အဓိကအကြောင်းအရာ skip

ကြိုဆိုပါသည်

Together သည် - လူနာများနှင့် မိဘများ၊ မိသားစုဝင်များနှင့် သူငယ်ချင်းများအပါအဝင် - ကလေးကင်ဆာကြောင့် ထိခိုက်မှုရှိသူတိုင်းအတွက် ရင်းမြစ်အသစ်တစ်ခု ဖြစ်ပါသည်။

ပိုမိုလေ့လာရန်

လက်ရေးစွမ်းရည်များ တိုးတက်စေခြင်း

ကင်ဆာ၊ တံစဉ်ပုံ သွေးနီကလာပ်စည်းရှိသော သွေးအားနည်းရောဂါ၊ သို့မဟုတ် အခြားပြင်းထန်သည့် နာမကျန်းမှုဖြစ်နေသော ကလေးများသည် လက်ရေးနှင့်ပတ်သက်၍ ပြဿနာများ ရှိနိုင်ပါသည်။ အချို့ကလေးများသည် ရှင်းလင်းစွာရေးရန် လိုအပ်သော စွမ်းရည်များ မဖွံ့ဖြိုးမတိုးတက်ကြပါ။ အခြားကလေးများနှင့် ဆယ်ကျော်သက်များသည် ၎င်းတို့၏ရောဂါ သို့မဟုတ် ရောဂါကုထုံးများကြောင့် အရေးစွမ်းရည်ကို ဆုံးရှုံးရနိုင်ပါသည်။

ရှင်းလင်းစွာရေးသားရန် လေ့လာသင်ယူခြင်းသည် ကလေးများနှင့် ဆယ်ကျော်သက်များအတွက် အရေးကြီးပါသည်။ အရေးစွမ်းရည်သည် ကျောင်းတွင် ကလေး၏ ကောင်းစွာလုပ်ကိုင်နိုင်ပုံအပေါ် သက်ရောက်နိုင်ပါသည်။ လက်ဖြင့်ရေးသားခြင်းတွင် ပြဿနာများရှိသော ကလေးများသည် ကျောင်းအလုပ်နှင့်ပတ်သက်၍ အမီမလိုက်နိုင်ကြပါ။ သူတို့သည် စာလုံးများတည်ဆောက်ပုံအကြောင်း တွေးတောရလျှင် သင်ကြားပေးခဲ့သောအရာများကို အာရုံမစိုက်နိုင်ဖြစ်တတ်သည်။

စားပွဲခုံတွင် စာရေးနေစဉ် ခဲတံကိုင်ထားသော ကလေး

လက်ရေးကောင်းမွန်ခြင်းသည် သင့်ကလေးကို ပိုမိုလေ့လာရန်နှင့် ယုံကြည်မှုပိုရှိရန် ကူညီပေးမည်ဖြစ်သည်။

လက်ရေးကောင်းမွန်ခြင်းသည် သင့်ကလေးကို ပိုမိုလေ့လာရန်နှင့် ယုံကြည်မှုပိုရှိရန် ကူညီပေးမည်ဖြစ်သည်။

ကောင်းစွာရေးသားရန်အတွက် ကလေးများသည် မျက်လုံးများ၊ လက်မောင်းများ၊ လက်များနှင့် လက်ချောင်းများကို တစ်ချိန်တည်း လှုပ်ရှားရမည်ဖြစ်သည်။ ကလေးတွင် အောက်ပါစွမ်းရည်များ ရှိရမည်-

  • သိမြင်နားလည်မှုဆိုင်ရာ စွမ်းရည်များ – ပုံသဏ္ဍာန်များနှင့် စာလုံးများကို ခွဲခြားသတ်မှတ်နိုင်စွမ်း
  • ရွေ့လျားမှုစွမ်းရည်များ – ခဲတံကို ရွေ့လျားရန် အားအင်နှင့် ခန္ဓာကိုယ်ထိန်းချုပ်မှု

ဤစွမ်းရည်များကို အောက်ပါတို့အားဖြင့် သက်ရောက်မှုရှိသည်-

  • ကလေး၏ ကောင်းစွာမြင်နိုင်စွမ်း
  • တွေးတောပုံ
  • သန်မာပုံ
  • လက်ချောင်းများနှင့် လက်ကောက်ဝတ်များကို ကောင်းစွာလှုပ်ရှားနိုင်စွမ်း

အောက်ပါလမ်းညွှန်ချက်များနှင့် လှုပ်ရှားမှုများသည် သင့်ကလေး၏ လက်ရေးစွမ်းရည်များ ဖွံ့ဖြိုးတိုးတက်လာစေရန် ကူညီပေးနိုင်သည်-

ထိုင်ပုံထိုင်နည်း

စာရေးသောအခါ သင့်ကလေးသည်-

  • ခြေထောက်များနှင့် တင်ပါးများကို 90 ဒီဂရီထောင့်မှန်ဖြစ်အောင် ထားသင့်သည်။
  • ခြေဖဝါးများကို ကြမ်းပြင်ပေါ်တွင် ညီညာပြန့်ပြူးစွာ ချထားသင့်သည်။ လိုအပ်လျှင် ခြေဖဝါးများအောက်တွင် ကူရှင်များ သို့မဟုတ် တယ်လီဖုန်းစာအုပ်များ ထားသင့်သည်။
  • ကလေး၏တင်ပါးသည် ကုလားထိုင်၏နောက်ကျောဖြင့် ထိထားလျက် ခါးကို မတ်မတ်ထားသင့်သည်။
  • စာရွက်ကို 45 ဒီဂရီထောင့်ဖြစ်အောင် ထားသင့်သည်။ ပြုလုပ်ပုံနည်းလမ်း-
    • စာရွက်ကို စားပွဲပေါ်တွင် အတည့်အတိုင်း တင်ထားပါ။
    • ညာသန်အတွက် စာရွက်၏ ထိပ်ပိုင်းဘယ်ဘက်ထောင့်ကို အောက်သို့ 45 ဒီဂရီ တိမ်းစောင်းပါ
    • ဘယ်သန်အတွက် စာရွက်၏ ထိပ်ပိုင်းဘယ်ဘက်ထောင့်ကို အပေါ်သို့ 45 ဒီဂရီ တိမ်းစောင်းပါ။

ဆုပ်ကိုင်ခြင်းစွမ်းရည်များ

အောက်ပါအချက်များကိုအသုံးပြုခြင်းဖြင့် သင့်ကလေးသည် အရာဝတ္ထုများကို ဆုပ်ကိုင်ရာတွင် ပိုမိုကောင်းမွန်လာနိုင်သည်-

  • မီးညှပ် သို့မဟုတ် ဇာဂနာ။ မီးညှပ် သို့မဟုတ် ဇာဂနာကို သင့်ကလေး၏ လက်ညှိုး၊ လက်ခလယ်နှင့် လက်မဖြင့် ကိုင်ခိုင်းပါ။ ဂိမ်းတစ်ခုအနေဖြင့် ဂေါ်လီလုံးများနှင့် ပုတီးစေ့များကဲ့သို့ ပစ္စည်းများကို သင့်ကလေးအား ကောက်ယူခိုင်းပါ။
  • မျက်စဉ်းခပ်ကိရိယာ။ မျက်စဉ်းခပ်ကိရိယာကို သင့်ကလေး၏ လက်ညှိုး၊ လက်ခလယ်နှင့် လက်မဖြင့် ညှစ်ခိုင်းပါ။
  • ဂျင်။ လက်ညှိုးနှင့် လက်မကိုသာ အသုံးပြုပြီး သင့်ကလေးကို ဂျင်လှည့်ခိုင်းပါ။

အကြိုစာရေးခြင်းစွမ်းရည်များ

အောက်ပါလှုပ်ရှားမှုများသည် သင့်ကလေးကို ခဲတံအသုံးပြုခြင်း၊ ပုံသဏ္ဍာန်များဖော်ဆောင်ခြင်းတို့နှင့် ရင်းနှီးကျွမ်းဝင်စေရန် ကူညီပေးမည်ဖြစ်သည်-

  • အခြေခံမျဉ်းများနှင့် ပုံသဏ္ဍာန်များကို ကူးဆွဲပါ။
  • အစက်များကို လိုက်ဆက်ပါ။
  • ရိုးရှင်းသော ဝင်္ကပါများကို ဖြေရှင်းပါ။
  • ပုံသဏ္ဍာန်များကို လက်ချောင်း သို့မဟုတ် တုတ်ချောင်းဖြင့် ကောက်ကြောင်းလိုက်ဆွဲပါ။
  • ခြောက်သွေ့သော သို့မဟုတ် စိုစွတ်သော သဲ၊ ဆန်၊ သို့မဟုတ် မုတ်ဆိတ်ရိတ်ခရင်မ်ထဲတွင် ပုံသဏ္ဍာန်များ ရေးဆွဲပါ။
  • ပုံစံပြားများ သို့မဟုတ် အပြောက်အမွန်းပါသော ပစ္စည်းများပေါ်တွင် စာရက်တစ်ရွက်ကို တင်ပြီး အပြောက်အမွန်းပုံများတွင် အရောင်ခြယ်ရန် ရောင်စုံခဲတံများကို အသုံးပြုပါ။

ပျော်ရွှင်ဖွယ် စာရေးခြင်းလှုပ်ရှားမှုများ

ကလေးတစ်ဦးသည် ပိုမိုလေ့ကျင့်လေလေ ပိုမိုရေးသားနိုင်လာလေလေ ဖြစ်သည်။ အောက်ပါဂိမ်းများဖြင့် စာရေးခြင်းကို ပျော်ရွှင်ဖွယ်ဖြစ်အောင် ကူညီပြုလုပ်ပေးပါ-

  • စာလုံးများကို နောက်ကောက်လိုက်ရေးခြင်း သို့မဟုတ် ကူးရေးခြင်း။
  • စာလုံးများကို လက်ချောင်း သို့မဟုတ် ပိုကြီးသော တုတ်ချောင်းဖြင့် ကောက်ကြောင်းလိုက်ဆွဲခြင်း။
  • လေထဲတွင် လက်ချောင်းဖြင့်၊ ခဲတံဖြင့်၊ သို့မဟုတ် အကြိုက်ဆုံးအရုပ်ဖြင့် စာလုံးများ "ရေးဆွဲခြင်း"။
  • ခြောက်သွေ့သော သို့မဟုတ် စိုစွတ်သော သဲ၊ ဆန်၊ သို့မဟုတ် မုတ်ဆိတ်ရိတ်ခရင်မ်ထဲတွင် စာလုံးများ ရေးသားခြင်း။
  • မတူညီသော ကိရိယာများစွာဖြင့် ရေးသားခြင်း- ရောင်စုံခဲတံများ၊ မာကာများ၊ မြေဖြူ၊ ဆော့ပင်များ၊ ခဲသားဘောပင်များ၊ ရောင်စုံခြယ်ခဲတံများ၊ သို့မဟုတ် တုန်ခါတွန့်ကောက်ဘောပင်များ။
  • ပျော်ရွှင်ဖွယ်ရာဖြစ်အောင် ရေးသားခြင်း- ကတ်များ ပြုလုပ်ခြင်း၊ စာစောင်များနှင့် ပို့စ်ကတ်များ ရေးသားခြင်း၊ စာအုပ်များ ပြုလုပ်ခြင်း။
  • စာလုံးများကို ကတ်ကြေးဖြင့် ညှပ်ယူခြင်း။
  • သံလိုက်ပါသော ရေးဆွဲခြင်းကစားစရာ သို့မဟုတ် အခြောက်အတိုင်းဖျက်နိုင်သော ဘုတ်ပြားပေါ်တွင် စာလုံးများရေးသားမှုကို လေ့ကျင့်ခြင်း။

ကလေးသည် စာရေးခြင်းစွမ်းရည်များ အားနည်းခြင်းကြောင့် ကျောင်းတွင် မထူးချွန်လျှင် ကိုယ်စိတ်ပြန်လည်ကျန်းမာရေး ကုထုံးပညာရှင် က ကူညီပေးနိုင်ပါသည်။

အဓိကအချက်များ

  • လက်ရေးစွမ်းရည်များသည် ကလေးများကို ကျောင်းနှင့် လက်တွေ့ဘဝတွင် ကူညီပေးနိုင်ပါသည်။
  • ရိုးရှင်းသော လှုပ်ရှားမှုများသည် သင့်ကလေး၏ အရေးအသားစွမ်းရည်များ တိုးတက်လာအောင် ကူညီပေးပါသည်။
  • လိုအပ်လျှင် ကိုယ်စိတ်ပြန်လည်ကျန်းမာရေး ကုထုံးပညာရှင်သည် ထပ်ဆောင်းအကူအညီကို ပံ့ပိုးပေးနိုင်ပါသည်။


ပြန်လည်သုံးသပ်သည့်ရက်စွဲ- ဖေဖော်ဝါရီလ၊ 2022 ခုနှစ်