ဦး နှောက် နှင့် ကျောရိုးမကြီးသည် ဗဟိုအာရုံကြောစနစ် (CNS) ကို ဖွဲ့စည်းသည်။ CNS အကျိတ်များသည် ကင်ဆာမဟုတ်သော (benign) သို့မဟုတ် ကင်ဆာဖြစ်သော (malignant) အကျိတ်များ ဖြစ်နိုင်သည်။ သို့သော် ကင်ဆာမဟုတ်သော အကျိတ်အမျိုးအစားများသည်ပင်လျှင် ပြင်းထန်သော ပြဿနာများ သို့မဟုတ် အသက်ဆုံးရှုံးသည်အထိ ဖြစ်ပွားစေနိုင်ပါသည်။
ဦးနှောက်တွင် အစပျိုးသည့် အကျိတ်များကို မူလ ဦးနှောက် အကျိတ်များဟု ခေါ်သည်။ ၎င်းတို့သည် ဦးနှောက်၏ အခြားနေရာများ သို့မဟုတ် ကျောရိုးမကြီးသို့ ပျံ့သွားနိုင်သော်လည်း၊ ကိုယ်ခန္ဓာ၏ အခြား အစိတ်အပိုင်းများသို့ ပျံ့သွားလေ့မရှိပါ။
ကိုယ်ခန္ဓာ၏ အခြားအစိတ်အပိုင်းများမှနေ၍ ဦးနှောက်သို့ အကျိတ်ဆဲလ် ပျံ့လာသော ဦးနှောက် အကျိတ်များလည်းရှိတတ်သည်။ ၎င်းတို့ကို အခြားနေရာမှ ဦးနှောက်သို့ ပျံ့နှံ့လာသော အကျိတ်များ ဟုခေါ်သည်။ အကျိတ်များအား ၎င်းတို့ စတင်ဖြစ်ပွားသည့် ခန္ဓာကိုယ်၏ အစိတ်အပိုင်းအလိုက် အမည် ပေးထားသည်။ အခြားနေရာမှ ပျံ့နှံ့လာသော ဒုတိယအဆင့် ဦးနှောက်အကျိတ်များသည် ကလေးများတွင် ဖြစ်ခဲပါသည်။
ဦးနှောက်နှင့် ကျောရိုးမကြီး အကျိတ်များသည် ပုံမှန်မဟုတ်သော ဆဲလ်များက ဦးနှောက် သို့မဟုတ် ကျောရိုးမကြီး၏ တစ်ရှူးများထဲတွင် ကြီးထွားလာသောအခါ ဖြစ်ပွားတတ်သည်။ ကလေးများတွင် ဖြစ်သော ဦးနှောက်နှင့် ကျောရိုးမကြီး အကျိတ် လက္ခဏာများ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းတို့အကြောင်း လေ့လာရန် ဤဗီဒီယိုကို ကြည့်ပါ။
ဦးနှောက်နှင့် ကျောရိုးမကြီး အကျိတ်များသည် ကလေးများတွင် အဖြစ်များသည့် ကင်ဆာအမျိုးအစားတွင် သွေးကင်ဆာပြီးလျှင် 2 (ဒုတိယ) အဖြစ်အများဆုံး ရောဂါ ဖြစ်သည်။ ကလေးများတွင် ဖြစ်တတ်သည့် ကင်ဆာများ၏ 20% (5 ဦးတွင် 1 ဦး) ခန့် သည် ဦးနှောက် သို့မဟုတ် ကျောရိုးမကြီးတွင် အစပြုသည်။ အမေရိကန်ပြည်ထောင်စုရှိ ကလေးများနှင့် ဆယ်ကျော်သက်များတွင် နှစ်စဥ် CNS အကျိတ်ဖြစ်ပွားသည့် ဖြစ်စဥ်အသစ် 5,900 ခန့်သည်။ ဦးနှောက်နှင့် ကျောရိုးမကြီး အကျိတ်များသည် ကလေးများတွင် ကင်ဆာကြောင့် အသက်ဆုံးရှုံးရစေသည့် အဓိက အကြောင်းရင်းဖြစ်သည်။
ကလေးသူငယ် ဦးနှောက်အကျိတ် အားလုံး၏ ထက်ဝက်ခန့်မှာ ဂလိုင်အိုးမားအကျိတ်များ ဖြစ်ကြသည်။ အာရုံကြောဆဲလ်များကို ပံ့ပိုးပေးခြင်း၊ ကာကွယ်ခြင်းနှင့် အာဟာရဖြည့်တင်းခြင်းတို့ကို ပြုလုပ်ပေးသော ဆဲလ်များ ၎င်းသည် ဦးနှောက်၏ အထောက်အကူပြု တစ်ရှူးများကို ဖွဲ့စည်းပေးထားသော အရာများဖြစ်သည်။ ဂလိုင်အိုးမား အကျိတ်များသည် ပြင်းထန်မှုအဆင့် မြင့်မားခြင်း သို့မဟုတ် နိမ့်ပါးခြင်း ဖြစ်နိုင်ပြီး ဦးနှောက်နှင့် ကျောရိုးမကြီး၏ ကွဲပြားခြားနားသော နေရာများတွင် ဖြစ်ပွားနိုင်ပါသည်။ ကလေးများတွင် အဖြစ်အများဆုံးသော ကင်ဆာအကျိတ် အမျိုးအစားမှာ မက်ဒူလိုဘလက်စတိုးမား (medulloblastoma) ဖြစ်သည်။ ဤကင်ဆာသည် ဦးခွံနောက်ပိုင်းအကန့်ဟု ခေါ်သည့် နေရာရှိ ဦးနှောက်ငယ်တွင် ဖြစ်တည်တတ်ပါသည်။
ဦးနှောက်နှင့် ကျောရိုးမကြီးထဲတွင် အကျိတ်အမျိုးအစားများစွာ ဖြစ်ပေါ်နိုင်ပါသည်။ ရောဂါလက္ခဏာများသည် ကျယ်ပြန့်စွာ ကွဲပြားနိုင်သည်။ ရောဂါလက္ခဏာများသည် အကျိတ်၏ တည်နေရာနှင့် ၎င်း၏ အရွယ်အစား၊ အကျိတ်ပြန့်ပွားနှုန်း၊ ကလေး၏ အသက်အရွယ်နှင့် ဖွံ့ဖြိုးမှု အဆင့်အပေါ် မူတည်သည်။
ကလေးများတွင် ဖြစ်တတ်သည့် CNS အကျိတ်များ၏ ကြီးထွားနှုန်းမှာ နှေးသည်။ ရောဂါလက္ခဏာများသည် အပျော့စားလည်း ဖြစ်နိုင်ပါသည်။ ၎င်းတို့သည် ပေါ်လိုက်ပျောက်လိုက်လည်း ဖြစ်နိုင်ပါသည်။ ၎င်းတို့သည် ဖြစ်ရိုးဖြစ်စဥ် သို့မဟုတ် ကြိုတင်ခန့်မှန်း၍ ရသောပုံစံကို လိုက်နာလေ့ မရှိပါ။
အချို့သော အခြေအနေများတွင် ဦးနှောက် သို့မဟုတ် ကျောရိုးမကြီး အကျိတ် ရှိနေသော ကလေးငယ်တစ်ဦးသည် ၎င်းတို့၏ အသက်အရွယ်အလိုက် ရှိရမည့် အစောပိုင်းဖွံ့ဖြိုးမှုအဆင့်ဆင့် သို့ရောက်ရှိရန် ပြဿနာများရှိနိုင်သည်။ သင့်ကလေး၏ ဖွံ့ဖြိုးတိုးတက်မှုနှင့် ပတ်သက်၍ မေးခွန်းများရှိပါက သင့်ကလေး၏ပြုစုစောင့်ရှောက်ရေးအဖွဲ့နှင့် ဆွေးနွေးပါ။
လက္ခဏာများနှင့် ရောဂါလက္ခဏာများမှာ အကျိတ်သည် ဦးနှောက် သို့မဟုတ် ကျောရိုးမကြီးရှိသည့်နေရာတွင် မူတည်သည်။ CNS သည် အရေးကြီးသော ခန္ဓာကိုယ်လုပ်ဆောင်ချက်များကို ထိန်းချုပ်ပေးသည်။ ၎င်းတို့တွင် တွေးခေါ်မှု၊ သင်ယူမှု၊ စိတ်ခံစားမှု၊ စကား၊ အမြင်၊ လှုပ်ရှားမှု၊ နာကျင်မှု၊ အသက်ရှူခြင်းနှင့် နှလုံးခုန်နှုန်းတို့ ပါဝင်သည်။
ဦးနှောက်တွင် ဦးနှောက်ကြီး၊ ဦးနှောက်ငယ်နှင့် ဦးနှောက်၏ အရှေ့ဘက် အကျဆုံးအပိုင်းဟူသော အစိတ်အပိုင်း 3 ပိုင်း ပါရှိသည်။
ဦးနှောက်မှ သတင်းပေးပို့ချက်များသည် ကျောရိုးမကြီး နှင့် အာရုံကြောများကို ဖြတ်သန်း၍ ခန္ဓာကိုယ်၏ ကျန်ရှိသည့် အစိတ်အပိုင်းများသို့ ဖြတ်သန်း သွားလာလျှက်ရှိသည်။
ကလေးသူငယ် ဗဟိုအာရုံကြောစနစ် အကျိတ်များသည် ဦးနှောက်နှင့် ကျောရိုးမကြီး၏ မတူညီသော နေရာအသီးသီးတွင် ဖြစ်ပေါ်နိုင်ပါသည်။
ဦးနှောက်နှင့် ကျောရိုးမကြီးအကျိတ်များဆိုင်ရာ ရောဂါလက္ခဏာများသည် မပြင်းထန်သည့်အလျောက် ရောဂါဖြစ်စတွင် သတိထားမိရန်ခဲယဥ်းသည်။ ယေဘုယျအားဖြင့် ကနဦးပိုင်း ရောဂါလက္ခဏာများသည် ကလေးများတွင် ဖြစ်ပွားတတ်သည့် အခြားသော အဖျားရောဂါများနှင့် အလားသဏ္ဍာန်တူသည်။ အကျိတ်အမျိုးအစားနှင့် ၎င်း၏ ကြီးထွားနှုန်းပေါ်မူတည်၍ အချိန် အတိုင်းအတာတစ်ခု ကြာပြီးမှသာ အကျိတ်ကို ရှာဖွေဖော်ထုတ်၍ ရတတ်သည်။
ရောဂါရှာဖွေခြင်းတွင် များသောအားဖြင့် အောက်ပါတို့ ပါဝင်သည်-
ခွဲစိတ်ကုသမှုသည် ဦးနှောက်နှင့် ကျောရိုးမကြီးအကျိတ်များအတွက် အဓိကကုထုံးဖြစ်သည်။ အခြားကုသမှုများတွင် ဓာတုကုထုံး၊ ဓာတ်ရောင်ခြည်ကုထုံး၊ နှင့် ပစ်မှတ်ထားကုထုံးတို့ ပါဝင်သည်။
ကုသမှုများသည် အကျိတ်အမျိုးအစားနှင့် တည်နေရာ၊ ကလေး၏ အသက်၊ ခွဲစိတ်ကုထုံးဖြင့် ဖြတ်ထုတ်နိုင်မည့် အကျိတ်ပမာဏအပေါ် မူတည်သည်။
ဦးနှောက် ခွဲစိတ်ကုထုံးပြုလုပ်သူ လူနာအများစုသည် ဦးနှောက်ရောင်ရမ်းမှုကို လျှော့ချရန် စတီးရွိုက်ဆေးဝါးများကို သုံးရပါမည်။ အချို့လူနာများသည် အတက်-ကျဆေးများကို သုံးရနိုင်ပါသည်။
အချို့သော အခြေအနေများတွင် ခွဲစိတ်ဆရာဝန်များသည် ဦးနှောက်အတွင်း အရည်များစုပုံလာခြင်း (ဦးခေါင်းတွင်းရေပမာဏများသည့် ရောဂါ) ကို ကာကွယ်ရန် ဦးနှောက်ထဲတွင် အရည်ထုတ်ပိုက် (shunt) တစ်ခုကို ထည့်သွင်းပေးလေ့ရှိသည်။ အရည်ထုတ်ပိုက် (shunt) သည် ယာယီ သို့မဟုတ် ရာသက်ပန် ဖြစ်နိုင်သည်။
သင့်ကလေးသည် ခွဲစိတ်ပြီးနောက် ပြန်လည်ကောင်းမွန်လာစေရန် ကူညီဆောင်ရွက်ပေးမှုများ လိုအပ်နိုင်ပါသည်။ ၎င်းတို့တွင် ပြန်လည်သန်စွမ်းရေး ကုထုံးများနှင့် အမြင်အာရုံ၊ စကားပြောခြင်း၊ အကြားအာရုံ၊ ခွန်အားနှင့် လှုပ်ရှားမှုတို့ အပါအဝင် ပံ့ပိုးကူညီစောင့်ရှောက်မှုများ ပါဝင်သည်။ စိတ်ပညာ နှင့် ကျောင်းပံ့ပိုးမှုဆိုင်ရာ ဝန်ဆောင်မှုများသည် စိတ်ခံစားမှု၊ လူမှုရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် လေ့လာသင်ယူရေးလိုအပ်ချက်များကို ထောက်ကူပေးနိုင်ပါသည်။
ဦးနှောက်နှင့် ကျောရိုးမကြီး အကျိတ်များအတွက် ရောဂါ ကြိုတင်ခန့်မှန်းချက်သည် အကြောင်းအချက်များစွာအပေါ် မူတည်သည်။ ၎င်းတွင် အောက်ပါတို့ပါဝင်သည်-
အမေရိကန်ပြည်ထောင်စုတွင် ဦးနှောက်နှင့် ကျောရိုးမကြီးကင်ဆာရှိသော ကလေးလူနာများအတွက် ပျမ်းမျှရှင်သန်နှုန်းမှာ 75% ခန့်ရှိသည်။ သို့သော် ရောဂါအခြေအနေခန့်မှန်းချက်မှာ ကင်ဆာအမျိုးအစားပေါ်မူတည်၍ အလွန်အမင်း ကွဲပြားခြားနားနိုင်ပါသည်။ သင့်ကလေး၏ ရောဂါအခြေအနေခန့်မှန်းချက်နှင့် ပတ်သက်၍ သင့်ကလေးပြုစုစောင့်ရှောက်ရေးအဖွဲ့နှင့် ဆွေးနွေးပါ။
ကလေးတစ်ယောက်၏ လူနေမှုဘဝ အရည်အသွေးအပေါ် ဦးနှောက်အကျိတ်၏ ဆိုးကျိုးသက်ရောက်မှုသည် ကလေးတစ်ယောက်နှင့် တစ်ယောက် မတူဘဲ ကွဲပြားမှုများသည်။ အချို့သော လူနာများသည် ကုသမှုခံယူပြီးနောက် ကျန်းမာရေးနှင့် လုပ်ငန်းဆောင်တာများအပေါ် ရေရှည်တည်တံ့သော ထိခိုက်မှု အနည်းငယ်သာ ရှိတတ်သည်။ အခြားကလေးများသည် ရုပ်ပိုင်းဆိုင်ရာ၊ အသိမြင်ပိုင်းဆိုင်ရာနှင့် စိတ်ခံစားမှုဆိုင်ရာ လုပ်ဆောင်မှုများတွင် ရေရှည် ပြဿနာများကို ကြုံရနိုင်သည်။ ဤပြဿနာများသည် အကျိတ်ကြောင့် သို့မဟုတ် ကုသမှု၏ နောက်ဆက်တွဲဆိုးကျိုးများ ကြောင့် ဖြစ်နိုင်ပါသည်။
ပြန်လည်သန်စွမ်းရေး ဝန်ဆောင်မှုများသည် ဦးနှောက်အကျိတ်ဖြစ်ပြီးနောက် နေ့စဉ်လူနေမှုဘဝ အရည်အချင်းများကို တိုးတက်ကောင်းမွန်လာစေရန် ကူညီပေးနိုင်ပါသည်။ ထိုဝန်ဆောင်မှုများတွင် ရုပ်ပိုင်းဆိုင်ရာ ကုထုံး၊ လုပ်ငန်းခွင်ဆိုင်ရာ ကုထုံး၊ စကားပြော ဆက်သွယ်မှု ကုထုံး၊ အမြင်အာရုံ အထောက်အကူနှင့် နားကြားကိရိယာ အထောက်အကူများပါဝင်သည်။
ဦးနှောက်အကျိတ်ကုသမှုခံယူသောလူနာများအား ဆောင်ရွက်မှုအပိုင်းတွင် ပြောင်းလဲမှု သို့မဟုတ် ပြဿနာများအတွက် အောက်ပါတို့ကို စောင့်ကြည့်စစ်ဆေးသင့်သည်− ၎င်းတို့တွင် အတက်ရောဂါ သို့မဟုတ် အပြောင်းအလဲများ ပါဝင်နိုင်သည်-
စိတ်ပိုင်းဆိုင်ရာ ဝန်ဆောင်မှုသည် စိတ်ခံစားမှုဆိုင်ရာ၊ လူမှုရေးဆိုင်ရာ၊ ဖွံဖြိုးရေးဆိုင်ရာနှင့် အသိမြင်မှုဆိုင်ရာ လိုအပ်ချက်များကို ထောက်ကူပေးနိုင်ပါသည်။ လူနာများသည် ကျောင်းပြန်တက်ရန်အတွက် အပိုဆောင်းပံ့ပိုးကူညီမှုများကို မကြာခဏ လိုအပ်လေ့ရှိသည်။ ကုထုံးမစမီနှင့် ပြီးဆုံးပြီးနောက်တွင် အာရုံကြောပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာကို အကဲဖြတ်သုံးသပ်ခြင်းသည် မိသားစုများအတွက် ပညာရေးလိုအပ်ချက်များကို ထုတ်ဖော်နိုင်အောင် ထောက်ကူပေးနိုင်ပါသည်။ စမ်းသပ်မှုနှင့် ပညာရေးဆိုင်ရာ လိုအပ်ချက်များအကြောင်း သင့်ကလေး၏ပြုစုစောင့်ရှောက်ရေးအဖွဲ့နှင့် ဆွေးနွေးပါ။
ရိုးရှင်းသည့် လူနေမှုဘဝပုံစံ အမူအကျင့်များသည် ဦးနှောက်ကျန်းမာရေးကို ထောက်ကူပေးပြီး အလုံးစုံကျန်းမာရေးကို တိုးတက်ကောင်းမွန်စေနိုင်ပါသည်။
ကလေးဘဝတွင် ကင်ဆာရောဂါမှ အသက်ရှင်ကျန်ရစ်သောသူများသည် ရေရှည်နောက်ဆက်တွဲ ကျန်းမာရေးစောင့်ရှောက်မှုကို ရယူသင့်သည်။ အချို့သောကုသမှုများသည် နောက်ဆက်တွဲဆိုးကျိုးများကို ဖြစ်စေနိုင်သည်။ ဒါတွေဟာ ကုသမှု ပြီးဆုံးပြီး လ သို့မဟုတ် နှစ်အနည်းငယ်အကြာမှာ ဖြစ်ပေါ်လာတဲ့ ကျန်းမာရေး ပြဿနာများ ဖြစ်ပါတယ်။
အခြေခံကျန်းမာရေးစောင့်ရှောက်မှုပေးသူထံတွင် ပုံမှန်ကျန်းမာရေးစစ်ဆေးမှုများနှင့် ဆေးစစ်မှုများ ခံယူရန် အရေးကြီးပါသည်။ ကုသမှုပြီးသည်နှင့် သင့်ကလေးသည် အသက်ရှင်ကျန်ရစ်သူများအတွက် စောင့်ရှောက်မှုအစီအစဉ် ရရှိသင့်သည်။ ဤအစီအစဥ်တွင် လမ်းညွှန်ချက်များ၊ ရောဂါဖြစ်ပွားနိုင်ခြေရှိတဲ့ အချက်များနဲ့ ကျန်းမာရေးတိုးတက်ကောင်းမွန်အောင် ဘယ်လိုလုပ်ရမလဲဆိုတဲ့ အချက်များ ပါဝင်သည်။ အသက်ရှင်ကျန်ရစ်သူများသည် ဤအစီအစဥ်အား ၎င်းတို့၏ ကျန်းမာရေးစောင့်ရှောက်မှုပေးသူများနှင့် မျှဝေသင့်သည်။
—
ပြန်လည်သုံးသပ်သည့် ရက်စွဲ- ဩဂုတ်လ 2025 ခုနှစ်
ကလေးနှင့် ဆယ်ကျော်သက်ကင်ဆာ အမျိုးအစားအမျိုးမျိုးအကြောင်းကို လေ့လာပါ။ ကလေးဆိုင်ရာကင်ဆာကို ပိုမိုသိရှိနားလည်နိုင်ရန် ပြီးပြည့်စုံသောအချက်အလက်များကို ရှာဖွေလေ့လာပါ။