လူများသည် လုပ်ဆောင်ရန်အရာ သို့မဟုတ် မည်သို့ကူညီနိုင်ပုံကို မသိရှိကြပါ။ မိတ်ဆွေများက အကူအညီလာတောင်းသည့်အချိန်ကို စောင့်နေနိုင် ချိန်တွင် မိဘများက အကူအညီကို မျှော်လင့်နေနိုင်သည်။ လိုအပ်သည့်အရာကို မိတ်ဆွေများအား ရှင်းလင်းစွာအသိပေးပါ။
  • မတူညီသောနည်းများဖြင့် ကူညီရန် မိတ်ဆွေများကို အခွင့်အရေးပေးပါ။
    • လူများတွင် အားသာချက်၊ အားနည်းချက်အမျိုးမျိုးရှိသည်။ မိတ်ဆွေတစ်ဦးသည် လိုက်ပါမလုပ်ဆောင်ပါက ၎င်းသည် အခြားတစ်ခုကို လုပ်ဆောင်ရန် ပိုမိုအဆင်ပြေသောကြောင့် ဖြစ်နိုင်သည်။
  • မိတ်ဆွေအဖြစ်နေရန် သတိရပါ။
    • ကလေးသည် ကင်ဆာဖြစ်နေသောအခါ မိဘများသည် ၎င်းတို့၏မိတ်ဆွေများထံမှ အကူအညီရယူရန် အားကိုးသည်။ သို့သော် မိတ်ဆွေများ၏ဘဝများတွင်လည်း မည်သည့်အရာများ ဖြစ်နေကြောင်း စိတ်ဝင်စားရန် အရေးကြီးသည်။ အခြားသူများ၏ ပြဿနာများသည် ကင်ဆာနှင့်နှိုင်းယှဉ်ပါက အသေးအဖွဲဖြစ်နိုင်သော်လည်း အပြန်အလှန် ဂရုစိုက်ခြင်းနှင့် အားပေးခြင်းသည် အချိန်ကြာမြင့်စွာ မိတ်ဆွေအဖြစ် ဆက်လက်ရှိနိုင်သည်။
  • ကရုဏာထားပါ။
    • မိတ်ဆွေများက စိတ်ပျက်စေလိမ့်မည်။ ၎င်းတို့သည် မှားယွင်းသည့်အရာများကို ပြောမိ၊ လုပ်မိလိမ့်မည်။ မိတ်ဆွေများသည် တစ်ဦးကိုတစ်ဦး အမှားများလုပ်ခွင့်ပေးပြီး ထိုအမှားများမှ သင်ယူခွင့်ပေးသည်။

စကားစပြောရန် အချက်များ

  • “မင်းအကြောင်း မကြားရတာ ကြာပြီ။ အဲဒါက မင်း ဘာပြောရမလဲ သိဖို့ခက်တာကြောင့်လား။ မင်းနေရာမှာဆို ငါလည်း အဲဒီလိုဖြစ်မိမှာပဲ။”
  • “မင်း လာမလည်တာ ကြာပြီ။ အဲဒါက မင်း တကယ်ကို အလုပ်များနေလို့လား။ မင်းကိစ္စတွေနဲ့ အလုပ်များမှန်း ငါသိပါတယ်။”
  • “တစ်နေ့တုန်းက ငါတို့စကားပြောတုန်း အခြေအနေ နည်းနည်းဆိုးသွားတယ်လို့ ငါထင်တယ်။ ငါ့ကို နာကျင်အောင်လုပ်ဖို့ ကြိုးစားနေတာမဟုတ်မှန်း ငါသိပါတယ်၊ ပြီးတော့ ငါကလည်း စိတ်ဖိစီးနေတာ။ ဘာမှမဖြစ်ခဲ့သလို ပြန်နေလို့ရလား။”
  • “ဟေး မင်းဆေးရုံကို မလာနိုင်ဘူးဆိုတာ ငါသိပါတယ်။ ငါ နားလည်ပါတယ်။ ဒါပေမဲ့ ငါတို့ကိုယ်စား တစ်ရက်နှစ်ရက်လောက် အိမ်ကိုကြည့်ပေးပြီး စာကိုလက်ခံထားလို့ရလား။”

နာကျင်စေသော မှတ်ချက်များကို စီမံခြင်း

ကူညီချင်သော်လည်း မိတ်ဆွေများသည် ပြောစရာ သို့မဟုတ် လုပ်ပေးစရာကို သေချာမသိပါ။ တစ်ခါတစ်ရံတွင် မိတ်ဆွေများသည် ကင်ဆာကို မနှစ်သက်သောကြောင့် ရှောင်ဖယ်ရှောင်ဖယ် လုပ်နိုင်သည်။ အခြားအချိန်များတွင် မိဘများအတွက် နာကျင်စေသော သို့မဟုတ် စာနာမှုမရှိသော မှတ်ချက်များ ပြောနိုင်သည်။

ပွင့်လင်းရိုးသားသော ဆက်သွယ်ရေးသည် ပတ်သက်ဆက်နွယ်မှုအားလုံးအတွက် အရေးကြီးသည်။ မိတ်ဆွေများသည်လည်း အတူတူပင်ဖြစ်သည်။ မိတ်ဆွေများက နာကျင်စေသည့် တစ်စုံတစ်ရာ ပြောဆိုသောအခါ မိဘများလုပ်ဆောင်နိုင်သည့် နည်းလမ်းအချို့ရှိသည်-

  • မတုံ့ပြန်မီ အချိန်ဆိုင်းပါ။ မိတ်ဆွေတစ်ဦး၏ မှတ်ချက်သည် နာကျင်စေသောအခါ ပြဿနာကို တိုက်ရိုက်ဖြေရှင်းခြင်းက အကူအညီဖြစ်သည်။ သို့သော် အခြားအချိန်များတွင် ၎င်းကို ဤအတိုင်းထားလိုက်ခြင်းက ပိုကောင်းနိုင်သည်။ မတုံ့ပြန်မီ စောင့်ဆိုင်းခြင်းသည် ပိုမိုရှင်းလင်းသော ရှုထောင့်ကိုမြင်စေပြီး မိတ်ဆွေဖြစ်ခြင်းအပေါ် ဖိအားပိုမိုသက်ရောက်စေသည့် တစ်စုံတစ်ရာပြောခြင်းကို ကူညီတားဆီးပေးနိုင်သည်။
  • အမှန်တကယ် ဆိုလိုချင်သည့်အရာကို စဉ်းစားပါ။ မိတ်ဆွေများသည် ကောင်းမွန်သည့်အရာကိုသာ ဆိုလိုသည်။ လူအများစုသည် ကင်ဆာကလေး၏ မိဘများနှင့် တစ်ခါမျှ နီးနီးကပ်ကပ် မနေဖူးပါ။ မိသားစုများသည် ကင်ဆာစကားအသစ်ကို လေ့လာရသကဲ့သို့ မိတ်ဆွေများသည်လည်း ထောက်ပံ့ခြင်း ဘာသာစကားအသစ်ကို လေ့လာရသည်။ ၎င်းက တစ်ခါတစ်ရံတွင် ထိခိုက်လွယ်သော အကြောင်းအရာများကို မိတ်ဆွေများအား ရှင်းပြရန် ကူညီပေးသည်။
  • စိတ်ရင်းကောင်းခြင်းကို အသိအမှတ်ပြုပါ။ အကူအညီဖြစ်သည့်အရာနှင့် မဖြစ်သည့်အရာကို မိတ်ဆွေများက ရှင်းလင်းစွာသိရန် အရေးကြီးသည်။ သို့သော် ပြန်လည်မဖြေကြားမီ စိုးရိမ်ပေးမှုနှင့် ကူညီချင်စိတ်ကို အသိအမှတ်ပြု ကျေးဇူးတင်ကြောင်း မိတ်ဆွေများကို ပြောပြပါ။
  • ကူညီရန် အကောင်းဆုံးနည်းလမ်းတစ်ခုမှာ နားထောင်ပေးရန်ဖြစ်ကြောင်း ရှင်းပြပါ။ လူတို့သည် မိတ်ဆွေတစ်ယောက် နာကျင်ခံစားနေရသောအခါ ပြဿနာများကို ကူညီဖြေရှင်းပေးလိုသည်။ မိတ်ဆွေများက မည်သည်ကိုပြောရန် သို့မဟုတ် လုပ်ရန်ကို မသိခြင်းမှသည် စာနာမှုမရှိသောမှတ်ချက်များ ဖြစ်လာစေသည်။ မိဘများ အမှန်တကယ်လိုအပ်သည်မှာ နားထောင်ပေးမည့်သူတစ်ဦး ဖြစ်ကြောင်း မိတ်ဆွေများကို ပြောပြရန်လိုသည်။ ပြဿနာများကို ဖြေရှင်းရန်မှာ ၎င်းတို့၏တာဝန်မဟုတ်ကြောင်း မိတ်ဆွေများကို အသိပေးပါ။ အတူရှိပေးရန်သာ အရေးကြီးသည်။

မိတ်ဆွေသူငယ်ချင်းများတွင် အပြုသဘောကို ရှာဖွေခြင်း

မိဘများသည် နာမကျန်းသောကလေးကို ပြုစုနေသောအခါ သေးငယ်သောစိတ်ပျက်မှုများကပင် များစွာနာကျင်စေသည်။ မတူညီသော မိတ်ဆွေသူငယ်ချင်းများသည် အခန်းကဏ္ဍမတူညီကြောင်း လက်ခံခြင်းက သဘာဝမကျသော မျှော်မှန်းချက်များကို ကူညီတားဆီးပေးနိုင်သည်။ မိတ်ဆွေသူငယ်ချင်း အဟောင်းများသည် ကင်ဆာပြင်ပဘဝကို သက်သောင့်သက်သာရှိမှု၊ မိသားစုဆန်မှုနှင့် ဆက်သွယ်မှုတို့ ပေးစွမ်းနိုင်သည်။ သို့သော် ကိုယ်ပိုင်အတွေ့အကြုံမှရသော အထောက်အပံ့များပေးရန် ကင်ဆာကို ကြုံတွေ့နေစဉ်အတွင်း ရရှိသော မိတ်ဆွေအသစ်များသည်လည်း အရေးကြီးသည်။ အရေးအကြီးဆုံး မိတ်ဆွေများနှင့် မိသားစုဝင်များအပါအဝင် အရေးအပါဆုံး မိတ်ဆွေသူငယ်ချင်းနှင့် ပတ်သက်ဆက်နွယ်မှုများအပေါ် အာရုံစိုက်ပါ။ အချို့ မိတ်ဆွေသူငယ်ချင်းများသည် ပြောင်းလဲသွားနိုင်သော်လည်း မိဘများသည် ကလေးကင်ဆာ ကာလတစ်လျှောက်၊ ကုထုံးလုပ်ဆောင်နေစဉ်တစ်လျှောက် အထောက်အကူပြုအဖွဲ့များနှင့် လုံးဝမမျှော်လင့်ထားသော နေရာများတွင် တွေ့ရှိနိုင်သည့် မိတ်ဆွေအသစ်များကိုလည်း မျှော်လင့်နိုင်သည်။


ပြန်လည်ဆန်းစစ်ခဲ့သည့်အချိန်။ ၂၀၁၈ ခုနှစ် ဇွန်လ