အဓိကအကြောင်းအရာ skip

ကြိုဆိုပါသည်

Together သည် - လူနာများနှင့် မိဘများ၊ မိသားစုဝင်များနှင့် သူငယ်ချင်းများအပါအဝင် - ကလေးကင်ဆာကြောင့် ထိခိုက်မှုရှိသူတိုင်းအတွက် ရင်းမြစ်အသစ်တစ်ခု ဖြစ်ပါသည်။

ပိုမိုလေ့လာရန်

ငါးနှစ်တာ သမိုင်းမှတ်တိုင်ကို အတူတကွ ဂုဏ်ပြုခြင်း

ဒေါက်တာ James R. Dowing, MD က ရေးသားပြုစုသည်။ ဤဆောင်းပါးကို အာရဗီ၊ မြန်မာ၊ တရုတ်၊ ပြင်သစ်၊ ဟင်ဒီ၊ ပိုလန်၊ ပေါ်တူဂီ၊ ရုရှား၊ စပိန်၊ ယူကရိန်း သို့မဟုတ် အူရဒူဘာသာဖြင့် ဖတ်ရှုပါ။

ယောကျ်ားလေး လူနာကလေးငယ်တစ်ဦးနှင့် ကျောချင်းကပ်လျက် မတ်တပ်ရပ်နေသည့် Dr. Downing

ဒေါက်တာ James R. Downing, MD သည် လူနာများ၊ မိသားစုများနှင့် အပြန်အလှန်စကားပြောဆိုစဉ် ၎င်းတို့တွင် ကလေးကင်ဆာရောဂါနှင့် ပတ်သက်ပြီး ယုံကြည်စိတ်ချရသော အချက်အလက်များ လိုအပ်နေကြောင်း ရှာဖွေတွေ့ရှိခဲ့သည်။ ထို့အတွက်ကြောင့် Together by St. Jude™ အွန်လိုင်းအရင်းအမြစ်ကို ဖန်တီးခဲ့ရခြင်းဖြစ်သည်။

ကလေးကင်ဆာရောဂါခံစားနေရကြောင်း ရှာဖွေတွေ့ရှိပြီးနောက် မေးစရာများနှင့် အချက်အလက်များကြောင့် အလွယ်တကူ စိတ်ဖိစီးနိုင်ပါသည်။ မိဘများအနေဖြင့် မည်သည့်ဝက်ဘ်ဆိုက်များက ယုံကြည်စိတ်ချရပြီး ဆီလျော်မှုရှိကာ အပ်ဒိတ်ဖြစ်သည်ကို သိချင်ကြသည်။ ကုသမှုတစ်လျှောက်လုံးနှင့် ကင်ဆာရောဂါသက်သာပျောက်ကင်း၍ အသက်ရှင်သန်နိုင်သည်အထိ မေးစရာများ၊ စိတ်ပူစရာများက ဆက်ရှိနေပါသည်။  

St. Jude Children’s Research Hospital ၏ CEO ရော၊ ဥက္ကဋ္ဌပါ ဖြစ်သူတစ်ယောက်အနေဖြင့် လူနာများ၊ ၎င်းတို့၏ ချစ်ခင်ရသူများနှင့် စကားပြောပြီးနောက် ၎င်းတို့အတွက် ကလေးကင်ဆာရောဂါ၊ ရောဂါရှာဖွေစစ်ဆေးမှုနှင့် ကုသမှု၊ စောင့်ရှောက်မှုနှင့် ပံ့ပိုးကူညီမှု သို့မဟုတ် ကင်ဆာဖြစ်ပွားပြီးနောက် ဘဝနေထိုင်မှုအထိ အကြောင်းအရာများကို သွားရောက်လေ့လာနိုင်သည့် နေရာမျိုးမရှိသည်ကို သတိပြုမိသည်။ ကလေးကင်ဆာရောဂါနှင့် ရင်ဆိုင်နေရသော မိသားစုအားလုံး၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးရန် ပြီးပြည့်စုံသော ဝက်ဘ်ဆိုက်တစ်ခု ဖန်တီး၍ ၎င်းတို့အား ကူညီပေးလိုခဲ့သည်။   

လူကြီးမင်းတို့ကဲ့သို့သော လူနာများနှင့် မိသားစုများထံမှ အကြံပြုမှုများကို လမ်းညွှန်ချက်အဖြစ်သုံးပြီး ကျွန်ုပ်တို့သည် 2018 ခုနှစ်တွင် Together by St. Jude™ အွန်လိုင်းအရင်းအမြစ်ကို စတင်မိတ်ဆက်ခဲ့ပါသည်။ လုပ်ငန်းစဉ်အဆင့်တိုင်းတွင် မိသားစုများကို ပါဝင်စေခဲ့သည်။ ထိုမိသားစုများသည် သူတို့လိုအပ်သည့် အချက်အလက်များအကြောင်းနှင့် အချက်အလက်များကို သူတို့ရယူလိုသည့် နည်းလမ်းအကြောင်း ပါဝင်အကြံပြုပေးခဲ့ကြသည်။ သူတို့၏အတွေ့အကြုံများကို ဘဝတူ အခြားမိသားစုများနှင့်လည်း မျှဝေခဲ့ကြသည်။  

အချိန်ကြာလာသည်နှင့်အမျှ ဝက်ဘ်ဆိုက်သည် တိုးတက်ပြောင်းလဲလာပြီး ၎င်းတွင် ဗီဒီယိုအမြောက်အမြား၊ အထောက်အကူပြု အသိုင်းအဝိုင်း၊ ဆယ်ကျော်သက်များနှင့် လူငယ်များအတွက် သီးသန့်ကဏ္ဍတစ်ခုနှင့် ဘလော့ဂ်တစ်ခု ပါဝင်လာခဲ့သည်။ စာမျက်နှာထောင်ပေါင်းများစွာအထိ တိုးပွားလာပြီး သီးခြားကင်ဆာရောဂါ အမျိုးအစားတစ်ခုအကြောင်း လေ့လာခြင်းမှအစပြု၍ လက်တွေ့စမ်းသပ်မှုတစ်ခု ရှာဖွေခြင်းအထိ အကြောင်းအရာများစွာနှင့် သက်ဆိုင်သော အချက်အလက်များကို ဖော်ပြပေးထားသည်။

မိသားစုအားလုံးသည် မည်သည့်နေရာတွင် နေထိုင်သည်ဖြစ်စေ ကလေးကင်ဆာရောဂါနှင့် ပတ်သက်လာလျှင် တူညီသောစိန်ခေါ်မှုများနှင့် ရင်ဆိုင်ကြရသည်။ ထို့ကြောင့် ကျွန်ုပ်တို့သည် ရောဂါရှာဖွေစစ်ဆေးမှု၊ ကုသမှုနှင့် ကင်ဆာရောဂါ သက်သာပျောက်ကင်း၍ အသက်ရှင်သန်နိုင်မှုဆိုင်ရာ အချက်အလက်များကို အာရဗီ၊ မြန်မာ၊ တရုတ်၊ အင်္ဂလိပ်၊ ပြင်သစ်၊ ဟင်ဒီ၊ ပိုလန်၊ ပေါ်တူဂီ၊ ရုရှား၊ စပိန်၊ ယူကရိန်းနှင့် အူရဒူဟူသော ဘာသာစကား 12 မျိုးဖြင့် ဖော်​ပြပေးထားသည်။

together.stjude.org ကို စတင်မိတ်ဆက်ခဲ့ချိန်မှစပြီး ယခုအထိ နိုင်ငံနှင့် နယ်မြေပေါင်း 200 ကျော်မှ သုံးစွဲသူ 10 သန်းကျော်က ဝင်ရောက်ကြည့်ရှုခဲ့သည်။ လုပ်ဆောင်ချက်အသစ်များနှင့် နောက်ထပ်အကြောင်းအရာများကို ထည့်သွင်းလျက် လာမည့်နှစ်များတွင် မိသားစုများထံ ပိုမိုရောက်ရှိနိုင်မည်ဟု ကျွန်ုပ်တို့ မျှော်လင့်ပါသည်။

ကျွန်ုပ်တို့၏ 5 နှစ်ပြည့် နှစ်ပတ်လည်ကို ဂုဏ်ပြုလျက် Together by St. Jude ဝက်ဘ်ဆိုက်ကို ကျွန်ုပ်တို့ မည်သို့ပိုမိုကောင်းမွန်အောင် ပြုလုပ်ထားကြောင်း၊ ၎င်းက သင်နှင့် သင့်မိသားစုကို မည်သို့ ကူညီနိုင်ကြောင်းတို့ကို ပိုမို မျှဝေလိုပါသည်။ 

  • လတ်တလော ရောဂါရှာဖွေတွေ့ရှိမှု အခြေအနေမှသည် ကင်ဆာဖြစ်ပွားပြီးနောက် အသက်ရှင်နေထိုင်မှုနှင့် ဘဝနေဝင်ချိန်အထိ ခရီးလမ်းအဆင့်အလိုက် အချက်အလက်များကို ဝေမျှပေးရန် ကျွန်ုပ်တို့၏ အကြောင်းအရာ စုစည်းရာနေရာကို ဒီဇိုင်းပြန်လည် ရေးဆွဲထားပါသည်။ သင်သည် ကင်ဆာရောဂါကုသမှုအမျိုးအစားများ၊ ဘေးထွက်ဆိုးကျိုးများ၊ ဆေးဝါးများ၊ လက်တွေ့စမ်းသပ်မှုများ စသည်တို့နှင့်ပတ်သက်၍ ပညာပေးအကြောင်းအရာများကို ရှာတွေ့ပါမည်။
  • ဗီဒီယိုအတိုများက လူနာများနှင့် မိသားစုများအတွက် မည်မျှအသုံးဝင်ပြီး စိတ်ခွန်အားဖြစ်စေကြောင်း လူကြီးမင်းတို့၏ အကြံပြုချက်ကို ကျွန်ုပ်တို့ ကြားသိခဲ့ရပါသည်။ ထို့ကြောင့် ကမ္ဘာအနှံ့မှ လူနာရှင်မိသားစု ဇာတ်လမ်းများကို ပိုမိုအသားပေးဖော်ပြရန် ကျွန်ုပ်တို့၏ ဗီဒီယို စုစည်းခန်းကို ပြန်လည်မွမ်းမံထားပါသည်။ သင်သည် ရောဂါအခြေအနေများ၊ ကုသမှုများနှင့် ခွဲစိတ်ကုသရေး လုပ်ထုံးလုပ်နည်းများအလိုက် စုစည်းထားသော ဗီဒီယိုများကိုလည်း တွေ့ရပါမည်။
  • ကင်ဆာရောဂါခံစားနေရကြောင်း ရှာဖွေတွေ့ရှိသော ဆယ်ကျော်သက်များနှင့် လူငယ်များ (AYA များ) ၏ အတွေ့အကြုံမှာ ကွဲပြားခြားနားနိုင်ပါသည်။ ရောဂါရှာဖွေတွေ့ရှိမှုနှင့် ကုသမှုမှသည် စိတ်ပိုင်းဆိုင်ရာနှင့် လူမှုရေးဆိုင်ရာ ပြဿနာများအထိ ဤအုပ်စုအတွက် စိန်ခေါ်မှုများမှာ ကွဲပြားခြားနားနေကြောင်း ကျွန်ုပ်တို့ ကြားသိခဲ့ရပါသည်။ ထို့ကြောင့် AYA များအတွက် Teens&20s ဟူသည့် သီးသန့်ကဏ္ဍတစ်ခုကို ဖန်တီးပေးထားပါသည်။ ဤကဏ္ဍကို အင်္ဂလိပ်ဘာသာဖြင့်သာ ရရှိနိုင်ပါဦးမည်။

လူကြီးမင်းတို့၏ ဇာတ်လမ်းများ၊ အကြံပြုချက်များနှင့် ကလေးကင်ဆာရောဂါကို ကျော်လွှားရာတွင် Together က လူကြီးမင်းအား မည်သို့ ကူညီပေးခဲ့သည်တို့ကို ဝေမျှခြင်းအားဖြင့် လူကြီးမင်းသည် ကလေးကင်ဆာရောဂါ ကုသမှု၏ အနာဂတ်ကို ပုံပေါ်အောင် ကျွန်ုပ်တို့ကို ကူညီနေခြင်းဖြစ်ပါသည်။ အထူးသဖြင့် ကျန်းမာရေးဆိုင်ရာ အခက်အခဲကြုံနေရစဉ် အတောအတွင်း အသိပညာသည် စွမ်းအားဖြစ်ပြီး ကင်ဆာရောဂါနှင့်ရင်ဆိုင်နေရသည့် မိသားစုများအား သူတို့လိုအပ်သည့်အချိန်တွင် လိုအပ်သော အချက်အလက်များကို ပေးလိုပါသည်။

Together သတင်းလွှာတွင် စာရင်းသွင်းပြီး အဆက်အသွယ်မပြတ် ရှိနေမည်ဟု ကျွန်ုပ်မျှော်လင့်ပါသည်။ ကျွန်ုပ်တို့သည် ဝက်ဘ်ဆိုက်ကို တိုးချဲ့ရန် မျှော်လင့်ထားပြီး together@stjude.org တွင် သင့်စိတ်ကူးများ၊ ဇာတ်လမ်းများနှင့် အကြံပြုချက်များကို ကျွန်ုပ်တို့နှင့် မျှဝေရန် သင့်အား တိုက်တွန်းလိုပါသည်။


ဒေါက်တာ James Downing, MD

ဒေါက်တာ James R. Downing, MD အကြောင်း

ဥက္ကဋ္ဌနှင့် အမှုဆောင်အရာရှိချုပ်
St. Jude Children's Research Hospital

ဒေါက်တာ James R. Downing, MD သည် St. Jude Children’s Research Hospital ၏ ဥက္ကဋ္ဌလည်းဖြစ်ပြီး အမှုဆောင်အရာရှိချုပ်လည်း ဖြစ်သည်။ ကလေးကင်ဆာရောဂါ သုတေသနလေ့လာမှုတွင် နာမည်ကျော်သော ခေါင်းဆောင်တစ်ဦးဖြစ်သည့် Downing သည် ကင်ဆာရောဂါ၏ မျိုးရိုးဗီဇ အခြေခံကို နားလည်ခြင်းနှင့် ထိုအချက်အလက်များကို အသုံးပြု၍ ကုသမှုများကို တိုးတက်အောင် လုပ်ဆောင်ခြင်းတို့အပေါ်တွင် သူ၏အလုပ်ကို အာရုံစိုက်ထားသည်။ သူသည် အမေရိကန်ပြည်ထောင်စုနှင့် ကမ္ဘာတစ်ဝန်းတွင် St. Jude လက်တွေ့ကုသမှုနှင့် သိပ္ပံပညာရပ်ဆိုင်ရာ အစီအစဉ်များကို တိုးချဲ့ခြင်းဖြင့် ကလေးကင်ဆာရောဂါနှင့် အခြားအသက်အန္တရာယ်ရှိသော ရောဂါများအား သုတေသနပြုရာတွင်နှင့် ကုသရာတွင် တိုးတက်မှုကို အရှိန်မြှင့်တင်ရန် $12.9 ဘီလီယံ မတည်ရင်းနှီးထားသော လုပ်ငန်းစဉ်တစ်ရပ်ကို ဦးဆောင်နေသည်။ သူသည် Michigan တက္ကသိုလ်မှ ဘွဲ့ကြိုနှင့် ဆေးဘက်ဆိုင်ရာ ဘွဲ့ဒီဂရီများကို ရရှိခဲ့သည်။