အဓိကအကြောင်းအရာ skip

ကြိုဆိုပါသည်

Together သည် - လူနာများနှင့် မိဘများ၊ မိသားစုဝင်များနှင့် သူငယ်ချင်းများအပါအဝင် - ကလေးကင်ဆာကြောင့် ထိခိုက်မှုရှိသူတိုင်းအတွက် ရင်းမြစ်အသစ်တစ်ခု ဖြစ်ပါသည်။

ပိုမိုလေ့လာရန်

ကောင်းမွန်သော စည်းဘောင်များကို ထိန်းသိမ်းခြင်း

ကလေးကင်ဆာရောဂါသည်များနှင့် ၎င်းတို့၏မိသားစုများသည် မကြာခဏအားဖြင့် စောင့်ရှောက်မှုအဖွဲ့ဝင်များနှင့် ပိုမိုရင်းနှီးလာတတ်ကြပါသည်။ ထို့အပြင် စောင့်ရှောက်မှုအဖွဲ့ဝင်များနှင့် ၎င်းတို့၏လူနာများ ဆက်ဆံရေးတို့သည်လည်း မကြာခဏတိုးတက်လာပါသည် ကင်ဆာရောဂါသည်ကလေးများကို စောင့်ရှောက်ခြင်းသည် ရက်ပိုတိုးလာသည့်အချိန်များအတွက်ဆိုလျှင် နေ့စဉ်ဂရုစိုက်ရသည်များပါ ပါလာတတ်သည်။ ယင်းကဲ့သို့ရင်းနှီးလာမှုသည် ပုံစံအမျိုးမျိုးနှင့် အထောက်အကူပြုပါသည်။ မိသားစုများနှင့် စောင့်ရှောက်မှုအဖွဲ့ဝင်များအကြားမှ ကောင်းမွန်သည့် ဆက်ဆံရေးများသည်

  • ရိုးသားသည့် ဆက်ဆံရေးကို တိုးမြှင့်နိုင်ပါသည်။
  • ဆုံးဖြတ်ချက်ချမှတ်ရာတွင် ယုံကြည်မှုနှင့် လက်တွဲဆောင်ရွက်မှုများကို အားကောင်းစေသည်။
  • စိတ်ပိုင်းဆိုင်ရာ အထောက်အပံ့ပေးနိုင်သည်။

သို့ရာတွင် သင့်တင့်သော စည်းဘောင်များသည် မိသားစုများနှင့် စောင့်ရှောက်မှုပေးသူများနှစ်ဖက်စလုံးကို ကာကွယ်ရန်အတွက် အရေးပါပါသည်။

လူနာများနှင့် သူတို့၏မိသားစုများသည် စောင့်ရှောက်မှုအဖွဲ့ဝင်များနှင့် ကောင်းမွန်သောစည်းဘောင်များ ထားရှိသင့်ပါသည်။ ဤပုံတွင် စောင့်ရှောက်မှု အဖွဲ့ဝင်တစ်ဦးသည် လူနာတစ်ယောက်ကို ဖက်နေသည်။

စောင့်ရှောက်မှုအဖွဲ့ဝင်များသည် ပွေ့ဖက်မှုကိုပေးခြင်း၊ မိမိဘဝဖြစ်ရပ်များကို ပြောပြမျှဝေခြင်းနှင့် လူနာအား ယုံကြည်မှုဖြစ်စေရန် သူတို့၏ကိုယ်ရေးကိုယ်တာအကြောင်းအသေးစိတ်ကိုမေးခြင်း များအားဖြင့် ကူညီပံ့ပိုးပေးနိုင်သည်။

စည်းဘောင်များထားခြင်း၏ အရေးကြီးပုံ

လူနာများနှင့် စောင့်ရှောက်မှုအဖွဲ့ဝင်များသည် တစ်ခါတစ်ရံတွင် ချိတ်ဆက်နေသောရင်းနှီးမှုများ ရှိတတ်ကြသည်။ စောင့်ရှောက်အဖွဲ့ဝင်များအား သူတို့၏အလုပ်ကို သေချာကောင်းမွန်စွာ လုပ်ကိုင်နိုင်စေရန် မိဘများဟာ စာနာမှု၊ မျှဝေခံစားမှုနှင့် လေးစားမှုရှိရန်လိုအပ်ပါသည်။ လူနာများနှင့် မိသားစုများကို နားလည်လာခြင်းသည် ဤဖြစ်စဉ်၏တစ်စိတ်တစ်ပိုင်း ဖြစ်သည်။ တစ်ချိန်တည်းမှာပင် စည်းဘောင်များသည်လည်း အရေးကြီးသည်။ ကလေးများနှင့် မိသားစုများသည် ခက်ခဲပြီး ရှုပ်ထွေးသော ကုသမှုများ၊ စောင့်ရှောက်မှုများနှင့်ပတ်သက်ပြီး အရေးကြီးသောဆုံးဖြတ်ချက်များချရန် စောင့်ရှောက်မှုအဖွဲ့ကို အားထားရမည်ဖြစ်သည်။

အလုပ်သဘော စည်းဘောင်များထားခြင်းသည် အောက်ပါအချက်များကို အာမခံနိုင်သည်-

  • လူနာများအားလုံးကို တစ်ပြေးညီ ဂရုစိုက်နိုင်သည်။
  • စောင့်ရှောက်မှု ဆုံးဖြတ်ချက်များကို ဓမ္မဓိဌာန်ကျစွာ လူနာ၏အကျိုးအတွက် ချမှတ်နိုင်သည်။
  • လူနာနှင့် မိသားစုများသည် စောင့်ရှောက်မှုအဖွဲ့ဝင်များထံမှ လက်တွေ့မကျသော မျှော်လင့်ချက်များကို ထားရှိမည်မဟုတ်ပါ။
  • လူနာနှင့် မိသားစုများကို မသင့်တော်သော ဩဇာလွှမ်းမိုးမှု သို့မဟုတ် ဆက်ဆံရေးမှ ကာကွယ်ပေးပါသည်။
  • စောင့်ရှောက်မှု အဖွဲ့ဝင်များကိုလည်း ကျွမ်းကျင်သူများအဖြစ်လေးစားကြသည်။

စည်းဘောင်များ ချမှတ်ခြင်း

စောင့်ရှောက်မှုအဖွဲ့ဝင်အမျိုးမျိုးတွင် အလုပ်သဘောအရ စည်းဘောင်များထားခြင်းနှင့် ပတ်သက်ပြီး မတူညီသောအမြင်များ ရှိနိုင်သည်။ အချို့ သောစောင့်ရှောက်မှုအဖွဲ့ဝင်များသည် လူနာများနှင့်ဆက်ဆံရာတွင် ပို၍အလုပ်သဘောနည်းလမ်းဆန် နိုင်ပြီး အခြားသူများမှာမူ ပိုပွင့်လင်းသည့်ကိုယ်ပိုင်ဟန်ပန် ရှိနိုင်သည်။ လူနာများနှင့် မိသားစုများ ဆက်ဆံရာတွင်လည်း ထိုနည်းတူပင်ဖြစ်သည်။

အဖွဲ့ဝင်များသည် မိသားစုများကို အကူအညီနှင့် အဆက်အသွယ်များအား အောက်ပါနည်းလမ်းများကဲ့သို့ ပေးနိုင်ကြသည်။

  • ပွေ့ဖက်မှုကိုပေးခြင်း သို့မဟုတ် ရုပ်ပိုင်းဆိုင်ရာ ထိတွေ့ပြီး နှစ်သိမ့်မှုပေးခြင်း
  • စာနာမှုကိုပြသရန်၊ အားပေးမှုပံပိုးရန် သို့မဟုတ် စိတ်ပျော်ရွှင်လာစေရန် အတိုချုပ်သော မိမိအကြောင်းများ သို့မဟုတ် ဖြစ်ရပ်များကို ပြောပြခြင်း၊
  • လူနာ၏ မောင်နှမ သားချင်းများနှင့် သူငယ်ချင်းများကို ရင်းနှီးမှုရယူခြင်း၊
  • အိမ်သို့လာရောက်စောင့်ရှောက်သောအခါတွင် အပြန်အလှန်ပြောဆိုဆက်ဆံခြင်း၊
  • လူနာအား စိတ်ဓာတ်တက်ကြွစေရန် ပုဂ္ဂိုလ်ရေးအသေးစိတ်များကိုမေးမြန်းပြီး ယုံကြည်မှုရယူခြင်း၊
  • ချိုချဉ်များ၊ စတစ်ကာများ သို့မဟုတ် ပူဖောင်းများ စသည့် လက်ဆောင်ငယ်လေးများပေးခြင်း၊

တစ်ခါတစ်ရံ ကလေးများသည် ကုသမှုရယူချိန်တွင် စိတ်ဓာတ်တက်ကြွစေရန် ဂရုစိုက်မှုများ ပိုပြီးလိုအပ်ကြပါသည်။ ထိုကဲ့သို့သောဖြစ်ရပ်များသည် သူငယ်ချင်းများ၊ ကျောင်းနှင့် အခြားနှစ်သိမ့်မှုများမှဝေးနေပြီး ဆေးရုံတွင်နေရသည့်ရက်ပိုကြာသွားတတ်သည့် လူနာများတွင် ပိုဖြစ်တတ်သည်။

မိသားစုများနှင့် စောင့်ရှောက်မှုအဖွဲ့ဝင်များအကြားမှ ကောင်းမွန်သည့် ဆက်ဆံရေးသည် ယုံကြည်မှု တည်ဆောက်ရန်နှင့် ဆုံးဖြတ်ချက်ချရာတွင် ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ရန် အကူအညီဖြစ်စေပါသည်။ ဤပုံတွင် ၀ - ၁၈ နှစ်အကြားဖြစ်သော ကလေးဘဝ ကင်ဆာရောဂါသည်တစ်ဦးသည် သူ၏ကလေးကင်ဆာအထူးကုဆရာဝန်နှင့် ဆေးခန်းထဲတွင် လက်သီးချင်းတိုက်နေသည်။

မိသားစုများနှင့် စောင့်ရှောက်မှုအဖွဲ့ဝင်များအကြားမှ ကောင်းမွန်သည့် ဆက်ဆံရေးသည် ယုံကြည်မှု တည်ဆောက်ရန်နှင့် ဆုံးဖြတ်ချက်ချရာတွင် ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ရန် အကူအညီဖြစ်စေပါသည်။

စည်းဘောင်များထားရှိရန်မှာ စောင့်ရှောက်မှုအဖွဲ့ဝင်များ၏တာဝန်ဖြစ်ပါသည်။ လူနာ သို့မဟုတ် လူနာမိသားစု၏တာဝန်မဟုတ်ပါ။ စောင့်ရှောက်မှုအဖွဲ့ဝင်များထံမှ လုံးဝလက်ခံရရှိမည်မဟုတ်သော မသင့်တော်သည့်အပြုအမူများမှာ

  • မေတ္တာမျှခြင်း သို့မဟုတ် လိင်ပိုင်းဆိုင်ရာ ရင်းနှီးမှုများ
  • ငွေကြေးနှင့်ပတ်သတ်ပြီး ထိန်းချုပ်ခြင်း
  • ပုဂ္ဂိုလ်ရေးပြဿနာများနှင့်ပတ်သတ်ပြီး အကူအညီတောင်းခြင်း၊ ထွက်ပေါက်ရှာခြင်း၊
  • တချို့သော နိုင်ငံရေးနှင့်ပတ်သတ်သော၊ ဘဝနေထိုင်မှုနှင့်ပတ်သတ်သော သို့မဟုတ် ဘာသာရေးအမြင်များနှင့်ပတ်သတ်သော အကူအညီများပေးရန် ဖိအားပေးခြင်း
  • ဆေးကုသမှုနယ်ပယ်ပြင်ပတွင် ရင်းနှီးမှုရယူရန် ကြိုးစားခြင်းတို့ဖြစ်သည်။

အခြားသောစည်းဘောင်များသည် ဤမျှ ရှင်းလင်းစုံလင်မည် မဟုတ်ပါ။ အချို့သောမိသားစုများသည် စောင့်ရှောက်မှုအဖွဲ့ဝင်များမှ ပုဂ္ဂိုလ်ရေး ဆိုင်ရာအချက်အလက် မျှဝေမှုများလွန်းလျှင်၊ ပုဂ္ဂိုလ်ရေးရာမေးခွန်းများ အရမ်းမေးလွန်းလျှင် မသက်မသာခံစားရနိုင်သည်။ လူနာများနှင့် မိသားစုဝင်များသည် သူတို့နှင့်သက်ဆိုင်သော စည်းဘောင်များကို ကိုယ်တိုင်ချမှတ်ပြီး အခြေအနေတစ်ခုနှင့် ပတ်သတ်ပြီး အဆင်မပြေတော့သောအခါ သေချာပြောပြသင့်သည်။ အဖွဲ့ဝင်တစ်ဦးမှ စည်းကျော်ပြီး မသင့်တော်သော အပြုအမူများပြုလုပ်လာသောအခါ မိသားစုများသည် အခြားအဖွဲ့ဝင်တစ်ဦးကို အသိပေးခြင်း သို့မဟုတ် လူနာအကြံပေးထံမှ အကူအညီရယူခြင်းများ လုပ်သင့်သည်။

လူမှုမီဒီယာ - လူနာ၏ သီးသန့်တည်ရှိမှု (privacy) ကို ကာကွယ်ခြင်း

နည်းပညာနှင့် လူမှုမီဒီယာသည် စောင့်ရှောက်မှု အဖွဲ့ဝင်များကို လူနာ၊ မိသားစုများနှင့် ဆက်သွယ်ရန် လမ်းကြောင်းသစ်များ ဖန်တီးပေးလာကြသည်။ သို့ရာတွင် Facebook၊ Twitter ၊ YouTube၊ နှင့် CaringBridge ကဲ့သို့သော ဝဘ်ဆိုဒ်များသည် အန္တရာယ်များရှိနိုင်သည်။ အလားအလာရှိသော အန္တရာယ်များတွင် အောက်ပါအချက်များ ပါနိုင်ပါသည်။

  • ပုဂ္ဂိုလ်ရေး သို့မဟုတ် ကျန်းမာရေးအချက်အလက်များကို မရည်ရွယ်ဘဲ ဖွင့်ချလိုက်ခြင်း။ စောင့်ရှောက်မှုအဖွဲ့ဝင်တစ်ယောက်သည် မိသားစုဝင်တစ်ယောက်၏ facebook တွင် တင်သော post တစ်ခုအား ၎င်းတို့၏သားဆေးသွင်းကုသခြင်းကုထုံး ပြီးဆုံးခါနီးခြင်းသည် စိတ်လှုပ်ရှားစရာကောင်းကြောင်း ကွန်မန့်ဝင်ပေးလိုက်လျှင် အဆိုပါဖြစ်ရပ်မျိုး ဖြစ်လာနိုင်သည်။
  • ပုဂ္ဂိုလ်ရေး သို့မဟုတ် ကျန်းမာရေး အချက်အလက်များကို မရည်ရွယ်ဘဲ ရယူခြင်း။ မိသားစုဘလော့တစ်ခုအားဖတ်ခြင်းသည် စောင့်ရှောက်မှုအဖွဲ့အား ပေးမထားသော အချက်အလက်အား ဖတ်မိသွားခြင်းများ ဖြစ်တတ်ပါသည်။

စောင့်ရှောက်မှုအဖွဲ့ဝင်များကို ယျေဘုယျအားဖြင့် လူနာများ သို့မဟုတ် လူနာ၏ မိသားစုများနှင့် လူမှုမီဒီယာတွင် သူငယ်ချင်းမလုပ်ရန် သို့မဟုတ် လူမှုမီဒီယာတွင် ဆက်သွယ်မှုများပြုလုပ်ရန် ဖိတ်ကြားခြင်း အစမပြုရန် ညွှန်ကြားထားပါသည်။ ထိုသို့ဆောင်ရွက်ခြင်းသည် စောင့်ရှောက်သူများအတွက် စည်းဘောင်များထားရှိပြီး လူနာ၏ကိုယ်ရေးအချက်အလက်အားကာကွယ်ရန် အကူအညီဖြစ်ပါသည်။ မိသားစုများမှလည်း စောင့်ရှောက်မှုအဖွဲ့ဝင်များမှ သူငယ်ချင်းဖြစ်ရန်ဖိတ်ကြားမှုအား လက်မခံလျှင် သို့မဟုတ် အချို့သောအချိန်များတွင် စိမ်းနေသလို ဖြစ်နေလျှင် စိတ်မကောင်းမဖြစ်သင့်ပါ။ စည်းဘောင်များ မရှင်းလင်းသောအခါတွင် ရိုးသားသည့်ဆက်ဆံရေးသည် အားလုံးအဆင်ပြေစေရန် အရေးကြီးပါသည်။

မိသားစုများမှ ကောင်းမွန်သည့် စည်းဘောင်များထားရှိရန် နည်းလမ်းများ

  • အရာရာတိုင်းကို ဝေမျှရန် စိတ်ဖိစီးမှုမဖြစ်ပါစေနှင့် ဆက်ဆံရေးများသည် လူတစ်ယောက်ကို သိလာသောအခါတွင် သဘာဝအတိုင်း ပိုမိုရင်းနှီး လာနိုင်ပါသည်။ လူတစ်ယောက်သည် ဆေးကုသမှုအဖွဲ့တွင်ပါနေခြင်းသည် လူနာစောင့်ရှောက်မှုနှင့်မဆိုင်သော ပုဂ္ဂိုလ်ရေးအသေးစိတ်များအားသိရမည်ဟု အဓိပ္ပါယ်မရပါ။ အချို့သောစောင့်ရှောက်ရေးအဖွဲ့ဝင်များနှင့်ယှဉ်လျှင် အချို့အား ပို၍ နီးစပ်သလိုခံစားရမည်မှ သဘာဝပင်ဖြစ်ပါသည်။
  • ရိုးသားစွာ ဆက်ဆံပါ ကျန်းမာရေး စောင့်ရှောက်သူများသည် လူနာနှင့် မိသားစုစည်းဘောင်များကို လေးစားသင့်သည်။ အခြားသူတစ်ဦး၏ဦးဆောင်မှုနောက်သို့ ရင်းနှီးမှုနှင့် ပြန်လှန်ဆက်ဆံမှုဖြင့် လိုက်နာဆောင်ရွက်ပြီးနောက်တွင် လေးစားမှုနှင့် စာနာမှုတစ်စိတ်တစ်ပိုင်းသည် ပါဝင်လာပါသည်။ သို့ရာတွင် သင်စိတ်မသက်မသာခံစားရပါက ထိုသူကို တိုက်ရိုက်ပြောပါ။ ထိုပုဂ္ဂိုလ်နှင့်စကားပြောဆိုရန်အဆင်မပြေပါက အခြားအဖွဲ့ဝင် သို့မဟုတ် ဆေးရုံကိုယ်စားလှယ်အား အသိပေးပါ။
  • မိမိမျှော်လင့်ချက်အား ရှင်းရှင်းလင်းလင်းပြောပြီး မေးခွန်းများ မေးပါ မရှင်းလင်းသော မေးခွန်းများ ပေါ်လာမည်ဖြစ်သည်။ ထိုသို့ပြုလုပ်ခြင်းသည် စည်းဘောင်များနှင့်ပတ်သတ်ပြီး အပြန်အလှန်လေးစားမှုကို ဖြစ်စေရန် ရိုးသားသည့်ဆွေးနွေးပြောဆိုမှုတစ်ခုအား ရရှိစေမည်ဖြစ်သည်။ ဉပမာအားဖြင့်ဘယ်လိုလုပ်တာက သင့်တော်မလဲဆိုတာ ကျွန်တော်မသိဘူး ___ဒီလိုဆိုရင် အဆင်ပြေမလား” သို့မဟုတ် “အဆင်မပြေရင် မပြောပြလို့ရပါတယ် ဒါပေမယ့် ကျွန်တော်သိချင်တာက___” ဟု ပြောပြီး ရှင်းပြခိုင်းပါ။
  • ကလေးများအား အသက်အရွယ်နှင့်သင့်တော်သောပုံစံများဖြင့် စည်းဘောင်များ ချမှတ်ပုံကို သင်ပေးပါ။ လူနာများသည် ၎င်းကိုယ်တိုင်၎င်းတို့အကြံပေးရန် သင်ယူနိုင်ပါသည်။ တတ်နိုင်သလောက် ကလေးများကို ၎င်းတို့၏ဆက်ဆံရေးများတွင် စည်းဘောင်များကို ထိန်းချုပ်နိုင်ခွင့်ပေးပါ။ ဤသို့ပြုလုပ်ခြင်းတွင် ပုဂ္ဂိုလ်ရေးရာအချက်အလက်များ မျှဝေခြင်း သို့မဟုတ် ရုပ်ပိုင်းဆိုင်ရာ ထိတွေ့မှုအားကန့်သတ်ခြင်းနှင့် မိမိကိုယ်ပိုင်နေရာအား လေးစားခြင်းများ ပါဝင်ပါသည်။

---
ပြန်လည်သုံးသပ်ခဲ့သည့်ရက်စွဲ- ဇွန်လ 2018