အဓိကအကြောင်းအရာ skip

ကြိုဆိုပါသည်

Together သည် - လူနာများနှင့် မိဘများ၊ မိသားစုဝင်များနှင့် သူငယ်ချင်းများအပါအဝင် - ကလေးကင်ဆာကြောင့် ထိခိုက်မှုရှိသူတိုင်းအတွက် ရင်းမြစ်အသစ်တစ်ခု ဖြစ်ပါသည်။

ပိုမိုလေ့လာရန်

အစာရှောင်ခြင်း လမ်းညွှန်ချက်များ

အစာရှောင်ခြင်း (NPO) ဆိုသည်မှာ အဘယ်နည်း။

တစ်ခါတစ်ရံတွင် သင့်ကလေးသည် အချို့သော လုပ်ထုံးလုပ်နည်းများ၊ စကန်ဖတ်စစ်ဆေးခြင်းများ သို့မဟုတ် စမ်းသပ်စစ်ဆေးမှုများ မခံယူမီတွင် အစာမစားဘဲဖြစ်စေ၊ အရည်မသောက်ဘဲဖြစ်စေ နေရမည်။

စမ်းသပ်စစ်ဆေးမှုမခံယူမီ အစာမစားခြင်း သို့မဟုတ် အရည်မသောက်ခြင်းကို အစာရှောင်ခြင်းဟု ခေါ်သည်။ အစာရှောင်ခြင်းကို NPO ဟု ခေါ်သည်ကိုလည်း သင်ကြားရနိုင်ပြီး ၎င်းသည် “nothing by mouth (ပါးစပ်ထဲဘာမျှမထည့်ခြင်း)" ဟု အဓိပ္ပာယ်ရသည့် လက်တင်စကားစု၏ အတိုကောက်ဖြစ်သည်။

သင်၏ ပြုစုကုသရေးအဖွဲ့က ပေးအပ်ထားသည့် အစာရှောင်ခြင်း လမ်းညွှန်ချက်များ သို့မဟုတ် NPO ညွှန်ကြားချက်များကို အမြဲတစေ လိုက်နာပါ။  

အစာရှောင်ခြင်းကို ဘာကြောင့်လိုအပ်သနည်း

လုပ်ထုံးလုပ်နည်း သို့မဟုတ် စမ်းသပ်စစ်ဆေးမှုတစ်စုံတစ်ရာ မခံယူမီ သင့်ကလေးအနေဖြင့် အစာရှောင်ရန် လိုအပ်နိုင်သည့် အကြောင်းရင်းများစွာ ရှိသည်-

  • ပုံမှန်မေ့ဆေးပေးထားလျှင် သာမန်ချောင်းဆိုးခြင်း သို့မဟုတ် လည်ချောင်းကြွက်သားကျုံ့ခြင်းဖြစ်စဉ်များ မလုပ်ဆောင်နိုင်သည့်အတွက် အစာအိမ်ထဲရှိ အစာ သို့မဟုတ် အရည်သည် အဆုတ်များထဲသို့ ဝင်ရောက်သွားနိုင်သည်။ ၎င်းသည် အဆုတ်ရောင်ရောဂါ သို့မဟုတ် အခြားပြင်းထန်သော ကျန်းမာရေးပြဿနာများကို ဖြစ်စေနိုင်သည်။
  • အစာအိမ် သို့မဟုတ် အူများရှိ အစာ သို့မဟုတ် လေသည် ဓာတ်မှန်ပုံများကို မှုန်ဝါးစေနိုင်သည် သို့မဟုတ် အချို့ဓာတ်မှန်စကန်အမျိုးအစားများတွင် ရောဂါပြဿနာများကို ဖုံးဝှက်ထားနိုင်သည်။
  • အချို့သောဓာတ်မှန်စကန်များ သို့မဟုတ် စမ်းသပ်စစ်ဆေးမှုများ ပြုလုပ်နိုင်ရန် အဆီ သို့မဟုတ် သကြားကဲ့သို့ အစားအစာအချို့ကို ရှောင်ကြဉ်ရန် လိုအပ်သည်။ အကြောင်းမှာ ဤအရာများက စမ်းသပ်စစ်ဆေးမှုရလဒ်များကို အနှောင့်အယှက်ဖြစ်စေနိုင်သောကြောင့် ဖြစ်သည်။

ကလေးများ ဗိုက်ဆာသည့်အချိန် သို့မဟုတ် ရေဆာသည့်အချိန်တွင် အစာစားခြင်းနှင့် အရည်သောက်ခြင်းမှ တားမြစ်ရန် ခက်ခဲသည်။ သို့သော် သင့်ကလေးကို ဘေးကင်းစေမည့် အစာရှောင်ခြင်း လမ်းညွှန်ချက်များ ရှိပါသည်။ ၎င်းတို့ကို တစ်သဝေမတိမ်း လိုက်နာရန် အရေးကြီးသည်။ အစာရှောင်ခြင်း လမ်းညွှန်ချက်များကို မလိုက်နာလျှင် သင့်ကလေးခံယူနေသော လုပ်ထုံးလုပ်နည်းကို နှောင့်နှေးကြန့်ကြာစေနိုင်သည်။ အစာရှောင်ခြင်း သို့မဟုတ် NPO ညွှန်ကြားချက်များနှင့်ပတ်သက်ပြီး သင့်တွင် မေးစရာများရှိပါက သင်၏ ပြုစုကုသရေးအဖွဲ့နှင့် ဆွေးနွေးတိုင်ပင်ပါ။

အထွေထွေ အစာရှောင်ခြင်း လမ်းညွှန်ချက်များ

အစာရှောင်ခြင်းအတွက် အထွေထွေလမ်းညွှန်ချက်အချို့ကို အောက်တွင်ဖော်ပြထားသည်။ ဤလမ်းညွှန်ချက်များသည် ပါးစပ်ဖြင့် အစာစားနိုင် သို့မဟုတ် အရည်သောက်နိုင်သည့် ကလေးများအပြင် အစာပြွန်ဖြင့်ကျွေးရသော ကလေးများနှင့်လည်း သက်ဆိုင်ပါသည်။ အစာရှောင်ခြင်း လမ်းညွှန်ချက်များသည် စမ်းသပ်စစ်ဆေးမှုအမျိုးအစားအပေါ် မူတည်၍ ကွဲပြားနိုင်သောကြောင့် သင့်ပြုစုကုသရေးအဖွဲ့၏ ညွှန်ကြားချက်များကို အမြဲလိုက်နာပါ။  

NPO- အထွေထွေမေ့ဆေးပေးရန် သို့မဟုတ် IV စိတ်ငြိမ်ဆေးသွင်းရန်အတွက် အစာရှောင်ခြင်း လမ်းညွှန်ချက်များ
လုပ်ထုံးလုပ်နည်းမစတင်မီ 1 နာရီအလို သင့်ကလေးအား အရည်ကြည်များ* နှင့် CT ပုံရိပ်ခွဲထိုးဆေးရည်များ တိုက်ခြင်းကို ရပ်ပါ။
လုပ်ထုံးလုပ်နည်းမစတင်မီ 3 နာရီအလို သင့်ကလေးအား မိခင်နို့တိုက်ခြင်းကို ရပ်ပါ။
လုပ်ထုံးလုပ်နည်းမစတင်မီ 6 နာရီအလို သင့်ကလေးအား ကလေးနို့မှုန့်၊ Ensure® Clear သို့မဟုတ် နို့ (မိခင်နို့မဟုတ်) တိုက်ခြင်းကို ရပ်ပါ။
လုပ်ထုံးလုပ်နည်းမစတင်မီ 8 နာရီအလို သင့်ကလေးအား အစာမာများကျွေးခြင်း၊ ပြွန်ဖြင့် (အစာသွင်းပြွန်ဖြင့်) အစာကျွေးခြင်းများ၊ Ensure® သို့မဟုတ် ခွင့်ပြုထားသော အရည်ကြည်များ* တွင်မပါသည့် အရည်များ တိုက်ကျွေးခြင်းကို ရပ်ပါ။

*ခွင့်ပြုထားသော အရည်ကြည်များတွင် ပါဝင်သည်မှာ-

  • ရေ
  • အဖတ်မပါသော သစ်သီးဖျော်ရည်
  • ဂျင်ဂျာအေး သို့မဟုတ် ဆိုဒါကဲ့သို့ အမှုန်များမပါသည့် ကာဗွန်နိတ် သောက်စရာများ
  • နို့ သို့မဟုတ် ခရင်မ်မာ မပါသော ကော်ဖီနှင့် လက်ဖက်ရည်
  • အားဖြည့်အချိုရည်များ (Gatorade® ကဲ့သို့)
  • Jell-O® (အနီမဟုတ်) ကဲ့သို့ ကျောက်ကျော
  • Pedialyte®
  • ရေခဲချောင်းများ (သစ်သီးချောင်းများ မဟုတ်ပါ)
  • Ensure® Pre-Surgery

Ensure®  Clear အာဟာရဖြည့် သောက်စရာနှင့် အလားတူထုတ်ကုန်များသည် ခွင့်ပြုထားသော အရည်ကြည်များ မဟုတ်ကြောင်း သတိပြုပါ။ 

သင်၏ ပြုစုကုသရေးအဖွဲ့သည် စမ်းသပ်စစ်ဆေးမှုအမျိုးအစားနှင့် သင့်ကလေး၏ ဆေးဘက်ဆိုင်ရာ လိုအပ်ချက်များပေါ်မူတည်၍ အခြားညွှန်ကြားချက်များကို ပေးနိုင်သည်။

 

ပုံမှန်မေ့ဆေးမပေးမီ ပါးစပ်ဖြင့်သောက်ရသော ဆေးများ

ပုံမှန်မေ့ဆေးပေးမည့် နံနက်တွင် သင့်ကလေး၏ ပြုစုကုသရေးအဖွဲ့က မတိုက်ရန် မှာကြားထားသည်မှလွဲ၍ သင့်ကလေးအား သူပုံမှန်သောက်သည့် ဆေးအားလုံးကို တိုက်ပါ။  

များသောအားဖြင့် ခွင့်ပြုထားသော အရည်ကြည်တစ်ငုံနှင့်အတူ ဆေးကိုသောက်သုံးလျှင် သင့်ကလေးခံယူမည့် လုပ်ထုံးလုပ်နည်းကို အချိန်မနှောင့်နှေးစေတော့ပါ။ ဒိန်ချဉ် သို့မဟုတ် ပန်းသီးဆော့စ်ကဲ့သို့ အခြားအရည် သို့မဟုတ် အစာမာတစ်မျိုးမျိုးနှင့်တွဲ၍ ဆေးသောက်လျှင် ပုံမှန်မေ့ဆေးပေးခြင်းကို နှောင့်နှေးစေပါမည်။

သင့်ပြုစုကုသရေးအဖွဲ့သည် လုပ်ထုံးလုပ်နည်းပေါ်မူတည်၍ဖြစ်စေ၊ သင့်ကလေး၏ သီးခြားဆေးဘက်ဆိုင်ရာ လိုအပ်ချက်များပေါ်မူတည်၍ဖြစ်စေ အစာရှောင်ခြင်းအတွက် အခြားညွှန်ကြားချက်များ ပေးနိုင်သည်။ သင့်ပြုစုကုသရေးအဖွဲ့က ပေးအပ်ထားသည့် ညွှန်ကြားချက်များကို အမြဲလိုက်နာပါ။

အစာရှောင်ခြင်း လမ်းညွှန်ချက်များအတွက် ခြွင်းချက်- PET စကန်ဖတ်စစ်ဆေးမှုများ

သင့်ကလေးကို PET စကန်ဖတ်စစ်ဆေးမှု ပြုလုပ်မည်ဆိုပါက သင့်ကလေးသည် စကန်ဖတ်စစ်ဆေးမှုမပြုမီ အနည်းဆုံး 4 နာရီကြာအထိ ရေ သို့မဟုတ် သကြားမပါသည့် အနံ့အရသာရှိသောရေမှလွဲ၍ အခြားအစာစားခြင်း သို့မဟုတ် အရည်သောက်ခြင်း မပြုရပါ။ အခြားသော စားစရာများနှင့် သောက်စရာများတွင် ပါဝင်သည့် သကြားဓာတ်သည် စမ်းသပ်စစ်ဆေးမှုကို အနှောင့်အယှက်ဖြစ်စေနိုင်သည်။ သင့်ကလေးကို စကန်ဖတ်စစ်ဆေးနေစဉ် ပုံမှန်မေ့ဆေးပေးမည်ဆိုပါက သင်သည် နောက်ထပ် NPO ညွှန်ကြားချက်များကို ရရှိနိုင်သည်။

 

သင်၏ ပြုစုကုသရေးအဖွဲ့ကို မေးမြန်းရန် မေးခွန်းများ

  • ကျွန်ုပ်၏ကလေးအနေဖြင့် လုပ်ထုံးလုပ်နည်းမစမီ မည်သည့်အချိန်တွင် အစာစားခြင်း သို့မဟုတ် အရည်သောက်ခြင်းကို ရပ်တန့်သင့်သနည်း။
  • ကျွန်ုပ်၏ကလေးအား အစာကျွေးပြွန်ဖြင့် အာဟာရတိုက်ကျွေးနေလျှင် သူ့ကို ပြွန်ဖြင့်အစာကျွေးရာ၌ အပြောင်းအလဲများ ပြုလုပ်ရန် လိုအပ်ပါသလား။
  • ကျွန်ုပ်၏ကလေးသည် ပီကေဝါး၍ရပါသလား သို့မဟုတ် သကြားလုံးအမာများ စုပ်နိုင်ပါသလား။
  • ကျွန်ုပ်၏ကလေးအနေဖြင့် လုပ်ထုံးလုပ်နည်း ပြီးဆုံးပြီးနောက် မည်သည့်အချိန်တွင် အစာစားနိုင် သို့မဟုတ် အရည်သောက်နိုင်မည်နည်း။
  • ကျွန်ုပ်၏ကလေး မှီဝဲသောဆေးဝါးများကို အပြောင်းအလဲများ ပြုလုပ်ရန် လိုအပ်ပါသလား။
  • အရည်ကြည်တွင် မည်သည်တို့ ပါဝင်သနည်း။

အစာရှောင်ခြင်း လမ်းညွှန်ချက်များနှင့်ဆိုင်သော အဓိကအချက်များ

  • တစ်ခါတစ်ရံတွင် မေ့ဆေးမပေးမီ သို့မဟုတ် စိတ်ငြိမ်ဆေးမပေးမီ သင့်ကလေးသည် အစာမစားဘဲ သို့မဟုတ် အရည်မသောက်ဘဲနေရမည်။ ၎င်းကို အစာရှောင်ခြင်း သို့မဟုတ် NPO ဟု ခေါ်သည်။ NPO သည် “nothing by mouth (ပါးစပ်ထဲဘာမျှမထည့်ခြင်း)" ဟု အဓိပ္ပာယ်ရသည့် လက်တင်စကားစု၏ အတိုကောက်ဖြစ်သည်။
  • သင့်ကလေးကို ဘေးကင်းစေရန်အတွက် အစာရှောင်ခြင်း လမ်းညွှန်ချက်များ ရှိပါသည်။ ၎င်းတို့ကို တစ်သဝေမတိမ်း လိုက်နာရန် အရေးကြီးသည်။
  • စမ်းသပ်စစ်ဆေးမှု သို့မဟုတ် လုပ်ထုံးလုပ်နည်းမစတင်မီ သင့်ကလေး စားနိုင်/သောက်နိုင်မည့်အရာများကို သင်သေချာမသိပါက သင့်ကလေး၏ ပြုစုကုသရေးအဖွဲ့ကို မေးပါ။
  • NPO ညွှန်ကြားချက်များသည် လုပ်ထုံးလုပ်နည်းအမျိုးအစား သို့မဟုတ် လူနာ၏ ဆေးဘက်ဆိုင်ရာလိုအပ်ချက်များပေါ် မူတည်၍ ကွဲပြားနိုင်သည်။ သင့်ပြုစုကုသရေးအဖွဲ့က ပေးအပ်ထားသည့် အစာရှောင်ခြင်း လမ်းညွှန်ချက်များကို အမြဲလိုက်နာပါ။


The Together by St. Jude™ အွန်လိုင်းအရင်းအမြစ်သည် ဤဆောင်းပါးတွင်ဖော်ပြထားသည့် အမှတ်တံဆိပ်ပါထုတ်ကုန်တစ်ခုကိုမျှ ထောက်ခံကြော်ငြာခြင်း မပြုပါ။


ပြန်လည်သုံးသပ်သည့်ရက်စွဲ- ဇန်နဝါရီ 2024

ဆက်စပ်အကြောင်းအရာ