အဓိကအကြောင်းအရာ skip

ကြိုဆိုပါသည်

Together သည် - လူနာများနှင့် မိဘများ၊ မိသားစုဝင်များနှင့် သူငယ်ချင်းများအပါအဝင် - ကလေးကင်ဆာကြောင့် ထိခိုက်မှုရှိသူတိုင်းအတွက် ရင်းမြစ်အသစ်တစ်ခု ဖြစ်ပါသည်။

ပိုမိုလေ့လာရန်

ဆေးဝါးဆိုင်ရာ ဘေးကင်းစိတ်ချရမှု

ဆေးဝါးများကို စီမံခန့်ခွဲခြင်းသည် လူနာများနှင့် စောင့်ရှောက်သူများအတွက် စိန်ခေါ်မှုတစ်ရပ်ဖြစ်သည်။ မိသားစုများသည် ဆေးဝါးမျိုးစုံကို တစ်ပြိုင်တည် သုံးစွဲသောက်သုံးရလေ့ရှိသည်။ လူနာတိုင်းတွင် မတူညီသော တစ်ခါသောက် ဆေးပမာဏ၊ ဆေးသောက်ရမည့် အကြိမ်ရေနှင့် ဆေးပေးသည့် နည်းလမ်းတို့ ရှိနိုင်သည်။ ယင်းက အလွယ်တကူ ဒုက္ခပေးနိုင်သည်။ သို့ရာတွင် မိသားစုများအနေဖြင့် ဆေးဝါးများနှင့် ပတ်သက်၍ ကောင်းစွာ စီမံထိန်းချုပ်နိုင်မည့် နည်းလမ်းများရှိပါသည်။

ဆေးဝါးအားလုံးကို မှတ်တမ်းရယူပြီး သိမ်းဆည်းထားပါ

သင့်ကလေး၏ ဆေးစာရင်းနှင့် ဆေးဝါးအချက်အလက်များကို အလွယ်တကူအသုံးပြုနိုင်သည့်နည်းဖြင့် သိမ်းဆည်းထားရမည်။

ဆေးဝါးအချက်အလက်များနှင့် ညွှန်ကြားချက်များကို စောင့်ရှောက်သူအားလုံးက ရယူအသုံးပြုခွင့်ရှိရမည်။ မိသားစုအများစုသည် အချက်အလက်များကို စုစည်းပြီး လိုအပ်သောအခါ အလွယ်တကူ ရည်ညွှန်းကိုးကားနိုင်ရန်အတွက် ဖိုင်တွဲဖြင့် သိမ်းဆည်းလိုကြသည်။

သင့်ဆရာဝန် သို့မဟုတ် ဆေးဆိုင်သို့ သွားရောက်သည့်အခါတိုင်း ဆေးစာရင်းကို သင်နှင့်တစ်ပါတည်း ယူဆောင်ရန် သတိပြုရမည်။

ဥပမာအနေဖြင့် ကျွန်ုပ်၏ ဆေးစာရင်း™ ကို ကြည့်ပါ။

ညွှန်ကြားချက်များကို ရှင်းရှင်းလင်းလင်း သဘောပေါက်ပါစေ

အောက်ပါအချက်များ အပါအဝင် ဆေးတစ်မျိုးစီအတွက် မည်သို့သောက်သုံးရမည်ဆိုသည့် တိကျသော ညွှန်ကြားချက်များကို ချရေးထားပါ-

  • တစ်ခါသောက် ဆေးပမာဏ - ဆေးကို တစ်ကြိမ်လျှင် မည်မျှသောက်သုံးသင့်ပါသနည်း။ ဆေးကို မည်သို့တိုင်းတာသင့်သနည်း (ဆေးလုံး၊ ဆေးထိုးပြွတ်၊ ဆေးခွက်)။ လက်ဖက်ရည်ဇွန်းများ သို့မဟုတ် စားပွဲတင်ဇွန်းများကဲ့သို့ အိမ်သုံးတိုင်းတာရေးစနစ်များကို အသုံးမပြုမိရန် သတိပြုပါ။
  • ဆေးသောက်ရန် အချိန်ဇယား - ဆေးဝါးများကို တစ်နေ့တာအတွင်း မည်သည့်အချိန်များ၌ အကြိမ်ရေမည်မျှသောက်သုံးသင့်သနည်း။
  • ဆေးသောက်ရန် တိကျသော ညွှန်ကြားချက်များ - ဆေးကို မည်သို့သောက်သုံးသင့်သနည်း (အစာနှင့် သို့မဟုတ် အစာမစားဘဲ၊ အိမ်ရာဝင်ချိန် မတိုင်မီ)။

ဆေးဝါးတစ်မျိုးစီအတွက် ပြန်လည်ဝယ်ယူဖြည့်ဆည်းမှု လုပ်ငန်းစဉ်အဆင့်ဆင့်နှင့် ပတ်သက်၍ မေးမြန်းပါ။ သင့်ဆေးဝါးအချို့သည် ဘေးကင်းစိတ်ချရမှုအတွက် တိကျသော သတ်မှတ်ချက်များ၊ ဆေးကို အလွယ်တကူဝယ်ယူရရှိနိုင်မှု သို့မဟုတ် အခြား ထည့်သွင်းစဉ်းစားရန်အချက်များကြောင့် ဆရာဝန် သို့မဟုတ် ဆေးဝါးပညာရှင်က ထပ်ဆောင်း ညွှန်ကြားပေးရန် အဆင့်များကို လိုအပ်နိုင်သည်။ အထူးလုပ်ငန်းစဉ်အဆင့်ဆင့်နှင့် ပတ်သက်၍ သင့်ဆရာဝန်နှင့် ဆေးဝါးပညာရှင်တို့နှင့် ဆွေးနွေးပြောဆိုပြီး ဆေးကို မည်သည့်အချိန်တွင် ပြန်လည်ဝယ်ယူဖြည့်တင်းရမည်ကို သိအောင်လုပ်ပါ။ "သင့်တွင် ဆေးလုံး ၅ လုံးကျန်ရှိသောအခါ ဆေးဆိုင် ဖုန်းခေါ်ဆိုရန်" ကဲ့သို့သော ဆေးဝါးတစ်မျိုးစီအတွက် သီးခြားညွှန်ကြားချက်များကို ချရေးပါ။

ညွှန်ကြားထားသည့် ဆေးဝါးတစ်မျိုးစီအတွက် ထိုဆေးဝါးကို မည်သို့သောက်သုံးရမည်ဆိုသည့် သီးခြားညွှန်ကြားချက်များကို ချရေးပါ- မှတ်စုများတွင် တစ်ခါသောက် ဆေးပမာဏ၊ ဆေးသောက်ရန် အချိန်ဇယားနှင့် ဆေးသောက်ရန် တိကျသော ညွှန်ကြားချက်များ ပါဝင်သင့်သည်။

ညွှန်ကြားထားသည့် ဆေးဝါးတစ်မျိုးစီအတွက် ထိုဆေးဝါးကို မည်သို့သောက်သုံးရမည်ဆိုသည့် သီးခြားညွှန်ကြားချက်များကို ချရေးပါ- မှတ်စုများတွင် တစ်ခါသောက် ဆေးပမာဏ၊ ဆေးသောက်ရန် အချိန်ဇယားနှင့် ဆေးသောက်ရန် တိကျသော ညွှန်ကြားချက်များ ပါဝင်သင့်သည်။

သင့်ဆေးဝါးများအကြောင်းကို သိရှိနားလည်အောင်ပြုလုပ်ပါ

ညွှန်ကြားထားသည့် ဆေးဝါးတစ်မျိုးစီအတွက် အခြေခံအချက်အလက်များကို ရရှိရန် အရေးကြီးပါသည်။ ဤသို့သိရှိခြင်းဖြင့်အကျိုးကျေးဇူးများစွာ ရရှိပါသည်-

  • ဆေးမှားပေးမှု၊ ဆေးမှားသောက်မှုများ မဖြစ်အောင် ကာကွယ်တားဆီးရာတွင် အထောက်အကူဖြစ်စေသည်
  • မိသားစုနှင့် စောင်ရှောက်ရေး အဖွဲ့အကြား ပိုမိုကောင်းမွန်သော ဆက်ဆံရေးကို တိုးမြင့်ဖြစ်ပေါ်စေသည်
  • ကုသမှု အစီအစဉ်အတွင်း လူနာများနှင့် မိသားစုများအနေဖြင့် ကုသမှုတွင် ပါဝင်နိုင်ပြီး ကုသမှုနှင့် ပတ်သက်၍ စီမံဆုံးဖြတ်ခွင့် ရရှိနိုင်သည်

အရွယ်ကြီးသော ကလေးများနှင့် ဆယ်ကျော်သက်အရွယ်ကလေးများသည် အသက်အရွယ်အလိုက်၊ ဆေးကုသရေးနည်းနာအရ သင့်တော်သောနည်းများဖြင့် ဆေးဝါးများကို စီမံခန့်ခွဲရာတွင် ပါဝင်ဆောင်ရွက်ရန် သင်ယူနိုင်ကြသည်။

ဤအချက်အလက်များကို သင့်မှတ်တမ်းများအတွင်း သိမ်းဆည်းပါ-

ဆေးဝါးအမည် - ဤဆေးဝါး၏ တံဆိပ်နှင့် အများခေါ်အမည်ကို ဖော်ပြပါ။ ဆေးဝါးများကို နာမည်အမျိုးမျိုး တပ်၍ ခေါ်ဝေါ်လေ့ရှိကြသည်။ ဆေးဘူး၏ ဆေးညွှန်းပေါ်တွင် ပြသထားသည့် ဆေးအမည်ကို သိရှိထားရမည်။ ဆေးဝါးများကို "အဝါရောင်ဆေးလုံး" သို့မဟုတ် "ဟိုက်ဒရိုစာလုံးနှင့် အစပြုသည့်ဆေး" စသည်ဖြင့် မရည်ညွှန်းပါနှင့်။ ဆေးဝါးအများစုသည် အသွင်တူပြီး ဆင်တူသောနာမည်များရှိကြသည်။ ဆေးဝါးတစ်မျိုးစီ၏ တိကျသောအမည်ကို သိရှိခြင်းသည် မရေမရာဖြစ်မှုနှင့် အမှားအယွင်းများ မဖြစ်ပေါ်စေရန် အထောက်အကူပြုသည်။

ဆေးဝါး၏ ရည်ရွယ်ချက် – ဤဆေးဝါးကို မည်သည့်အတွက် အသုံးပြုရသနည်း။ ဆေးဝါးတစ်မျိုးစီသည် မည်သို့လုပ်ဆောင်ပြီး မည်သည့်အတွက် သောက်သုံးရန် ညွှန်ကြားကြောင်းကို သိရှိရမည်။ ဥပမာအားဖြင့် ဤဆေးဝါးသည် ကီမိုဆေးသွင်းခြင်း ကုထုံး ဆေးဝါး သို့မဟုတ် အကိုက်အခဲပျောက်ဆေး သို့မဟုတ် ပဋိဇီဝဆေးဖြစ်ပါသလား။ ဆေးဝါးတိုင်းကို မည်သည့်အတွက် အသုံးပြုသည်ကို နားလည်ခြင်းက မိသားစုများအား စောင့်ရှောက်မှုအဖွဲ့၊ ဆေးဝါးပညာရှင်တို့နှင့် ဆက်သွယ်ဆောင်ရွက်ရာတွင် အထောက်အကူပြုပေးနိုင်သည်။ ဆေးဝါးကို မည်သည့်အတွက် လိုအပ်ကြောင်းကို သိရှိခြင်းကလည်း ဆေးဝါးဆိုင်ရာ လိုက်နာရမည့် အချက်များ (ဆေးကို သောက်ရမည့်အချိန်နှင့် မည်သို့သောက်ရမည်) ကို ပိုမိုသိရှိစေသည်။ ဆေးဝါးများ၏ လုပ်ဆောင်ပုံ သိရှိခြင်းကလည်း ဆေးဝါးအချင်းချင်း တုံ့ပြန်မှုများဖြစ်ပေါ်ခြင်း သို့မဟုတ် ဆေးဝါးသောက်သုံးမှုလွန်ကဲခြင်းတို့ကဲ့သို့ ဆေးဝါးနှင့် ဆက်စပ်သော အန္တရာယ်များကို ကာကွယ်တားဆီးရာတွင် အထောက်အကူပြုနိုင်သည်။

ဘေးထွက်ဆိုးကျိုးများ – ဤဆေးဝါး၏ အဖြစ်များသော ဘေးထွက်ဆိုးကျိုးများမှာ မည်သည်တို့ဖြစ်သနည်း။ ဆေးဝါးများတွင် ဘေးထွက်ဆိုးကျိုးများစွာကို ဖော်ပြထားသောစာရင်းပါဝင်လေ့ရှိသည်။ အချို့မှာ ဖြစ်နိုင်ခြေအလွန်မြင့်မားပြီး အချို့မှာ ရံဖန်ရံခါမှသာ ဖြစ်ပွားနိုင်သည်။ ဖြစ်ပေါ်လာနိုင်သော ဘေးထွက်ဆိုးကျိုးများကို သိရှိထားခြင်းက မိသားစုများအနေဖြင့် ဆေးဝါးတုံ့ပြန်မှုများကို စောင့်ကြည့်ရာတွင် အထောက်အကူဖြစ်စေပြီး ရောဂါလက္ခဏာများကို စောစီးစွာ တွေ့မြင်စေနိုင်သည်။ 

သွင်ပြင်ပုံစံ - ဤဆေးဝါးသည် မည်သည့်ပုံစံနှင့် အသွင်တူသနည်း။ ဆေးဝါးတစ်မျိုးစီ၏ သွင်ပြင်ကို သိရှိခြင်းအားဖြင့် ဆေး၊ ဆေးပေးခြင်းဆိုင်ရာ အမှားအယွင်းများကို ကာကွယ်တားဆီးရာတွင် အထောက်အကူဖြစ်စေသည်။ ဆေးအကြောင်း ဖော်ပြချက်ကို ချရေးပါ သို့မဟုတ် သင့်ဆဲလ်ဖုန်းဖြင့် ဓာတ်ပုံရိုက်ယူပါ။ သင့်ဆေးဝါးများသည် ပုံမှန်မဟုတ်သော သွင်ပြင် သို့မဟုတ် အရသာထွက်ပါက သင်၏ ဆေးဝါးပညာရှင်နှင့် ဆက်သွယ်ပါ။ ၎င်းသည် ဆေးတစ်မျိုးတစ်စားတည်းဖြစ်သော်လည်း ခြားနားစွာ ဖော်စပ်ထုတ်လုပ်ထားခြင်းဖြစ်နိုင်သည်။ သို့မဟုတ် အမှားအယွင်းတစ်ခုလည်း ဖြစ်နိုင်သည်။ အမြဲတမ်း မေးခွန်းများမေးမြန်းသင့်ပြီး ဘေးကင်းစိတ်ချရအောင် လုပ်ဆောင်သင့်ပါသည်။

သိမ်းဆည်းမှု – ဆေးဝါးများကို မည်သို့သိမ်းဆည်းရမည်နည်း။ အချို့ဆေးဝါးများကို ရေခဲသေတ္တာအတွင်း သိမ်းဆည်းသင့်ပါသည်။ အခြားဆေးဝါးများကိုမူ အခန်းအပူချိန်၌ သိမ်းဆည်းသင့်ပါသည်။ ရေချိုးခန်းများကဲ့သို့ စိုထိုင်းဆမြင့်မားသော နေရာများတွင် ဆေးဝါးများကို သိမ်းဆည်းခြင်း မပြုပါနှင့်။ အချို့ဆေးဝါးများသည် ၎င်းတို့အား ပြင်ဆင်ပြီးသည်နှင့် တစ်ပြိုင်နက် လျင်မြန်စွာ သက်တမ်းကုန်ဆုံးသွားနိုင်ပါသည်။ ဆေးဝါးများ၏ မူလရည်ရွယ်ရင်း အာနိသင်များ ပျောက်ဆုံးမသွားစေရန် သိမ်းဆည်းမှုညွှန်ကြားချက်များကို လိုက်နာဆောင်ရွက်ပါ။ ဆေးဝါးများကို ကလေးများနှင့် ဝေးရာတွင် ထားပါ။ အသုံးမပြုတော့သော ဆေးဝါးများအား မည်သို့စွန့်ပစ်ရမည်ကို သင့်ဆေးဝါးပညာရှင်အား မေးမြန်းပါ။

အခြားကြိုတင် ကာကွယ်ရန်အချက်များ – ဆေးဝါးအတွက် ဘေးကင်းစိတ်ချရမှုဆိုင်ရာ အခြားအထူးလုပ်ဆောင်ချက်များ ရှိပါသလား။ ကီမိုဆေးသွင်းခြင်း ကုထုံးကဲ့သို့ အချို့ဆေးဝါးများသည် စောင့်ရှောက်သူများအပေါ် အန္တရာယ်ကျရောက်နိုင်သည်။ ဘေးကင်းစိတ်ချရမှုရှိစွာ ကိုင်တွယ်ဆောင်ရွက်ရန် ညွှန်ကြားချက်များကို လိုက်နာဆောင်ရွက်ပါ။ အဆိုပါညွှန်ကြားချက်များတွင် လက်အိတ်များ ဝတ်ဆင်ခြင်း၊ ဆေးနှင့် ဆေးကုသမှုပစ္စည်းများကို ကောင်းစွာစွန့်ပစ်ခြင်းအပြင် လူနာ၏ ခန္ဓာကိုယ်မှ ထွက်သောအရည်များနှင့် မထိမိစေရန် ရှောင်ကြည်ခြင်းတို့ ပါဝင်သည်။

ဆေးဝါးအချင်းချင်း တုံ့ပြန်မှုများဖြစ်ပေါ်ခြင်း – ဤဆေးဝါးကို သောက်သုံးသည့်အခါ အချို့သော အစားအစာများ၊ ဖြည့်စွက်ဆေးဝါးများ သို့မဟုတ် ဆေးဆိုင်မှ အလွယ်တကူဝယ်ယူရရှိသောဆေးများကို ရှောင်ကြဉ်သင့်ပါသလား။ ဆေးဝါးအချင်းချင်း တုံ့ပြန်မှုများဖြစ်ပေါ်ခြင်းသည် ဆေးဝါးအား အနှောက်အယှက်ဖြစ်ပေါ်စေနိုင်ပြီး အာနိသင်ထိရောက်မှုကို လျော့နည်းကျဆင်းစေသည်။ ဆေးဝါးအချင်းချင်း တုံ့ပြန်မှုဖြစ်ပေါ်ခြင်း သည် လူနာများအတွက် ဆိုးရွားပြင်းထန်သည့် အန္တရာယ်ကို ဖြစ်စေနိုင်သည်။

ဆေးဝါးများကို စီမံခန့်ခွဲရန် အကြံပေးချက်များ

နေအိမ်တွင်-

  • ဆေးဝါးများကို မူလထည့်စရာများအတွင်း၌သာ သိမ်းဆည်းပါ။
  • ဆေးဝါးများနှင့် ဆေးပေးသည့် ပစ္စည်းများကို သီးခြားနေရာတစ်ခု၌ စုစည်း သိမ်းဆည်းပါ။
  • သင် ဆေးသောက်ရမည့်အချိန်ကို သတိပြုမိစေရန် ဇယားများ၊ ပြက္ခဒိန်များ သို့မဟုတ် သတိပေးချက်များကို အသုံးပြုပါ။
  • အချိန်ဇယားကို တစ်သမတ်တည်းထား၍ အသုံးပြုပါ။
  • ဆေးသောက်ရန် မေ့လျော့ခြင်းနှင့် ဆေးကို လွန်ကဲစွာ သောက်သုံးခြင်းတို့မှ ရှောင်ရှားနိုင်ရန် ဆေးသောက်သည့်အချိန်ကို မှတ်သားထားပါ။
  • ဆေးဝါးပြတ်တောက်သွားမှုမဖြစ်စေရန် တစ်ခါသောက် ဆေးပမာဏ မည်မျှကျန်ရှိသေးသည်ကို သတိပြုပါ။

ဆေးဆိုင်တွင်-

  • ဆေးဝါးအားလုံးကို ဆေးဆိုင်တစ်ခုတည်းမှ ရယူပါ၊ ထို့နောက် သင်၏ ဆေးဝါးပညာရှင်ကို သိရှိရန် ကြိုးစားပါ။
  • မည်သည့်ဓာတ်မတည့်မှုကိုမဆို (ဆေးနှင့် ဓာတ်မတည့်မှု၊ ပတ်ဝန်းကျင်နှင့် ဓာတ်မတည့်မှု သို့မဟုတ် အစားအစာနှင့် ဓာတ်မတည့်မှု) သင်၏ ဆေးဝါးပညာရှင်အား အသိပေးပါ။
  • ဆေးဆိုင်တွင် ဆေးညွှန်းတစ်ခုစီကို ကောင်းစွာဂရုပြုစစ်ဆေးပြီး သင်မပြန်မီ မေးခွန်းများ မေးမြန်းပါ။
  • အညွှန်းအားလုံးသည် ရှင်းရှင်းလင်းလင်းရှိပြီး အလွယ်တကူ ဖတ်ရှုနိုင်ကြောင်း သေချာပါစေ။
  • အချက်အလက်များကို ချရေးပါ။ မှတ်ဉာဏ်ကို အားမကိုးပါနှင့်။

သင်၏ ဆေးဝါးစာရင်းကို ကောင်းစွာနားလည်သဘောပေါက်ရန် အထောက်အကူပြုပစ္စည်းများ

  • ဆေး၊ ဆေးပေးခြင်း ဇယား သို့မဟုတ် ပြက္ခဒိန်တစ်ခုကို သိမ်းဆည်းထားပါ။ ဆေးဝါးတစ်မျိုးစီအတွက် မှတ်သားမှုပြုလုပ်ရာတွင် စတစ်ကာများ သို့မဟုတ် အရောင်များကို အသုံးပြုပါ။
  • ဆေးများကို မှတ်သားထားရန် မိုဘိုင်းလ်အက်ပ်တစ်ခုကို အသုံးပြုပါ။ သတိပေးချက်များနှင့် မှတ်သားပေးသည့် လုပ်ဆောင်ချက်များကို ပံ့ပိုးပေးသည့် အက်ပ်အမျိုးမျိုးကို ရရှိနိုင်ပါသည်။
  • ဆေးစာရင်းနှင့် ကုသရေးဆေးဝါးတစ်မျိုးစီအတွက် လူနာအသိပညာပေး လက်ကမ်းစားစောင်များရယူရန် သင်၏ ဆရာ၀န် သို့မဟုတ် ဆေးဝါးပညာရှင်အား မေးမြန်းပါ။

သင်၏ ကိုယ်ပိုင်ဆေးလုံးစာရင်းကတ်ပြားကိုAHRQ.gov၌ ဖန်တီးပါ။

သင်၏ ဆရာ၀န် သို့မဟုတ် ဆေးဝါးပညာရှင်အား မေးမြန်းရန် မေးခွန်းများ

  • ဆေးသောက်ရန် မေ့သွားပါက မည်သို့လုပ်ဆောင်သင့်သနည်း။
  • ဆေးကို သောက်ရမည့်ပမာဏထက် ပို၍ သောက်မိပါက မည်သို့လုပ်ဆောင်သင့်သနည်း။
  • ကျွန်ုပ်၏ကလေးသည် ဆေးသောက်ပြီးနောက် အော့အန်လျှင် မည်သို့လုပ်ဆောင်သင့်သနည်း။
  • ကျွန်ုပ်၏ကလေးသည် ဆေးသောက်ပြီးနောက် ပြဿနာများဖြစ်လာပါကမည်သို့လုပ်ဆောင်သင့်သနည်း။
  • ဆေးဝါးများကို အစားအစာ သို့မဟုတ် အရည်နှင့် ရောနှောနိုင်ပါသလား။
  • ဆေးပြား သို့မဟုတ် ဆေးလုံးကို ကြိတ်ခြေခြင်း သို့မဟုတ် ထက်ဝက်ပိုင်းဖြတ်ခြင်း ပြုလုပ်နိုင်ပါသလား။
  • ဆေးဝါးသည် စောင့်ရှောက်သူများအတွက် အန္တရာယ်ဖြစ်ပေါ်စေနိုင်ပါသလား။
  • ဆေးဝါး သို့မဟုတ် ဆေးကုသမှုဆိုင်ရာ ထောက်ပံ့ပစ္စည်းများ ပြတ်တောက်သွားပါက မည်သို့ပြုလုပ်သင့်ပါသနည်း။

ဆေး၊ ဆေးပေးခြင်းဆိုင်ရာ ဘေးကင်းစိတ်ချရမှုအကြောင်းကို FDA.gov ထံတွင် ပိုမိုလေ့လာပါ


Together
သည် ဤဆောင်းပါးအတွင်း ဖော်ပြထားသော မည်သည့်ထုတ်ကုန်တံဆိပ်ကိုမှ ထောက်ခံအတည်ပြုထားခြင်း မရှိပါ။


ပြန်လည်သုံးသပ်ခဲ့သည့်ရက်စွဲ- ၂၀၁၈ ခုနှစ်၊ ဇွန်လ