အဓိကအကြောင်းအရာ skip

ကြိုဆိုပါသည်

Together သည် - လူနာများနှင့် မိဘများ၊ မိသားစုဝင်များနှင့် သူငယ်ချင်းများအပါအဝင် - ကလေးကင်ဆာကြောင့် ထိခိုက်မှုရှိသူတိုင်းအတွက် ရင်းမြစ်အသစ်တစ်ခု ဖြစ်ပါသည်။

ပိုမိုလေ့လာရန်

ကျန်းမာရေးစောင့်ရှောက်မှု စကားပြန်နှင့်အတူ လက်တွဲလုပ်ကိုင်ပုံ

သင့်ကလေး၏ ဆေးရုံ သို့မဟုတ် ဆေးခန်းတွင် ဘာသာစကားကို သင် နားမလည်လျှင် သင်သည် ကျန်းမာရေးစောင့်ရှောက်မှု စကားပြန်တစ်ဦး လိုအပ်နိုင်သည်။

သင့်ကလေး၏ ရောဂါစစ်တမ်းနှင့် ကုသမှုအကြောင်း အချက်အလက်များကိုသိရှိရန်မှာ အရေးကြီးပါသည်။ သင်သည် ဆုံးဖြတ်ချက်များစွာကို ချမှတ်ရသည်။

အမေရိကန်ပြည်ထောင်စုတွင် သင်သည် တိကျသေချာသော ပြောဆိုဆက်ဆံရေးနှင့် ဘေးကင်းလုံခြုံရေးအတွက် အခမဲ့စကားပြန်ဝန်ဆောင်မှုများကို ဥပဒေအရ ရပိုင်ခွင့် ရှိသည်။ ဖယ်ဒရယ်ဥပဒေသည် အင်္ဂလိပ်ဘာသာစကားကျွမ်းကျင်မှု ကန့်သတ်ချက်ရှိသော လူနာများနှင့် မိသားစုများအတွက် စကားပြန်ဝန်ဆောင်မှုများကို သတ်မှတ်ပြဋ္ဌာန်းပေးထားသည်။ ဥပဒေများသည် အခြားနိုင်ငံများတွင် ကွဲပြားခြားနားနိုင်သည်။

သင်က စကားပြန်ဝန်ဆောင်မှုများကို လိုအပ်ပါက သင်၏ စောင့်ရှောက်မှုအဖွဲ့ထံ တောင်းဆိုပါ။

ဝန်ဆောင်မှုအမျိုးအစားသည် ခြားနားကွဲပြားနိုင်သည်။ ကျန်းမာရေးစောင့်ရှောက်မှု စကားပြန်များအားလုံးသည် တရားဝင်ထောက်ခံချက်လက်မှတ်ကို ရရှိထားရမည်။

သင်၏ ဆေးရုံ သို့မဟုတ် ဆေးခန်းတွင် အောက်ပါတို့ရှိနိုင်သည်-

  • တရားဝင်ထောက်ခံချက်လက်မှတ်ရှိသော ဆေးပညာစကားပြန် (CMI) /တရားဝင်ထောက်ခံချက်လက်မှတ်ရှိသော ကျန်းမာရေးစောင့်ရှောက်မှု စကားပြန် (CHI™)
  • အရည်အချင်းပြည့်မီသော စကားပြန်
  • အရည်အချင်းပြည့်မီပြီး ဘာသာစကားနှစ်မျိုးကျွမ်းကျင်သော စကားပြန်များ
  • ဗီဒီယို စကားပြန်များ
  • အသံ စကားပြန်များ (LanguageLine Solutions®)
  • ကန်ထရိုက်တာ စကားပြန်များ

ကျန်းမာရေးစောင့်ရှောက်မှု စကားပြန်က ဘာတွေလုပ်သလဲ။

ကျန်းမာရေးစောင့်ရှောက်မှု စကားပြန်သည် တစ်ဦးနှင့်တစ်ဦး အပြန်အလှန်နားလည်ကြောင်း သေချာစေရန် လူနာများ၊ မိသားစုစောင့်ရှောက်သူများနှင့် ကျန်းမာရေးစောင့်ရှောက်မှုပေးသူများနှင့်အတူ လက်တွဲအလုပ်လုပ်သည်။ စကားပြန်သည် စကားပြောဘာသာစကားတစ်ခုကို အခြားဘာသာစကားတစ်ခုအဖြစ်သို့ ဖလှယ်ပေးရသည်။ စကားပြန်သည် ယဉ်ကျေးမှုဆိုင်ရာ ယုံကြည်မှုများအကြောင်း နားလည်မှုမြင့်တက်စေရန်အတွက်လည်း ကူညီပေးရနိုင်သည်။

စကားပြန်သည် အောက်ပါတို့ကို သေချာစေရသည်- 

  • ပိုမိုတိကျသေချာသော ရောဂါစစ်တမ်းများနှင့် ကုသမှုအစီအစဉ်
  • ကုသမှုအစီအစဉ်အကြောင်း ပိုမိုကောင်းမွန်စွာ နားလည်ခြင်း
  • ပိုမိုလျော့နည်းသော ထပ်ခါထပ်ခါ တွေ့ဆုံပြသမှုများ
  • ကုသမှုအစီအစဉ်ကို လိုက်နာဆောင်ရွက်ရာတွင် ပိုမိုလျော့နည်းသော အခက်အခဲများ
  • အပြင်းအထန် ဆေးကုသမှုဖြစ်ရပ်များနှင့် ဆေးရုံတက်ရခြင်းများအတွက် အန္တရာယ်များ လျော့နည်းစေခြင်း
  • သင့်တွင်ရှိနိုင်သော မေးခွန်းများ၏ အဖြေများ
  • စိတ်သောက၊ စိုးရိမ်ပူပန်မှုနှင့် ကြောက်ရွံ့မှုများ လျော့နည်းစေခြင်း 

ကျန်းမာရေးစောင့်ရှောက်မှု စကားပြန်နှင့် လက်တွဲလုပ်ကိုင်ခြင်းအတွက် အကြံပြုချက်များနှင့် အထာလေးများ

အောက်ပါတို့သည် ဆေးပညာစကားပြန်နှင့် လက်တွဲလုပ်ကိုင်ခြင်းအတွက် အချို့သော အကြံပြုချက်များနှင့် အထာလေးများ ဖြစ်သည်- 

  • ပုံမှန် လေသံနှင့် စကားပြောနှုန်းဖြင့် ပြောဆိုပါ။
  • တစ်ချိန်တည်းတွင် မေးခွန်း 1 ခုသာ မေးမြန်းပါ။
  • တစ်ချိန်တည်းတွင် စာကြောင်း 1 ကြောင်းသာ ပြောဆိုပါ။
  • စကားပြန်ကို စကားပြီးဆုံးအောင် ပြောခွင့်ပေးပါ။
  • ကျန်းမာရေးစောင့်ရှောက်မှုပေးသူထံ တိုက်ရိုက်ပြောဆိုပါ။ 
  • သင် နားလည်ကြောင်းသေချာစေရန် သတင်းအချက်အလက်များကို ထပ်ခါထပ်ခါ ပြောဆိုပါ။
  • ထပ်ဆောင်းသတင်းအချက်အလက်များ လိုအပ်ပါက မေးခွန်းများ မေးပါ။
  • သင်၏ မိခင်ဘာသာစကားဖြင့် မပေးအပ်ထားသော ဖောင်များကို နှုတ်ဖြင့် အဓိပ္ပါယ်ဖော်ပေးရန် စကားပြန်အား တောင်းဆိုပါ။ 
  • စိတ်ရှည်ပါ။

လေ့ကျင့်သင်ယူမထားသော စကားပြန်များကို အသုံးပြုရခြင်းဆိုင်ရာ စိုးရိမ်ပူပန်မှုများ

လူနာ၊ မိသားစု၊ မိတ်ဆွေများ၊ လေ့ကျင့်သင်ယူမထားသော ဝန်ထမ်း၊ သို့မဟုတ် အသက် 18 နှစ်အောက် ကလေးများသည် စကားပြန်အဖြစ် မဆောင်ရွက်သင့်ပါ။ လေ့ကျင့်သင်ယူမထားသော စကားပြန်များသည် ရှုပ်ထွေးမှုကို တိုးမြှင့်ဖြစ်ပေါ်စေနိုင်ပြီး အမှားများ ဖြစ်စေနိုင်ပါသည်။

အရေးပေါ်အခြေအနေတစ်ခုမှလွဲ၍ ကလေးများကို စကားပြန်အဖြစ် ဘယ်တော့မှ အသုံးမပြုသင့်ပါ။ သူတို့သည် ရှုပ်ထွေးသော ခေါင်းစဉ်များကို နားမလည်ဘဲ ရှိနိုင်သည်။

ယဉ်ကျေးမှုဆိုင်ရာနှင့် ဘာသာဗေဒဆိုင်ရာ သင့်လျော်သော ဝန်ဆောင်မှုများအတွက် အမျိုးသားစံသတ်မှတ်ချက်များ သည် လိုအပ်ချိန်တွင် သင့်အတွက် ဤစကားပြန်ဝန်ဆောင်မှုများ ပေးအပ်ရန်ပျက်ကွက်ခြင်းကို ခွဲခြားဆက်ဆံမှုနှင့် တရားမဝင်မှုအဖြစ် ယူဆကြောင်း ဖော်ပြထားသည်။ 

စကားပြန်ဝန်ဆောင်မှုများ တောင်းဆိုရန် မကြောက်ပါနှင့်။

အဓိကအချက်များ

  • အမေရိကန်ပြည်ထောင်စု၌ သင် လိုအပ်လျှင် အခမဲ့ ဘာသာစကား စကားပြန်ဝန်ဆောင်မှုများကို ဥပဒေအရ ရပိုင်ခွင့် သင့်တွင် ရှိသည်။
  • သင့်ကလေး၏ ရောဂါစစ်တမ်း၊ ကုသမှုနှင့် စောင့်ရှောက်မှုကို နားလည်ရန်မှာ အရေးကြီးပါသည်။
  • ဝန်ဆောင်မှုအမျိုးအစားများသည် ခြားနားကွဲပြားနိုင်သည်။ သင်သည် စကားပြန်နှင့် လူချင်းတွေ့၍ဖြစ်စေ၊ ဖုန်းမှတစ်ဆင့်ဖြစ်စေ၊ ဗီဒီယိုတွေ့ဆုံမှုမှတစ်ဆင့်ဖြစ်စေ စကားပြောဆိုနိုင်သည်။
  • အရည်အချင်းပြည့်မီသော စကားပြန်များကိုသာ အသုံးပြုပါ။


ပြန်လည်သုံးသပ်သည့်ရက်စွဲ- ဩဂုတ်လ၊ 2022