အဓိကအကြောင်းအရာ skip

ကြိုဆိုပါသည်

Together သည် - လူနာများနှင့် မိဘများ၊ မိသားစုဝင်များနှင့် သူငယ်ချင်းများအပါအဝင် - ကလေးကင်ဆာကြောင့် ထိခိုက်မှုရှိသူတိုင်းအတွက် ရင်းမြစ်အသစ်တစ်ခု ဖြစ်ပါသည်။

ပိုမိုလေ့လာရန်

ကင်ဆာ သို့မဟုတ် အခြား နေထိုင်မကောင်းသော ကလေးများအတွက် COVID-19 (ကိုရိုနာဗိုင်းရပ်စ်) ဆိုတာ ဘာကိုဆိုလိုတာလဲ။

COVID-19 ဆိုတာ ဘာလဲ။

COVID-19 သည် ကိုရိုနာဗိုင်းရပ်စ်ရောဂါ ၂၀၁၉ ကို ဆိုလိုသည်။ ၎င်းသည် လူတစ်ဦးမှ တစ်ဦးသို့ ကူးနိုင်သော အသက်ရှူလမ်းကြောင်းဆိုင်ရာ ဝေဒနာခံစားရခြင်း ဖြစ်သည်။ COVID-19 ကို ဖြစ်စေသော ဗိုင်းရပ်စ်သည် တရုတ်နိုင်ငံတွင် စတင်တွေ့ရှိသည့် ကိုရိုနာဗိုင်းရပ်စ် အသစ်တစ်မျိုး ဖြစ်သည်။

ကိုရိုနာဗိုင်းရပ်စ်များသည် ကမ္ဘာအနှံ့ တွေ့လေ့တွေ့ထရှိသော မျိုးကွဲပေါင်းများစွာရှိသည့် ဗိုင်းရပ်စ်အုပ်စုကြီးတစ်ခု ဖြစ်သည်။ COVID-19 ကို ဖြစ်စေသော ဗိုင်းရပ်စ်သည် ပုံစံကွဲ ကိုရိုနာဗိုင်းရပ်စ်အသစ်တစ်မျိုး ဖြစ်သည်။

COVID-19 ဘယ်လို ပျံ့နှံ့သလဲ။

ရောဂါပိုးရှိသူနှင့် အနီးကပ် ထိတွေ့ခြင်းမှတစ်ဆင့် COVID-19 ကူးစက်နိုင်သည်။ ရောဂါပိုးရှိသူက ချောင်းဆိုး သို့မဟုတ် နှာချေသောအခါ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါအမှုန်များသည် အနီးအနားရှိ (၆ ပေအတွင်း ရှိသော) လူများ၏ ပါးစပ်များ သို့မဟုတ် နှာခေါင်းများအတွင်းသို့ ဝင်ရောက်နိုင်သည် သို့မဟုတ် အဆုတ်များအတွင်းသို့ ရှူသွင်းလိုက်နိုင်သည်။

ဗိုင်းရပ်စ်ရှိသော မျက်နှာပြင်များကို ထိပြီးနောက် မိမိ၏ မျက်လုံး၊ နှာခေါင်း၊ ပါးစပ်တို့ကို ထိကိုင်ခြင်းဖြင့်လည်း ဗိုင်းရပ်စ်ပျံ့နှံ့နိုင်သည်။ ဗိုင်းရပ်စ်သည် မျက်နှာပြင်များတွင် ရက်အနည်းငယ်ကြာ ရှင်သန်နေနိုင်သည်။

COVID-19 ကို ဘယ်သူဖြစ်နိုင်လဲ။

မည်သူမဆို COVID-19 ဖြစ်နိုင်သည်။ ရောဂါသည် လူတစ်ဦးမှတစ်ဦးသို့ ပျံ့နှံ့သည်။ ဆိုလိုသည်မှာ ရောဂါပိုးရှိသူ တစ်စုံတစ်ယောက်နှင့် အနီးကပ်ထိတွေ့ပြီးနောက် မည်သူမဆို COVID-19 ဖြစ်နိုင်သည်။ ဗိုင်းရပ်စ်ရှိသော မျက်နှာပြင်များကို ထိပြီးနောက် မိမိ၏ မျက်လုံး၊ နှာခေါင်း၊ ပါးစပ်တို့ကို ထိကိုင်ခြင်းဖြင့်လည်း ဗိုင်းရပ်စ်ပျံ့နှံ့နိုင်သည်။

COVID-19 ကနဦးရောဂါလက္ခဏာများတွင် အဖျားတက်ခြင်း၊ ချောင်းဆိုးခြင်း၊ နှာရည်ယိုခြင်း၊ အသက်ရှူမဝခြင်းနှင့် လည်ချောင်းနာခြင်းတို့ ပါဝင်သည်။

COVID-19 ကနဦးရောဂါလက္ခဏာများတွင် အဖျားတက်ခြင်း၊ ချောင်းဆိုးခြင်း၊ နှာရည်ယိုခြင်း၊ အသက်ရှူမဝခြင်းနှင့် လည်ချောင်းနာခြင်းတို့ ပါဝင်သည်။

COVID-19 ရောဂါလက္ခဏာများမှာ ဘာတွေလဲ။

COVID-19 သည် ဗိုင်းရပ်စ်ကြောင့်ဖြစ်သော အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ (အအေးမိခြင်း သို့မဟုတ် တုပ်ကွေး) ဖြစ်သည်။ အဓိက ရောဂါလက္ခဏာများမှာ အဖျားတက်ခြင်း၊ နုံးခွေခြင်းနှင့် ချောင်းဆိုးခြင်းတို့ဖြစ်သည်။ အချို့လူနာများတွင် အသက်ရှူရခက်ခဲခြင်း၊ လည်ချောင်းနာခြင်း၊ နှာရည်ယိုခြင်း၊ ခန္ဓာကိုယ်ယားယံခြင်း သို့မဟုတ် အနံ့ သို့မဟုတ် အရသာ မခံစားနိုင်တော့ခြင်းတို့ ဖြစ်နိုင်သည်။ ရောဂါလက္ခဏာများသည် ဗိုင်းရပ်စ်ကူးစက်ခံရပြီးနောက် ၂ ရက်မှ ၁၂ ရက်အတွင်း ဖြစ်လေ့ရှိသည်။

COVID-19 ခံစားရသော လူအများစုသည် အပျော့စား ရောဂါလက္ခဏာများ ပြသသည်။ အချို့လူများတွင် ဗိုင်းရပ်စ်ရှိသော်လည်း မည်သည့် ရောဂါလက္ခဏာမျှ မပြပါ။ တရုတ်နိုင်ငံမှ အစောပိုင်းရလဒ်များအရ အသက်ကြီးအရွယ်ရောက်သူများထက် ကလေးများက ကူးစက်နိုင်ခြေ ပိုနည်းသည်။ 

အချို့အခြေအနေများတွင် COVID-19 ခံစားရသူများ၏ ဝေဒနာသည် အလွန်ပြင်းထန်သည်။ COVID-19 သည် အဆုတ်အအေးမိခြင်း၊ ပြင်းထန် အသက်ရှူရ ခက်ခဲခြင်းနှင့် သေဆုံးသည်အထိ ဖြစ်စေနိုင်သည်။ အဖြစ်မများသော်လည်း ပြင်းထန်ဝေဒနာ၏ သတိပေးလက္ခဏာများမှာ-

  • အသက်ရှူမဝခြင်း သို့မဟုတ် အသက်ရှူရခက်ခဲခြင်း
  • ရင်ဘတ်အောင့်ခြင်း သို့မဟုတ် နာခြင်း
  • နှုတ်ခမ်း သို့မဟုတ် မျက်နှာ ပြာနှမ်းခြင်း
  • စိတ်ရှုပ်ထွေးခြင်း
  • သတိမရှိတော့ခြင်း သို့မဟုတ် အသိစိတ်ပျောက်ဆုံးခြင်း

ကလေးများတွင် COVID-19 ဖြစ်နိုင်ခြေ ပိုများသလား။

မများပါ။ အမှန်တကယ်တွင် COVID-19 ကြောင့် ပြင်းထန်နာမကျန်းဖြစ်နိုင်ခြေသည် ကလေးများတွင် နည်းပါးသည်ဟု ထင်ရသည်။ ၎င်းကို အခြားနိုင်ငံများ၏ အစောပိုင်းရလဒ်များပေါ်တွင် အခြေခံထားသည်။ ၎င်းသည် ကလေးများတွင် COVID-19 မဖြစ်ဟု မဆိုလိုပါ။ သို့သော် ကလေးများတွင် ပြင်းထန်နာမကျန်းဖြစ်နိုင်ခြေသည် ယေဘုယျအားဖြင့် နည်းပါးသည်။  

လက်ရှိ သိရှိထားသည့် အချက်များအရ COVID-19 နှင့် ပတ်သက်၍ နောက်ဆက်တွဲရောဂါများသည် နှလုံးရောဂါ၊ သွေးချိုဆီးချို၊ အဆုတ်ပြဿနာများကဲ့သို့ နာတာရှည် ရောဂါသည်များ သို့မဟုတ် ကိုယ်ခံအားစနစ် အားနည်းသော လူများတွင် ဖြစ်နိုင်ခြေ အမြင့်ဆုံးဖြစ်သည်။   

နာမကျန်းဖြစ်ခြင်းကြောင့် သို့မဟုတ် ဆေးကုသမှု အခြေအနေများကြောင့် ကိုယ်ခံအားစနစ် အားနည်းနေသော ကလေးများရှိသည့် မိသားစုများသည် ဗိုင်းရပ်စ်မကူးစက်စေရန် ပို၍ဂရုစိုက်သင့်သည်။ ရောဂါလက္ခဏာများ စတင်ပြသလာပါက သင်၏ ဆရာ၀န်သို့ ချက်ချင်းဆက်သွယ်ပါ။ 

ကင်ဆာလူနာများတွင် ပြင်းထန်နာမကျန်းဖြစ်နိုင်ခြေ ပိုများသလား။

ကင်ဆာနှင့် ကင်ဆာရောဂါကုသမှုဟာ ကိုယ်ခံအားစနစ်ကို အားနည်းစေပါသည်။ ဆိုလိုသည်မှာ ကင်ဆာရောဂါရှိသော ကလေးတစ်ယောက်သည် ရောဂါပိုးဝင်ရောက်နိုင်ခြေနှင့် ဖျားနာနိုင်ခြေတို့ ပိုများပါသည်။

ယေဘုယျအားဖြင့် ကင်ဆာသည် ကိုယ်ခံအားကို လျော့နည်းစေနိုင်ပြီး ကူးစက်ရောဂါကို ပြန်လည်တိုက်ခိုက်ရာတွင် ပိုမိုခက်ခဲစေရန် နည်းလမ်းမျိုးစုံဖြင့် လုပ်နိုင်သည်။

  • ကင်ဆာ သို့မဟုတ် ကင်ဆာကုထုံးသည် ရောဂါပိုးမွှားများကို တိုက်ခိုက်သည့် ကိုယ်ခံအားဆဲလ်များ၏ အရေအတွက်ကို လျော့နည်းစေနိုင်သည်။ 
  • ဓာတ်ရောင်ခြည်ပေးခြင်းနှင့် အခြား ဆေးပေးခြင်းများအပါအဝင် ကင်ဆာရောဂါကုထုံးများသည် အရေပြား သို့မဟုတ် ပါးစပ်နှင့် အစာခြေလမ်းကြောင်းတို့အား ဖုံးအုပ်ပေးထားသည့် အမြှေးပါးတို့ကို အားနည်းစေနိုင်သည်။ ၎င်းကြောင့် အချို့ရောဂါပိုးမွှားများသည် ခန္ဓာကိုယ်အတွင်းသို့ ဝင်ရောက်ရန် ပိုမိုလွယ်ကူနိုင်သည်။ ၎င်းသည် COVID-19 ဖြစ်နိုင်ခြေအပေါ် သက်ရောက်ခြင်းရှိ မရှိ ကျွန်ုပ်တို့ မသိရှိသေးပါ။ 

ကိုယ်ခံအားစနစ်များ အားနည်းနေသော ကလေးကင်ဆာလူနာများအတွက် COVID-19 ကြောင့် ပြင်းထန်နာမကျန်းဖြစ်နိုင်ခြေ တိုးလာခြင်းရှိ မရှိ ကျွန်ုပ်တို့ သေချာမသိသေးပါ။ သို့သော် ပိုမိုပြင်းထန်သော နာမကျန်းဖြစ်နိုင်ခြေရှိသောကြောင့် လက်ရှိအချိန်တွင် သတိထားနေ၍ ဂရုတစိုက်စောင့်ကြည့်ရန် အကြံပြုပါသည်။ 

ကျွန်ုပ်၏ ကလေးတွင် ကိုယ်ခံအားစနစ် ဆုံးရှုံးသွားပါက ဘာလုပ်သင့်သလဲ။

သင်၏ကလေးသည် ကိုယ်ခံအားစနစ် အားနည်းနေပါက သို့မဟုတ် နာတာရှည် ကျန်းမာရေးပြဿနာရှိပါက ကြိုတင်ပြင်ဆင်၍ နေထိုင်မကောင်း မဖြစ်စေဖို့ အဆင့်ဆင့်ကာကွယ်ရန် အရေးကြီးသည်။

  • COVID-19 ဖြစ်နိုင်ခြေနှင့် သင့်ကလေး၏ တစ်ဦးချင်းဆိုင်ရာ ကျန်းမာရေးလိုအပ်ချက်များအကြောင်းကို သင်၏ဆရာဝန်နှင့် ဆွေးနွေးပါ။
  • ရောဂါလက္ခဏာများ စတင်ပြသလာပါက လုပ်ဆောင်ရမည့် အရာများကို သိရှိပါ။ အရေးပေါ်အခြေအနေမှလွဲ၍ ဆရာ၀န်ဆီမသွားမီ ဖုန်းကြိုဆက်ပါ။
  • ရောဂါဖြစ်ပွားခြင်း သို့မဟုတ် အသွားအလာကန့်သတ်ခြင်းကြောင့် အိမ်တွင်နေရမည်ဆိုပါက အဆင်သင့်ဖြစ်စေရန် ဆေးဝါးများနှင့် ဆေးအသုံးအဆောင်အပိုများ လက်ဝယ်ထားရှိပါ။ သင့်အိမ်သို့ ပစ္စည်းပို့ခြင်းကဲ့သို့ ဆေးဝါးများရရှိနိုင်သည့် နည်းလမ်းများအကြောင်းကို သင်၏ဆရာဝန်နှင့် ဆွေးနွေးပါ။
  • လာမည့် ဆရာ၀န်ရက်ချိန်းများအကြောင်းနှင့် ၎င်းတို့ကို အချိန်နောက်ဆုတ်သင့် မသင့် သင်၏ဆရာဝန်ကို မေးမြန်းပါ။ အချိန်နောက်ဆုတ်၍ရပါက အချို့ရက်ချိန်းအမျိုးအစားများကို အချိန်စောင့်ဆိုင်းရန် သင်၏ဆရာဝန်က အကြံပြုနိုင်သည်။
  • ခရီးသွားခြင်း၊ လူစုလူဝေးများ၊ အများပြည်သူနေရာများနှင့် အထူးသဖြင့် နေမကောင်းဖြစ်နေနိုင်သော လူများနှင့် ထိတွေ့ခြင်းတို့ကို ရှောင်ကြဉ်ခြင်းဖြင့် ပိုးကူးစက်နိုင်ခြေကို ကန့်သတ်ပါ။ ၎င်းကို တစ်ခါတလေ၌ "နေ့စဉ်ဘဝတွင် ကန့်သတ်ခြင်း" သို့မဟုတ် "နေ့စဉ်ဘဝတွင် ခပ်ခွာခွာနေခြင်း" ဟု ခေါ်သည်။
  • ရောဂါလက္ခဏာများကို ဂရုပြုပြီး ရောဂါကူးစက်မှု လက္ခဏာများကို စောင့်ကြည့်ပါ။
  • အရေးပေါ်ပြုစုစောင့်ရှောက်မှု လိုအပ်သော သတိပေးချက်လက္ခဏာများအကြောင်း သိရှိပါ။

COVID-19 ပျံ့နှံ့မှုကို ထိန်းချုပ်ရာတွင် ကူညီရန် ဗိုင်းရပ်စ်နှင့် ထိတွေ့နိုင်ခြေကို လျှော့ချသည့် သတ်မှတ်ထားသော နည်းလမ်းတစ်ခုအဖြစ် "နေ့စဉ်ဘဝတွင် သီးသန့်နေခြင်း" သို့မဟုတ် "နေ့စဉ်ဘဝတွင် ခပ်ခွာခွာနေခြင်း" ဟုခေါ်သည့် ဗျူဟာအကြောင်းကို ပို၍ ပို၍ ကြားရနိုင်သည်။ ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါကို တုံ့ပြန်ခြင်းနှင့် ပတ်သက်၍ ဤနည်းလမ်းသည် အအေးမိရောဂါပိုးမွှားများ သို့မဟုတ် တုပ်ကွေးကို ပုံမှန်ရှောင်ကြဉ်ခြင်းနှင့် များစွာကွဲပြားသည်။ ထို့ကြောင့် အများပြည်သူဆိုင်ရာ ပွဲများနှင့် ကျောင်းများကို ပိတ်နေခြင်းဖြစ်သည်။

'လက်ဆေးခြင်း' နှင့် နေထိုင်မကောင်းဖြစ်နေသူများနှင့် ထိတွေ့ခြင်းကို ကန့်သတ်ခြင်း စသည့် အခြားအမူအကျင့်များသည်လည်း အလွန်အကျိုးရှိပြီး လူနာများကို နေ့စဉ်အကြံပြုသည့် အချက်များနှင့် ကွဲပြားမှုမရှိပေ။

ဒေါက်တာ Ellis Neufeld

COVID-19 ကို ကူညီတားဆီးနိုင်သည့် ရိုးရှင်းသောနည်းလမ်းများ

သင်နှင့် အခြားသူများကို နာမကျန်းဖြစ်ခြင်းမှ ကာကွယ်နိုင်သည့် အခြားနည်းလမ်းများမှာ-

  • လက်ကို မကြာခဏဆေးပါ၊ အထူးသဖြင့် အများပြည်သူဆိုင်ရာ နေရာများသို့ သွားလာပြီးပါက လက်ဆေးပါ။ ချောင်းဆိုး၊ နှာချေ သို့မဟုတ် နှပ်ညှစ်ပြီးတိုင်း လက်ဆေးပါ။ ဆပ်ပြာနှင့်ရေကိုသုံး၍ အနည်းဆုံး စက္ကန့် ၂၀ ကြာ ပွတ်ဆေးပါ။
  • ဆပ်ပြာနှင့်ရေ မရနိုင်ပါက အရက်ပြန် ၆၀% အနည်းဆုံးပါဝင်သော လက်သန့်ဆေးရည်ကို သုံးပါ။ လက်ပြင်အနှံ့ ဆေးကြောပြီး ခြောက်သွေ့သည်အထိ လက်နှစ်ဖက်ကို ပွတ်ပါ။
  • သင်၏ မျက်နှာ၊ ပါးစပ်နှင့် မျက်လုံးတို့ ထိတွေ့ခြင်းကို ရှောင်ကြဉ်ပါ။
  • လူများနှင့် အနီးကပ် (၆ ပေခန့်အတွင်း) ထိတွေ့မှုကို တတ်နိုင်သမျှ ရှောင်ကြဉ်ပါ။ COVID-19 သည် တစ်စုံတစ်ယောက် နှာချေ သို့မဟုတ် ချောင်းဆိုးခြင်းမှ ထွက်လာသော ရောဂါအမှုန်များမှတစ်ဆင့် ပျံ့နှံ့သည်။
  • ချောင်းဆိုး၊ နှာချေခြင်းများကို ဖုံးအုပ်ပြီး လက်ကို ချက်ချင်း ဆေးကြောပါ။
  • သင်ကိုယ်တိုင် နေထိုင်မကောင်းသောအခါ သို့မဟုတ် အဖျားရှိသော သို့မဟုတ် အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါလက္ခဏာများရှိသော တစ်စုံတစ်ယောက်ကို ပြုစုစောင့်ရှောက်သော အခါမှသာ နှာခေါင်းစည်း ဝတ်ဆင်ပါ။ သင်၏ကလေးသည် ကိုယ်ခံအားဆုံးရှုံးပါက လိုအပ်သော နှာခေါင်းစည်း အမျိုးအစားနှင့် အသုံးပြုနည်းလမ်းညွှန်တို့ အကြောင်းကို သင့်ပြုစုစောင့်ရှောက်ရေးအဖွဲ့သို့ မေးမြန်းပါ။
  • မကြာခဏ ထိတွေ့သော မျက်နှာပြင်များကို သန့်ရှင်းရေးလုပ်ပြီး ပိုးသတ်ပါ။
  • အိမ်သုံးပိုးသတ်ဆေးများကို လူများနှင့် အိမ်မွေးတိရစ္ဆာန်များတွင် မဖြန်းရ။
လက်ဆေးခြင်း- မိမိကိုယ်တိုင်နှင့် အခြားသူများကို မဖျားနာအောင် ကာကွယ်ပါ။ စက္ကန့် ၂၀ ကြာ လက်ဆေးပါ။ ၁) ရေနှင့် ဆပ်ပြာ။ ၂) လက်ဖဝါးအချင်းချင်း။ ၃) လက်ချောင်းများကြား။ ၄) လက်မများ ၅) လက်ဖမိုး ၆) လက်ကောက်ဝတ်များ။
COVID-19 ပျံ့နှံ့မှုကို တားဆီးရန်၊ အရက်ပြန်ပါဝင်သော လက်သန့်ဆေးရည် အသုံးပြုခြင်း။ အဆင့်များ- ၁) အရက်ပြန် ၆၀% အနည်းဆုံးပါဝင်သော လက်သန့်ဆေးရည်ကို ရွေးပါ။ ၂) လက်ဖဝါးတစ်ဖက်ပေါ်သို့ လက်သန့်ဆေးရည် ထည့်ပါ။ လက်နှင့် လက်ချောင်းများ၏ နေရာအားလုံး ခြုံငုံမိစေရန် လုံလုံလောက်လောက်သုံးပါ။ ၃) လက်များခြောက်သွေ့သည်အထိ လက်နေရာအားလုံးကို အတူတကွပွတ်ပါ။ မှတ်ချက်- လက်တွင် မြင်နိုင်သော အညစ်အကြေးများရှိပါက ဆပ်ပြာ၊ ရေနှင့် ဆေးကြောပါ။
ကျန်းမာစွာနေနိုင်ရန် ရိုးရှင်းသောနည်းလမ်းများမှာ- လက်များကို ဆပ်ပြာ၊ ရေနှင့် အနည်းဆုံး စက္ကန့် ၂၀ ကြာ ဆေးပါ။ သင့်မျက်လုံး၊ နှာခေါင်း၊ ပါးစပ်တို့အား ထိကိုင်ခြင်းကို ရှောင်ကြဉ်ပါ။ ချောင်းဆိုး သို့မဟုတ် နှာချေခြင်းကို တစ်ရှူးဖြင့် ဖုံးအုပ်၍ တစ်ရှူးကို အမှိုက်ပုံးထဲသို့ လွှင့်ပစ်ပါ။ လူအုပ်များ၊ နေမကောင်းဖြစ်နေသူများနှင့် အနီးကပ်ထိတွေ့ခြင်းကို ရှောင်ကြဉ်ပါ။ မကြာမကြာ ထိကိုင်တတ်သည့် အရာဝတ္ထုများနှင့် မျက်နှာပြင်များကို သန့်ရှင်းရေးလုပ်ပြီး ပိုးသတ်ပါ။ နေထိုင်မကောင်း ဖြစ်သောအခါ သင်၏ ပင်မ ပြုစုစောင့်ရှောက်ရေးအဖွဲ့ကို ခေါ်ဆိုပါ။

ကိုရိုနာဗိုင်းရပ်စ်နှင့် COVID-19 အကြောင်း နောက်ထပ်အချက်အလက်များ

---
ပြန်လည်ဆန်းစစ်ခဲ့သည့်အချိန်- ၂၀၂၀ ခုနှစ် မတ်လ