အဓိကအကြောင်းအရာ skip

ကြိုဆိုပါသည်

Together သည် - လူနာများနှင့် မိဘများ၊ မိသားစုဝင်များနှင့် သူငယ်ချင်းများအပါအဝင် - ကလေးကင်ဆာကြောင့် ထိခိုက်မှုရှိသူတိုင်းအတွက် ရင်းမြစ်အသစ်တစ်ခု ဖြစ်ပါသည်။

ပိုမိုလေ့လာရန်

အသည်းရောင်ရောဂါ

၀ - ၁၈ နှစ်အကြားဖြစ်သော ကလေးဘဝ ကင်ဆာ ရောဂါကုထုံးသည် များသောအားဖြင့် သွေးသွင်းရန်နှင့် သွေးများဖြင့် ကုသရန် လိုအပ်တတ်သည်။ နှစ်ပေါင်းများစွာကပင် သွေးလှူရှင်များအား အန္တရာယ်ရှိသော ဗိုင်းရပ်စ်များ (အသည်းရောင်အသားဝါ ဘီနှင့်စီ) စစ်ဆေးခြင်း ပြုလုပ်ခဲ့ကြသည်။ ထိုဗိုင်းရပ်စ်များသည် သွေးမှတဆင့် ပျံ့နှံ့ကြသည်။ မည်သို့ပင်ဖြစ်စေကာမူ စစ်ဆေးထားခြင်းမရှိသော သွေးနှင့် သွေးထုတ်ကုန်များသည် အသည်းရောင်ရောဂါ (အသည်းပိုးဝင်ခြင်း) ဖြစ်နိုင်ခြေများသည်။

အမေရိကန်ပြည်ထောင်စုတွင် သွေးလှူရှင်များအား အသည်းရောင်အသားဝါဘီ စစ်ဆေးမှုကို ၁၉၇၁ ခုနှစ်တွင် စတင်ခဲ့သည်။ အသည်းရောင်အသားဝါ စီအတွက်မူ တိကျသောစစ်ဆေးစမ်းသပ်မှုများကို ၁၉၉၂ တွင် စတင်ခဲ့သည်။ အခြားနိုင်ငံများ၌ စစ်ဆေးစမ်းသပ်မှုများသည် ကွဲပြားနိုင်ပါသည်။

အသည်းရောင်အသားဝါ ဘီနှင့်စီတို့သည် အခြားနည်းလမ်းများဖြင့်လည်း ပျံ့နှံ့နိုင်ပါသေးသည်။ ဥပမာ-

  • ဆေးသုံးသူများကြား အပ်မျှဝေသုံးစွဲခြင်း
  • ဆေးမင်ကြောင်ထိုးခြင်း
  • ခန္ဓာကိုယ်ကို အပေါက်ဖောက်ခြင်း
  • ကျောက်ကပ်ဆေးခြင်း
  • ကိုယ်အင်္ဂါ အစားထိုးကုသခြင်း
  • လိင်ဆက်ဆံခြင်း
  • မွေးဖွားသည့်ဖြစ်စဉ်အတွင်း အမေမှ ကလေးသို့ ကူးစက်ခြင်း

အသည်း ဘယ်လိုလုပ်ငန်းဆောင်ရွက်သလဲ

အသည်းသည် တြိဂံပုံစံ ကိုယ်တွင်းအင်္ဂါဖြစ်ပြီး နံရိုးအိမ်၏အောက် ခန္ဓာကိုယ်ညာဘက်ခြမ်းတွင် တည်ရှိပါသည်။ ၄င်းသည် သွေးအတွင်းမှ အညစ်အကြေးများ စွန့်ထုတ်ရာတွင်လည်းကောင်း၊ သည်းခြေရည်များ ထုတ်လုပ်ပြီး အစာခြေရာတွင်လည်းကောင်း၊ သွေးခဲစေသည့် အသားဓါတ်များ ထုတ်လုပ်သည့်နေရာနှင့် ခန္ဓာကိုယ်၏ လောင်စာဖြစ်သော စွမ်းအင်များသိုလှောင်ရာတွင် လည်းကောင်း ကူညီပေးပါသည်။

အသည်းရောင်ရောဂါဖြစ်စေသော သွေးထုတ်ကုန်များ

အသက်ရှင်ကျန်သူများသည် လုပ်ရိုးလုပ်စဥ်ဖြစ်သော သွေးအလှူရှင်စစ်ဆေးမှု စတင်မလုပ်ဆောင်မီ အောက်ဖော်ပြပါသွေးထုတ်ကုန်များကို လက်ခံခဲ့ပါက အသည်းရောင်အသားဝါဘီရောဂါ (အကယ်၍ သွေးသွင်းခြင်းကို ၁၉၇၂ မတိုင်မီ လုပ်ဆောင်ခဲ့ပါက) နှင့် အသည်းရောင်အသားဝါစီရောဂါ ဖြစ်နိုင်ခြေများသည် (အကယ်၍ သွေးသွင်းခြင်းကို ၁၉၉၃ မတိုင်မီ လုပ်ဆောင်ခဲ့ပါက)။

  • ထုပ်ပိုးထားသော သွေးနီဥဆဲလ်များ
  • သွေးတစ်ခုလုံး
  • သွေးဖြူဥဆဲလ်များ (ဂရန်နျူလိုဆိုက်များ)
  • သွေးခဲစေသော သွေးဉမွှားဆဲလ်များ
  • ခဲထားသည့် လတ်ဆတ်သော သွေးရည်ကြည်
  • Cryoprecipitate
  • ခုခံ ပဋိပစ္စည်း ပြင်ဆင်ခြင်း (IVIG, VZIG)
  • အခြားသူ၏ ရိုးတွင်းခြင်ဆီနှင့် ပင်မဆဲလ်များ (မျိုးတူ အလှူရှင်) 

ထပ်လောင်း ရောဂါဖြစ်နိုင်ခြေမြင့်တက်စေသည့် အကြောင်းအချက်များမှာ-

  • ၁၉၈၇ မတိုင်မီ ပြုလုပ်ထားသော သွေးခဲစေသည့် အသားဓါတ်များ
  • ၁၉၉၃ မတိုင်မီ ကျောက်ကပ်၊ အသည်းနှင့် နှလုံး အစားထိုးကုသခြင်း
  • နာတာရှည် ကျောက်ကပ်ဆေးရခြင်း
  • အကြောထဲဆေးသွင်းခြင်းနှင့် ဆေးရှူခြင်းများ
  • ခန္ဓာကိုယ်တွင် အပေါက်ဖောက်ခြင်းများ သို့မဟုတ် ဆေးမင်ကြောင်ထိုးခြင်းများ
  • မုတ်ဆိတ်ရိတ်ဓါးများ၊ သွားတိုက်တံများ သို့မဟုတ် လက်သည်းညှပ်များကို အသည်းရောင်ရောဂါရှိသူနှင့် မျှဝေသုံးစွဲခြင်း 
  • လုပ်ငန်းခွင်တွင် သွေးနှင့် ခန္ဓာကိုယ်မှထွက်ရှိသည့်အရည်များနှင့် ထိတွေ့ခြင်းများ
  • အန္တရာယ်များသော လိင်အမူအကျင့်များ (လိင်ဆက်ဆံဖော်များခြင်း၊ အကာအကွယ်မသုံးခြင်းနှင့် စအိုတွင် ဆက်ဆံခြင်း)

အသည်းရောင်အသားဝါရောဂါ၏ ရောဂါလက္ခဏာများ

အသည်းရောင်ရောဂါလူနာတိုင်းသည် ပထမဦးဆုံး ကူးစက်ခံရချိန်တွင် လက္ခဏာမပြပါ။ သို့သော် အသည်းရောင်ရောဂါ၏ လက္ခဏာများမှာ-

  • နုံးခွေခြင်း (အားမရှိခြင်း)
  • စားချင်စိတ်မရှိခြင်း
  • ပျို့အန်ချင်စိတ်ဖြစ်ခြင်း
  • အော့အန်ခြင်း
  • အဖျား
  • အသားဝါရောဂါ
  • ဆီးအရောင်ရင့်ခြင်း
  • အလွန်ယားယံခြင်း
  • ဝမ်းအရောင်ဖျော့ခြင်း

ဖြစ်ခဲသောအခြေအနေများတွင် အသည်းပျက်စီးခြင်းများ ဖြစ်ပွားနိုင်သည်။

တစ်ခါတစ်ရံ အသည်းရောင်ခြင်းသည် ၄င်းဘာသာ ပြန်လည်ကောင်းမွန်သွားနိုင်ပြီး အခြားကျန်းမာရေးပြဿနာများကို မဖြစ်ပွားစေပါ။

အသည်းရောင်အသားဝါ ဘီ သို့ စီ ကူးစက်ခံရသူ ကလေးငယ်များသည် နာတာရှည် ကူးစက်ခံရမှုဖြစ်လာနိုင်သည်။ နာတာရှည် အသည်းရောင်ရောဂါရှိသူအများစုသည် ရောဂါလက္ခဏာများ ပြလေ့မရှိပါ။ သို့သော် ၄င်းသည် အသည်းတွင် အနာရွတ် (အသည်း‌ခြောက်ခြင်း)နှင့် အခြား အသည်းပြဿနာများဖြစ်နိုင်သည်။ ပိုတိုး၍ အသည်းပျက်စီးလာခြင်း၏ လက္ခဏာများမှာ-

  • အသည်းနှင့် သရက်ရွက် ကြီးလာခြင်း
  • ဝမ်းဗိုက် တွင် ဖောရောင်ခြင်း သို့မဟုတ် အရည်များ စုလာခြင်း
  • မျက်လုံး နှင့် အရေပြား အဝါရောင်ဖြစ်ခြင်း (အသားဝါခြင်း)
  • သွေးခဲခြင်းနှင့်ပတ်သက်သော ပြဿနာများရှိခြင်း

ကုသမှုခံယူပြီးနောက် ပြန်လည်ကျန်းမာလာသူများမှ လုပ်ဆောင်နိုင်သည့်အရာ

သင်၏ရောဂါဖြစ်နိုင်ခြေများကိုသိရှိပြီး သင့်ကျန်းမာရေးကို စောင့်ကြည့်ပါ

သင့်ကျန်းမာရေးစောင့်ရှောက်ပေးသူထံတွင် သင်၏ သွေးသွင်းခြင်းမှတ်တမ်းနှင့် အသည်းရောင်ရောဂါဖြစ်နိုင်ချေများ အကြောင်းကို မေးမြန်းပါ။

ကုသမှုအကျဥ်းချုပ်နှင့် သွေးသွင်းခြင်းဆိုင်ရာ အချက်အလက်များပါဝင်သော သင်၏ ရှင်သန်သူဂရုစိုက်မှုအစီအစဉ်၏ မိတ္တူတစ်စောင် ၎င်းထံပေးထားပါ။

အသည်းရောင်ရောဂါဗိုင်းရပ်စ် စစ်ဆေးရန်အတွက် သွေးစစ်ဆေးပါ။ စစ်ဆေးခြင်းတွင် အသည်းရောင်အသားဝါ ဘီ သို့မဟုတ် စီ၏ပဋိပစ္စည်းများ တွေ့ရှိရခြင်းသည် ထိုသူတွင် ဗိုင်းရပ်စ်ပိုး ကူးစက်ခံထားရခြင်းကို ပြသသည်။ ဆက်လက်ကူးစက်မှုများကို စစ်ဆေးရန်အတွက် ထပ်တိုးစစ်ဆေးမှု ပြုလုပ်နိုင်သည်။

ကုထုံး

  • အသည်းရောင် အသားဝါ ဘီ သို့မဟုတ် စီ ကူးစက်ခံထားရသော အသက်ရှင်နေသူများသည် အသည်းသို့မဟုတ် ကူးစက်ရောဂါ အထူးကုထံတွင် စစ်ဆေးခြင်းနှင့် ကုသခြင်းတို့ သွားရောက်ခံယူသင့်သည်။
  • ဆရာဝန်အား သင်အသုံးပြုနေသော ဆရာဝန်ထောက်ခံချက်မပါဘဲ ဝယ်ယူနိုင်သည့် ဆေးများနှင့် ဖြည့်စွက်စာများအကြောင်း ပြောပြပါ။
  • အရက်မသောက်ပါနှင့်။
  • ဆရာဝန်ထောက်ခံချက်မပါဘဲ ဝယ်ယူနိုင်သည့် (Tylenol® ကဲ့သို့သော) Acetaminophen ပါဝင်သည့် ဆေးများကို ရှောင်ကြဉ်ပါ။
  • အသည်းရောင်ရောဂါ အေ နှင့် ဘီ အတွက် ခုခံအားရှိ၊ မရှိ သိရှိနိုင်ရန် သွေးစစ်ဆေးမှု ပြုလုပ်ပါ။။ အကယ်၍ ခုခံအား မရှိပါက အသည်းကိုကာကွယ်ရန် အသည်းရောင်ရောဂါ အေနှင့် ဘီ အတွက် ကာကွယ်ဆေး ထိုးထားသင့်ပါသည်။
  • သင့်အသည်းရောင်ရောဂါအကြောင်းကို သင်၏ကျန်းမာရေးစောင့်ရှောက်မှုပေးသူအားလုံးနှင့် ဆွေးနွေးပါ။ (အကယ်၍ သင်သည် ကိုယ်ဝန်ရှိနေပါက၊ သင်၏သားဖွားမီးယပ်ဆရာဝန်နှင့် ကလေးဆရာဝန်တို့နှင့်ပါ ဆွေးနွေးပါ။

အသည်းကျန်းမာရေး ကောင်းနေစေရန် ထိန်းသိမ်းပါ။

အသည်းကျန်းမာရေးကို ထိန်းသိမ်းနိုင်သော နောက်ထပ်အချက် များမှာ-

  • ရေများများသောက်ပါ။
  • အမျှင်များများပါသည့် မျှတသောအစားအစာကို စားပါ။
  • အဆီ၊ အငန်၊ ကြပ်တင်ထားသောနှင့် အချဉ်ဖောက်ထားသော အစားအစာများကို လျှော့စားပါ။
  • အကြံပြုထားသော ဆေးပမာဏကိုသာ သုံးစွဲပြီး မလိုအပ်သော ဆေးများသုံးစွဲခြင်းမှ ရှောင်ကြဉ်ပါ။
  • အရက်နှင့် ဆေးကို ရောစပ်သောက်သုံးခြင်းမှ ရှောင်ကြဉ်ပါ။
  • ဆေးဝါးများကို တိုင်းရင်းဆေးပင်များ၊ သဘာဝဖြည့်စွက်စာများနှင့်အတူ ရောနှောသောက်သုံးခြင်းမှ ရှောင်ကြဉ်ပါ။
  • ဖျော်ဆေးများ၊ အေရိုဇော သန့်စင်ဆေးများ၊ ပိုးသတ်ဆေးများ၊ သုတ်ဆေး ဖျော်ဆေးများနှင့် အခြား အဆိပ်များနှင့် ထိတွေ့ခြင်းမှ ရှောင်ကြဉ်ပါ။

အသည်းရောင်ရောဂါ ပျံ့နှံ့စေခြင်း ကိုရှောင်ကြဉ်ပါ။

အသည်းရောင်ရောဂါ ဘီ သို့မဟုတ် စီ ရှိသည့် အသက်ဆက်ရှင်နေသူများသည် ရောဂါဖြန့်ဝေခြင်း မဖြစ် စေရန်သတိပေးချက်များကို လိုက်နာသင့်သည်။

  • အခြားသူများ၏သွေးနှင့် ခန္ဓာကိုယ်အရည်များဖြင့် တိုက်ရိုက်ထိတွေ့ခြင်းမှ ရှောင်ကြဉ်ပါ။
  • စင်ထွက်လာသောသွေး သို့မဟုတ် ခန္ဓာကိုယ်အရည် အစအနများကို သန့်ရှင်းရန် ချွတ်ဆေးများကို အသုံးပြုပါ။
  • ပြတ်ရှဒဏ်ရာများနှင့် အခြားပွင့်နေသော အနာများကို ဖုံးအုပ်ထားပါ။
  • သွေးနှင့်ထိတွေ့မှုရှိသော တစ်ကိုယ်ရည်သုံးပစ္စည်းများဖြစ်သည့် မုတ်ဆိတ်ရိတ်ဓါးများ၊ သွားတိုက်တံများ၊ လက်သည်းညှပ်များ၊ နားကပ်များနှင့် ကွင်းများကို အခြားသူများနှင့် မျှဝေသုံးစွဲမှု မပြုပါနှင့်။
  • ခန္ဓာကိုယ်အပေါက်ဖောက်ခြင်းများ၊ ဆေးထိုးခြင်းများ၊ ဆေးမင်ကြောင်ထိုးခြင်းများနှင့် အပ်စိုက်ကုထုံးများတွင် ပိုးသတ်ထားသော အပ်များကို သုံးပါ။ အပ်များကို မျှဝေသုံးစွဲခြင်း လုံးဝမပြုပါနှင့်။
  • သင်နှင့် နီးစပ်သော မိသားစုဝင်များနှင့် လိင်ဆက်ဆံဖော်များတွင် အသည်းရောင်အသားဝါ ဘီ ရှိ၊ မရှိ သေချာအောင် စစ်ဆေးပါ။ အကယ်၍ ထိုသူများတွင် ကိုယ်ခံစွမ်းအားမရှိသေးပါက ၎င်းတို့သည် အသည်းရောင်အသားဝါ ဘီ ကာကွယ်ဆေးထိုးနှံသင့်သည်။
  • အကယ်၍ သင်သည် လိင်ဆက်ဆံမှု ရှိနေသူဖြစ်ပါက ဆက်ဆံရာတွင် ရာဘာ ကွန်ဒုံးကဲ့သို့ အကာအကွယ်များ သုံးစွဲပါ။
  • သင့်လိင်ဆက်ဆံဖော်တွင် အသည်းရောင်အသားဝါ စီ ရောဂါရှိ၊ မရှိ စစ်ဆေးရန်အတွက် သင့် ကျန်းမာရေးစောင့်ရှောက်မှုဝန်ဆောင်မှုပေးသူနှင့် ဆွေးနွေးပါ။

---
ဤဆောင်းပါးတွင် ဖော်ပြထားသည့် မည့်သည့်ကုန်ပစ္စည်းအမှတ်တံဆိပ်ကိုမျှ သုံးစွဲရန် Together
က ထောက်ခံချက် မပေးပါ။

---
ပြန်လည်သုံးသပ်ခဲ့သည့်ရက်စွဲ- ဇွန်လ 2018