အဓိကအကြောင်းအရာ skip

ကြိုဆိုပါသည်

Together သည် - လူနာများနှင့် မိဘများ၊ မိသားစုဝင်များနှင့် သူငယ်ချင်းများအပါအဝင် - ကလေးကင်ဆာကြောင့် ထိခိုက်မှုရှိသူတိုင်းအတွက် ရင်းမြစ်အသစ်တစ်ခု ဖြစ်ပါသည်။

ပိုမိုလေ့လာရန်

ကင်ဆာဓာတုဆေးကုထုံးခံယူပြီးနောက် ခန္ဓာကိုယ်အညစ်အကြေးအရည်များကို ဘယ်လိုကိုင်တွယ်စွန့်ပစ်မလဲ

ကင်ဆာဓာတုဆေးကုထုံးနှင့် အခြားသော ကင်ဆာဆေးအချို့သည် ဆေးသုံးစွဲနေသည့် လူနာများကို စောင့်ရှောက်နေရသူများ၏ ကျန်းမာရေးကို ထိခိုက်စေနိုင်သည်။ 

လူနာစောင့်ရှောက်သူများအားလုံးသည် လူနာ ကင်ဆာဓာတုဆေးကုထုံးခံယူနေစဉ်နှင့် ဓာတုဆေးသွင်းပြီး 48 နာရီအတွင်း ဘေးကင်းလုံခြုံမှုရှိရန်အတွက် ကြိုတင်ကာကွယ်မှုဆိုင်ရာ ဆောင်ရန်ရှောင်ရန်များကို လိုက်နာရမည်။

48 နာရီ

ကင်ဆာဓာတုဆေးကုထုံးဆိုင်ရာ ဘေးကင်းရေး ကြိုတင်ကာကွယ်မှုများတွင် အကာအကွယ်ပစ္စည်းများ ဝတ်ဆင်ခြင်း၊ ဓာတုဆေးကုထုံးခံယူနေစဉ်နှင့် ကုထုံးခံယူပြီးအချိန်တွင် ခန္ဓာကိုယ်မှထွက်သည့် အရည်များနှင့် အညစ်အကြေးများကို အန္တရာယ်ကင်းစွာ ကိုင်တွယ်စွန့်ပစ်ရန် လမ်းညွှန်ချက်များကို လိုက်နာခြင်းတို့ပါဝင်သည်။

သင်၏ ဆေးဘက်ဆိုင်ရာ စောင့်ရှောက်မှုအဖွဲ့က ကင်ဆာဓာတုဆေးကုထုံးခံယူနေစဉ်နှင့် ကုထုံးခံယူပြီးချိန်တွင် လုပ်ဆောင်ရမည့် အဆင့်များအား ပြောပြပါမည်။ ဆေးဘက်ဆိုင်ရာစောင့်ရှောက်မှုအဖွဲ့၏ ညွှန်ကြားချက်များကို အမြဲလိုက်နာပါ။

ကင်ဆာဓာတုဆေးကုထုံး ခံယူနေစဉ် လူနာစောင့်ရှောက်သူ၏ ဘေးကင်းလုံခြုံမှု

ကင်ဆာဓာတုဆေးများသည် အရေပြားနှင့် မျက်လုံးပေါ်သို့ ကျရောက်ထိတွေ့မိပါက အန္တရာယ်ရှိနိုင်သည်။ သင်၏ကလေးကို ဓာတုဆေးသွင်းပေးမည့် ဝန်ထမ်းများသည် လက်အိတ်များ၊ ကာကွယ်ရေးဝတ်စုံများ၊ မျက်နှာအကာအရံ သို့မဟုတ် မျက်မှန်များ ကဲ့သို့သော တစ်ကိုယ်ရည်သုံး ရောဂါကာကွယ်ရေးပစ္စည်း (PPE) များကို ဝတ်ဆင်ထားမည်ဖြစ်သည်။ သင်၏ကလေး ဓာတုဆေးသွင်းနေစဉ် သင်ကိုယ်တိုင်လည်း အကာအကွယ်ပစ္စည်းများ ဝတ်ဆင်ရန် ဆေးရုံဝန်ထမ်းများက ညွှန်ကြားနိုင်သည်။  

ဆေးသွင်းနေစဉ် ကိရိယာတစ်ခုခုမှ ‌ဆေးများ ဖိတ်စင်၊ ယိုစိမ့်နေသည်ကို တွေ့ပါက သက်ဆိုင်ရာဝန်ထမ်းကို ချက်ချင်းအကြောင်းကြားပါ။ ဖိတ်စင်နေသည့်ဆေးများကို သင်ကိုယ်တိုင် ဆေးကြောရန် လုံးဝ မပြုလုပ်ပါနှင့်။ 

ကင်ဆာဓာတုဆေးကုထုံးခံယူပြီးနောက် ခန္ဓာကိုယ်အညစ်အကြေးအရည်များကို အန္တရာယ်ကင်းစွာ ကိုင်တွယ်စွန့်ပစ်ခြင်း

သင်၏ကလေးဖြစ်သူ ကင်ဆာဓာတုဆေးနှင့် အခြားအန္တရာယ်ရှိသည့် ဆေးများကို လက်ခံရယူပြီးပါက သူ၏ခန္ဓာကိုယ်မှထွက်သည့် အရည်များနှင့် အညစ်အကြေးများကို အန္တရာယ်ကင်းစွာ ကိုင်တွယ်စွန့်ပစ်ရန် လမ်းညွှန်ချက်များကို လိုက်နာရန် လိုအပ်သည်။  

ကင်ဆာဓာတုဆေးကုထုံးခံယူပြီး အနည်းဆုံး 48 နာရီအတွင်း လူနာ၏ခန္ဓာကိုယ်မှထွက်သည့် အရည်များနှင့် အညစ်အကြေးများအားလုံးတွင် ဓာတုဆေးများ ပါဝင်နေနိုင်သည်။ ထိုအညစ်အကြေးများသည် ဆီး(သေး)၊ ဝမ်းနှင့် အန်ဖတ်များ စသည်တို့ဖြစ်သည်။ ခန္ဓာကိုယ်မှထွက်သည့် ဤအရည်များသည် စောင့်ရှောက်သူမိသားစုဝင်များ သို့မဟုတ် အခြားသူများ၏ ကျန်းမာရေးကို ထိခိုက်စေနိုင်သည်။ ထိုအချိန်တွင် လူနာစောင့်ရှောက်သူအားလုံးသည် ကြိုတင်ကာကွယ်မှုဆိုင်ရာ ဆောင်ရန်ရှောင်ရန်များကို လိုက်နာရမည်။  

ဆေးရုံအတွင်း လူနာစောင့်ရှောက်သူများ ဘေးကင်းလုံခြုံစေရေး

ကင်ဆာဓာတုဆေးကုထုံးခံယူပြီး 48 နာရီအချိန်အတွင်း ကလေး၏ အန်ဖတ်၊ သွေး၊ ဆီး၊ ဝမ်းနှင့် ဆီးခံများကို ဖယ်ရှားသန့်ရှင်းရန် ဆေးရုံဝန်ထမ်းများသည် လက်အိတ်များ၊ အကာအကွယ်ဝတ်စုံများ၊ မျက်နှာနှင့် မျက်စိအကာအကွယ်များကို ဝတ်ဆင်ထားမည်ဖြစ်သည်။ ဝန်ထမ်းများသည် ထိုအညစ်အကြေးများနှင့် အမြဲတစေ ထိတွေ့နေရမှုကြောင့် လူနာစောင့်မိသားစုဝင်များထက် PPE အကာအကွယ်ဝတ်စုံများကို ပိုမိုထူထဲစွာ ဝတ်ဆင်ထားမည်ဖြစ်သည်။      

သင်၏ ကလေးသည် အတွင်းလူနာဖြစ်ပါက သူနာပြုဝန်ထမ်းသည် ကလေး၏အညစ်အကြေးအရည်မှန်သမျှကို စွန့်ပစ်မည်ဖြစ်သည်။ ဆေးရုံဝန်ထမ်းသည် ဆီးခံနှင့် ညစ်ပေနေသည့် အိပ်ရာခင်းများကို အသစ်လဲပေးမည်ဖြစ်သည်။  

အန္တရာယ်ရှိသည့် အညစ်အကြေးအိတ်များ၊ အညစ်အကြေးအိုးများကို ကိုင်တွယ်ရာတွင်- ဆေးရုံတက်နေစဉ် သင့်ကလေး၏ ခန္ဓာကိုယ်မှထွက်သည့် အညစ်အကြေးအရည်များကို ရိုးရိုးအမှိုက်ပုံးတွင် မစွန့်ပစ်ပါနှင့်။ ဆေးရုံဝန်ထမ်းများက အညစ်အကြေးများကို ဓာတုဆေး အန္တရာယ်ကာကွယ်ရေး အိတ်များထဲသို့ထည့်၍ ထိုအိတ်များကို အန္တရာယ်ရှိသည့်ဆေးများ စွန့်ပစ်ရာ သီးသန့်အမှိုက်ပုံးထဲတွင် စွန့်ပစ်မည်ဖြစ်သည်။  

အိမ်သာအသုံးပြုရာတွင်- သင်၏ကလေးသည် ယခုအချိန်တွင် ဆီးသွားခွက်ကို အသုံးမပြုသင့်ပါ။ လူနာအားလုံးသည် ထိုင်ရသော အိမ်သာများကိုသာ အသုံးပြုသင့်သည်။ သင်၏ကလေး အိမ်သာအသုံးပြုပြီးပါက ချက်ချင်း အိမ်သာအဖုံးကို ပိတ်ပါ။ သင်၏ကလေးသည် အတွင်းလူနာဖြစ်ပါက ဆေးရုံဝန်ထမ်းကို အိမ်သာအား ရေဆွဲချခိုင်းပါ။ အညစ်အကြေးအရည်များကို သင်ကိုယ်တိုင် ရေမလောင်းချပါနှင့်။ သင်၏ကလေးသည် ပြင်ပလူနာဖြစ်ပါက အိမ်သာအား သင်ကိုယ်တိုင် ရေဆွဲချနိုင်သည်။ 

အတွင်းလူနာအဖြစ်ကုသမှုခံယူစဉ် ဆီးခံလဲလှယ်ပေးခြင်း- ဆေးရုံတက်နေစဉ် သင်၏ကလေးသည် ဆီးခံဝတ်ထားပါက သက်ဆိုင်ရာသူနာပြုဝန်ထမ်းအား ဆီးခံလဲရမည့်အချိန်ကို ပြောပြထားပါ။ ဆီးခံလဲနည်းကို စနစ်တကျ သင်ယူထားခြင်းမရှိပါက သင့်ကလေး၏ ဆီးခံကို ကိုယ်တိုင် မလဲပါနှင့်။ ဆီးခံ မည်သို့လဲရမည်ကို တတ်မြောက်သိရှိသူဖြစ်ပါက လဲရာတွင် လက်အိတ်များ၊ အကာအကွယ်ဝတ်စုံများ၊ မျက်နှာနှင့်မျက်လုံး အကာအရံများ ဝတ်ဆင်သင့်သည်။ PPE ဝတ်စုံများကို အန္တရာယ်ရှိသောအညစ်အကြေးများ စွန့်ပစ်သည့် ပုံးထဲသို့ ထည့်ပါ။ လက်ကို သန့်ရှင်းစွာ ဆေးကြောပါ။ ဆီးခံနှင့်အညစ်အကြေးများကို အန္တရာယ်ရှိသော အညစ်အကြေးစွန့်ပစ်ပုံးထဲသို့မထည့်မီ ဆေးရုံဝန်ထမ်းများကို ဦးစွာအသိပေးပါ။ 

ပြင်ပလူနာဖြစ်ပါက- သင်၏ကလေးသည် ပြင်ပလူနာဖြစ်ပါက ညွှန်ကြားချက်အတိုင်း အကာအကွယ်ပစ္စည်းများကို ဝတ်ဆင်၍ ကလေး၏ အန်ဖတ်၊ သွေး၊ ဆီး၊ ဝမ်းနှင့် ဆီးခံများကို ကိုင်တွယ်ပါ။ အသုံးပြုပြီးသား PPE ဝတ်စုံများ၊ ဆီးခံအိတ်များ သို့မဟုတ် အခြားခန္ဓာကိုယ်အညစ်အကြေးအရည်များကို စွန့်ပစ်ရန် ဓာတုအညစ်အကြေးစွန့်ပစ်ပုံးကို အသုံးပြုပါ။ ဤပစ္စည်းများကို ရိုးရိုးအမှိုက်ပုံးထဲသို့ မထည့်ပါနှင့်။ 

အိမ်တွင် လူနာစောင့်ရှောက်သူများ ဘေးကင်းလုံခြုံရေး

လူနာစောင့်ရှောက်သူအားလုံးသည် လူနာ ဆေးရုံမှဆင်းပြီးလျှင်လည်း ဆေးဘက်ဆိုင်ရာစောင့်ရှောက်မှုအဖွဲ့မှ မှာကြားလိုက်သည့် ညွှန်ကြားချက်များကို လိုက်နာရန် လိုအပ်သည်။ လိုအပ်သည့် PPE အကာအကွယ်ပစ္စည်းများကို ဆောင်ထားကြောင်း သေချာပါစေ။

ကင်ဆာဓာတုဆေးကုထုံးခံယူပြီး အနည်းဆုံး 48 နာရီ ကြာသည့်တိုင်အောင် ဤညွှန်ကြားချက်များအတိုင်း လိုက်နာဆောင်ရွက်ပါ-  

  • ကလေး၏ အန်ဖတ်များ၊ သွေး၊ ဆီး နှင့် ဝမ်းတို့ကို ကိုင်တွယ်စွန့်ပစ်ရာတွင် လက်အိတ်နှင့် အကာအကွယ်ဝတ်စုံများကို ဝတ်ဆင်ပါ။
  • ကလေး၏ ညစ်ပေနေသော အိပ်ရာခင်းကို ကိုင်တွယ်ရာတွင် လက်အိတ်ဝတ်ပါ။
  • ခန္ဓာကိုယ်မှ အညစ်အကြေးအရည်များ သင့်ထံ လွင့်စင်နိုင်ပါက မျက်နှာအကာအရံ သို့မဟုတ် မျက်မှန်တို့ကို တပ်ထားပါ။
  • ကလေး၏ ဆီးခံကို လဲ‌ပေးနေစဉ် လက်အိတ်များဝတ်ထားပြီး မျက်နှာအကာအရံ သို့မဟုတ် မျက်မှန်များကို တပ်ထားပါ။ 
  • အသုံးပြုပြီးသား ဆီးခံများကို ပလက်စတစ်အိတ်ဖြင့် ထည့်၍ ရိုးရိုးအမှိုက်ပုံးထဲသို့ ထည့်ပါ။
  • မိမိအိမ်နှင့် ဆေးရုံတွင် အိမ်သာရေဆွဲချစဉ် အိမ်သာအဖုံးကို ပိတ်ထားပါ။

အညစ်အကြေးအရည်များနှင့် ထိတွေ့မိပါက ဘာလုပ်ရမလဲ

  • သင့်ကလေး၏ အညစ်အကြေးအရည်များ သင့်အရေပြားနှင့် ထိတွေ့မိပါက ချက်ချင်း ထိုနေရာကို ဆပ်ပြာ၊ ရေတို့နှင့် သေချာဆေးကြောပါ။
  • သင့်ကလေး၏ အညစ်အကြေးအရည်များ သင့်မျက်လုံးအတွင်းသို့ ဝင်သွားပါက မျက်လုံးကို ကျယ်ကျယ်ဖွင့်ထားပြီး ရေဖြင့် 15 မိနစ်ခန့်ကြာအောင် ဆေးပါ။ ထို့နောက် သင်၏ ကျန်းမာရေးဝန်ဆောင်မှုပေးသူ ဆရာဝန်ထံ ဆက်သွယ်၍ ဖြစ်စဉ်ကို ရှင်းပြပါ။ 

ကင်ဆာဓာတုဆေးကုထုံး ခံယူနေစဉ်နှင့် ခံယူပြီးနောက် သင် သို့မဟုတ် သင့်ကလေး၏ ဘေးကင်းလုံခြုံမှုနှင့် ပတ်သက်၍ စိုးရိမ်ပူပန်မှုများ၊ မေးမြန်းလိုသည်များရှိပါက ဆေးဘက်ဆိုင်ရာစောင့်ရှောက်မှုအဖွဲ့နှင့် ဆွေးနွေးတိုင်ပင်ပါ။

ကင်ဆာဓာတုဆေးကုထုံး ခံယူပြီးနောက် ခန္ဓာကိုယ်အညစ်အကြေးအရည်များကို ကိုင်တွယ်စွန့်ပစ်ခြင်းနှင့်ပတ်သက်၍ အဓိကလိုက်နာရမည့်အချက်များ

  • ကင်ဆာဓာတုဆေးကုထုံးနှင့် အခြားဓာတုဆေးများသည် အဆိုပါဆေးများကို ကိုင်တွယ်နေရပြီး လူနာ၏ အညစ်အကြေးအရည်များနှင့် ထိတွေ့နေရသည့် လူနာစောင့်ရှောက်သူများအတွက် အန္တရာယ်ရှိနိုင်သည်။
  • လူနာစောင့်ရှောက်သူများသည် အကာအကွယ်ပစ္စည်းများဖြစ်သည့် အကာအကွယ်ဝတ်စုံများ၊ လက်အိတ်များ၊ နှာခေါင်းစည်းများ သို့မဟုတ် မျက်လုံးအကာအရံများကို ညွှန်ကြားချက်အတိုင်း ဝတ်ရန် လိုအပ်သည်။
  • လူနာစောင့်ရှောက်သူများသည် ကင်ဆာဓာတုဆေးကုထုံးခံယူပြီး 48 နာရီအတွင်း လူနာ၏ ခန္ဓာကိုယ်မှထွက်သည့် အညစ်အကြေးအရည်များနှင့် ထိတွေ့မှုကို ရှောင်ကြဉ်သင့်ပြီး အန္တရာယ်ကင်းစွာ ကိုင်တွယ်စွန့်ပစ်ရန် ကြိုတင်ကာကွယ်မှုများကို လိုက်နာသင့်သည်။ 
  • ဆေးဘက်ဆိုင်ရာစောင့်ရှောက်မှုအဖွဲ့၏ ဘေးကင်းရေးဆိုင်ရာ ညွှန်ကြားချက်များကို အမြဲလိုက်နာပါ။


ပြန်လည်သုံးသပ်သည့်ရက်စွဲ- ဧပြီလ၊ 2024 ခုနှစ်