အဓိကအကြောင်းအရာ skip

ကြိုဆိုပါသည်

Together သည် - လူနာများနှင့် မိဘများ၊ မိသားစုဝင်များနှင့် သူငယ်ချင်းများအပါအဝင် - ကလေးကင်ဆာကြောင့် ထိခိုက်မှုရှိသူတိုင်းအတွက် ရင်းမြစ်အသစ်တစ်ခု ဖြစ်ပါသည်။

ပိုမိုလေ့လာရန်

မျက်လုံးတစ်လုံးတည်းဖြင့် နေထိုင်ခြင်း

မျက်မှန်နှင့် မျက်လုံးကာ တပ်ထားသောကောင်လေး

မျက်စိခွဲစိတ်ဖယ်ရှားမှု ပြုလုပ်ပြီးနောက် သင့်ကလေး၌ ကျင့်သားရအောင်လုပ်သည့် ကာလရှိခြင်းမှာ ပုံမှန်ပင်ဖြစ်ပါသည်။

အချိန်နှင့် အကူအညီတို့ဖြင့် ကလေးနှင့် ဆယ်ကျော်သက်များသည် မျက်လုံးခွဲစိတ်ဖယ်ရှားမှု (enucleation) ပြုလုပ်ပြီးနောက် ရှင်သန်နိုင်ပါသည်။

အစပိုင်းတွင် မျက်လုံး 1 လုံးတည်းရှိသော ဘဝ၌ သင့်ကလေး မည်မျှလွယ်လွယ် အသားကျသည်ဟူသည်မှာ ၎င်း၏အသက်အရွယ်ပေါ်တွင် မူတည်နိုင်ပါသည်။

ဥပမာ- မျက်လုံး 1 လုံးတည်းဖြင့် အရွယ်ရောက်လာသော ကလေးငယ်သည် ကွဲပြားမှုကို သတိပြုမိမည် မဟုတ်ပါ။ သူသည် သက်တူရွယ်တူ အခြားကလေးများနှင့်အတူ ကြီးထွားဖွံဖြိုးလာပြီး သင်ယူမည်ဖြစ်သည်။

မျက်စိဖယ်ရှားထားသည့် အသက်ကြီးသော ကလေးနှင့် ဆယ်ကျော်သက်များသည် ကျင့်သားရရန် အချိန်လိုမည်ဖြစ်သည်။ သို့သော် အဆိုပါကျင့်သားရအောင် လုပ်သည့်ကာလပြီးသည့်နောက် သင့်ကလေးသည် နေသားတကျ စဖြစ်လာမည်ဖြစ်သည်။ ယင်းသည် တစ်သက်တာတွင် သူ၏ဘဝအရည်အသွေးအပေါ် ကြီးမားသည့်ကွဲပြားမှု ဖြစ်စေမည်မဟုတ်ပါ။

မျက်လုံး 1 လုံးတည်းဖြင့် နေထိုင်ခြင်း၏ ကွဲပြားပုံ

မျက်လုံး 1 လုံးတည်းဖြင့် မြင်ရသော အမြင်အာရုံသည် မျက်လုံး 2 လုံးဖြင့် မြင်ရသော အမြင်အာရုံနှင့် မတူညီပါ။

  • သင့်ကလေးတွင် မျက်လုံး 2 လုံးရှိသူထက် ကျဉ်းမြောင်းသောအမြင်အာရုံစက်ကွင်း ရှိနိုင်သည်။ အမြင်အာရုံစက်ကွင်းဟူသည်မှာ သင့်ကလေးက ၎င်း၏ခေါင်းကိုမလှည့်ဘဲ မည်မျှမြင်နိုင်သည်ကို ဆိုလိုခြင်းဖြစ်ပါသည်။
  • သင့်ကလေးတွင် ကွဲပြားသော အနီးအဝေးမြင်နိုင်မှု ရှိမည်ဖြစ်သည်။ အနီးအဝေးမြင်နိုင်မှုဟူသည်မှာ တစ်စုံတစ်ခုသည် မည်မျှကွာဝေးကြောင်း ဆုံးဖြတ်သည့် စွမ်းရည်ဖြစ်ပါသည်။ ဥပမာ- ဘောလုံးကိုပစ်သောအခါ သို့မဟုတ် ခွက်ထဲသို့ဖျော်ရည်ထည့်သောအခါ အနီးအဝေးမြင်နိုင်မှုကို အသုံးပြုပါသည်။

အစပိုင်းတွင် ဤအမြင်အာရုံပြောင်းလဲမှုများသည် နေ့စဉ်အလုပ်များလုပ်ကိုင်ရာတွင် အခက်အခဲဖြစ်စေနိုင်ပါသည်။ သို့သော် သင့်ကလေးသည် အမြင်အာရုံပြောင်းလဲမှုများကို ကျင့်သားရအောင်လုပ်ရာတွင် ၎င်းအတွက် အထောက်အကူဖြစ်စေသည့်အရာများကို သတိပြုမိလာမည်ဖြစ်သည်။

မျက်လုံး 1 လုံးတည်းဖြင့် ဘဝတွင် ကျင့်သားရအောင်လုပ်ခြင်း

သင့်ကလေးသည် ကျဉ်းမြောင်းသော အမြင်အာရုံစက်ကွင်းနှင့် ကွဲပြားသော အနီးအဝေးမြင်နိုင်မှုရှိခြင်းကို သဘာဝအတိုင်း ကျင့်သားရလာနိုင်ပါသည်။ သို့သော် ယင်းသည် ပန်းဆွဲနှင့် လှေကားများ၏အစွန်းများတွင် ရောင်စုံတိပ်ကပ်ခြင်း သို့မဟုတ် အသုံးများသောပစ္စည်းများကို အလွယ်တကူ လက်လှမ်းမီသည့်နေရာ၌ ထားရှိခြင်းကဲ့သို့သော သင်၏နေထိုင်ရာနေရာများ၌ ရိုးရှင်းသော ပြောင်းလဲမှုများ ပြုလုပ်ရန် အထောက်အကူ ဖြစ်နိုင်ပါသည်။ ကလေးများသည် လုပ်ဆောင်နည်းအသစ်များကိုလည်း ၎င်းတို့ဘာသာ လေ့လာသင်ယူနိုင်ပါသည်။

မျက်လုံး 1 လုံးတည်းဖြင့် နေထိုင်ခြင်းအတွက် အကြံပြုချက်များ

သင့်ကလေး မျက်လုံး 1 လုံးတည်းဖြင့် နေထိုင်နိုင်ရန် ဤအကြံပြုချက်များကို အသုံးပြုခြင်းဖြင့် ကူညီပေးနိုင်ပါသည်-

  • တစ်စုံတစ်ခု မည်မျှဝေးကွာကြောင်း သိနိုင်ရန် အတွေ့အထိကို အသုံးပြုပါ။ ဥပမာ- ပုလင်း၏အစွန်းကို ထိခြင်းဖြင့် သို့မဟုတ် ခွက်၏အစွန်းတွင် ရေကရားကိုတေ့ခြင်းဖြင့် အရည်များအား မည်ကဲ့သို့လောင်းထည့်ရသည်ကို သင့်ကလေးအား ပြသပါ။
  • သင့်ကလေးအား သူ၏ခေါင်းကို ပုံမှန်ထက်ပိုလှည့်ရမည့်အကြောင်း အသိပေးပါ။ ဥပမာ- သင့်ကလေးသည် လမ်းမကူးမီ ယာဉ်အသွားအလာကြည့်ရာတွင် သူ၏ခေါင်းကို နှစ်ဘက်စလုံးသို့ တစ်ကြိမ်ထက်ပို၍ လှည့်ရမည်ကို သင်ယူရမည်ဖြစ်သည်။
  • လှေကား၏အစွန်းများအား သင့်ကလေးမြင်နိုင်စေရန် ရောင်စုံတိပ်ကို အသုံးပြုပါ။ အလွယ်တကူမြင်နိုင်သောအရောင်ကို ရွေးချယ်ပါ။ လှေကားအပေါ်ပိုင်း၊ အောက်ပိုင်းနှင့် အဆင့်တိုင်း၏အစွန်းတွင် တိပ်ကပ်ထားနိုင်ပါသည်။ သင့်ကလေးအတွက် အကောင်းဆုံး အလုပ်ဖြစ်စေမည့်အရာကို ရွေးချယ်ပါ။
  • လှေကားများတွင် လက်တန်းကိုအသုံးပြုရန် သင့်ကလေးကို သင်ပေးပါ။ သူသည် မည်သည့်နေရာသို့ ခြေလှမ်းရမည်ကိုသင်ယူရန် လှေကားအဆင့်တိုင်း၏ အစွန်းတွင် ‌ခြေထောက်ကိုလျှောဆင်းနိုင်သည်။
  • ကောင်းစွာမြင်နိုင်သော မျက်လုံးကို ကာကွယ်ပါ။ ကလေးများသည် ၎င်းတို့နိုးနေသည့်အချိန်တွင် မျက်မှန်ကို အချိန်တိုင်းတပ်ထားသင့်ပြီး အပြင်ထွက်ချိန်တွင် နေကာမျက်မှန်ကို တပ်သင့်ပါသည်။ သင့်ကလေးသည် အားကစား၊ လက်မှုပညာနှင့် ခြံအလုပ်ကဲ့သို့သော အိမ်မှုကိစ္စများလုပ်ရာတွင် လုံခြုံရေးမျက်မှန်ကို တပ်ထားသင့်ပါသည်။

အခြားမျက်လုံးအား ကျင့်သားရအောင်လုပ်ရာတွင် အထောက်အကူဖြစ်စေသည့် နည်းလမ်းများ

သင့်ကလေး၏ ကောင်းနေသောမျက်လုံးဖြင့်သာ မြင်နိုင်ခြင်းကို ကျင့်သားရအောင်လုပ်ရန် အထောက်အကူဖြစ်စေမည့် အိုင်ဒီယာအချို့ကို ဖော်ပြထားပါသည်။ ယင်းသည် အချိန်ကြာလာသည်နှင့်အမျှ ဖြစ်လာမည်ဖြစ်သည်။ သို့သော် ဤအိုင်ဒီယာများကို အသုံးပြုခြင်းသည် ယင်းကဲ့သို့မြန်မြန်ဖြစ်စေရန် အထောက်အကူပြုနိုင်ပါသည်။

ကလေးနှင့် ဆယ်ကျော်သက်များအတွက်

  • မျဉ်းဖြောင့်လိုင်းအတိုင်း လမ်းလျှောက်ပါ။ လူသွားစင်္ကြန်ရှိ အက်ကြောင်း သို့မဟုတ် ကြမ်းပြင်ပေါ်တွင် တိပ်ကပ်ခြင်းကို အသုံးပြုနိုင်ပါသည်။
  • ပစ္စည်းဖမ်းခြင်းကို ကစားပါ။ ပုံမှန်ထက် ပိုကြီး၍ပျော့သော ဘောလုံးကို အသုံးပြုပါ။
  • ဘောလုံး သို့မဟုတ် ပလတ်စတစ်စေ့ထည့်အိတ်ကို ရည်ရွယ်ရာသို့ ပစ်ပါ။
  • မတူညီသောအရာများကို လှမ်းယူပါ။ ယင်းသည် တစ်စုံတစ်ခု မည်မျှဝေးကွာကြောင်း လေ့လာရာတွင် အလေ့အကျင့်ဖြစ်စေရန် ကူညီပေးသည်။
  • အရာဝတ္ထုများကို မြင်ရရန် သင့်ခေါင်းအား ဘေးဘက်သို့ပို၍လှည့်ခြင်းကို လေ့ကျင့်ပါ။ ဥပမာ- မည်သည့်အရာ လာနေသည်ကို ကြည့်ရန် သင့်ခေါင်းကို နှစ်ဘက်စလုံးသို့ အပြည့်လှည့်ခြင်းဖြင့် တိတ်ဆိတ်သောလမ်းအား ဖြတ်ကူးခြင်းကို ဦးစွာ လေ့ကျင့်နိုင်ပါသည်။
  • သင်၏ဟန်ချက်ညီမှုကို လေ့ကျင့်ပါ။ သင်သည် လွှဲနိုင်၊ လှိမ့်နိုင်၊ ခုန်နိုင် သို့မဟုတ် ကနိုင်သည်။ ၎င်းကို လုံခြုံသောနေရာတွင် လုပ်ပါ။

မွေးကင်းစအရွယ်နှင့် လမ်းလျှောက်တတ်ခါစ ကလေးများ၏ မိဘများအတွက်

  • သင့်ကလေး၏ မြင်နိုင်သောမျက်လုံးကို သင့်ခန္ဓာကိုယ်၏ အဝေးတွင်ထားခြင်းဖြင့် ၎င်းကို ချီပါ။ ထိုသို့လုပ်ဆောင်ခြင်းကြောင့် သင့်ကလေးသည် သင့်မျက်နှာအား ကြည့်ရန် သူ၏ခေါင်းကို လှည့်ရမည်ဖြစ်သည်။
  • သင့်ကလေး၏ မျက်လုံး ဆုံးရှုံးထားသည့်ဘက်တွင် မီးလင်းသည့်အရုပ်များထားပါ သို့မဟုတ် အသံပေးပါ။ ထိုသို့လုပ်ဆောင်ခြင်းကြောင့် ၎င်းတို့ကိုကြည့်ရာတွင် သူ၏ခေါင်းကို လှည့်ရမည်ဖြစ်သည်။
  • ကား သို့မဟုတ် ဘောလုံးများကဲ့သို့ အခန်းတစ်လျှောက်ရွေ့နိုင်သည့် အရုပ်များဖြင့် ကစားပါ။ ၎င်းတို့ကိုကြည့်ရန်အတွက် သူ၏ခေါင်းကိုလှည့်ရန် သင့်ကလေးကို အားပေးပါ။
  • သင့်ကလေး၏ အနှစ်သက်ဆုံးအရုပ်များကို မြင့်သောစင်များ၊ ကြမ်းပြင်ပေါ်တွင်နှင့် အခန်း၏ ဝေးသောနေရာများ၌ ထားရှိပါ။ ယင်းသည် သင့်ကလေး သူ၏အနီးပတ်ဝန်းကျင်ရှိ အရာများကို စူးစမ်းရှာဖွေရာတွင် အထောက်အကူဖြစ်စေမည်ဖြစ်သည်။
  • အရုပ်များလှမ်းယူရန် သင့်ကလေးကို အားပေးပါ။ သင့်ကလေးကို အရုပ်များ ကမ်းမပေးပါနှင့်။ အရုပ်များလှမ်းယူခြင်းသည် သင့်ကလေး၏ မျက်လုံး-လက် ဟန်ချက်ညီစွာ ထိန်းချုပ်နိုင်မှုကို အထောက်အကူဖြစ်စေပါသည်။

မေးမြန်းလိုသည်များရှိပါက အကူအညီတောင်းပါ

သင့်ကလေးသည် မျက်လုံး 1 လုံးတည်းဖြင့် ဘဝ၌ ကျင့်သားရအောင် လုပ်ဆောင်ရာတွင် မည်မျှအဆင်ပြေသည်နှင့် ပတ်သက်၍ သင့်တွင် မေးမြန်းလိုသည်များ သို့မဟုတ် စိုးရိမ်ပူပန်မှုများရှိပါက ၎င်း၏စောင့်ရှောက်မှုအဖွဲ့ထံ ဆက်သွယ်ပါ။ သင့်ကလေး၏ စောင့်ရှောက်မှုအဖွဲ့သည် မေးခွန်းများကို ဖြေကြားရန်နှင့် အကူအညီပေးရန် ရှိနေပါသည်။

အဓိကအချက်များ

  • သင့်ကလေးသည် မျက်လုံး 1 လုံးတည်းဖြင့် ပုံမှန်ဘဝတွင် နေထိုင်နိုင်ပါသည်။
  • မျက်စိခွဲစိတ်ဖယ်ရှားမှု ပြုလုပ်ပြီးနောက် သင့်ကလေး၌ ကျင့်သားရအောင်လုပ်သည့် ကာလရှိခြင်းမှာ ပုံမှန်ပင်ဖြစ်ပါသည်။
  • သင့်ကလေး၏ မျက်လုံး 1 လုံးတည်းဖြင့်ဘဝကို ကျင့်သားရအောင်လုပ်ရာတွင် အကူအညီပေးရန် အိမ်ရှိလှေကားထစ်များကို အသုံးပြုနိုင်သည်။
  • သင့်ကလေး၏ မြင်နိုင်သောမျက်စိအား ကာကွယ်ရန် အချက်များကို လုပ်ဆောင်ကြောင်း သေချာပါစေ။
  • မေးမြန်းလိုသည်များရှိပါက သင့်ကလေး၏ စောင့်ရှောက်မှုအဖွဲ့ထံ ဖုန်းခေါ်ဆိုပါ။



ပြန်လည်သုံးသပ်သည့်ရက်စွဲ- 2022 ခုနှစ်၊ ဧပြီလ