အချို့သော ၀ - ၁၈ နှစ်အကြားဖြစ်သော ကလေးဘဝ ကင်ဆာကုထုံးများ၊ အထူးသဖြင့် ခေါင်း သို့မဟုတ် ဦးနှောက်အား ဓာတ်ကင်ခြင်းကြောင့် အတွင်းထုတ်ဂလင်းစနစ်တွင် ပြဿနာများ ဖြစ်စေနိုင်သည်။ ဂလင်းများပါဝင်ဖွဲ့စည်းထားသော ရှုပ်ထွေးသောကွန်ရက်သည် ဖွံဖြိုးမှု၊ ပျိုဖော်ဝင်ခြင်း၊ စွမ်းအင်ပမာဏ၊ ဆီးထုတ်လုပ်မှုနှင့် စိတ်ဖိစီးမှုကိုတုံ့ပြန်မှု အစရှိသည့် ခန္ဓာကိုယ်၏ လုပ်ဆောင်ချက် အများစုကို ထိန်းချုပ်သည်။ ၀ - ၁၈ နှစ်အကြားဖြစ်သော ကလေးဘဝ ကင်ဆာကုထုံးကြောင့်ဖြစ်ပွားသည့် အတွင်းထုတ်ဂလင်းအခြေအနေတစ်ရပ်မှာ ဦးနှောက်တွင်းပြောင်းလဲမှုကြောင့် ပျိုဖော်ဝင်ချိန်စောခြင်းဖြစ်သည်။
ပျိုဖော်ဝင်ချိန်စောခြင်းဟူသည်မှာ မျှော်မှန်းထားသည့်အသက်အရွယ် (မိန်းကလေးများတွင် ၈ နှစ်၊ ယောကျာ်းလေးများတွင် ၉ နှစ်) ထက် ပို၍ငယ်ရွယ်သည့်အချိန်၌ ပျိုဖော်ဝင်ခြင်းလက္ခဏာများပြလာခြင်းကို ဆိုလိုသည်။ ယင်းမှာ လိင်ဟော်မုန်းများ စောစောစီးစီးထွက်လာခြင်းကြောင့် ဖြစ်ပွားခြင်းဖြစ်သည်။
သားဥအိမ်များနှင့် ဝှေးစေ့များ ကို ပုံမှန်အားဖြင့်ထိန်းချုပ်သော ဦးနှောက်ဧရိယာများဖြစ်သည့် ဟိုက်ပိုသဲလမတ် သို့မဟုတ် ပစ်ကျူထရီတို့ထဲတွင် ပျိုဖော်ဝင်ခြင်းကိုလှုံ့ဆော်ပေးသည့်အကြောင်းရင်းရှိနေသောအခါတွင် ဦးနှောက်တွင်းပြောင်းလဲမှုကြောင့် ပျိုဖော်ဝင်ချိန်စောခြင်း ဖြစ်ပွားသည်။
အတွင်းထုတ်ဂလင်းစနစ်ရှိ ဂလင်းများတွင် ပစ်ကျူထရီ၊ ဟိုက်ပိုသဲလမတ်၊ သိုင်းရွိုက်၊ အဒ်ရီနယ်လ်၊ ပန်ကရိယ၊ သားဥအိမ်များ (အမျိုးသမီးများတွင်) နှင့် ဝှေးစေ့ (အမျိုးသားများတွင်) များ ပါဝင်ကြသည်။ ဦးနှောက်ထဲတွင်ရှိသော ဟိုက်ပိုသဲလမတ်နှင့် ပစ်ကျူထရီတို့သည် အတွင်းထုတ်ဂလင်းစနစ်ရှိ အခြားသောဂလင်းများကိုပါထိန်းချုပ်နိုင်သောကြောင့် ၎င်းတို့ကို တစ်ခါတစ်ရံ၌ "မာစတာဂလင်းများ" ဟုခေါ်သည်။
အဆိုပါဂလင်းများသည် ဟော်မုန်းများထုတ်လုပ်ပေးသည်။ ဟော်မုန်းများသည် ပျိုဖော်ဝင်ခြင်းကဲ့သို့သော ခန္ဓာကိုယ်လုပ်ဆောင်ချက်များကို ထိန်းသိမ်းရန်အတွက် သွေးစီးကြောင်းကိုဖြတ်၍ အချက်အလက်များ သယ်ဆောင်ပေးသော ဓာတုပစ္စည်းအချက်အလက် ပို့ဆောင်ပေးသူများ ဖြစ်ကြသည်။
ပျိုဖော်ဝင်ခြင်းဆိုသည်မှာ ကလေးတစ်ဦးမှ လူကြီးအဖြစ်သို့ကူးပြောင်းလာသည့်အမှတ်အသားဖြစ်သော ရုပ်ပိုင်းဆိုင်ရာနှင့် ဟော်မုန်းဆိုင်ရာပြောင်းလဲမှုများဖြစ်ပေါ်နေသည့် ဘဝ၏အစိတ်အပိုင်းဖြစ်သည်။ အဆိုပါအပြောင်းအလဲများမှာ လိင်ဟော်မုန်းများထွက်ရှိခြင်းနှင့် မျိုးပွားအင်္ဂါများ ဥပမာ အမျိုးသားများတွင် ဝှေးစေ့များနှင့် အမျိုးသမီးများတွင် သားဥအိမ်များစသည်တို့ ဖွံ့ဖြိုးကြီးထွားလာခြင်း တို့ကြောင့် ဖြစ်ပေါ်လာခြင်းဖြစ်သည်။ ပြောင်းလဲမှုများတွင် ကလေးမွေးနိုင်ခြင်းနှင့် ဆီးခုံနှင့်ချိုင်းကြားတွင်အမွှေးပေါက်ခြင်း၊ အမျိုးသားများတွင် မျက်နှာပေါ်၌ အမွှေးပေါက်ခြင်းနှင့် အမျိုးသမီးများတွင် ရင်သားများကြီးလာခြင်းတို့ ပါဝင်ကြသည်။
ပျိုဖော်ဝင်ခြင်းသည် ပုံမှန်အားဖြင့် မိန်းကလေးများတွင် အသက် ၈ နှစ်မှ ၁၃ နှစ်ကြားတွင်လည်းကောင်း ယောက်ျားလေးများတွင် အသက် ၉ နှစ်မှ ၁၄ နှစ်အကြားတွင်လည်းကောင်း စတင်လေ့ရှိသည်။ ပျိုဖော်ဝင်သည့်အချိန်စောခြင်း/နောက်ကျခြင်းကို လူတစ်ဦးတစ်ယောက်၏ မျိုးရိုးဗီဇနှင့်ဆိုင်သော နောက်ခံအကြောင်းအရာများမှ လွှမ်းမိုးထားသည်။ အသက်ငယ်ရွယ်စဥ်အချိန်၌ ပျိုးဖော်ဝင်မှုစတင်လာခြင်းမှာ မျိုးရိုးလိုက်တတ်သည်။
မိန်းကလေးအများစုတွင် နို့သီးခေါင်းများဖွံဖြိုးလာခြင်းဖြင့် ပျိုဖော်ဝင်မှုစတင်သည်။ ဓမ္မတာလာချိန်များ မှာ များသောအားဖြင့် နှစ်နှစ်ဝန်းကျင်ကြာပြီးနောက် စတင်တတ်သည်။
ကောင်လေးအများစုတွင် ဝှေးစေ့များအရွယ်အစားကြီးလာခြင်းဖြင့် ပျိုဖော်ဝင်မှုစတင်သည်။
မိန်းကလေးများတွင် အသက် ၈ နှစ်မတိုင်မီနှင့် ယောကျ်ားလေးများတွင် အသက် ၉ နှစ်မတိုင်မီ လိင်ပိုင်းဆိုင်ရာအမူအကျင့်များ သိသာထင်ရှားလာပါက ပျိုဖော်ဝင်ချိန်စောခြင်းဖြစ်သည်ဟု ဆရာဝန်အများစုမှ သဘောတူထားကြသည်။
ပျိုဖော်ဝင်ချိန်စောခြင်းဆိုသည်မှာ ပျိုဖော်ဝင်ချိန်စောသည့်အပြင် အချိန်တိုတိုအတွင်း မြန်မြန်ဆန်ဆန်အရွယ်ရောက်သွားသည့်အမျိုးအစားတစ်ခုလည်း ဖြစ်သည်။ ဖွံဖြိုးကြီးထွားနိုင်သည့်အချိန်ကာလကိုပါ တိုတောင်းသွားစေနိုင်သည်။ ပျိုဖော်ဝင်ချိန်စောခြင်းကိုခံစားနေရသည့် ကလေးငယ်များတွင် ကုသမှုမခံယူထားပါက အရွယ်ရောက်သူတစ်ဦးတွင် ရှိတတ်သည့် မျှော်မှန်းအရပ်အမြင့်ထက် ပို၍ပုသော အရပ်အမြင့်ကိုသာရနိုင်သည်။
ရောဂါဖြစ်နိုင်ခြေမြင့်တက်စေသည့် အကြောင်းအချက်များတွင် အောက်ပါတို့ပါဝင်ကြသည်-
အကျိတ်ကြီးထွာလားခြင်း၊ ဓာတ်ကင်ခြင်းကုထုံးများနှင့် ခေါင်းခွံတွင်း ဖိအားပြောင်းလဲမှုများကြောင့် ဟိုက်ပိုသဲလမတ်နှင့် ပစ်ကျူထရီဂလင်း တို့တွင် အချက်ပြမှုများကိုပါပြောင်းလဲသွားစေပြီး ပျိုဖော်ဝင်သည့်အချိန်ကိုလည်း ပုံမှန်ထက်စောသွားသည်။
ပျိုဖော်ဝင်ချိန်စောခြင်းကိုဖြစ်စေသည့်အကြောင်းတရားမှာ ဦးနှောက်အတွင်းတွင်ရှိကြောင်း (ဦးနှောက်တွင်းပြောင်းလဲမှုကြောင့် ပျိုဖော်ဝင်ချိန်စောခြင်း)နှင့် သားဥအိမ်များ၊ ဝှေးစေ့များ သို့မဟုတ် အခြားသော ကိုယ်အင်္ဂါအစိတ်အပိုင်းများပြဿနာများကြောင့်မဟုတ်ကြောင်း အတည်ပြုရန်အတွက် စစ်ဆေးမှုများ ပြုလုပ်နိုင်သည်။
၀ - ၁၈ နှစ်အကြားဖြစ်သော ကလေးဘဝ ကင်ဆာရောဂါမှလွတ်မြောက်လာသူအားလုံးသည် အနည်းဆုံး တစ်နှစ်လျှင်တစ်ကြိမ် ရုပ်ပိုင်းဆိုင်ရာစစ်ဆေးမှု ပြုလုပ်သင့်သည်။ ထိုသူတို့အနေဖြင့် "ကင်ဆာရောဂါမှလွတ်မြောက်လာသူအတွက် ပြုစုစောင့်ရှောက်ကုသရေးအစီအစဉ်" မိတ္တူတစ်စောင်အား ၄င်းတို့၏ကျန်းမာရေးစောင့်ရှောက်မှုပေးသူကိုပါ မျှဝေထားသင့်သည်။
နှစ်စဥ်စစ်ဆေးရာ၌ အရပ်အမြင့်နှင့် ကိုယ်အလေးချိန် တိုင်းတာခြင်းနှင့် ဆယ်ကျော်သက်မဖြစ်မှီ နှင့် ဆယ်ကျော်သက်အသက်အရွယ်၌ ပျိုဖော်ဝင်ခြင်းဆိုင်ရာ တိုးတက်မှုအဆင့်ဆင့်ကို စစ်ဆေးခြင်းများ ပါဝင်သင့်သည်။ အရှိန်အဟုန်ဖြင့်ဖွံဖြိုးကြီးထွားမှု သို့မဟုတ် ပျိုဖော်ဝင်ချိန်စောခြင်းဆိုင်ရာလက္ခဏာများရှိပါက ဦးနှောက်အတွင်းထုတ်လွှတ်သော လိင်ဟော်မုန်းများကို စစ်ဆေးရန်အတွက် သွေးစစ်ရာတွင် (FSH - မမျိုးဥပါသည့်အရည်အိတ်များအားလှုံ့ဆော်ပေးသောဟော်မုန်း၊ LH - လူတီနိုက်ဇင်းဟော်မုန်း)၊ ဝှေးစေ့များ (ဖိုဟော်မုန်း) သို့မဟုတ် သားဥအိမ်များ (အက်စထရာဒီအို) စစ်ဆေးခြင်းတို့ကို လုပ်ဆောင်ရနိုင်သည်။ တစ်ခါတစ်ရံတွင် ကြီးထွားဖွံဖြိုးခြင်းဆိုင်ရာအသက်အရွယ် သို့မဟုတ် အရိုး၏ရင့်မာမှု (အရိုးအသက်) ကိုတိုင်းတာပေးသည့် ဓာတ်မှန်တစ်မျိုးကို ရိုက်နိုင်သည်။
အကယ်၍ ပြဿနာတစ်ခုတွေ့ရှိပါက ကျန်းမာရေးစောင့်ရှောက်မှုပေးသူသည် ကင်ဆာရောဂါမှလွတ်မြောက်လာသူအား အတွင်းထုတ်ဂလင်းဗေဒပညာရှင် (ဟော်မုန်းပြဿနာရပ်များတွင် အထူးပြုလေ့လာထားသော ဆရာဝန်) ထံသို့ လွှဲပြောင်းပေးနိုင်သည်။ ပျိုဖော်ဝင်ခြင်းကို ယာယီရပ်တန့်စေရန်နှင့် အရိုးရင့်မာမှုနှုန်းကိုလျှော့ချရန်အတွက် ဆေးဝါးများကို အသုံးပြုနိုင်သည်။
ပျိုဖော်ဝင်ချိန်အလွန်စောခြင်း၏ စိတ်ပိုင်းဆိုင်ရာအကျိုးသက်ရောက်မှုများကို ရှာဖွေဖော်ထုတ်ရန်နှင့် ကုသပေးရန်မှာလည်း အရေးကြီးသည်။ ပျိုဖော်ဝင်ချိန်စောသည့် ကလေးငယ်များသည် အရွယ်ရောက်ပြီးသူတစ်ဦး၏ ပုံပန်းသွင်ပြင်ရှိနိုင်သော်လည်း ၎င်းတို့၏အတွေးများ၊ စိတ်ခံစားချက်များနှင့် အပြုအမူတို့မှာမူ ၎င်းတို့၏အမှန်တကယ်ရှိသော (ဂဏန်းစဉ်အရဖြစ်သော) အသက်အရွယ်အတိုင်းပင် ရှိနေသေးသည်။
---
ပြန်လည်သုံးသပ်ခဲ့သည့်ရက်စွဲ- ဇွန်လ ၂၀၁၈