အဓိကအကြောင်းအရာ skip

ကြိုဆိုပါသည်

Together သည် - လူနာများနှင့် မိဘများ၊ မိသားစုဝင်များနှင့် သူငယ်ချင်းများအပါအဝင် - ကလေးကင်ဆာကြောင့် ထိခိုက်မှုရှိသူတိုင်းအတွက် ရင်းမြစ်အသစ်တစ်ခု ဖြစ်ပါသည်။

ပိုမိုလေ့လာရန်

ကိုရိုနာဗိုင်းရပ်စ်နှင့် COVID-19 အကြောင်း

COVID-19 ဆိုတာ ဘာလဲ။

COVID-19 သည် ကိုရိုနာဗိုင်းရပ်စ်ရောဂါ ၂၀၁၉ ကို ဆိုလိုသည်။ ၎င်းသည် ၂၀၁၉ ခုနှစ်တွင် စတင်ခဲ့ပြီး ကိုရိုနာဗိုင်းရပ်စ် အမျိုးအစားအသစ်တစ်မျိုးကြောင့် ဖြစ်ပေါ်သော အသက်ရှူလမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါဖြစ်သည်။ အသက်ရှူလမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါသည် နေထိုင်မကောင်းဖြစ်ပြီး နှာခေါင်း၊ လည်ချောင်း၊ လေအဝင်အထွက်လမ်းကြောင်း သို့မဟုတ် အဆုတ်တို့အပေါ်  သက်ရောက်မှုရှိသည်။ COVID-19 သည် လူတစ်ဦးမှတစ်ဦးသို့ အလွယ်တကူပျံ့နှံ့ပြီး အလွန်ကူးစက်လွယ်သည်။

COVID-19 သည် ကိုရိုနာဗိုင်းရပ်စ်ရောဂါ ၂၀၁၉ ကို ဆိုလိုသည်။ ၎င်းသည် ၂၀၁၉ ခုနှစ်တွင် စတင်ခဲ့ပြီး ကိုရိုနာဗိုင်းရပ်စ် အမျိုးအစားအသစ်တစ်မျိုးကြောင့် ဖြစ်ပေါ်သော အသက်ရှူလမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါဖြစ်သည်။

ကိုရိုနာဗိုင်းရပ်စ်ဆိုတာ ဘာလဲ။

ကိုရိုနာဗိုင်းရပ်စ်များသည် ကမ္ဘာအနှံ့ တွေ့လေ့တွေ့ထရှိသော မျိုးကွဲပေါင်းများစွာရှိသည့် ဗိုင်းရပ်စ်အုပ်စုကြီးတစ်ခုဖြစ်သည်။ ၎င်းတို့သည် အသက်ရှူလမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါများကို ဖြစ်စေပြီး ပုံမှန်အအေးမိခြင်းမှသည် COVID-19 အထိ ဖြစ်နိုင်သည်။ ကူးစက်မြန်ပြင်းထန် အဆုတ်ရောင်ရောဂါ (SARS) နှင့် အရှေ့အလယ်ပိုင်း အဆုတ်ရောင်ရောဂါ (MERS) ကဲ့သို့သော အခြားကိုရိုနာဗိုင်းရပ်စ်များလည်း မကြာသေးမီနှစ်များအတွင်း ကူးစက်ဖြစ်ပွားခဲ့သည်။ သို့သော် ထိုဗိုင်းရပ်စ်များသည် COVID-19 ကဲ့သို့ လူများစွာအပေါ် သက်ရောက်မှုမရှိခဲ့ပါ။

COVID-19 ကို ဖြစ်စေသော ဗိုင်းရပ်စ်သည် ကိုရိုနာဗိုင်းရပ်စ်အသစ်တစ်မျိုး ဖြစ်သည်။ ၎င်းကို ကိုရိုနာဗိုင်းရပ်စ် “အသစ်အဆန်း” ဟု ခေါ်ဆိုကြောင်းလည်း ကြားသိနိုင်သည်။ သို့သော် ထိုကိုရိုနာဗိုင်းရပ်စ်အသစ်၏ တရားဝင်အမည်မှာ SARS-CoV-2 ဖြစ်သည်။

  • ဗိုင်းရပ်စ်သည် အလွန်သေးငယ်သောပိုးမွှားဖြစ်ပြီး အအေးမိခြင်းနှင့် တုပ်ကွေးကဲ့သို့ ရောဂါများကို ဖြစ်စေနိုင်သည်။ ဗိုင်းရပ်စ်များသည် ကြီးထွားရန်နှင့် ပိုးပွားရန် သက်ရှိလက်ခံ (လူ၊ တိရစ္ဆာန် သို့မဟုတ် အပင်) လိုအပ်သည်။ လက်ခံဆဲလ်အတွင်းသို့ ရောက်ရှိသည်နှင့်တစ်ပြိုင်နက် ဗိုင်းရပ်စ်သည် ၎င်း၏ DNA သို့မဟုတ် RNA ကို ထုတ်လွှတ်သည်။ ဗိုင်းရပ်စ်သည် လက်ခံဆဲလ်ကို အသုံးပြုပြီး မူပွားများ ပြုလုပ်သည်။ ဗိုင်းရပ်စ်မူပွားများကို ယင်းဆဲလ်မှထုတ်လွှတ်ပြီး အခြားဆဲလ်များကို ကူးစက်ခြင်းဖြင့် နာမကျန်းဖြစ်စေသည်။
  • ကိုရိုနာဗိုင်းရပ်စ်သည် ဘောလုံး သို့မဟုတ် အလုံးအဝန်းကဲ့သို့ ပုံစံရှိသည်။ ဆူးချွန်သဏ္ဌာန် ပရိုတင်းများသည် အခွံမှ ထိုးထွက်နေပြီး ဗိုင်းရပ်စ်ကို သရဖူပုံစံဖြစ်စေသည်။ ဆူးချွန်သဏ္ဌာန် ပရိုတင်းများသည် အသက်ရှူလမ်းကြောင်းရှိ ဆဲလ်များတွင် တွေ့ရသည့် အချို့သော လက်ခံဝင်ပေါက်နေရာများနှင့် ချိတ်ဆက်သည်။
ကိုရိုနာဗိုင်းရပ်စ်သည် ဘောလုံး သို့မဟုတ် အလုံးအဝန်းကဲ့သို့ ပုံစံရှိသည်။ ဆူးချွန်သဏ္ဌာန် ပရိုတင်းများသည် အခွံမှ ထိုးထွက်နေပြီး ဗိုင်းရပ်စ်ကို သရဖူပုံစံဖြစ်စေသည်။ ဆူးချွန်သဏ္ဌာန် ပရိုတင်းများသည် အသက်ရှူလမ်းကြောင်းရှိ ဆဲလ်များတွင် တွေ့ရသည့် အချို့သော လက်ခံဝင်ပေါက်နေရာများနှင့် ချိတ်ဆက်သည်။

၁) ဗိုင်းရပ်စ်၏ အပြင်အခွံရှိ ဆူးချွန်သဏ္ဌာန် ပရိုတင်းသည် လက်ခံဆဲလ်သို့ တွယ်ကပ်သည်။ ဆဲလ်အတွင်းသို့ ဗိုင်းရပ်စ်ဝင်ရောက်နိုင်ရန် ဆူးချွန်က သော့တံကဲ့သို့ လုပ်ဆောင်သည်။ ၂) လက်ခံဆဲလ်အတွင်းသို့ ရောက်ရှိသောအခါ ဗိုင်းရပ်စ်သည် ၎င်း၏ RNA ကို ထုတ်လွှတ်သည်။ ၃) RNA သည် ဗိုင်းရပ်စ်မူပွားများ ပြုလုပ်ရန် လက်ခံဆဲလ်ကို လမ်းညွှန်ချက်များပေးသည်။ ၄) နောက်ထပ်ဆဲလ်များသို့ ကူးစက်နိုင်သည့် ဗိုင်းရပ်စ်မူပွားများကို လက်ခံဆဲလ်မှ ထုတ်လွှတ်သည်။

ကိုရိုနာဗိုင်းရပ်စ် ဘယ်လို ပျံ့နှံ့သလဲ။

COVID-19 ကိုရိုနာဗိုင်းရပ်စ်သည် အဓိကအားဖြင့် လူတစ်ဦးမှတစ်ဦးသို့ ပျံ့နှံ့သည်။ ၎င်းသည် နည်းလမ်းအမျိုးမျိုးဖြင့် ဖြစ်ပွားနိုင်သည်-

  • ကိုရိုနာဗိုင်းရပ်စ်သည် နှာချေခြင်း သို့မဟုတ် ချောင်းဆိုးခြင်းမှ ထွက်လာသော အသက်ရှူလမ်းကြောင်းဆိုင်ရာ အမှုန်များထဲမှနေ၍ လေထဲမှတစ်ဆင့် ပျံ့နှံ့နိုင်ပြီး အဆုတ်များအတွင်းသို့ ရှူသွင်းမိနိုင်သည်။
  • ဗိုင်းရပ်စ်သည် ဖုန်း၊ တံခါးလက်ကိုင်ဘု သို့မဟုတ် စားပွဲကောင်တာများကဲ့သို့ မျက်နှာပြင်များတွင် ရှင်သန်နိုင်သည်။ ဗိုင်းရပ်စ်ရှိနေသော အရာတစ်ခုခုကို ထိမိပါက ၎င်းသည် သင်၏လက်မှတစ်ဆင့် ပါးစပ်၊ နှာခေါင်း သို့မဟုတ် မျက်လုံးများသို့ ရောက်ရှိသွားနိုင်သည်။
  • လက်ဆွဲနှုတ်ဆက်ခြင်းမှတစ်ဆင့်ကဲ့သို့ တိုက်ရိုက်ထိတွေ့ခြင်းမှတစ်ဆင့် ပျံ့နှံ့နိုင်သည်။

လူတစ်ဦးတွင် COVID-19 ရှိပါက ဗိုင်းရပ်စ်ပျံ့နှံ့ခြင်းကို တားဆီးရန် ၎င်းအား အခြားသူများနှင့် သီးခြားခွဲထားရမည်။ သင်သည် COVID-19 ရှိသူတစ်ဦးနှင့် ထိတွေ့မိသည်ဟု သံသယရှိပါက နာမကျန်းဖြစ်သည်ရှိသော် ကြိုတင်တားဆီးနိုင်ရန် သင်၏ဆရာဝန်ကို ဖုန်းခေါ်ဆိုသင့်ပြီး ၁၄ ရက်ကြာ ကိုယ်တိုင်အကန့်အသတ်လုပ်ခြင်းဖြင့် နေထိုင်သင့်သည်။ ရောဂါလက္ခဏာများသည် ဗိုင်းရပ်စ်ကူးစက်ခံရပြီးနောက် ၂ ရက်မှ ၁၂ ရက်အတွင်း ဖြစ်လေ့ရှိသည်။

လူတစ်ဦး၏ ချောင်းဆိုးခြင်း သို့မဟုတ် နှာချေခြင်းမှ ထွက်လာသော အမှုန်များသည် ပေများစွာအထိ ပျံ့နှံ့နိုင်သည်။ အခြားသူများနှင့် အနည်းဆုံး ၆ ပေအကွာတွင် နေခြင်းက သင်ဘေးကင်းစေရန် ကူညီပေးသည်။
ကိုရိုနာဗိုင်းရပ်စ်၏ ရောဂါလက္ခဏာများပြသရန် ၂ ရက်မှ ၁၄ ရက်အထိ ကြာနိုင်သည်။
ကမ္ဘာ့ကပ်ရောဂါဆိုသည်မှာ ကမ္ဘာအနှံ့တွင်ဖြစ်ပွားပြီး လူများစွာအပေါ် သက်ရောက်မှုရှိသည့် ရောဂါကူးစက်ဖြစ်ပွားမှု ဖြစ်သည်။

COVID-19 ရောဂါလက္ခဏာများမှာ ဘာတွေလဲ။

COVID-19 လူနာများသည် အောက်ပါတို့ကို ခံစားရနိုင်သည်-

  • ဖျားခြင်း
  • ချောင်းဆိုးခြင်း
  • အသက်ရှူမဝခြင်း
  • နှာရည်ယိုခြင်း
  • ခန္ဓာကိုယ်ယားယံခြင်း
  • လည်ချောင်းနာခြင်း
  • အနံ့မရခြင်း သို့မဟုတ် အရသာ မရခြင်း

အရသာ သို့မဟုတ် အနံ့ မရခြင်း အပါအဝင် ရောဂါလက္ခဏာအသစ်များကို ဆရာ၀န်များက လေ့လာနေသလို နောက်သုတေသနများ ပြလုပ်နိုင်လာပါသည်။ COVID-19 ရှိသော အချို့လူများတွင် မည်သည့် ရောဂါလက္ခဏာမျှ မပြပါ။

သင့်တွင် COVID-19 ရောဂါလက္ခဏာများ ရှိသည်ဟု သံသယရှိပါက သင်၏ဆေးဘက်ဆိုင်ရာအဖွဲ့ကို ပြောပြရန် အရေးကြီးသည်။ ရောဂါလက္ခဏာများကို မဖုံးကွယ်ပါနှင့် သို့မဟုတ် လျစ်လျူမရှုပါနှင့်။

ကနဦး ကိုရိုနာဗိုင်းရပ်စ်ရောဂါလက္ခဏာများတွင် အဖျားတက်ခြင်း၊ ချောင်းဆိုးခြင်း၊ ခန္ဓာကိုယ်ယားယံခြင်း၊ နှာရည်ယိုခြင်း၊ အသက်ရှူမဝခြင်းနှင့် လည်ချောင်းနာခြင်းတို့ ပါဝင်သည်။ COVID-19 ရှိသူ အချို့သည် ၎င်း၏ အနံ့ သို့မဟုတ် အရသာ အာရုံခံနိုင်စွမ်း ကျဆင်းသွားကြောင်း သတိထားမိသည်။

COVID-19 ကို ဘယ်လိုကုသလဲ။

လူအများစုတွင် အပျော့စား ရောဂါလက္ခဏာများသာ ရှိပြီး အိမ်၌ပင် ပြုစုစောင့်ရှောက်နိုင်သည်။ သို့သော် အချို့လူများသည် အလွန် နေထိုင်မကောင်းဖြစ်ပြီး ဆေးရုံတွင် ကုသရန် လိုအပ်သည်။ ဆေးရုံတင်ရန် လိုအပ်သောသူများအတွက် ဆေးဘက်ဆိုင်ရာအဖွဲ့က လူနာ၏ခန္ဓာကိုယ်တွင် လုံလောက်သောအောက်ဆီဂျင် ဆက်လက်ရရှိစေရန်အတွက် အဆုတ်ကို စောင့်ကြည့် ကုသပေးသည်။ ပိုမိုပြင်းထန်သော အခြေအနေများတွင် လူနာများသည် အသက်ရှူပြွန် သို့မဟုတ် အသက်ရှူစက်ကဲ့သို့ နောက်ထပ်အသက်ရှူအထောက်အကူပြုပစ္စည်း လိုအပ်သည်။

ဆရာ၀န်နှင့် သုတေသီများသည် COVID-19 အတွက် ကုထုံးနှင့် ကာကွယ်ဆေးများ ဖော်စပ်နိုင်ရန် လုပ်ဆောင်နေကြသည်။

မိမိကိုယ်တိုင်နှင့် အခြားသူများ COVID-19 မဖြစ်စေရန် ကျွန်ုပ်သည် မည်သို့ ကာကွယ်နိုင်သလဲ။

COVID-19 ကိုတားဆီးရန် ဗိုင်းရပ်စ်နှင့် ထိတွေ့နိုင်ခြေရှိသည်များကို ကန့်သတ်ရန် အရေးကြီးသည်။

  • အထူးသဖြင့် နှာချေခြင်း၊ ချောင်းဆိုးခြင်း သို့မဟုတ် အများပြည်သူနေရာများသို့ သွားရောက်ခြင်းတို့ လုပ်ဆောင်ပြီးနောက် လက်ကို ဆပ်ပြာနှင့် ရေတို့ဖြင့် စက္ကန့် ၂၀ ကြာ ဆေးပါ။ 
  • အရက်ပြန် ၆၀% အနည်းဆုံးပါဝင်သော လက်သန့်ဆေးရည်ကိုလည်း အသုံးပြုနိုင်သည်။
  • လက်များကို မျက်နှာ၊ မျက်လုံး၊ ပါးစပ်နှင့် နှာခေါင်းတို့နှင့်မထိမိအောင် ရှောင်ပါ။
  • တံတောင် သို့မဟုတ် တစ်ရှူးဖြင့် ဖုံးကာ၍ နှာချေပါ သို့မဟုတ် ချောင်းဆိုးပါ။ တစ်ရှူးကို အမှိုက်ပုံးထဲသို့ လွှင့်ပစ်ပါ။
  • အခြားသူများနှင့် အနီးကပ်ထိတွေ့မှုကို ရှောင်ကြဉ်ပြီး သင်နှင့်အခြားသူများကြားတွင် အနည်းဆုံး ၆ ပေ ခွာနေပါ။
  • သင့်တွင် COVID-19 ရောဂါလက္ခဏာများရှိသည်ဟု သံသယရှိပါက အခြားသူများ၏ အဝေးတွင်နေပြီး ဆရာ၀န်ကို ဖုန်းဆက်ပါ။
  • ဆရာ၀န်က အကြံပြုထားသည့်အတိုင်း နှာခေါင်းစည်း ဝတ်ဆင်ပါ။ ဝတ်ဆင်ပုံ မှန်ကန်ပါစေ။
  • တံခါးလက်ကိုင်ဘု၊ လက်ကိုင်၊ မီးခလုတ်၊ ဖုန်း၊ စားပွဲကောင်တာနှင့် ကီးဘုတ်များကဲ့သို့ မကြာခဏ ထိတွေ့သော မျက်နှာပြင်များကို သန့်ရှင်းရေးလုပ်ပြီး ပိုးသတ်ပါ။
သင် နေထိုင်မကောင်းပါက သို့မဟုတ် သင်၏ ဆေးဘက်ဆိုင်ရာအဖွဲ့က အကြံပြုပါက နှာခေါင်းစည်း ဝတ်ဆင်ပါ။ ဝတ်ဆင်ပုံ မှန်ကန်ပါစေ။
ဗိုင်းရပ်စ်သည် အချို့မျက်နှာပြင်များတွင် ရက်များစွာအထိ ရှင်သန်နေနိုင်သည်။ တံခါးလက်ကိုင်ဘု၊ လက်ကိုင်၊ မီးခလုတ်၊ ဖုန်း၊ စားပွဲကောင်တာနှင့် ကီးဘုတ်များကဲ့သို့ မကြာခဏ ထိတွေ့သော မျက်နှာပြင်များကို သန့်ရှင်းရေးလုပ်ပြီး ပိုးသတ်ပါ။

နေ့စဉ်ဘဝတွင် ခပ်ခွာခွာနေခြင်းဆိုတာ ဘာလဲ။ နေ့စဉ်ဘဝတွင် ခပ်ခွာခွာနေခြင်းက ကိုရိုနာဗိုင်းရပ်စ် ပျံ့နှံ့မှုကို ဘယ်လိုကူညီတားဆီးပေးလဲ။

နေ့စဉ်ဘဝတွင် ခပ်ခွာခွာနေခြင်းသို့မဟုတ် “ရုပ်ပိုင်းဆိုင်ရာထိတွေ့မှု ရှောင်ရှားခြင်း” ဆိုသည်မှာ COVID-19 ပျံ့နှံ့မှုကို တားဆီးရန်အတွက် အခြားသူများနှင့် အနည်းဆုံး ၆ ပေအကွာတွင် နေခြင်းကို ဆိုလိုသည်။ သင့်ပတ်ဝန်းကျင်ရှိ တစ်စုံတစ်ယောက်ထံမှ ကိုရိုနာဗိုင်းရပ်စ် ရှူသွင်းမိနိုင်ခြေကို ၆ ပေအကွာအဝေးက လျော့နည်းစေသည်။ လူစုလူဝေးအလိုက် တွေ့ဆုံခြင်းကို ရှောင်ကြဉ်ရန်နှင့် သင်၏အနီးအနားရှိ လူအရေအတွက်ကို ကန့်သတ်ရန်လည်း အရေးကြီးသည်။

နေ့စဉ်ဘဝတွင် ခပ်ခွာခွာနေခြင်းဆိုင်ရာ လမ်းညွှန်ချက်များကြောင့် ကျောင်းနှင့် စတိုးဆိုင်များပိတ်ခြင်း၊ စားသောက်ဆိုင်များက အိမ်အရောက်ပို့စနစ် သို့မဟုတ် ပါဆယ်စနစ်ကိုသာ လုပ်ဆောင်ကြခြင်းနှင့် လှုပ်ရှားမှုများ သို့မဟုတ် အားကစားပွဲများ ဖျက်သိမ်းခြင်း သို့မဟုတ် ရွှေ့ဆိုင်းခြင်းကဲ့သို့ ပြောင်းလဲမှုများစွာ ရှိလာသည်။

နေ့စဉ်ဘဝတွင် ခပ်ခွာခွာနေခြင်းက COVID-19 ပျံ့နှံ့မှုကို နှေးကွေးစေခြင်းဖြင့် "လူနာများတပြိုက်နက် စုပြုံ ၍ဆေးရုံတတ်ခြင်း နည်းစေရန်" ကူညီပေးသည်။ အကြိမ်တစ်ကြိမ်တွင် နေမကောင်းဖြစ်သည့် လူနာအရေအတွက်ကို လျှော့ချနိုင်ပါက ကျန်းမာရေးစောင့်ရှောက်မှု စနစ်များနှင့် ဆေးရုံများတွင် ဆေးရုံတက်ရောက်ရန် လိုအပ်သော လူများဖြင့် တစ်ပြိုင်နက်တည်း ပြည့်လျှံသွားမည် မဟုတ်ပါ။
နေ့စဉ်ဘဝတွင် ခပ်ခွာခွာနေခြင်းဆိုင်ရာ ဆောင်ရန် ရှောင်ရန်များ။

ကိုရိုနာဗိုင်းရပ်စ် ပျံ့နှံ့မှုကို တားဆီးရန် နေ့စဉ်ဘဝတွင် ခပ်ခွာခွာနေခြင်း

နေ့စဉ်ဘဝတွင် ခပ်ခွာခွာနေခြင်းအကြောင်း ဖတ်ပါ

နေ့စဉ်ဘဝတွင် ခပ်ခွာခွာနေခြင်းကို ကူညီဖြေရှင်းရန်နှင့် မိတ်ဆွေများနှင့် အဆက်မသွယ်မပြတ် ရှိနေစေရန်အတွက် မည်သို့လုပ်ဆောင်နိုင်ပါသလဲ။

ကျောင်းကပွဲများ၊ အားကစားပွဲများ၊ ခရီးများ သို့မဟုတ် ကျောင်းဆင်းပွဲကဲ့သို့ သင့်အတွက် အရေးကြီးသည့်အရာများကို လွဲချော်ခြင်းက စိတ်ပျက်ဖွယ်ကောင်းပါသည်။ မိတ်ဆွေးများ၊ လှုပ်ရှားမှုများနှင့်ကြာရှည်ဝေးကွာနေရခြင်းက ခက်ခဲပါသည်၊ သို့သော် ဗိုင်းရပ်စ်ပျံ့နှံ့ခြင်းမှ တားဆီးရန် အလွန်အရေးကြီးသည်။ COVID-19 ကမ္ဘာ့ကပ်ရောဂါသည် ယာယီမျှသာဖြစ်သည်ကို မမေ့ပါနှင့်၊ ကျွန်ုပ်တို့၏ ပုံမှန်လုပ်ငန်းဆောင်တာများကို ပြန်လည်လုပ်ဆောင်ရန် အချိန်တစ်ခုအကြာတွင် စီစဉ်နိုင်ပါသည်။ ၎င်းက ဝမ်းနည်းမှု၊ မသေချာမှု သို့မဟုတ် ဆုံးရှုံးမှုခံစားချက်တို့ကို မတားဆီးနိုင်ပါ။ ထိုစိတ်ခံစားမှုများက အရှိတရားဖြစ်ပြီး အရေးကြီးသည့်အပြင် ဤကာလတွင် ဖြစ်လေ့ရှိသော ပုံမှန်ခံစားချက်များဖြစ်သည်။

နေ့စဉ်ဘဝတွင် ခပ်ခွာခွာနေခြင်းက ပျင်းရိဖွယ်ကောင်းခြင်း သို့မဟုတ် အထီးကျန်ခြင်း မဖြစ်ပါ။ သင် ဆက်လက်လုပ်ဆောင်နိုင်သည့် အရာများစွာရှိသည်။

  • သင်စိတ်ဝင်စားသော အကြောင်းအရာနှင့် ဝါသနာတို့ကို လေ့လာရန် ဤအခွင့်အရေးကို အသုံးချပါ။ ဤကာလတွင် အခမဲ့ အွန်လိုင်းသင်တန်းနှင့် လှုပ်ရှားမှုများ တော်တော်များများ ဖွင့်ပေးနေသည်။
  • ဖုန်းဆက်ခြင်း သို့မဟုတ် ဗီဒီယိုခေါ်ဆိုခြင်းတို့ဖြင့် မိတ်ဆွေများ၊ အတန်းဖော်များနှင့် အဆက်အသွယ် ဆက်ရှိနေရန်လည်း အရေးကြီးသည်။ သင်သည် စိတ်ဖိစီးမှု သို့မဟုတ် စိတ်ထိခိုက်မှုကို ခံစားရပါက ၎င်းတို့လည်း ခံစားနေရနိုင်သည်။
  • စိတ်ဖိစီးသောအခါ ဟာသပြောခြင်းက လူတို့အတွက် ပုံမှန်လုပ်နေကျပင်ဖြစ်သည်။ ရုပ်ပြောင်အကြောင်းအရာနှင့် သရော်ဟာသတို့သည် အခြေအနေများ လွန်စွာဆိုးဝါးခြင်းမရှိဟု ထင်မြင်စေရန် လုပ်ဆောင်သော အသုံးများသည့် နည်းလမ်းတစ်ခုဖြစ်သည်။ တစ်ခါတစ်ရံတွင် ရယ်စရာများ သို့မဟုတ် ဟာသများသည် မသင့်တော်နိုင်ကြောင်း သို့မဟုတ် နာကျင်နိုင်ကြောင်း၊ လူများသည် အဓိပ္ပာယ်ကောက် လွဲနိုင်ကြောင်း သို့မဟုတ် လူများသည် ဟာသကို သင်အသုံးပြုသကဲ့သို့ အသုံးမပြုနိုင်ကြောင်းကို သတိရှိပါ။
  • သင်သည် အခြားသူများနှင့် ရုပ်ပိုင်းဆိုင်ရာထိတွေ့မှု ရှောင်ရှားသင့်သော်လည်း အဆက်အသွယ်ရှိသင့်ပြီး အပြန်အလှန်ကူညီပံ့ပိုးရန် မိတ်ဆွေများအကြောင်း ဆက်လက်မေးမြန်းသင့်သည်။ Instagram Bingo ကဲ့သို့ အွန်လိုင်းဂိမ်းများကို သူငယ်ချင်းများနှင့် ကစားနိုင်သည် သို့မဟုတ် Wikipedia Game ကို စိန်ခေါ်နိုင်သည်။
Wikipedia game
Instagram Bingo

ဤကာလကို အခိုက်အတန့်အားဖြင့် 'အရှိန်နှေးခြင်း' သို့မဟုတ် 'ခေတ္တရပ်တန့်ခြင်း' ဟုလည်း ခေါ်ဆိုနိုင်သည်။ ဤကာလသည် လူများစွာအတွက် စိတ်ထိခိုက်ပြီး စိတ်ဖိစီးမှုများသည့် ကာလဖြစ်သည်။ အာရုံစူးစိုက်ရန် ခက်ခဲနိုင်သည်။ မိသားစုများ ခွဲနေရနိုင်သည်။ အချို့လူများက အလုပ်မလုပ်နိုင်ပါ သို့မဟုတ် နာရီပေါင်းများစွာ အလုပ်လုပ်ရနိုင်သည်။ သင်၏ကျန်းမာရေး သို့မဟုတ် ချစ်ရသူများ၏ ကျန်းမာရေးကို စိုးရိမ်မိနိုင်သည်။

သင်၏ဆေးရုံက ကူညီနိုင်ပါသည်။

  • အကူအညီ လိုအပ်ပါက သင်၏ဆေးဘက်ဆိုင်ရာအဖွဲ့သို့ ပြောပြပါ။
  • ကလေးအထူးကု၊ လူမှု လုပ်ငန်း၊ စိတ်ပညာ စသည်တို့အပါအဝင် ဆေးဘက်ဆိုင်ရာအဖွဲ့ဝင်များနှင့် ခရစ်ယာန်သင်းအုပ်ဆရာတို့သည် အဝေးရောက် ကျန်းမာရေးဝန်ဆောင်မှုပေးနိုင်ခြင်းရှိ မရှိ မေးမြန်းပါ။ အဝေးရောက် ကျန်းမာရေးဝန်ဆောင်မှုများသည် ဗီဒီယိုခေါ်ဆို၍ ချိန်းဆိုမှုများ လုပ်ဆောင်နိုင်သည်။
  • ကျန်းမာရေးအာမခံ၊ အလုပ်ရှာခြင်း သို့မဟုတ် အလုပ်လက်မဲ့ဖြစ်ကြောင်း စာတင်ခြင်းနှင့်ပတ်သက်၍ မေးစရာများရှိပါက သင်၏ လူမှုဝန်ထမ်းလုပ်သားကို ဆက်သွယ်ပါ။

COVID-19 ကြောင့် ဆေးရုံတွင် မည်သည့်ပြောင်းလဲမှုများ မြင်ရမလဲ။

လူတိုင်းကို ဘေးကင်းစေပြီး ကိုရိုနာဗိုင်းရပ်စ်ပျံ့နှံ့မှုကို ကူညီတားဆီးပေးမည့် သင်၏ဆေးရုံရှိ ပြောင်းလဲမှုများကို သင် သတိထားမိနိုင်ပါသည်။

  • သင်သည် ဆေးရုံသို့ရောက်ရှိသောအခါ ဝန်ထမ်းက သင့်ကို စစ်ဆေး၍ ကျန်းမာရေးဆိုင်ရာ မေးခွန်းများ မေးနိုင်သည်။ သင့်တွင် အဖျားရှိပါက သို့မဟုတ် အခြားရောဂါလက္ခဏာများ ရှိပါက သို့မဟုတ် COVID-19 ရှိသူ တစ်ဦးဦးနှင့် ထိတွေ့ဖူးပါက သင် ဆေးရုံသို့လာသည့်အခါ သင့်တွင် COVID-19 ရှိ မရှိ စမ်းသပ်နိုင်သည်။ ကုသနေစဉ်တွင် အဖျားရှိခြင်းသည် ဖြစ်လေ့ဖြစ်ထရှိပြီး ၎င်းသည် သင့်တွင် COVID-19 ရှိသည်ဟု မဆိုလိုပါ။
  • ဝင်ပေါက်တစ်ခုထဲမှ ဝင်ရောက်ခြင်း သို့မဟုတ် ရက်ချိန်းများ သို့မဟုတ် အချိန်ဇယား ပြောင်းလဲသွားခြင်းကဲ့သို့ အခြားပြောင်းလဲမှုများကို သင်၏ဆေးရုံတွင် သတိထားမိနိုင်သည်။ ဆေးရုံသည် သင်နှင့်အတူ လာခွင့်ပြုသော လူအရေအတွက်ကိုလည်း ကန့်သတ်နိုင်သည်။ မောင်နှမများ သို့မဟုတ် အခြား မိသားစုဝင်များ သို့မဟုတ် မိတ်ဆွေများကို အိမ်၌နေခိုင်းနိုင်သည်။
  • ဆေးရုံရှိ ပုံမှန်လှုပ်ရှားမှုများစွာကို ပယ်ဖျက်နိုင်ပြီး လူစုလူဝေးတွေ့ဆုံသည့်နေရာများကို ပိတ်ထားနိုင်သည်။

လောလောဆယ်တွင် COVID-19 နှင့်ပတ်သက်၍ မသေချာမရေရာမှုကို ခံစားရနိုင်သည်။ မေးခွန်းတစ်စုံတစ်ရာ ရှိပါက သင့်ပြုစုစောင့်ရှောက်ရေးအဖွဲ့သို့ မေးမြန်းပါ။

COVID-19 ကာလအတွင်း ရင်ဆိုင်ဖြေရှင်းခြင်း။ ဤကာလကို အခိုက်အတန့်အားဖြင့် အရှိန်နှေးခြင်း သို့မဟုတ် ခေတ္တရပ်တန့်ခြင်းဟု ခေါ်ဆိုနိုင်သည်။ ဤကာလသည် လူများစွာအတွက် စိတ်ထိခိုက်ပြီး စိတ်ဖိစီးမှုများသည့် ကာလဖြစ်သည်။

ကိုရိုနာဗိုင်းရပ်စ်ကာလအတွင်း ကျောင်းတက်ခြင်းနှင့် ပတ်သက်၍ အကြံပြုချက်များ

COVID-19 ပျံ့နှံ့မှုကို တားဆီးရန်အတွက် ကျောင်းအများစုသည် အဝေးမှ သင်ယူမှုစနစ်သို့ ပုံစံပြောင်းသွားသည်။

သင့်တွင် စိတ်ချရသော အင်တာနက်လိုင်းမရှိပါက ကျောင်းသို့သွားပါ။ ကျောင်းအများစုသည် ပရင့်ထုတ်ထားသောစာရွက်များကို လာရောက်ယူဆောင်ခွင့်ပြုသည်။

အတန်းစာများအမီလိုက်နိုင်ရန် သင်၏ပညာရေးဆိုင်ရာ လုပ်စရာများကို ဖြစ်နိုင်သမျှ အများဆုံး ဆက်လက် လုပ်ဆောင်ရန် အရေးကြီးသည်။ ဆိုလိုသည်မှာ အတန်းသို့သွားခြင်း၊ တာဝန်ပေးထားသည်များကို လုပ်ဆောင်ခြင်း၊ အနားယူခြင်း၊ သူငယ်ချင်းများနှင့် လူမှုရေးကိစ္စများ လုပ်ဆောင်ခြင်းတို့ကို မျှတစွာ လုပ်ဆောင်ခြင်းဖြစ်သည်။

  • ကျောင်းစာနှင့် လေ့လာမှုအတွက် တိတ်ဆိတ်၍ သပ်ရပ်သော နေရာတစ်ခု ဖန်တီးပါ။ စားပွဲတွင်လုပ်ဆောင်ရန် သင့်အတွက် အကောင်းဆုံးဖြစ်ပါက ထိုသို့လုပ်ဆောင်ပါ။
  • အလုပ်လုပ်ချိန် အနှောင့်အယှက်မဖြစ်စေရန် “တိတ်ဆိတ်ချိန်” သတ်မှတ်ပါ။
  • စိတ်အနှောင့်အယှက်ဖြစ်စရာများကို ကန့်သတ်ပါ။ ပို့ချချက်များကို နားထောင်နေသောအခါ သို့မဟုတ် တာဝန်ပေးထားသည်များကို လုပ်ဆောင်နေသောအခါ TV ကိုပိတ်၍ ဖုန်းကို “မနှောင့်ယှက်ရ” ဖွင့်ထားပါ။
  • အွန်လိုင်းတွေ့ဆုံမှုများ သို့မဟုတ် အုပ်စုလိုက် စကားပြောခြင်းတို့မှတစ်ဆင့် အတန်းဖော်များနှင့် ချိတ်ဆက်ပါ။
  • အကြောင်းအရာတစ်ခုကို နားလည်ရန် အကူအညီလိုအပ်ပါက သင်၏ဆရာ၊ မိဘ သို့မဟုတ် ပညာရေးဆိုင်ရာ အကူအညီပေးရေးအဖွဲ့ကို မေးမြန်းပါ။

COVID-19 ကြောင့် စာမေးပွဲစစ်ဆေးမှုပြောင်းလဲခြင်းများကို အချို့ကျောင်းသားများ သတိထားမိရန် လိုအပ်သည်-

ကိုရိုနာဗိုင်းရပ်စ်ကာလအတွင်း မိမိကိုယ်ကို ဂရုစိုက်ခြင်းအတွက် အကြံပြုချက်များ

COVID-19 ၏ ပြောင်းလဲမှုများနှင့် မသေချာမှုများကြောင့် သင်သည် ပုံမှန်ထက်ပို၍ စိုးရိမ်နေကြောင်း သတိထားမိနိုင်သည်။ ကျန်းမာရေးနှင့် ညီညွတ်စွာ စားသုံးရန်၊ လှုပ်လှုပ်ရှားရှား နေရန် သို့မဟုတ် ကျန်းမာရေးနှင့်အညီ အိပ်ရန်လည်း ပိုမိုခက်ခဲနိုင်သည်။ သို့သော် ရုပ်ပိုင်းနှင့် စိတ်ပိုင်းဆိုင်ရာ ကြံ့ခိုင်စွာနေထိုင်ရာတွင် အထောက်အကူဖြစ်စေရန်အတွက် သင့်ကိုယ်သင် ဂရုစိုက်ရန် ပိုမိုအရေးကြီးသည်။

  • ကျန်းမာရေးနှင့်အညီ စားသုံးခြင်း၊ သင့်ဆေးဘက်ဆိုင်ရာအဖွဲ့၏ အကြံပြုချက်များနှင့်အညီ လေ့ကျင့်ခန်းလုပ်ခြင်း၊ စိတ်ဖိစီးမှု လျှော့ချခြင်းနှင့် ညတိုင်း အိပ်ရေးဝဝအိပ်ခြင်းတို့ကို ဆက်လက်လုပ်ဆောင်ပါ။ ၎င်းက သင်၏ခန္ဓာကိုယ်နှင့် ကိုယ်ခံအားစနစ် အားကောင်းစေရန် ကူညီပေးသည်။
  • ပုံမှန်အချိန်ဇယားထား၍ သင်နှစ်သက်သော သို့မဟုတ် စိတ်အပန်းပြေသော အရာများလုပ်ခြင်းဖြင့် အချိန်ကုန်ပါစေ။ ၎င်းက ပုံမှန်အတိုင်း ရှိနေသည်ဟု ခံစားရစေသည်။
  • အထူးသဖြင့် စိတ်ဖိစီးမှုများသည့်ကာလတွင် စိုးရိမ်ခြင်းသည် ပုံမှန်ပင်ဖြစ်သည်။ သို့သော် အစိုးရိမ်လွန်ခြင်းက ကျန်းမာရေးအတွက် မကောင်းပါ။ စိုးရိမ်သောကကို ကိုင်တွယ်ဖြေရှင်းရာတွင် ကူညီရန် သီချင်းနားထောင်ခြင်း၊ မိတ်ဆွေများနှင့် စကားပြောခြင်း၊ ခံစားချက်များကို ချရေးခြင်း၊ ဂိမ်းကစားခြင်း သို့မဟုတ် အသက်ပြင်းပြင်းရှူခြင်းတို့ကို စမ်းလုပ်ကြည့်ပါ။
  • သတိပဋ္ဌာန် သို့မဟုတ် ပစ္စုပ္ပန်ကို ရှုမှတ်ခြင်း လုပ်ဆောင်ချက်များကဲ့သို့ စိတ်ဖိစီးမှု လျှော့ချသည့် နည်းစနစ်များကိုလည်း လေ့လာ၍ လုပ်ဆောင်နိုင်သည်။ နမူနာတစ်ခုမှာ သင်၏ အာရုံ ၅ ပါးကို ရှုမှတ်ခြင်းဖြစ်သည် (ဥပမာ သင်မြင်နိုင်သော အရာ ၅ ခု၊ ခံစားနိုင်သော အရာ ၄ ခု၊ ကြားနိုင်သော အရာ ၃ ခု၊ အနံ့ရသော အရာ ၂ ခုနှင့် အရသာခံနိုင်သော အရာ ၁ ခုတို့ကို အာရုံစိုက်ခြင်း)။
  • သင်၏မိတ်ဆွေများနှင့်အတူ အွန်လိုင်းတွင် သတိပဋ္ဌာန်ကျင့်နိုင်သော နည်းလမ်းများရှိသည်။ အောက်ပါ ပစ္စုပ္ပန်ကို ရှုမှတ်ခြင်း စိန်ခေါ်မှုကို စမ်းလုပ်ကြည့်ပြီး မျှဝေပါ။ ထို့နောက် ၎င်းကို သင်၏ Instagram ဇာတ်လမ်းသို့ မျှဝေပါ။ ၎င်းသည် သင့်အတွက် အမူအကျင့်ကောင်း ဖြစ်ရုံသာမကဘဲ စိုးရိမ်သောကရောက်နေသူ တစ်ဦးဦးအတွက်လည်း အကူအညီဖြစ်နိုင်သည်။

ကျွန်ုပ်တို့သည် အရာအားလုံးကို မထိန်းချုပ်နိုင်ကြောင်း သတိရပါ၊ ထို့ကြောင့် မိမိကိုယ်ကို ဂရုစိုက်ခြင်းကဲ့သို့ ကျွန်ုပ်တို့ ထိန်းချုပ်နိုင်သည့်အရာကို အာရုံစိုက်ရန် အရေးကြီးသည်။

စိတ်ဖိစီးမှု ငြိမ်းအေးစေဖို့ ကူညီရန်အတွက် စတစ်ကာ စိန်ခေါ်မှု။
ယုံတမ်းများကို ချေဖျက်သူအဖြစ် နေပါ။ တီဗီတွင် သို့မဟုတ် သင်၏မိသားစုမှ မတူညီသည့် အရာများစွာကို ကြားရနိုင်သည်။ ခိုင်မာသော အရင်းအမြစ်များမှ တိကျသောအချက်အလက်များ ရရှိရန် အရေးကြီးသည်။

ယုံတမ်းများကို ချေဖျက်သူအဖြစ် နေပါ။

တီဗီတွင် သို့မဟုတ် သင်၏မိတ်ဆွေများမှ သို့မဟုတ် မိသားစုမှ မတူညီသည့် အရာများစွာကို ကြားရနိုင်သည်။ ခိုင်မာသော အရင်းအမြစ်များမှ တိကျသောအချက်အလက်များ ရရှိရန် အရေးကြီးသည်။ သတင်းများ ကြည့်ရှုခြင်းမှ အနားယူခြင်းနှင့် တီဗီ၊ သတင်းဝဘ်ဆိုက်များ သို့မဟုတ် လူမှုမီဒီယာ အကြောင်းအရာများကို ကြည့်ရှုအချိန်ဖြုန်းခြင်းကို ကန့်သတ်ခြင်းမှာလည်း အဆင်ပြေပါသည်။ သင့်တွင် COVID-19 နှင့် သက်ဆိုင်သည့် အချို့အရာများနှင့် ပတ်သက်၍ မေးခွန်းများရှိနိုင်သည်။ ဆရာ၀န်နှင့် သုတေသီများသည် COVID-19 အကြောင်း ပိုမိုလေ့လာသိရှိသည်နှင့်အမျှ အချက်အလက်များ ပြောင်းလဲနိုင်သည်။

ရရှိသော သတင်းအချက်အလက်သည် တိကျကြောင်း သေချာစေရန် သင်၏ ဆေးဘက်ဆိုင်ရာအဖွဲ့ကို မေးခြင်း သို့မဟုတ် ရောဂါထိန်းချုပ်ရေး ဌာနများ (CDC) သို့မဟုတ် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ဝဘ်ဆိုက်များကို ဝင်ရောက်ကြည့်ရှုခြင်းသည် အကောင်းဆုံးဖြစ်သည်။

အောက်ပါတို့ကို သိလိုပါက...

ကျွန်ုပ် အပြင်သို့ သွားလို့ရသလား။

လေ့ကျင့်ခန်းလုပ်ရန်၊ လမ်းလျှောက်ရန်၊ သဘာဝကို ခံစားရန် သို့မဟုတ် စက်ဘီးစီးရန် အပြင်သို့သွားနိုင်သည် သို့သော် နေ့စဉ်ဘဝတွင် ခပ်ခွာခွာနေခြင်း၊ အခြားသူများနှင့် အနည်းဆုံး ၆ ပေအကွာတွင်နေခြင်းကို ဆက်လက်လုပ်ဆောင်ပါ။

အစားအစာများ ပါဆယ်ဝယ်စားခြင်းသည် ဘေးကင်းသလား။

COVID-19 သည် အစားအစာမှတစ်ဆင့် ကူးစက်သော ရောဂါမဟုတ်ပါ။ ဗိုင်းရပ်စ်များသည် ၎င်းတို့၏ လက်ခံအဖြစ် သက်ရှိဆဲလ်များ လိုအပ်သည်။ သင့်၏ အစားအသောက်ကို ပြင်ဆင်သူများသည် လက်များကိုဆေးပြီး ဘေးကင်းသော အစားအသောက် ပြင်ဆင်ပုံများကို လိုက်နာလုပ်ဆောင်ပါက စားသောက်ဆိုင်များမှ အစားအစာမှာခြင်းက သင့်အား COVID-19 မဖြစ်စေပါ။ နေ့စဉ်ဘဝတွင် ခပ်ခွာခွာနေခြင်းဆိုင်ရာ အကြံပြုချက်များကို လိုက်နာသော ပစ္စည်းပို့သည့် နည်းလမ်းများကို အသုံးပြုပါ။

COVID-19 သည် တုပ်ကွေးကဲ့သို့ပင်ဖြစ်သည်ဟု ကျွန်ုပ် ကြားသိရသည်။ လူတိုင်းက အပိုတွေလုပ်နေတာလား။

COVID-19 နှင့် တုပ်ကွေးရောဂါ နှစ်မျိုးစလုံးသည် ကူးစက်သည့်ဗိုင်းရပ်စ်ပိုးအမျိုးအစားများ ဖြစ်သော်လည်း COVID-19 သည် အသစ်ဖြစ်ပြီး အလွန်လျင်မြန်စွာ ပျံ့နှံ့သောကြောင့် မတူညီပါ။ တုပ်ကွေးနှင့်မတူသည်မှာ COVID-19 အတွက် ကုထုံးများနှင့် ကာကွယ်ဆေးများကို မဖော်စပ်ရသေးခြင်းဖြစ်သည်။

လူနာများစွာသည် အပျော့စား ရောဂါလက္ခဏာများကို ကြုံတွေ့ရသော်လည်း အချို့လူများသည် COVID-19 ကြောင့် အလွန်နာမကျန်း ဖြစ်ကြသည်။ COVID-19 သည် လူများ၏ အသက်ရှူနိုင်စွမ်းကို ထိခိုက်စေနိုင်သည်။

CDC သည် အမေရိကန်ပြည်ထောင်စုထက်စော၍ ဤကမ္ဘာ့ကပ်ရောဂါဒဏ်ကို စောစီးစွာ ကြုံတွေ့ခဲ့သည့် အခြားနိုင်ငံများတွင် COVID-19 ပျံ့နှံ့မှုကို အောင်မြင်စွာ လျှော့ချနိုင်သည့် အချက်များပေါ် အခြေခံ၍ အကြံပြုချက်များ ရေးသားဖော်ပြထားသည်။ များနိုင်သမျှသော လူများစွာ၏ ကျန်းမာရေးကောင်းမွန်စေရန် အခြားနိုင်ငံများ၏ အတွေ့အကြုံများမှ လျင်မြန်စွာသင်ယူရန် အရေးကြီးသည်။

ကျွန်ုပ်သည် ကင်ဆာကုသမှုများကို ခံယူနေပါက သို့မဟုတ် ကိုယ်ခံအားစနစ် အားနည်းနေပါက COVID-19 ဖြစ်နိုင်ခြေ သို့မဟုတ် ၎င်းကြောင့် သေဆုံးနိုင်ခြေ ပိုမိုမြင့်မားသလား။

ကင်ဆာကုသမှုများ ခံယူနေစဉ်တွင် သင်၏ ကီမိုဆေးသွင်းခြင်း ကုထုံးက ကိုယ်ခံအားစနစ်ကို အားနည်းစေသည့် အချိန်များ ရှိနိုင်သည်။ ၎င်းက သင့်အား COVID-19 အပါအဝင် ကူးစက်ရောဂါရရှိနိုင်ခြေ ပိုမိုမြင့်မားစေသည်။ ကင်ဆာ သို့မဟုတ် အခြားပြင်းထန်သော ကျန်းမာရေးအခြေအနေများရှိသည့် လူနာများသည် နောက်ဆက်တွဲရောဂါများ သို့မဟုတ် ပိုမိုပြင်းထန်သော ရောဂါဝေဒနာ ဖြစ်နိုင်ခြေ ပိုမိုမြင့်မားနိုင်သည်။ နာမကျန်းဖြစ်မှု အနည်းဆုံးဖြစ်စေရန်အတွက် သတိပြုချက်များ လိုက်နာရန် အရေးကြီးသည်။ COVID-19 ကူးစက်ခြင်းမှ ကာကွယ်ရန် အကောင်းဆုံးနည်းလမ်းမှာ နေ့စဉ်ဘဝတွင် ခပ်ခွာခွာနေခြင်း၊ လက်ဆေးခြင်း၊ ပိုင်ဆိုင်မှုများနှင့် ထိတွေ့မှုအကြိမ်ရေများသော မျက်နှာပြင်များကို ပိုးသတ်ခြင်းနှင့် အကြံပြုထားသည့်အတိုင်း နှာခေါင်းစည်း ဝတ်ဆင်ခြင်းတို့ဖြစ်သည်။

လူငယ်များတွင် COVID-19 ဖြစ်နိုင်သလား။ လူငယ်များတွင် အပျော့စား ရောဂါလက္ခဏာများသာ ပြသသလား။

လူငယ်များတွင် COVID-19 ကူးစက်နိုင်ပြီး ဗိုင်းရပ်စ်ကို အခြားသူများသို့ ပျံ့နှံ့စေနိုင်သည်။ COVID-19 ရှိသူ လူနာအများစုသည် အပျော့စား ရောဂါလက္ခဏာများကို ပြသသော်လည်း အချို့လူနာများသည် အလွန်ပြင်းထန်သည့် ရောဂါလက္ခဏာများကို ပြသသည်။ ကလေးနှင့် ဆယ်ကျော်သက်များသည် COVID-19 ကြောင့် ပြင်းထန် နာမကျန်းဖြစ်နိုင်ခြေ နည်းသည်ဟု ထင်ရသော်လည်း ဖြစ်ပွားနိုင်သည်။